ကောင်းမွန်သော သယံဇာတ စီမံအုပ်ချုပ်မှု – မြန်မာ့ငြိမ်းချမ်းရေးအတွက် သန္ဓေလော
Post By Maw Htun, On September 12, 2018
မော်ထွန်း ၁
လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်နှင့် ဖွားဖက်တော် ဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှာပင် လက်နက်ကိုင်ပဋိပက္ခ အမျိုးမျိုးအောက်သို့ မြန်မာနိုင်ငံ သက်ဆင်းသွားခဲ့ပြီး အမျိုးသား တန်းတူမှုသည် လက်နက်ကိုင် တော်လှန်ရေး၏ ဘူမိနက်သန် အကြောင်းတရားတစ်ခု ဖြစ်ခဲ့သည်။ ထို့အတူ လက်ညှိုးထိုးမလွဲ ရောင်းစားစရာ ဖြစ်သော တွင်းထွက် သယံဇာတများ၊ ကျွန်းတောများနှင့် နေပြောက်မထိုး၊ မိုးမခ သစ်တောအုပ်ကြီးများကလည်း ပဋိပက္ခအတွက် ရေရှည်ရှင်သန်စေသော အကြောင်းချင်းရာများ ဖြစ်လာခဲ့ပါသည်။ တိုင်းရင်းသား လက်နက်ကိုင်များ၏ အဓိက တောင်းဆိုချက်ဖြစ်သည့် အမျိုးသား တန်းတူညီမျှရေးသည် လွတ်လွပ်ရေး ရပြီးနောက် အစိုးရအဆက်ဆက်၏ တိုင်းပြည်သယံဇာတများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲမှု မရှိနိုင်ခဲ့ခြင်းအောက်၌ နာကျည်းစရာ ဖိနှိပ်မှုအသွင်ဆောင် မူဝါဒများသာ ဖြစ်လာခဲ့ပြီး တိုင်းရင်းသားများ၏ တောင်းဆိုချက်မှာ အိပ်မက်ပမာ ဖြစ်ခဲ့ရပါသည်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အသုံးချရမည့် သယံဇာတမှ ရရှိသော အရင်းမစိုက် တစ်ခါသုံးရငွေ (natural resource rent) များမှာ သုံးသင့် သုံးထိုက်သော ကဏ္ဍများမှ သွေဖယ်သွားပြီး လက်နက်ကိုင် ပဋိပက္ခနှင့် အကျိုးမဖြစ်ထွန်းသော စီမံကိန်းများတွင် လွဲမှားစွာ အသုံးချခြင်းများ ရှိလာခဲ့သည်။ သယံဇာတ ရောင်းစားမှုအများဆုံးကာလဟု ဆိုရမည့် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်များတွင် ထိုအချက်ကို အထင်အရှား တွေ့ရမည် ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး ကာလတွင် ရရှိခဲ့သော တည်ငြိမ်မှုမှာလည်း တာရှည်ခံသည့် ငြိမ်းချမ်းရေး သဘောတူညီချက်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိခဲ့သည့်အပြင် ထိုကာလမှာပင် တိုင်းပြည်၏ အဖိုးတန် သယံဇာတများမှာ တန်ရာတန်ကြေး မရခဲ့ဘဲ နှစ်ဖက်လက်နက်ကိုင် တပ်များ၏ ဈေးပေါပေါဖြင့် ရောင်းချခြင်း ခံခဲ့ရသော ကုန်စည်များသာ ဖြစ်ခဲ့ပါသည်။ သယံဇာတမှ အကျိုးများအောင် စီမံခန့်ခွဲမှု မလုပ်နိုင်ခဲ့ခြင်းကလည်း တစ်ကျော့ပြန် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံ အကြောင်းတစ်ခု ဖြစ်ခဲ့ရသည်။
တိုင်းပြည်၏ သယံဇာတများအပေါ် ကောင်းမွန်သော အုပ်ချုပ်စီမံမှုသည် ငြိမ်းချမ်းရေးကို ဥုံဖွ အနေအထားဖြင့် ဆောင်ကြဉ်းပေးရန် မစွမ်းဆောင်နိုင်သော်လည်း အမျိုးသားတန်းတူရေး၏ ပြင်ပသွင်ပြင် လက္ခဏာများဖြစ်သည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာများကို တန်းတူညီမျှ ခံစားနိုင်သည့် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ပါသည်။ ထို့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ တွန်းအားပေးစေမည် ဖြစ်သည်။
အုပ်ချုပ်စီမံမှုတွင် လူ၊ အဖွဲ့အစည်းနှင့် စည်းမျဉ်းစည်းကမ်း လုပ်နည်းလုပ်ဟန်များ ပါဝင်သည်ဟု ယေဘုယျ ဆိုနိုင်ပါသည်။ နိုင်ငံတကာတွင် အုပ်ချုပ်စီမံမှုများကို နည်းအမျိုးမျိုးဖြင့် တိုင်းတာလေ့ ရှိပါသည်။ ထိုသို့ စုပေါင်း တိုင်းတာမှုများမှ ထွက်ပေါ်လာသော ပေါင်းစပ်ညွှန်းကိန်းများသည် တိုင်းပြည်တစ်ခု၏ အုပ်ချုပ်စီမံမှု အနေအထားကို ဖော်ညွှန်းနေပါသည်။ မြန်မာ့ သယံဇာတအုပ်ချုပ်မှု အခြေအနေကို ဖော်ပြနေသည့် နိုင်ငံတကာညွှန်းကိန်းများကို လေ့လာကြည့်ပါက မကောင်းလှသည့် အနေအထားကို ထင်သာမြင်သာ တွေ့မြင်ရမည် ဖြစ်သည်။
Transparency International က နှစ်စဉ်ထုတ်ပြန်သော အကျင့်ပျက်ခြစားမှုဆိုင်ရာ (Corruption Perception Index) ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ၁၆၈ နိုင်ငံ ရှိသည့်အနက် အဆင့် ၁၄၈ တွင် ရှိနေခဲ့သည်။ ၂ လွန်ခဲ့သော ငါးနှစ်၊ ၁၀ နှစ်က ရရှိသော နောက်ဆုံးပိတ် အဆင့်များထက် အနည်းငယ် တက်လာသယောင် ရှိသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ဆုံးတွင် ရှိနေဆဲဖြစ်သည်။ စင်ကာပူသည် အဆိုပါညွှန်းကိန်းတွင် အမြဲတစေ အဆင့်တစ်မှ ၁၀ အတွင်း ရှိနေသည်။
နောက်ထပ် အညွှန်းကိန်း တစ်ခုမှာ National Resource Governance Institute မှ လေ့လာသော အုပ်ချုပ်စီမံမှုညွှန်းကိန်း ဖြစ်သည်။ ထိုညွှန်းကိန်းသည် သယံဇာတ ပေါကြွယ်ဝသော နိုင်ငံ ၅၈ ခု၏ အနေအထားကို လေ့လာခြင်း ဖြစ်သည်။ ထိုသို့ လေ့လာရာတွင် နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေရေးရာနှင့် အဖွဲ့အစည်းများ အားကောင်းမောင်းသန်ဖြစ်မှု၊ ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ အစီရင်ခံမှု အနေအထား၊ သယံဇာတ ထုတ်ယူမှု ဖြစ်စဉ်များ၌ ကြိုတင်ကာကွယ်မှု၊ စနစ်တကျ လုပ်ဆောင်မှုနှင့် လုပ်သာကိုင်သာရှိသော ပတ်ဝန်းကျင် ဖန်တီးမှုများအား အကဲဖြတ်ခြင်းတို့ ပါဝင်သည်။
အဆိုပါညွှန်းကိန်းတွင်လည်း မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း လေးမှတ်သာ ရရှိပြီး ဆန်းစစ်သည့် နိုင်ငံ ၅၈ နိုင်ငံတွင် အဆင့် ၅၈ ဖြစ်သည်။ ၃
ကမ္ဘာ့ဘဏ်က နှစ်စဉ် အကဲဖြတ်သည့် Doing Business Index စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုတွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၉၀ တွင် ၁၇၀ တွင်သာ ရှိနေသည်။ ၄
သယံဇာတ စီမံအုပ်ချုပ်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့် တိုင်းပြည်တစ်ခု၏ ဘတ်ဂျက်ပွင့်လင်းမြင်သာမှု ဆန်းစစ်ခြင်း၌လည်း မြန်မာနိုင်ငံမှာ အမှတ်ကောင်း မရသေးပါ။ ဒေသတွင်း နိုင်ငံအားလုံးထက် အောက်ကျရုံသာမက ကမ္ဘာ့ရပ်တည်မှုတွင်ပါ နောက်ဆုံးအဆင့်တွင် ရှိနေသည်။ ပေးထားမှတ် ၁၀၀ တွင် နှစ်မှတ်သာ ရရှိပြီး အောက်ခြေ၌ ရှိနေပါသည်။ ၅
အထက်တွင် ဖော်ပြခဲ့သော အုပ်ချုပ်စီမံမှုနှင့် ဆိုင်သည့် စုပေါင်းတိုင်းတာမှု ညွှန်းကိန်းများသည် ဖွံ့ဖြိုးတည်ငြိမ်မှုကို ဖြစ်ပေါ်စေသည်ဟု တိုက်ရိုက် မဆိုနိုင်သော်လည်း သယံဇာတ ကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှာ အဆိုပါညွှန်းကိန်းများ၏ အမြင့်ပိုင်းတွင် ရှိနေသည်ကို သတိပြုသင့်ပါသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများသည် သယံဇာတမှ ရငွေအပေါ် ဝေစုမတည့်သဖြင့် ပေါ်ပေါက်လာသည့် ပဋိပက္ခ မဟုတ်သော်လည်း မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်မှုက ပဋိပက္ခ တာရှည်ဖြစ်နေမှုအပေါ် သက်ရောက်မှု ရှိနေသည်ကို ငြင်းမရနိုင်ပေ။ ထိုအခြေအနေတွင် စနစ်မကျသော သယံဇာတ စီမံအုပ်ချုပ်မှုများက ရှိရင်းစွဲ သံသယများကို ပိုမိုကြီးထွားစေပါသည်။ အခြားတစ်ဖက်တွင်လည်း နိုင်ငံတော်ရင်းမြစ် ခွဲဝေမှုများ၌ လူမျိုးတစ်မျိုး၊ သို့မဟုတ် အုပ်စုတစ်စုအပေါ် ဦးစားပေးဆက်ဆံသည့် သာဓကများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင် တော်လှန်ရေးသည် အမျိုးသားရေး အခြေပြု၊ မြေယာ ပိုင်ဆိုင်မှုများနှင့် ရင်းမြစ်များကို နိုင်ငံရေးအရ ပိုင်ဆိုင်လိုမှုများပေါ်တွင် အခြေပြုနေပါသည်။ ထို့အပြင် ကမ္ဘာ့လူဦးရေ အများဆုံးနှင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံး တိုင်းပြည်နှစ်ခုကြားတွင် ပထဝီ အနေအထားအရ ကျရောက်နေခြင်းကလည်း သယံဇာတ ရင်းမြစ်များကို ရယူလိုမှုဆွဲအားမှာ အခြားနိုင်ငံများထက် ပိုမို ခံစားနေရပါသည်။
သို့သော် အကောင်းမြင် ရှုထောင့်မှကြည့်ပါက လူဦးရေ နှစ်ဘီလီယံကျော် ရှိသော ဈေးကွက်၏ အိမ်နီးနားချင်း ဖြစ်နေခြင်းက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးရေးအတွက် အာမခံရှိသော အကြောင်းပြချက်ဟု ဆိုနိုင်ပါသည်။
သဘာ၀ သယံဇာတအရေးနှင့် ပတ်သက်၍ အခြားဂရုပြုရမည့် အကြောင်းအရာတစ်ခုမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အာဏာခွဲဝေရေးနှင့် စီမံသုံးစွဲမှု ဖြစ်သည်။ ပုံစံအားဖြင့် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရများ ပေါ်ထွက်လာသော်လည်း အစိုးရအာဏာ ခွဲဝေကျင့်သုံးမှုတွင် ဗဟိုဦးစီးစနစ်သာ ဖြစ်သည်။ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်၏ လုပ်ငန်းအာဏာ သက်ရောက်မှုမှာ များစွာသော အကန့်အသတ်များ ရှိနေသည့် အနေအထား ဖြစ်သည်။ သဘာဝသယံဇာတ အုပ်ချုပ်စီမံမှု၌ တန်ဖိုးမြင့် သယံဇာတများဖြစ်သည့် သတ္တု၊ ကျောက်မျက်ရတနာ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တန်ဖိုးမြင့်သစ်များ၏ လိုင်စင်ချထားမှု၊ လုပ်ငန်းစိစစ်မှု၊ ဖက်စပ်လုပ်ငန်း ဝင်ငွေကောက်ခံမှု အားလုံးသည် ပြည်ထောင်စု (ဗဟို) အစိုးရ၏ ချုပ်ကိုင်မှုအောက်တွင် ရှိနေသည်။ သယံဇာတဆိုင်ရာ ဥပဒေများ၌လည်း ပြည်နယ်အစိုးရနှင့် ဆိုင်သော ဌာနများ၏ လုပ်ပိုင်ခွင့်၊ ကြီးကြပ်ခွင့်နှင့် အချိုးကျ အခွန်ဘဏ္ဍာ ခွဲဝေမှုများကို မတွေ့နိုင်ပါ။
ပိုဆိုးစေသော အကြောင်းအရာ တစ်ခုမှာ ပြည်နယ်နှင့် ပြည်မအကြား ဘဏ္ဍာရေးရင်းမြစ် ခွဲဝေရာ၌ လှေနံဓားထစ် လုပ်ဆောင်မှုများက မြေပြင်လိုအပ်ချက်များနှင့် ကင်းကွာစေပြီး တိုင်းရင်းသား လက်နက်ကိုင်များ ထောက်ပြသည့် တန်းတူညီမျှမှု မရှိခြင်းကို ပေါ်လွင်စေပါသည်။
လက်ရှိ အနေအထားတွင် နည်းပညာကဲသည့် သယံဇာတ အုပ်ချုပ်စီမံမှုများကိုသာ ဆွေးနွေးခွင့်ရနေပြီး ကြိုတင်မျှော်မှန်းနိုင်သည့် နိုင်ငံရေး အခင်းအကျင်းမရှိခြင်းက သယံဇာတ အုပ်ချုပ်စီမံမှု၌ လစ်ဟာမှုများ၊ မတန်တဆ ဈေးပေါပေါဖြင့် ရောင်းချမှုများ၊ အလေအလွင့် ဖြစ်စေမှုများကိုသာ အားပေးနေသည့် အခြေအနေ ဆိုက်ရောက်နေပါသည်။
ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများက လက်ခံကျင့်သုံးနေသော သဘာဝသယံဇာတဆိုင်ရာ ကွင်းဆက်များ ရှိနေပါသည်။
သယံဇာတမှ တန်ဖိုးထုတ်ယူပြီး ပြည်သူများအတွက် ဖွံ့ဖြိုးမှုဖော်ဆောင်ပေးသည့် အုပ်ချုပ်စီမံမှုပြ ပုံကားချပ်။ ၆
အထက်တွင် ဖော်ပြထားသော ပုံပြကားချက်အရ သယံဇာတ ထုတ်လုပ်မှုဖြစ်စဉ် မစတင်မီ ထုတ်လုပ်မည်၊ သို့မဟုတ် ထိန်းသိမ်းထားမည်ကို ဆုံးဖြတ်ခြင်းသည် သယံဇာတဖွံ့ဖြိုးမှု လမ်းကြောင်းအတွက် ပထမဆုံးနှင့် အရေးအကြီးဆုံး အဆင့်ဖြစ်သည်။ ထိုအဆင့်ပြီးပါက သယံဇာတ ထုတ်လုပ်မှုမှ ရသင့်ရထိုက်သော ဝင်ငွေကို ရယူရန်အဆင့်ရှိပြီး ရရှိလာသော အခွန်ဝင်ငွေကို အများပြည်သူအား ပွင့်လင်းမြင်သာစွာ ဖော်ထုတ်ပြသခြင်းအဆင့် ရှိသည်။ ထို့နောက် သယံဇာတမှ ရရှိသောဝင်ငွေတို့၏ ထုံးစံဖြစ်သည့် ဈေးနှုန်း အတက်အကျ မတည်ငြိမ်ခြင်း (မြန်မာနိုင်ငံတွင်မူ ၂၀၁၃ ခုနှစ်က သဘာဝဓာတ်ငွေ့မှ ရရှိသော ဝင်ငွေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။) ၇ ကို ကုစားသည့် နည်းနာများပြင်ဆင်ခြင်းသည်လည်း အရေးပါလှသည်။
ထို့အပြင် သယံဇာတမှ ရသောဝင်ငွေသည် တစ်ခါတည်းသာ ရနိုင်သည့် အခွင့်အရေး ဖြစ်သည့်အတွက် သာမန် အသုံးစရိတ်တွင်သာ သုံးစွဲခြင်း မဟုတ်ဘဲ အနာဂတ် ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများတွင် လုပ်ဆောင်ခြင်းကလည်း အရေးပါသည်။
အဆိုပါ တန်ဖိုးကွင်းဆက် အဆင့်များသည် ရံဖန်ရံခါ၌ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန် လိုသကဲ့သို့ တပြိုင်နက်တည်း လုပ်ဆောင်ရန် လိုအပ်မည့် အချိန်များလည်း ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် တပြိုင်နက်တည်း ပြိုင်တူလုပ်နိုင်မှုက အရေးကြီးလှသည်။
Natural Resorce Governance Institute က ပြုလုပ်ခဲ့သော သဘာဝသယံဇာတ အမှတ်ပေးတိုင်းတာခြင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သယံဇာတနှင့် ဘတ်ဂျက်ဆိုင်ရာ ခွဲဝေချထားခြင်းများအတွက် အကြံပေးချက်များကို ထုတ်ဖော်ထားပြီး ထိုအထဲတွင် မြန်မာနိုင်ငံရှိ ဒေသများအကြား ဖွံ့ဖြိုးမှုညွှန်းကိန်း မညီမျှမှုဖြစ်နေခြင်းကို တိုက်ဖျက်ရန် တိုက်တွန်းထားသည်။ ၈ ထို့အပြင် ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရသို့ ထိုက်သင့်သော ဝေပုံကျ ခွဲဝေမှုများကို လုပ်သင့်ကြောင်း ဆိုပါသည်။
ယင်းကိစ္စရပ်များသည် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး သဘောတူညီများအတွက် အထောက်အကူ ပေးမည်ဖြစ်သည်။ ဥပမာအားဖြင့် ပြည်တွင်းစစ်၏ ရင်းမြစ်ဟု ဆိုနိုင်သော တန်းတူညီမျှမှု မရှိခြင်းသည် တွေးခေါ်ယူဆမှု တစ်ရပ်အဖြစ် ထုတ်ဖော်ပြောဆိုခြင်း အဆင့်မှ ပြင်ပ ဖွံ့ဖြိုးမှုညွှန်းကိန်းများတွင်ပါ သက်ရောက်နေပြီ ဖြစ်သည်။
Multiple Indicator Cluster Survey ၉ အရ မြန်မာနိုင်ငံမှ အသက် ငါးနှစ်အောက် ကလေးငယ် စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းမှာ ပုညှက်နေကြောင်း ဖော်ပြထားသည်။ ထု့ိအပြင် တောင်ပေါ်ဒေသ တိုင်းရင်းသား ကလေးများနှင့် မြေပြန့်ဒေသ ဗမာကလေးများ နှိုင်းယှဉ်ပါက တောင်ပေါ်ကလေးများသည် ၄၅ ရာခိုင်နှုန်း ပုညှက်နေပြီး မြေပြန့်နေ ကလေးများထက် ၁၀ ရာခိုင်နှုန်းကျော် ပိုများနေသည်ကို တွေ့ရှိရသည်။ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုး သွယ်တန်းမှုမြေပုံကို ကြည့်ပါကလည်း ရေအားလျှပ်စစ် ထွက်ပြီး တောင်ထူထပ်ရာ တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ရာအရပ်တွင် သွယ်တန်းမှု မရှိသလောက်ဖြစ်နေပြီး မြေပြန့် အလယ်ပိုင်းတွင်သာ စုနေသည်ကို အတိုင်းသားတွေ့နိုင်သည်။ ၁၀
ထိုကဲ့သို့သော လက်တွေ့ မြင်နေရသည့် ဖွံ့ဖြိုးမှု မညီမျှခြင်းများသည် ရင်းမြစ်များကို ဗဟိုသို့ စုပ်ယူနေပြီး ပြန်လည် ခွဲဝေရာတွင် ဗဟိုမှနေ၍ ပြည်နယ်၊ တိုင်းများ၏ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများသို့ တိုင်းတာတွက်ချက်ပြီး ပြန်ခွဲဝေနေရခြင်းကြောင့် ဖြစ်ပါသည်။
မဟာဓာတ်အားလိုင်း ချိတ်ဆက်မှုပြမြေပုံ။ ၁၀
မြေပုံကို အောက်ပါ အင်တာနက်ကွန်ရက်မှ ရယူပါသည်။
http://www.geni.org/globalenergy/library/national_energy_grid/myanmar-burma/myanmarnationalelectricitygrid.shtml
၂၀၁၁ ခုနှစ် နောက်ပိုင်းတွင်မှ ပြည်သူ့ဘဏ္ဍာ ခွဲဝေရေးအနေဖြင့် ပိုမိုစနစ်ကျသော ကာလလတ် ဘဏ္ဍာရေးစီမံမှုကို ကျင့်သုံးနိုင်ခဲ့ပြီး ပြည်နယ်၊ တိုင်းများသို့ ခွဲဝေသော ပုံသေနည်းများ ကို ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင်မှ စတင် ကျင့်သုံးနိုင်ခဲ့သည်။ ၁၁ ဗဟိုမှနေ၍ ပြည်သူ့ဝန်ဆောင်မှုစရိတ် တွက်ထုတ်ခြင်းသည် ဒေသ၏ ပထဝီအနေအထား၊ လူဦးရေ သိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ရှိရင်းစွဲဖွံ့ဖြိုးမှု အခြေခံကို မကြည့်ပါက ပေးကားပေး၏ မရ အနေအထားသို့ ဦးတည်စေမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် နာဂတောင်တန်း ဒေသ၌ ဖြစ်ပေါ်ခဲ့သော ကလေးများ အစုလိုက်အပြုံလိုက် သေဆုံးရမှုသည် လှေနံဓားထစ် ခွဲဝေမှု၏ ဆိုးကျိုးကို ဖော်ပြနေသော ဥပမာ တစ်ရပ်ဖြစ်သည်။ လူနေထူထပ်သော ရန်ကုန်နှင့် မန္တလေးမြို့နယ်များရှိ ငါးနှစ်အောက် ကလေးများအတွက် ကျခံသော တစ်ဦးကျ ကျန်းမာရေး စောင့်ရှောက်စရိတ်နှင့် နှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားရသော တိုင်းရင်းသားဒေသ အထူးသဖြင့် သွားလာရခက်ခဲသော ဒေသများရှိ ကလေးငယ်များ၏ တစ်ဦးကျ ကျန်းမာရေး စောင့်ရှောက်စရိတ်မှာ လားလားမျှ မတူနိုင်ပေ။ တိုင်းရင်းသားဒေသရှိ မြေပေါ်မြေအောက် သယံဇာတများသည် ထိုကဲ့သို့သော ဖွံ့ဖြိုးမှု မတူညီများအား တံတားထိုးပေးရမည့် ရင်းမြစ်ပစ္စည်းများသာ ဖြစ်သင့်သည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ရန်မှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အတားအဆီးများကို ကျော်လွှားရမည် ဖြစ်ပါသည်။
ထိုကဲ့သို့ လုပ်ဆောင်ရန် ယျေဘုယျအားဖြင့် ခက်ခဲသည်ဟု ထင်နိုင်သော်လည်း လက်ရှိ အစိုးရအနေဖြင့် de facto federal policies များကို ဘဏ္ဍာရေး စနစ်များအား ဗဟိုချုပ်ကိုင်မှု ဖြေလျော့ခြင်းဖြင့် စနစ်တကျ ဖော်ဆောင်နိုင်ပါသည်။ ထို့အပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသစီးပွားရေး တိုးတက်မှု လုပ်ငန်းစဉ်များ အစီအစဉ်ရေးဆွဲရာ၌ ဗဟိုမှ ချမှတ်ရေးဆွဲသော စီမံကိန်းများကို လိုက်လံ လုပ်ဆောင်စေသော လုပ်ငန်းစဉ်အစား ဒေသခံပြည်သူများ၏ လိုလားချက်များ၊ လိုအပ်နေသည့် အရာများကို ထင်ဟပ်သည့် စီမံကိန်းရေးဆွဲမှုကို အသက်သွင်းရမည် ဖြစ်သည်။ ပြည်နယ်အစိုးရများနှင့် ပြည်နယ်ရှိ ဗဟိုအစိုးရက ချုပ်ကိုင်သော အစိုးရဝန်ထမ်းများကို မိမိဒေသ လိုလားချက်များအား ထင်ဟပ်သည် စီမံကိန်းများ ဆွဲနိုင်အောင် ပံ့ပိုးပေးရမည် ဖြစ်သည်။ နိုင်ငံတော်၏ ဝန်ထမ်းအရွှေ့အပြောင်း မူဝါဒကိုလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တိုင်းရင်းသားဒေသသို့ ပြည်မမှ မင်းမျက်သင့် အကျင့်ပျက်ဝန်ထမ်းများအား စေလွှတ်သည့် မူဝါဒများအစား ဒေသခံပြည်သူများ အစိုးရဝန်ဆောင်မှုယန္တရားတွင် ပါဝင်လာအောင် မူဝါဒချမှတ် ဆောင်ရွက်ပေးရမည် ဖြစ်သည်။
သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုတွင် ရရှိလာသော ရင်းမြစ်များကို တိုင်းပြည်အတွင်း မျှမျှတတ ပြန်လည်သုံးစွဲမှု ရှိခြင်း၊ မရှိခြင်းကလည်း ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေမည် ဖြစ်သည်။ ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် မြေပြန့်မြို့ကြီးများ၌ ၂၅ ကျပ်မှ ၅၀ ကျပ်အတွင်းသာ ပေး၍ သုံးစွဲရသော်လည်း တိုင်းရင်းသား ဒေသများ၌ အနည်းဆုံး ၁၄၀ ကျပ်မှ ၇၀၀ ကျပ်အထိ ပေး၍ သုံးစွဲနေရခြင်းက ဖွံ့ဖြိုးမှုအခွင့်အလမ်း မတူညီမှုကို မီးမောင်းထိုးပြနေသည်။ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်တွင် ဖော်ပြချက်အရ လျှပ်စစ်ဓာတ်အားကဏ္ဍ၌ နိုင်ငံတော်၏ စိုက်ခံသုံးစွဲမှုသည် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရှိနေသည်ကို လေ့လာတွေ့ရှိရသည်။ ယင်းသို့ စိုက်ထုတ် ကျခံမှုသည် တိုင်းရင်းသားဒေသများမှ ရင်းမြစ်များဖြင့် စိုက်ထုတ်သည် ဆိုသော် မှားမည်မဟုတ်ပေ။ နိုင်ငံတကာ ပေါက်ဈေးအရ လျှပ်စစ် တစ်မဂ္ဂါဝပ်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း ကုန်ကျသည်ဆိုပါက မြို့ပြလူတန်းစားအတွက် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ကို စိုက်ထုတ်ကျခံမှု မရှိလျှင် လျှပ်စစ်မီး မရသေးသော တိုင်းရင်းသား နယ်မြေများအတွက် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်မှု မရှိသော သီးခြားလွတ်လပ်သည့် လျှပ်စစ်ဓာတ်အားပေးမှုစနစ် ဖော်ဆောင်ပြီး တစ်နှစ်လျှင် မဂ္ဂါဝပ် ၃၀၀ ခန့်ဖြင့် အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်နှင့် မန္တလေး၏ လျှပ်စစ်မီးသုံးစွဲမှုသည် တစ်နိုင်ငံလုံး၏ လေးပုံ သုံးပုံခန့် ရှိနေပြီး နိုင်ငံအနှံ့ မီးလင်းရေးစီမံကိန်း ဖော်ဆောင်မည်ဆိုပါက အထက်ပါမူဝါဒ အပြောင်းအလဲသည် cost saving (အသုံးစရိတ် ချွေတာရာမှ ထွက်ပေါ်လာသော အပိုဝင်ငွေ) ဖြစ်သဖြင့် နိုင်ငံတကာ အထောက်အပံ့ပင် မျှော်စရာမလိုပေ။ ပြည်သူထောက်ခံမှု အားကောင်းပြီး တရားဝင်မှုဖြစ်သော အစိုးရလက်ထက်တွင်မှသာ ယခုကဲ့သို့ ငြိမ်းချမ်းရေးကို အားပေးသည့် မူဝါဒပြုပြင်မှု လုပ်နိုင်ပါသည်။
လက်ရှိ မူဝါဒ အခင်းအကျင်းတွင် အထက်ဖော်ပြပါ ငြိမ်းချမ်းရေးကို အထောက်အကူပြုမည့် အစိုးရ မူဝါဒအပြောင်းအလဲ လုပ်နိုင်ရန် အခြေအနေပေးနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ဇွန်လတွင် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှေ့ဆောင်အဖွဲ့ (Extractive Industries Transparency Initiative, EITI) ၏ အဖွဲ့ဝင် နိုင်ငံလောင်းအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်သည်။ EITI သည် ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့သော နိုင်ငံတကာ ပွင့်လင်းမြင်သာမှု လှုပ်ရှားမှုဖြစ်ပြီး အဖွဲ့ဝင် ၅၀ ကျော် ရှိနေပြီဖြစ်သည်။ အဆိုပါအဖွဲ့သည် သယံဇာတ တူးဖော်ထုတ်ယူမှုတွင် ကနဦး ကွင်းဆက်ဖြစ်သည့် တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပွင့်လင်းမှုမှ စတင်ကာ သယံဇာတဝင်ငွေများ မည်မျှရရှိသည်ကို ဖော်ထုတ်ပြီး ထိုဝင်ငွေများကို မည်သို့မည်ပုံ ခွဲဝေသုံးစွဲနေသည် ဆိုခြင်းအား ပြည်သူအများ သိစေရန် ဖော်ထုတ်ပေးသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်၏ အဓိက ရည်ရွယ်ချက်မှာ သတင်းအချက်အလက်များကို တိုးမြှင့်ရရှိပြီး ပွင့်လင်းမြင်သာမှု ရှိလာစေရေး ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်သော ရင်းမြစ်ခွဲေ၀ သုံးစွဲမှုအပြင် နိုင်ငံရေး ဆွေးနွေးမှုများအတွက် လိုအပ်သော သတင်းအချက်အလက်များ တိတိကျကျပေးခြင်းဖြင့် ရလဒ်ကောင်းများ ရစေနိုင်ပြီး မလိုလားအပ်သော နိုင်ငံရေးငြင်းခုန်မှုများကို ကျော်လွှားနိုင်မည် ဖြစ်သည်။ ဥပမာ EITI အစီရင် ခံစာအားဖြင့် အစိုးရအနေဖြင့် သယံဇာတမှ ရောင်းချငွေ၊ ဝေပုံကျရငွေ မည်မျှရှိသည်ကို သက်ဆိုင်သူအားလုံး သတင်းအချက်အလက် ရရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဖွံ့ဖြိုးမှု နောက်ကျရခြင်းအတွက် လိုအပ်မည့် ရင်းမြစ်များကို တွက်ချက် ဖြည့်ဆည်းပေးရန် လုံလောက်သည့် ခွဲဝေမှုပမာဏကို သဘောတူနိုင်မည် ဖြစ်သည်။
ထို့အပြင် EITI သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်လည်း အပိုဒ်တစ်ပိုဒ်အဖြစ် ပါဝင်နေသည်။ EITI သည် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ထောက်ကူပေးနိုင်သည့် မူဝါဒ ကိရိယာတစ်ခု ဖြစ်သော်လည်းEITI လုပ်ငန်းစဉ်မှ အမှန်တကယ် အကျိုးသက်ရောက်မှု ရရှိရန်အတွက် အစီရင်ခံစာပါ သတင်းအချက်အလက်များ၊ ဖော်ထုတ် ဖွင့်ချချက်များကို မည်သို့ အသုံးပြုမည်ဟု ဆုံးဖြတ်ရသော မူဝါဒ ဖန်တီးသူများနှင့် သက်ဆိုင် ပတ်သက်သူများ၏ လက်တွေ့ လုပ်ဆောင်ချက်များအပေါ်တွင်သာ မူတည်မည် ဖြစ်သည်။ ထို့အတူ သယံဇာတအုပ်ချုပ်စီမံမှုကို အဓိက ထိန်းကျောင်းမည့် ဥပဒေများ၊ နည်းဥပဒေများသည်လည်း ပဋိပက္ခ ပွားစေမည့် ပေးထားချက်များ မဖြစ်ရန်လည်း လိုအပ်ပါသည်။
ငြိမ်းချမ်းရေးသည် မမြင်ရသော စိတ္တဇနာမ် ဖြစ်သော်လည်း ငြိမ်းချမ်းရေး ရရှိခြင်းကြောင့် ရရှိလာမည့် ဖြစ်ပေါ်တိုးတက်မှုများက ထင်သာမြင်သာ ခံစားနိုင်ပါသည်။ အကယ်၍ ပဋိပက္ခဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို သေချာပေါက်ဖြစ်စေမည့် သဘာဝသယံဇာတ အခြေပြု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ ဖယ်ကျဉ်ခံထားရပါက ငြိမ်းချမ်းရေးအပေါ် ပြည်သူများ၏ ယုံကြည်မှုကင်းမဲ့လာပြီး ပဋိပက္ခသာလျှင် ၎င်းတို့၏အသံကို ဖော်ဆောင်မည့် စင်မြင့်အဖြစ် ယုံကြည်သွားနိုင်ပါသည်။
ထို့ကြောင့် ဖက်ဒရယ်ပြည်ထောင်စု အခင်းအကျင်းစစ်စစ် မပေါ်ပေါက်မီ စပ်ကြားကာလတွင် သယံဇာတနှင့် သက်ဆိုင်သော စီမံချက်များ လုပ်ဆောင်မည်ဆိုပါက ဒေသခံ ပြည်သူများအနေဖြင့် အာမခံချက် မရှိပါက ငြင်းဆိုပိုင်ခွင့် ရှိသည့် လုပ်ထုံးလုပ်နည်းများကို အသိအမှတ်ပြုရန် လိုပါမည်။ သို့မဟုတ်ပါက သဘာ၀ သယံဇာတဖြစ်သည့် မြေ၊ ရေ၊ လေ၊ ရုပ်ကြွင်းလောင်စာနှင့် သတ္တု၊ ကျောက်မျက် စသည့် အဖိုးတန်ပစ္စည်းများမှ ရရှိသော အကျိုးအမြတ်သည် တစ်စုတစ်ဖွဲ့ လက်ထဲသို့ သက်ဆင်းပြီး တိုင်းပြည်၏ ရှေ့ခရီးဖြစ်သော ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးလမ်းကို ထိခိုက်စေမည် ဖြစ်သည်။ လက်ရှိတွင် ဒေသအားလုံးအနေဖြင့် နိုင်ငံတော်၏ ထောက်ပံ့မှုကိုသာ တူညီမျှရနေသည်ဟု ခေါ်ဆိုနိုင်သည့် အနေအထားတွင် မရှိသေးပါ။ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများ၏ ပြည်သူ့ဘဏ္ဍာစီမံမှု စနစ်မကျခြင်းကြောင့် ဖွံ့ဖြိုးမှုရလဒ် ကွဲပြားမှုဖြစ်ပေါ်လာပြီး နိုင်ငံတော် အုပ်ချုပ်ရေးကဏ္ဍ၏ ဘက်မလိုက်မှုမူအပေါ် လူမျိုးစု တိုင်းရင်းသားများက သံသယဝင်လာသည့် အခြေအနေဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း ဖွံ့ဖြိုးမှု နောက်ကျခြင်းသည် စစ်မက်ဖြစ်ပွားခြင်းကြောင့်ဟု ဆိုသော်လည်း ဆင်းရဲမွဲတေမှု စစ်တမ်းတွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့က ပထမနှင့် ဒုတိယနေရာတွင် ရှိနေသည်။ ထိုအချက်က အရင်းအမြစ်များ ခွဲဝေခြင်းအတွက် ပြဿနာရှိနေသည်ကို အထင်အရှား မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။ ထို့အတူ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီသော ကျောက်စိမ်း၊ ရွှေ၊ သစ်၊ ပယင်းနှင့် အခြားသတ္တုများ ထွက်နေသည့် ကချင်ပြည်နယ်၏ ဖွံ့ဖြိုးရေး ညွှန်းကိန်းများကလည်း ရင်းမြစ်ခွဲဝေမှုတွင် ဘက်လိုက်မှုရှိပြီး အုပ်စုလိုက် မညီမျှမှုကို တွန်းအားပေးနေသည်ဟု ပဏာမ ကောက်ချက်ချနိုင်သည်။
သယံဇာတ အုပ်ချုပ်စီမံမှုသည် တောင့်တင်းပြီး မျှတသည့် ပြည်သူ့ဘဏ္ဍာရေးစနစ် တစ်ရပ် ဖော်ဆောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသည်။ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အရ သယံဇာတ ရောင်းချရမှုမှ ရရှိသော တိုင်းပြည်ဝင်ငွေသည် နိုင်ငံတော်ဘတ်ဂျက်၏ ၄၀ ရာခိုင်နှုန်းနီးပါး ရှိနေခြင်းက ပကတိ အခြေအနေတစ်ရပ် ဖြစ်သည်။ ထိုအခြေအနေသည် နောက်လာမည့် ငါးနှစ်အတွင်း အလွယ်တကူ ပြောင်းသွားမည့် အနေအထား တွင် မရှိပေ။
နိုင်ငံအုပ်ချုပ်ရေးယ္တရား လည်ပတ်မှု၌ တည်ငြိမ်မှုရှိရေးတွင် ဘတ်ဂျက်တည်ငြိမ်မှုက အရေးအကြီးဆုံး ဖြစ်သည့်အလျောက် ပိုမိုအားကောင်းပြီး ပွင့်လင်းမြင်သာသည့် သယံဇာတ အုပ်ချုပ်စီမံမှု လုပ်ထုံးလုပ်နည်းများသည် အစိုးရအပေါ် ကျရောက်နေသည့် အမြင်ဆိုးများကို ဖယ်ရှားပေးနိုင်သည့်အပြင် အခွင့်အာဏာ အလွဲသုံးစားပြုခြင်း၊ လာဘ်စားခြင်းများကြောင့် ဆုံးရှုံးသွားရသော ရသင့်ရထိုက်သည့် နိုင်ငံတော်ဝေစုများကို ပြန်လည် ဖြည့်တင်းစေမည် ဖြစ်သည်။ ထို့အတူ ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးအတွက် ကတိကဝတ်များကို ဖြည့်ဆည်းပေးနိုင်စေသည်သာမက အနာဂတ် ဖက်ဒရယ် မျှော်မှန်းချက် အခင်းအကျင်းအတွက် တိကျသေချာသော ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသား ဖြစ်စေနိုင်သည်။
သယံဇာတ စီမံကိန်းများအတွက် အထူးစဉ်းစားပေးမှုမျိုး လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သယံဇာတ ထွက်ရှိရာနေရာနှင့် စီမံကိန်းရှိရာ နေရာများတွင် လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်းက တိုက်ဆိုင်မှု မဟုတ်တော့ခြင်းကြောင့် ဖြစ်သည်။ ရှင်းလင်းပြတ်သားသည့် သယံဇာတဝင်ငွေကို အသုံးချခြင်းကလည်း ပဋိပက္ခလျှော့ချပြီး ယုံကြည်မှု တည်ဆောက်ရာတွင် အသုံးဝင်သည်။ သို့မဟုတ်ပါက အပစ်အခတ် ရပ်စဲထားသည့် အချိန်တွင် သယံဇာတ ထုတ်ယူခွင့်ကို နှစ်ဖက်တပ်များ အပြိုင်အဆိုင်လုပ်ပြီး အကျိုးမဲ့ ကုန်ဆုံးမည့်လမ်းကြောင်းပေါ် ရောက်သွားတတ်သောကြောင့် ဖြစ်သည်။ သယံဇာတမှ ရရှိသည့် ဝင်ငွေများသည် တစ်ကြိမ်သာ အသုံးချရမည့် အခွင့်အလမ်း ဖြစ်သောကြောင့် ရန်ပုံငွေစနစ်ဖြင့် လည်ပတ်ပြီး လွှတ်တော်၏ ကြီးကြပ်မှုဖြင့် အသုံးစိစစ်ခြင်း လုပ်သင့်သည်။ သို့မှသာ အစိုးရများ၏ အလဟဿစီမံချက်များ (ဥပမာ- စီးပွားရေး တွက်ချေမကိုက်သော မြို့သစ် တည်ထောင်ခြင်းနှင့် နိုင်ငံတကာလေဆိပ် တည်ဆောက်ခြင်းလုပ်ငန်းစဉ်များ)ကဲ့သို့ အလွန်အကျွံ အကျိုးမဲ့သုံးစွဲခြင်းမျိုး ကျော်လွှားနိုင်မည် ဖြစ်သည်။
■ နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုပါက
(၁) သယံဇာတ ကိစ္စရပ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် သွားနေသည့် ကာလနှင့် ကြားကာလတွင် အစိုးရက တာဝန်ယူ လုပ်ဆောင်နိုင်သည့် မူဝါဒ ပြောင်းလဲမှုနှင့် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ခြင်းကို လုပ်ဆောင်ရမည် ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၌လည်း အနာဂတ် မျှော်မှန်းသည့်ပုံစံကိုပါ ဆွေးနွေးသည့်လမ်းစဉ်ကို ကျင့်သုံးရမည်။ ထိုသို့ပြုလုပ်မှသာ ကျွဲကူးရေပါ ဆိုသကဲ့သို့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လက်တွေ့ကျစွာ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
(၂) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ လက်ရှိ အခင်းအကျင်းတွင် ဖက်ဒရယ် အငွေ့အသက်ပါသော အထောက်အကူပြု မူဝါဒ de facto federal policies များ ကျင့်သုံးနိုင်ရေးကို ဦးတည် လုပ်ဆောင်သင့်သည်။
(၃) သယံဇာတမှ ရရှိသော ဝင်ငွေများ လေလွင့်ဆုံးရှုံးခြင်း မဖြစ်စေရန် သယံဇာတ ဝင်ငွေများကို သီးသန့် သတ်မှတ်ပြီး restricted fund အသုံးပြုခွင့် သတ်မှတ်ထားသည့် နေရာ၌သာ သုံးခွင့်ရှိသော ဘဏ္ဍာရေးစနစ်ကို အသက်ဝင်အောင် လုပ်ရမည်။ ထိုမှသာ ပိုလျှံလာမည့် ဝင်ငွေများကို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ ပိုမို အသုံးချနိုင်မည် ဖြစ်သည်။
Sound Natural Resource Governance: An Impetus for Peace?
by Maw Htun
Myanmar is known for its vast endowments of natural resources. These include fresh water, minerals, precious stones, jade and proven hydrocarbon reserves. However, the country ranks lowest in the Human Development Index among its Southeast Asian peers and has been marred by civil wars for over half a century. Much of its natural resource wealth could have benefitted the population. Instead, rents accrued from the natural resources were squandered in practices that involved corruption and the misallocation of resources. With the advent of the National League for Democracy-led quasi-civilian government, the opportunity for transforming the country from its dependency on natural resources to a reliance on human capital has emerged. However, much effort is required to make this happen. One challenge is that natural resource governance in Myanmar is either broken or its potential has not yet been realized by policy makers. For instance, the policy makers did not appear to appreciate that almost fifty percent of the government budget comes from the natural resources sector, predominantly from oil, gas and mining, and that the planning and the allocation of the scarce resources will change radically. This situation analysis presents the current stages of performance in natural resource governance and why it is important for the government to pay attention to this issue.
■ စာညွှန်း
၁ မော်ထွန်းသည် သဘာဝသယံဇာတ မူဝါဒရေးရာ လေ့လာသူ တစ်ဦးဖြစ်ပြီး မူဝါဒပိုင်းဆိုင်ရာ ပညာရပ်ကိစ္စ အတွေ့အကြုံ များစွာ ရှိထားသူတစ်ဦး ဖြစ်သည်။
၂ အကျင့်ပျက် လာဘ်စားမှုညွှန်းကိန်းအတွက် အကျယ်ကြည့်ရန်) https://www.transparency.org/country/
၃ (သယံဇာတ အုပ်ချုပ်စီမံမှုညွှန်းကိန်းအတွက် အကျယ်ကြည့်ရန်) http://www.resourcegovernance.org/resource-governance-index
၄ (စီးပွားရေးလုပ်ကိုင်မှု လွယ်ကူမှုညွှန်းကိန်းအတွက် အကျယ်ကြည့်ရန်) http://www.doingbusiness.org/data/exploreeconomies/myanmar
၅ (ဘတ်ဂျက် ပွင့်လင်းမြင်သာမှုအတွက် အကျယ်ကြည့်ရန်) http://www.internationalbudget.org/opening-budgets/open-budget-initiative/openbudget-survey/publications-2/rankings-key-findings/rankings/
၆ ပုံကားချပ်ကို Natural Resource Governance Institute ၏ အင်တာနက်ကွန်ရက် စာမျက်နှာမှ ရယူထားပါသည်။
၇ ၂၀၁၆ citizen budget အရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရငွေလျာထားချက်သည် ၁၉၂၉ ဒသမ ၇၆၆ ဘီလီယံ ဖြစ်ပြီး ၂၀၁၃-၂၀၁၄ အီးအိုင်တီအိုင် အစီရင်ခံစာတွင် ၂၅၆၈ ဒသမ ၉၃၃ ဘီလီယံ ရရှိသည်။
၈ https://www.csrm.uq.edu.au/publications?task=download&file=pub_link&id=1552
၉ Multiple Indicator Cluster Survey ukkd atmufyg tifwmeufuGef&uf vdyfpmwGif tus,f zwf½IEkkdifygonf/ https://mics-surveysprod.s3.amazonaws.com/MICS3/East%20Asia%20and%20the%20Pacific/Myanmar%2C%20Republic%20of%20the%20Union%20of/2009-2010/Final/Myanmar%202009-10%20MICS_English.pdf
၁၀ ဤမြေပုံကားချပ်ကို တစ်ဖက်စာမျက်နှာတွင် ကြည့်ပါ။
၁၁ ဘဏ္ဍာရေးစနစ်နှင့် ပတ်သက်သော သုတေနစာစဉ်များကို The Asia Foundation ၏ အင်တာနက် စာမျက်နှာတွင် သွားရောက်၍ အကျယ်လေ့လာနိုင်ပါသည်။ http://asiafoundation.org/where-we-work/myanmar/