By Nyein Ko Ko Soe, On ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ (ဇွန် ဒုတိယပတ်)
Post By Nyein Ko Ko Soe, On June 12, 2020

၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်မှ ၁၁ ရက်အထိ (ဇွန် ဒုတိယပတ်) ကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များအနက် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသော ULA/AA အဖွဲ့ ပါဝင်သည့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားခြင်း၊ KIO/KIA အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းတို့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အာရုံစိုက်စရာကိစ္စရပ်များ ဖြစ်ခဲ့ပါသည်။
ထို့ပြင် ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်အစည်းအဝေးကို ဇူလိုင်လအတွင်း ကျင်းပရန် အဆင်သင့် မဖြစ်၍ သြဂုတ်လတွင် ကျင်းပရန် အဆိုပြုချက်ကို အစိုးရထံ ပြန်ပို့ရန် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆုံးဖြတ်ခဲ့မှု၊ တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်ပွားစေရေး အတတ်နိုင်ဆုံး ရှောင်ရှားရန် ကရင်အမျိုးသားအစည်းအရုံး(KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက အောက်ခြေတပ်များသို့ ညွှန်ကြားထားမှုတို့မှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာများ ဖြစ်ခဲ့ပါသည်။
NCA လက်မှတ် မထိုးရသေးသောအဖွဲ့များ၏ ဆောင်ရွက်မှု
မြန်မာတိုင်းမ်သတင်းဌာနက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သော ULA/AA အဖွဲ့ ပါဝင်သည့် PSLF/TNLA အဖွဲ့၊ KIO/KIA အဖွဲ့၊ MNTJP/ MNDAA အဖွဲ့တို့၏ မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် အွန်လိုင်းမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ရန် အစိုးရဘက်မှ ကမ်းလှမ်းထားသည်ဆိုသော သတင်းမှာ ယခု ရက်သတ္တပတ်အတွင်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။
အစိုးရဘက်မှ ဖုန်းဆက်လာသော အဆိုပါကမ်းလှမ်းမှုကို မြောက်ပိုင်းအဖွဲ့များထံ အကြောင်းကြားထားပြီး အကြောင်းမပြန်သေးကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) မှပြောရေးဆိုခွင့်ရှိသူ ဦးဆမ်အောင်က မြန်မာတိုင်းမ်ကို ပြောကြားခဲ့ပါသည်။ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်နိုင်ငံ ကူမင်းမြို့တွင် နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုအချိန်ထိ ထပ်မံ မတွေ့ဆုံနိုင်ခြင်း ဖြစ်သည်။
နောက်ထပ်စိတ်ဝင်စားစရာသတင်းတပုဒ်မှာ KIO/KIA အဖွဲ့ နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု ဖြစ်လာနိုင်ကြောင်း တပ်မတော် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောကြားခဲ့မှုကို 7 Day Daily သတင်းစာက ဇွန် ၁၁ ရက်တွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
KIO/KIA အဖွဲ့နှင့် ယခင်က တိုက်ပွဲ များဖြစ်ပွားခဲ့သော်လည်း တပ်မတော်က အပစ်ရပ်ကြေညာခဲ့ သည့် ၂၀၁၈ ဒီဇင်ဘာ ၂၁ရက် နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးခဲ့ကြောင်းနှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာနိုင်သည်ဟု သုံးသပ်မိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက 7 Day သတင်းစာသို့ ပြောကြားခဲ့ကြောင်း သိရပါသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ KIO/KIA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ၎င်းတို့အဖွဲ့ အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် အားလုံးပါဝင်ရေးမူဝါဒကို ဆုပ်ကိုင်ထား၍ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့အားလုံးကို လက်မခံပါက အပစ်ရပ်လက်မှတ်ထိုးရန် ခက်ခဲကြောင်း 7 Day သတင်းစာသို့ ပြောကြားခဲ့ပါသည်။
ထို့ပြင် ကယားပြည်နယ်အစိုးရက ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်အနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ဇွန် ၁၀ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော်မှာ အစီရင်ခံ တင်ပြခဲ့သည်ဟု DVB သတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။
ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြူက ပြည်နယ် အစိုးရ၏ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကယား ပြည်နယ် လွှတ်တော်မှာ အကျဉ်းချုပ်ဖတ်ပြသွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။
NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ ဆောင်ရွက်မှု
ဇွန် ဒုတိယပတ်ကာလအတွင်း အာရုံစိုက်စရာဖြစ်ခဲ့သော သတင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံစတုတ္ထအကြိမ်အစည်းအဝေးကို ဇူလိုင်လအတွင်း ကျင်းပရန် အဆင်သင့် မဖြစ်၍ သြဂုတ်လတွင် ကျင်းပရန် အဆိုပြုချက်ကို အစိုးရထံ ပြန်ပို့ရန် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဆုံးဖြတ်ခဲ့ခြင်းကို မြန်မာတိုင်းမ်သတင်းဌာနက ဇွန် ၁၀ ရက်တွင် ဖော်ပြခဲ့မှု ဖြစ်ပါသည်။
အစိုးရက Covid-19 ဖြစ်ပွားမှုကို အနည်းငယ် ထိန်းချုပ်လာနိုင်ပြီးနောက် ၂၁ ရာစုပင်လုံ ညီလာခံ စတုတ္ထ အစည်းအဝေးအား ဇူလိုင်လအတွင်း ကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ မေ ၂၉ ရက်က အဆိုပြုချက် ပေးပို့ခဲ့ရာ ယင်းအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဇွန် ၁၀ ရက်က ဆွေးနွေး၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းတွင် ဖော်ပြထားပါသည်။
လာမည့် ရက်ပိုင်းအတွင်း အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုးထားသော အဖွဲ့အစည်းများ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမည်ဖြစ်ရာ ယင်းဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်များက အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။
တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ မဖြစ်ပွားစေရေး အတတ်နိုင်ဆုံး ရှောင်ရှားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက အောက်ခြေတပ်မဟာများသို့ ညွှန်ကြားထားကြောင်း ဇွန် ၁၀ ရက်ထုတ် 7 Day Daily သတင်းစာ၏ သတင်းမှာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက KNU အောက်ခြေတပ်မဟာ ၇ ခုသို့ ကြေးနန်းဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု KNU တာဝန်ရှိသူ တစ်ဦးက 7 Day သတင်းစာကို အတည်ပြုခဲ့ပြီး ယင်းကဲ့သို့ အကြောင်းကြားရခြင်းမှာ KNU တပ်မဟာ(၅) တည်ရှိရာ ဖာပွန်ဒေသနှင့် KNU တပ်မဟာ(၇)ရှိရာ လှိုင်းဘွဲဒေသ များသို့ တပ်မတော်က တပ်အင်အား ပိုမိုပို့ဆောင်လာခြင်းကြောင့်ဟု အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။
KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေးစခန်းတွေကို တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုရှိနေပြီး မကြာခဏပစ်ခတ်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇွန် ဒုတိယပတ်အတွင်း သက်ဆိုင်ရာ အင်အားစုအသီးသီးက ဆောင်ရွက်ခဲ့ကြသည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။
ဆက်စပ် ဆောင်းပါးများ
By Nyein Ko Ko Soe, On
By Pan Su Wai, On ထုတ်ပြန်ကြေညာချက်များ (နိုဝင်ဘာ ပထမပတ်)
By Nyein Ko Ko Soe, On