တအန်း(ပလောင်) တော်လှန်ရေး

Post By ISP Admin, On March 14, 2024

တအန်း(ပလောင်) တော်လှန်ရေး

✤ နောက်ခံအကျဉ်း

  • တအန်း(ပလောင်)တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုသည် နိမ့်ချည်မြင့်ချည် ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပထမဦးဆုံးဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဦး (PNF) သည် ဆယ်စုနှစ် သုံးခုအကြာတွင် အင်အားချည့်နဲ့သွားခဲ့သည်။ PNF အနေနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ ဖြန့်ကြက်လှုပ်ရှားခြင်း၊ ဒေသတွင်းရှိ အခြား တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်တပ်ကို တိုက်ခိုက်ခြင်းများ လုပ်ခဲ့သော်လည်း ကြီးမားစွာခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် PNF သည် ပြည်တွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးအရမဟာမိတ်ဖွဲ့နိုင်မှုမှာ အားကောင်းခဲ့သလို ယနေ့ခေတ် တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်စေသည်။
  • တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ကို ဖွဲ့စည်းခဲ့ချိန်တွင် အင်အားသေးငယ်သည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO)အဖြစ် အစိုးရနှင့် စစ်တပ်တို့က အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ လက်နက်ချရန်ကိုသာ ဖိအားပေးခဲ့သည်။ TNLA သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်(UWSP/UWSA)နှင့်မဟာမိတ် တည်ဆောက်နိုင်ပြီးနောက် အင်အားကြီးထွားလာခဲ့သည်။ ‘ဝ’တပ်ဖွဲ့၏ လက်နက်ခဲယမ်း နောက်ခံပြုမှုက TNLA ကို ရှမ်းမြောက်ဒေသတွင်း အင်အား ကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြောင်းလဲ​ပေးလိုက်သည့်အပြင် နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာစေရန်အတွက်လည်း တွန်းအားဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီကို ယိုင်နဲ့စေရန် ခြိမ်းခြောက်မှုတခု ဖြစ်လာခဲ့သည်။
  • TNLA ပါဝင်ဖွဲ့စည်းထားသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘စစ်ဆင်ရေး ၁၀၂၇’ သည် စစ်ကောင်စီကို စစ်ရေးအရ အရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့သည်။  ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် (၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်အထိ) မြို့ ၁၆ မြို့ကို  လက်လွှတ်ခဲ့ရသည်။ ထို့အပြင် ထောင်နှင့်ချီသည့် စစ်သည်များ လက်နက်ချခဲ့သလို အခြားသော မြေပြင်တိုက်ခိုက်ရေးတပ်များမှာလည်း စိတ်ဓါတ်ကျဆင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တပြိုင်နက်တည်းမှာပင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုမှာလည်း ရပ်တန့်သွားခဲ့ရာ စစ်ကောင်စီကို အုပ်ချုပ်ရေးနှင့် စီးပွားရေးပိုင်းတွင်လည်း အကျပ်ရိုက်စေခဲ့သည်။ ‘စစ်ဆင်ရေး ၁၀၂၇’ သည် စစ်ကောင်စီအနေနှင့် စွမ်းရည်ကျဆင်းနေကြောင်း လှစ်ဟပြလိုက်ခြင်းဖြစ်သည်။ စစ်ဆင်ရေး နှစ်လတာအတွင်း TNLA က မြို့ ခုနစ်မြို့အထိ ထိန်းချုပ်နိုင်ခဲ့သည်။ တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်ပုန်ကုန်မှု သမိုင်းတလျှောက်တွင် အကြီးမားဆုံး နယ်မြေသိမ်းပိုက်ထိန်းချုပ်နိုင်ခြင်းလည်း ဖြစ်သည်။

၂၀၂၄ ခုနှစ် မတ် ၁၂ ရက်တွင် တည်းဖြတ်ခဲ့သည့်ဆောင်းပါးကို မတ် ၁၄ ရက် နံနက် ၁၁ နာရီ (မြန်မာစံချိန်တော်ချိန်) တွင် အချက်အလက်အသစ်များ ဖြည့်စွက်ခဲ့ပါသည်။

✤ နိဒါန်း

တအန်း(ပလောင်)လူမျိုးတွေဟာ ရှမ်းပြည်နယ်မှာ ပျံ့နှံ့နေထိုင်ကြပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားရေးလှုပ်ရှားမှုဆိုင်ရာ လက်နက်ကိုင် ပုန်ကန်တော်လှန်မှုတွေမှာလည်း မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလကတည်းက ပါဝင်ခဲ့ကြပါတယ်။ ၁၉၆၃ ခုနှစ်ကစပြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပြီး လှုပ်ရှားခဲ့ပေမဲ့ ၂၀၀၅ ခုနှစ်မှာတော့  စစ်အစိုးရရဲ့ လက်နက်ဖြုတ်သိမ်းတာကို ခံခဲ့ရပြီး ပလောင်လက်နက်ကိုင်တော်လှန်မှု တခန်းရပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ခေတ်၊ ကနေ့ကာလမှာတော့ တအန်းတိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ပုန်ကန်မှုဟာ အရှိန်အမြင့်ဆုံးဖြစ်လာခဲ့သလို နယ်မြေချဲ့ထွင် လှုပ်ရှားမှုနိုင်မှုကလည်း အကျယ်ပြန့်ဆုံးဖြစ်လာပါတယ်။

✤ ပလောင်တော်လှန်ရေး သမိုင်းအစ

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီး ၁၀ နှစ်အကြာမှာ အိမ်စောင့်အစိုးရ ဗိုလ်ချုပ်နေဝင်းဟာ ရှမ်းစော်ဘွားတွေကို နန်းစွန့်ဖို့ ဖိအားပေးခဲ့ပါတယ်။ ရှမ်းပြည်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်တခုအဖြစ် တည်ထောင်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါပဲ။ ဒါဟာ ပလောင်တိုင်းရင်းသားတွေအတွက် လက်နက်ကိုင်တော်လှန်ဖို့ဖြစ်လာစေတဲ့ ကနဦးအစဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြန်လည်ရဖို့ ရှမ်းစော်ဘွားအနွယ်တွေနဲ့ နိုင်ငံရေးတတ်ကြွတဲ့ လူငယ်တွေ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြတဲ့အခါ ပလောင်လူငယ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ရှမ်းအမျိုးသားတော်လှန်ရေးနဲ့ ပလောင်အမျိုးသားတော်လှန်ရေးဟာ တာထွက်ချိန်ကတည်းက ရောယှက် ဆက်နွှယ်နေခဲ့တာ ဖြစ်ပါတယ်။(၁)

ကျိုင်းတုံစော်ဘွားအနွယ်တော်တွေ၊ ရှမ်းနိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပလောင်နိုင်ငံရေးလှုပ်ရှားသူတွေ ပါဝင်တဲ့ ‘နွမ်စစ်ဟန်’တော်လှန်ရေးတပ်ဖွဲ့(NSH)ကို ၁၉၅၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့မှာ တောင်ပိုင်စော်ဘွားရဲ့ သား တားခွန်အေးနဲ့ တားခွန်သောင်းတို့က တပ်ရင်း-၅ နဲ့ ၆ ကို ဦးဆောင်ခဲ့ကြပါတယ်။ အဲဒီတပ်ရင်းနှစ်ခုဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ အဓိကလှုပ်ရှားခဲ့ကြပါတယ်။  ၁၉၅၉ ခုနှစ်မှာတော့ ရှမ်းစော်ဘွားတွေနဲ့အတူ ပလောင် ‘တောင်ပိုင်စော်ဘွား’ စဝ်ခွန်ပန်းစိန် အပါအဝင် စော်ဘွား ၃၄ ဦးဟာ အာဏာစွန့်ခဲ့ရပါတယ်။ စော်ဘွားတွေ အာဏာစွန့်ရပြီးနောက်မှာတေ့ ရှမ်းအမျိုးသားရေးလှုပ်ရှားမှုတွေ ပိုအားကောင်းလာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာတော့ ရှမ်းပြည်လွတ်လပ်ရေးတပ်မတော်(SSIA)နဲ့ ရှမ်းအမျိုးသားတပ်မတော်(SNA)ဆိုပြီး နှစ်ဖွဲ့ ထပ်ပေါ်လာခဲ့ပါတယ်။ နွမ်စစ်ဟန်က ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အလယ်ပိုင်း၊ SSIA နဲ့ SNA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ အသီးသီးလှုပ်ရှားခဲ့ကြပါတယ်။ နွမ်စစ်ဟန်မှာ ပါဝင်နေတဲ့ ပလောင်တပ်ရင်း-၅ နဲ့ ၆ ဟာ အဖွဲ့ကနေ ခွဲထွက်လိုက်ပြီး SSIA နဲ့ ပူးပေါင်းခဲ့ပါတယ်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းချိန်မှာတော့ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားရေးတတ်ကြွ လှုပ်ရှားမှုတွေ ပိုလို့အားကောင်းလာခဲ့ပါတယ်။ ပလောင်တပ်ရင်း နှစ်ရင်းဟာ လူထုထောက်ခံမှုနဲ့ တည်ဆောက်မှု အားကောင်းလာတာကြောင့် ပလောင်အမျိုးသားတော်လှန်ရေးကို သီးသန့်လုပ်ဆောင်ဖို့ အခြေအနေဖြစ်လာပါတယ်။  SSIA ကနေ ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ခွဲထွက်ခဲ့ပြီး ပလောင်အမျိုးသားတပ်ဦး (PNF) ကို တည်ထောင်ခဲ့ပါတယ်။ PNF ကို တားခွန်အေးနဲ့ တားခွန်သောင်းတို့ပဲ ဦးစီးခဲ့ပါတယ်။ တဖတ်မှာလည်း ဗိုလ်မိုးဟိန်းအဖွဲ့ဟာ နွမ်စစ်ဟန်ကနေ ၁၉၆၄ ခုနှစ်မှာ ထပ်မံခွဲထွက်လာခဲ့ပြီး SSIA နဲ့ ပူးပေါင်းကာ ရှမ်းပြည်တပ်မတော်(SSA) ဆိုပြီး အမည်သစ်နဲ့ အဖွဲ့ထူထောင်ခဲ့ကြ ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်တွေမှာ ပလောင်၊ ကချင်၊ ရှမ်းနဲ့ လီရှော စတဲ့ လူမျိုးတွေ ရောနှောနေထိုင်နေတဲ့အလျောက် သမိုင်းကြောင်းအရ နှီးနွှယ်ဆက်စပ်မှုတွေ ရှိသလို လူမျိုးရေးအရ တင်းမာမှုတွေနဲ့ အခဲမကျေလိပ်ခဲတည်းလည်းဖြစ်စေတဲ့ ရာဇဝင်တွေလည်း ​ရှိခဲ့ပါတယ်။ PNF ထူထောင်ပြီးနောက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ပြီး စစ်အစိုးရတပ်တွေကို ပူးတွဲစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ်မှာတော့ တပ်ဖွဲ့တွင်း မျိုးနွယ်စုပြဿနာတွေအပြင် KIA နဲ့ ပူးပေါင်းတာကို သဘောမတွေ့ဘူးဆိုတဲ့ အချက်တွေကြောင့် PNF ဟာ နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။

PNF ကို တားခွန်သောင်းက ဆက်ဦးဆောင်ခဲ့ပေမဲ့ ခွဲထွက်သွားတဲ့ အဖွဲ့ကတော့ စစ်အစိုးရထံမှာပဲ လက်နက် ချခဲ့ပါတယ်။ အဲဒီကာလမှာ PNF ဟာ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း မြို့နယ်တွေမှာ လှုပ်ရှားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ PNF ကို ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/PSLF) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။

✤ PSLA လှုပ်ရှားမှုနှင့် ပျက်သုဥ်းခြင်း

ပလောင်အမျိုးသားတပ်ဦးကို နိုင်ငံရေးဦးဆောင်မှုတရပ်အနေနဲ့ ရပ်တည်ဖို့အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်(PSLA)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးသန်းဝင်းကို ဖြုတ်ချပြီး တပ်တွင်းပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ကချင်နဲ့ ပလောင်ကြား လူမျိုးရေးပြဿနာတွေကို ခဝါချနိုင်ဖို့နဲ့ တော်လှန်ရေးမှာ ဆက်နွှယ်လုပ်ကိုင်နိုင်ဖို့ အဲဒီနှစ်မှာပဲ PSLO ဟာ KIO နဲ့ တရားဝင် ထာဝရမဟာမိတ် စာချုပ်ကို ချုပ်ဆိုခဲ့တဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့နဲ့ စုဖွဲ့ထားသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)(NDF)မှာလည်း အဖွဲ့ဝင်ခဲ့ပါတယ်။ NDF ဟာ ထိုင်းနယ်စပ်မှာ အခြေစိုက်ပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးတွေကို ဆက်စပ်လုပ်ကိုင်နိုင်အောင်ဆိုပြီး PSLO ဟာ NDF ကို ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်တွေဟာ အခု TNLA မှာ ထိပ်သီးခေါင်းဆောင်တွေ ဖြစ်လာကြပါတယ်။

၁၉၈၁ ခုနှစ် အောက်တိုဘာလမှာ ညှိုနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ကို အောက်ပါ ဗဟိုကော်မတီဝင်များနဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

∎ ၁၉၈၁ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် PSLO/PSLA ၏ ခေါင်းဆောင်များ

စဉ်အမည်ရာထူး
တားအုန်းခိုင်ဗဟိုကော်မတီ ဥက္ကဋ္ဌ
ဗိုလ်ကြီးခေးဆငိုက်ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ
ဗိုလ်ကြီးအိုက်မုန်းစစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ/ စစ်ဦးစီးချုပ်
တားစံမောင်အထွေထွေအတွင်းရေးမှူး
ဗိုလ်ညီလုံအဖွဲ့ဝင်/ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်အိုက်လိတ်အဖွဲ့ဝင်/အထွေထွေရုံးအရာရှိ
ဒုတိယဗိုလ်သန်းဝေအရန်ကော်မတီဝင်
ဒုတိယဗိုလ်အောင်ဆွေအရန်ကော်မတီဝင်
ဒုတိယဗိုလ်သိန်းအောင်အရန်ကော်မတီဝင်

PSLA အနေနဲ့ နယ်မြေအတွင်းမှာ စစ်ရေးလှုပ်ရှားမှုအပြင် နိုင်ငံရေးမဟာမိတ်ဆက်ဆံရေးကိုပါ တည်ဆောက်လိုတဲ့ ရည်မှန်းချက်လည်း ရှိခဲ့ပါတယ်။ KIA နဲ့ ပိုစည်းနှောင်တဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့အပြင် ရှမ်းပြည်နယ်အတွင်းက တခြားရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေး မဟာမိတ်တည်ဆောက်ချင်တာကြောင့် ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတာတွေကို နောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောမှာ မဒတ ညီလာခံအစည်းအဝေးကိုလည်း KIA ရဲ့ အကူအညီနဲ့  ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပါတယ်။

စစ်ဆင်ရေးတွေ ပူးတွဲလှုပ်ရှားတဲ့အခါမှာ တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဆိုပြီး စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားခဲ့ပါတယ်။ မြောက်ပိုင်းစစ်ကြောင်းမှာတော့ SSPP/SSA၊ KIO တို့နဲ့အတူ ပူးတွဲပြီး စစ်ရေးလှုပ်ရှားခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ပြိုကွဲတဲ့အခါ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) တို့က ဗကပ ကနေ ခွဲထွက်လာပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်တပ်မတော်(SSA)ကလည်း စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။  တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အပစ်အခတ်ရပ်ခဲ့တာက တကြောင်း၊ စစ်အစိုးရရဲ့ ဖိအားကြောင့်တကြောင်း ဌာနချုပ်မှာကျန်ရစ်နေတဲ့ ဗိုလ်မှူးကြီးတားအိုက်မုန်းအဖွဲ့ဟာလည်း ၁၉၉၁ ခုနှစ်မှာ  စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ စစ်အစိုးရဘက်ကလည်း ၎င်းတို့ကို ရှမ်းပြည်နယ် အမှတ်-၇ အထူးဒေသ PSLA (ငြိမ်းချမ်းရေးအဖွဲ့) ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကို မာနယ်ပလောမှာ ရောက်ရှိနေတဲ့ ကိုယ်စားလှယ်အဖွဲ့က သဘောမတူခဲ့ကြပါဘူး။ ၂၀၀၅ ခုနှစ်မှာ ဗိုလ်မှူးကြီးတားအိုက်မုန်း ဦးဆောင်တဲ့ PSLA အဖွဲ့ဝင် ၃၀ ကျော်ဟာ မန်တုံမြို့နယ်မှာ လက်နက်အပ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ စစ်အစိုးရဘက်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်အပါအဝင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နအဖ)ရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

✤ TNLA ကို ပြန်လည်ထူထောင်ခြင်း

PSLO/PSLA  လက်နက်ချ ဖျက်သိမ်းခံလိုက်ရတဲ့နောက် ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေတဲ့ တအန်းလူငယ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့အသစ်ကို ပြန်ထူထောင်ဖို့ ကြိုးပမ်းကြပါတယ်။  ၂၀၀၉ ခုနှစ်မှာ ညီလာခံတရပ်ကျင်းပပြီး တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို ဖွဲ့စည်းခဲ့ပါတယ်။ တပ်ဖွဲ့သစ်အနေနဲ့ စစ်ပညာကို KIA ဆီကနေ ပြန်လည်သင်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်းထဲကို ဝင်ရောက်လှုပ်ရှားနိုင်ဖို့ ၂၀၁၀-၁၁ ခုနှစ်တွေမှာ ပြင်ဆင်ခဲ့ပါတယ်။ KIA ထံမှာ စစ်ပညာသင်ယူစဥ်အတွင်း တအန်း လူငယ်တွေနဲ့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ခေါင်းဆောင်တွေနဲ့ သင်တန်းသားတွေအကြား ရင်းနှီးမှုရှိခဲ့ပါတယ်။ အဲဒီကတဆင့် နောင်မှာ စစ်ရေးအရကြီးမားတဲ့ ညီနောင်မဟာမိတ် ဖြစ်လာစေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲမှာ KIA ထံက သင်တန်းဆင်းလာတဲ့ တအန်းလူငယ် ၄၂ ဦးဟာ ရိုင်ဖယ်သေနတ် ၂၂ လက်နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းက ရွှေလီမြစ်ဝှမ်း ဒေသကို စတင်ထိုးဖောက်အခြေချခဲ့ပါတယ်။

အဲဒီအချိန်မှာ စစ်အစိုးရကနေ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အဖြစ် ဦးသိန်းစိန်အစိုးရတက်လာပြီး နိုင်ငံတဝန်းက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အပစ်အခတ်ရပ်စဲဖို့ ဖိတ်ခေါ်နေပါတယ်။ အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ သမ္မတဦးသိန်းစိန်က ကမ်းလှမ်းရာမှာ ပြည်တွင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးနီးပါးဟာ ပြည်နယ်အဆင့် ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ TNLA ကိုတော့ ကနဦးမှာ ဆွေးနွေးဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့ပေမဲ့ အသေအချာဆွေးနွေးနိုင်ခဲ့တာမျိုး မရှိပါဘူး။ ၂၀၁၄ ခုနှစ်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ကိုးကန့်မြေမှာ ပြန်အခြေစိုက်ဖို့ ထိုးစစ်ဆင်တဲ့အခါ TNLA နဲ့ AA တို့ဟာ မဟာမိတ်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ MNDAA ရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ တအန်းစစ်သည်တွေက လက်ရှိမှာတော့ လူလတ်ပိုင်းအရွယ်တွေ ဖြစ်လာခဲ့ကြပြီး  အရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

အဲဒီနောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA) ကို ဆွေးနွေးတဲ့အခါမှာ TNLA နဲ့ မဟာမိတ်တွေဖြစ်တဲ့ AA နဲ့ MNDAA တို့က ပါဝင်လိုခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလ အစိုးရသစ်ရလက်ထက်မှ ပေါ်လာပြီး အစိုးရကို တိုက်ခိုက်နေတဲ့အဖွဲ့တွေဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချန်လှပ်ထားခဲ့ဖို့ စစ်တပ်ဘက်က ကြိုးစားခဲ့ပါတယ်။ KIA နဲ့ KNU တို့ ဦးစီးပြီးကျင်းပခဲ့တဲ့ မိုင်ဂျာယန်နဲ့ လော်ခီးလာ ညီလာခံတွေမှာ TNLA၊ AA နဲ့ MNDAA ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။​ ဒါပေမဲ့ အစိုးရ၊ စစ်တပ်တို့နဲ့ ညှိနှိုင်းမယ့် အဆင့်တွေမှာတော့ အဲဒီသုံးဖွဲ့ကို စစ်တပ်ဘက်က လက်မခံခဲ့ပါဘူး။ လက်နက်ချမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်လို့ရမယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ သူ့ရဲ့သဘောထားကို တင်းတင်းမာမာ ပြခဲ့ပါတယ်။

✤ PSLF/TNLA ၏ ခေါင်းဆောင်များ

စဥ် အမည်ရာထူး တာဝန်
၁ တားအိုက်ဘုန်း ဗိုလ်ချုပ်ကြီး ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်
၂ တားဂျုတ်ဂျား ဒုတိယဗိုလ်ချုပ်ကြီး ဒုတိယဥက္ကဋ္ဌ-၁ 

ဗဟိုကော်မတီဝင်

တားခူးလန်းဗိုလ်ချုပ် ဒုတိယဥက္ကဋ္ဌ-၂  

ဗဟိုကော်မတီဝင် 

တားဘုန်းကျော် ဗိုလ်ချုပ် အထွေထွေအတွင်းရေးမှူးချုပ်

ဗဟိုကော်မတီဝင် 

၅ တားဟိုပလန် ဗိုလ်ချုပ်စစ်ဦးစီးချုပ် 

ဗဟိုကော်မတီဝင် 

တားအိုမ်တမာဝ်းဗိုလ်မှူးချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)

ဗဟိုကော်မတီဝင်

တားဂူဇာရ်ဗိုလ်မှူးချုပ်ဗဟိုအထွေထွေ အုပ်ချုပ်ရေးဌာနမှူး

ဗဟိုကော်မတီဝင်

တာပန်လဗိုလ်မှူးကြီးတွဲဖက်အထွေထွေအတွင်းရေးမှူး (၂)

ဗဟိုကော်မတီဝင်

တားနောရိန်း ဗိုလ်မှူးချုပ် စစ်ဦးစီးဌာန 

ဗဟိုကော်မတီဝင် 

၁၀တားလုမ်ကျော်မြဗိုလ်မှူးချုပ် အကောက်ခွန်ဌာန 

ဗဟိုကော်မတီဝင် 

၁၁တားကုင်ခြီရ်ဗိုလ်မှူးကြီးရဲချုပ်

ဗဟိုကော်မတီဝင်

✤ ‘ဝ’နှင့် မဟာမိတ်ဖွဲ့ခြင်း

NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကို အင်အားနှစ်ထောင်ဝန်းကျင်နဲ့ လှုပ်ရှားခွင် ချဲ့ထွင်လာပါတယ်။ အဲဒါဟာ TNLA အတွက် စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။ အဖွဲ့အစည်းအတွက် နယ်မြေစိုးမိုးနိုင်မှုနဲ့ အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်စကာလမှာ စစ်တပ်နဲ့ တိုက်ခိုက်နေရတာကြောင့် ခဲယမ်းမီးကျောက် ဖြည့်တင်းရတာက တဖက်၊ RCSS နဲ့ နယ်မြေလုတိုက်ပွဲတွေက တဖက်မို့ TNLA အတွက် အခက်ခဲဆုံးကာလပါပဲ။

၂၀၁၅ ခုနှစ် မေလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ထိပ်သီးညီလာခံကို ‘ဝ’တပ်ဖွဲ့က ဦးစီးပြီး ပထမအကြိမ်အဖြစ် ပန်ဆန်းမြို့မှာ ကျင်းပခဲ့ပါတယ်။ ညီလာခံမှာ TNLA ခေါင်းဆောင်တွေလည်း ပါဝင်တတ်ရောက်ခဲ့ပါတယ်။ အဲဒီညီလာခံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားတပ်ဖွဲ့တွေကို နိုင်ငံရေးနဲ့  စစ်ရေး မဟာမိတ်တွေအဖြစ် ပိုပြီးစည်းနှောင်နိုင်ဖို့ အစပြုမှုဖြစ်ခဲ့သလို TNLA အတွက်လည်း ‘ဝ’တပ်ဖွဲ့နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင်တွေ့ဆုံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ညီလာခံအတွင်းမှာ နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေ သီးခြားဆွေးနွေးမှုတွေရှိခဲ့ပြီး TNLA အတွက် လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ နိုင်ငံရေးအရပါ နောက်ကနေ ကျောထောက်နောက်ခံပြုပေးမယ့် အင်အားကြီး ‘ဝ’ တပ်ဖွဲ့ကို မဟာမိတ်အဖြစ် ရရှိစေခဲ့ပါတယ်။

TNLA နဲ့ RCSS အကြား တိုက်ပွဲတွေ ရပ်ဖို့၊ မရပ်တန့်ရင် RCSS ကို နိုင်ငံရေးအရ အရေးယူတာတွေ လုပ်မယ်လို့ပါ ၂၀၁၆ ခုနှစ်မှာ ‘ဝ’က ထုတ်ပြောခဲ့ပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလမှာ ‘ဝ’ ဦးဆောင်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)ကို ဖွဲ့စည်းခဲ့ပါတယ်။ ‘ဝ’ နဲ့ မိုင်းလား(NDAA)၊ SSPP၊ KIA၊ MNDAA၊ AA နဲ့အတူ TNLA လည်း ပါဝင်ခဲ့ပါတယ်။ လက်နက်ချမှ အပစ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်နိုင်မယ်ဆိုပြီး လမ်းပိတ်ခံထားရတဲ့ TNLA အတွက် FPNCC ဟာ ကြီးမားတဲ့ နိုင်ငံရေးမဟာမိတ်အဖွဲ့တခုဖြစ်လာပါတယ်။

FPNCC ထဲမှာ ပါဝင်တဲ့ ခုနစ်ဖွဲ့စလုံးဟာ NCA စာချုပ်ကို ငြင်းဆိုကြပြီး နောက်ထပ်အပစ်ရပ်စာချုပ်တခု သီးသန့်ဆွေးနွေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဖွဲ့အချင်းချင်းအကြားမှာလည်း နိုင်ငံရေးအရရော၊ မြေပြင်စစ်ရေး လှုပ်ရှားမှုတွေမှာပါ စည်းနှောင်မှုက ပိုပြီးအားကောင်းလာခဲ့ပါတယ်။ RCSS ရဲ့ နယ်မြေချဲ့ထွင် လှုပ်ရှားမှုကို တန်ပြန်တိုက်ခိုက်ဖို့ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA နဲ့ SSPP တို့ဟာ နမ္မတူမြို့နယ်တွင်းမှာ စစ်ရေးမဟာမိတ်ဖွဲ့ပြီး RCSS ကို အတူပြန်တိုက်ခဲ့ကြပါတယ်။ TNLA နဲ့ RCSS ကြား နယ်မြေအုပ်စိုးနိုင်ရေး တိုက်ခိုက်မှုတွေက ၂၀၁၆ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့ပါတယ်။ RCSS အနေနဲ့ အဲဒီမြို့နယ်တွေမှာ စစ်ရေးအရဗျူဟာကောင်းတဲ့ တောင်ကုန်း၊ တောင်ကြောတွေမှာ အခြေစိုက်ခဲ့ပါတယ်။ ဒါအပြင် နမ့်ဆန့်မြို့နယ်အတွင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အချက်အခြာကျတဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့နယ်ခွဲ အတွင်းမှာလည်း တပ်ဖြန့်လှုပ်ရှားခဲ့ပါတယ်။ RCSS ရဲ့ လှုပ်ရှားမှုက TNLA နဲ့ SSPP တို့အပြင် ၎င်းတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ မြောက်ပိုင်းအခြေစိုက် တပ်ဖွဲ့တွေရဲ့ အကျိုးစီးပွားတွေဖြစ်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုနဲ့  ရှမ်းမြောက်ဒေသမှာ သြဇာထူထောင်မှုကိုပါ အစုရှယ်ယာခွဲဝေယူလာသလို ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစကာလမှာတော့ TNLA ဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်တာမျိုး မလုပ်သေးပါဘူး။ ‘ဝ’နဲ့ ကိုးကန့်တပ်တွေရဲ့ စက်ရုံထုတ် ရိုင်ဖယ်အသစ်တွေကို ပြောင်းလဲတပ်ဆင်ပြီး တပ်အင်အားကို ပိုတောင့်တင်းအောင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာပဲ RCSS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ပါတယ်။ တခါ ‘ဝ’တပ်တွေကလည်း သံလွင်မြစ်ကို ဖြတ်ပြီး အနောက်ဘက်ခြမ်းကို တပ်ဖြန့်ခဲ့ပါတယ်။ အဲဒါအပြင် TNLA က နယ်မြေတိုးချဲ့လှုပ်ရှားနေတဲ့ လားရှိုးမြို့နယ် မိုင်းယော်ဒေသအပြင် SSPP ရဲ့ ဌာနချုပ်ဖြစ်တဲ့ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ၊ မိုင်းရှုး၊ တန့်ယန်း၊ ပင်လုံ၊ ဟိုပုံးနဲ့ ရပ်စောက်မြို့နယ်တွေအထိ ‘ဝ’ က တပ်ဖြန့်ခဲ့ပါတယ်။ TNLA က RCSS ကို ရှမ်းမြောက်ဒေသတွင်းမှာ တိုက်ခိုက်နေချိန် SSPP နဲ့ ‘ဝ’ တို့ကလည်း ရှမ်းတောင်ဒေသမှာ RCSS ကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ RCSS ကို ရှမ်းမြောက်ဒေသတခုလုံးကနေ တွန်းထုတ်ဖို့အတွက် TNLA ကို ‘ဝ’က နောက်ကွယ်က ပံ့ပိုးပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှာတော့ RCSS ဟာ  ရှမ်းမြောက်ဒေသမှာ ငါးနှစ်တာအတွင်း တပ်ဖြန့်အခြေချခဲ့တဲ့ သူ့ရဲ့ နေရာအားလုံးကို ဆုတ်ခွာသွားပါတော့တယ်။ ဒါအပြင် ဆယ်စုနှစ်သုံးခုဝန်းကျင် အခြေစိုက်ခဲ့တဲ့  မူဆယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲထဲက အမှတ်-၇၀၁ စစ်ဒေသနဲ့ ရှမ်းတောင်ဒေသတွင်းက နယ်မြေတချို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ရှမ်းမြောက်ကနေ RCSS ဆုတ်ခွာသွားတာကြောင့် နယ်မြေစိုးမိုးမှုကျယ်ကျယ်ပြန့်ပြန့် ရလာတဲ့ TNLA အနေနဲ့ တပ်တွင်း အပြောင်းအလဲသစ်တချို့ကို လုပ်ပါတယ်။ ကနဦးက အခြေခံစစ်ပညာသင်ယူခဲ့တဲ့ KIA ရဲ့ လက်မောင်းတံဆိပ်(Badge)နဲ့ စစ်ဝတ်စုံတွေနဲ့ ဆင်တူတဲ့ ပုံစံကို တပ်ဆင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်က စပြီးပြောင်းလဲလိုက်တဲ့ တံဆိပ်အသစ်မှာ တအန်းအမျိုးသားရေးအမှတ်တံဆိပ်ဖြစ်တဲ့ လက်ဖက်ညွန့်၊ နဂါး၊ တောင်သုံးလုံး စတာတွေ ပါဝင်ပါတယ်။ (တံဆိပ်အသစ်ဟာ ‘ဝ’ ရဲ့ အမှတ်တံဆိပ်နဲ့ ခပ်ဆင်ဆင်တူတယ်လို့ တိုင်းရင်းသားနိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေရဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။) လက်နက်ခဲယမ်း အသစ်တွေ ထပ်တိုးတပ်ဆင်မှု၊ နယ်မြေဖြန့်ကြက်လှုပ်ရှားနိုင်မှုနဲ့ အုပ်ချုပ်ရေးယန္တရားချဲ့ထွင် တည်ဆောက်မှုတွေနဲ့အတူ TNLA ဟာ ပိုပြီးအင်အားတောင့်တင်း ကြီးထွားလာခဲ့ပါတယ်။ စစ်အာဏာသိမ်းကာလမှာ စစ်ကောင်စီကို တုံ့ပြန်တော်လှန်လိုတဲ့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေက လူငယ်တွေကို စစ်ပညာတွေပို့ချပေးတာအပြင် မဟာမိတ်တွေဆီကရတဲ့ လက်နက်ခဲယမ်းတွေကို တပ်ဆင်ပေးတာတွေအထိ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ အင်အားသေးငယ်တဲ့ တပ်ဖွဲ့ကနေ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ကြီးတခုအဖြစ် ဆယ်စုနှစ်တခုအတွင်းမှာ ပြောင်းလဲလာတာကို ပြသနေတာပါပဲ။ အင်အားကြီးလာတာနဲ့အမျှ တအန်း(ပလောင်) ပြည်နယ်ရရှိရေးကို ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။

✤ နယ်မြေအငြင်းပွားမှုများနှင့် တအန်းနိုင်ငံရေး၏ ရှေ့အလားအလာ

TNLA ရဲ့ နိုင်ငံရေးရည်မှန်းချက်က တအန်း(ပလောင်)ပြည်နယ်ရရှိရေး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်အာဏာသိမ်းမှုအလွန်ကာလမှာ ပိုပြီးကျယ်ကျယ်လောင်လောင် ပြောဆိုလာတဲ့အပြင် မြေပြင်မှာလည်း အုပ်ချုပ်ရေးယန္တရားကို ချဲ့ထွင်ထူထောင်တာ၊ စိုးမိုး-ထိန်းချုပ်နယ်မြေတွေကို တိုးချဲ့တာတွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ဒီအပြင် ဥပဒေကြောင်းအရလည်း တရားဝင်ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နိုင်ဖို့အတွက် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို တအန်းနိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာ ပြင်ဆင်နေခဲ့တာ ရှိပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းက တတိယမူကြမ်းအထိ အချောသတ်ထားပြီး ဥပဒေကြမ်း ပြင်ဆင်မှုမှာ TNLA အပြင် တအန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC)၊ တအန်းနိုင်ငံရေး ခေါင်းဆောင်တွေ၊ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တအန်းလူမျိုးလွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တအန်းနိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ ပါဝင်တယ်လို့ ကြေညာထားပါတယ်။

TNLA ဟာ တပ်တွေ ဖြန့်ကြက်လှုပ်ရှားနေတဲ့​ ဒေသတွေကို ခရိုင်ငါးခုခွဲပြီး အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ခဲ့ပါတယ်။ အဲဒါတွေကတော့ (၁) မန်အောင်ခရိုင်(မူဆယ်-နမ့်ခမ်းဒေသ)၊ (၂) ရွှေလီခရိုင်/အိုမ်တမော်ဝ်(မန်တုံ-မိုင်းဝီးဒေသ)၊ (၃) သံလွင်ခရိုင်/အိုမ်ခုံး(ကွတ်ခိုင်-မုံးစီး-မိုင်းဟွမ်ဒေသ)၊ (၄) လားရှိုးခရိုင်/လာဆျို(လားရှိုး-မိုင်းယော်ဒေသ)၊ (၅) နမ့်ဆန်ခရိုင်/အိုမ်ယ်ုရ်(နမ့်ဆန်-ကျောက်မဲ- မိုးကုတ်ဒေသ) တွေ ဖြစ်ပါတယ်။ ခရိုင်သတ်မှတ်မှုတွေက မြန်မာအစိုးရရဲ့ တရားဝင်နယ်နိမိတ်သတ်မှတ်မှုတွေအတိုင်း မဟုတ်ဘဲ TNLA ရဲ့ ဒေသအလိုက် သတ်မှတ်ထားချက်တွေ ဖြစ်ပါတယ်။ အဲဒီခရိုင်တွေဟာ အနာဂတ်မှာ ၎င်းတို့ တရားဝင်တည်ဆောက်လိုတဲ့ တအန်းပြည်နယ်ရဲ့ နယ်မြေအစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ပြည်နယ်တည်ဆောက်ရေးအတွက် ရည်မျှော်ပြီး ဖွဲ့စည်းထားတဲ့ ခရိုင်တွေမှာ အုပ်ချုပ်ရေးယန္တရားကို ဌာနတွေခွဲပြီး လုပ်ဆောင်နေပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးအစိုးရ(Rebel Governance)တရပ်အဖြစ်  ရပ်တည်လည်ပတ်နေတာ ဖြစ်ပါတယ်။

∎ PSLF/TNLA တွင် ဖွဲ့စည်းထားသည့် ဌာနများ

TNLA တွင် လည်ပတ်လျက်ရှိသော လုပ်ငန်းဌာန ၁၄ ခု ရှိပြီး    ၎င်းဌာနများမှာ ကာကွယ်ရေးရာ၊ အထွေထွေအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ အခွန်၊ မဟာမိတ်နှင့် နိုင်ငံခြားရေးရာ၊ သတင်းနှင့် ပြန်ကြားရေး၊ ပညာရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးရာ၊ စားနပ်ရိက္ခာစီမံထောက်ပံ့ရေး၊ စိုက်ပျိုးမွေးမြူရေး၊ မြေယာနှင့် သစ်တောကာကွယ်ရေးတို့ ဖြစ်သည်။ ထို့အပြင် လုပ်ငန်းကော်မတီသုံးခုရှိပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းကော်မတီ၊ ဗဟိုစီးပွားရေးကော်မတီနှင့် စစ်ဘေးရှောင်ရေးရာ စီမံကော်မတီတို့ဖြစ်သည်။ TNLA ၏ တရားစီရင်ရေးဌာနသည် ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုက်နယ်အဆင့်နှင့် ပြည်သူ့ဆက်ဆံရေးအဆင့်ဟူ၍ ဖွဲ့စည်းထားပြီး ဒေသတွင်းအရပ်သားများအကြား အငြင်းပွားမှု၊ တိုင်တန်းမှုများနှင့် ရာဇဝတ်မှုများကို စီရင်သည်။

TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ အရပ်သားတွေ စစ်မှု မထမ်းမနေရ၊ အခွန်ငွေ မထမ်းမနေရ စနစ်တွေလည်း ပါဝင်ပါတယ်။ တော်လှန်ရေးအစိုးရတရပ်ဖြစ်တာကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ပတ်သက်လို့ လွှမ်းခြုံနိုင်မှု  ကျယ်ကျယ်ပြန့်ပြန့်မရှိပေမဲ့ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဖြစ်ချိန်မှာတော့ ကော်မတီတွေကို အဆင့်ဆင့်ဖွဲ့စည်းပြီး ၎င်းတို့ စိုးမိုး-ထိန်းချုပ်ရာဒေသတွေမှာ ရောဂါ မပြန့်ပွားဖို့ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ပါတယ်။ ရွာအဝင်အထွက်တွေမှာ ဂိတ်စခန်းတွေ ဖွင့်လှစ်ပြီး လူအဝင်အထွက် စိစစ်တာ၊  နာမကျန်းသူတွေကို ဆေးစစ်တာနဲ့ ကုသပေးတာတွေ၊ ရောဂါကူးစက်ခံရသူလို့ သံသယရှိရင် မြန်မာအစိုးရဆေးရုံတွေကို ပို့နိုင်ဖို့ လုပ်ဆောင်တာတွေအထိ လုပ်ခဲ့ပါတယ်။ သို့ပေမဲ့ မဟာမိတ် တပ်ဖွဲ့ကြီးတွေဖြစ်တဲ့ UWSA၊ NDAA၊ KIA နဲ့ SSPP တို့လိုတော့ မိမိအုပ်ချုပ်ရာ ဒေသတွင်းက လူထုအတွက် တရုတ်နိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိခဲ့တာမျိုးတော့ မရှိပါဘူး။

အာဏာသိမ်းပြီးနောက် စစ်လက်နက်အင်အား၊ စစ်သည်အင်အားနဲ့ နယ်မြေထိန်းချုပ်နိုင်မှု ကျယ်ပြန့် လာတာကြောင့် တအန်းပြည်နယ် တည်ဆောက်ရေး TNLA ရဲ့ ရည်မှန်းချက်ကလည်း ပိုလို့အရှိန်မြင့် လာခဲ့ပါတယ်။ TNLA စိုးမိုး-ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ သစ်တောကြိုးဝိုင်းထိန်းသိမ်းရေးနယ်မြေတွေ သတ်မှတ်ပြီး တအန်းပြည်နယ်ဆိုတဲ့ အမှတ်အသားဆိုင်းဘုတ်တွေ စိုက်ထူတာမျိုးအထိပါ လုပ်ခဲ့ပါတယ်။ TNLA စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို စစ်ကောင်စီဘက်က ဖျက်ဆီးပစ်တာ ရှိသလို နယ်မြေစိုးမိုး-ထိန်းချုပ်မှု ရောယှက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား လက်မခံဘဲ သဘောထားတင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်ထဲက ရေပုံး၊ တုံကြီး၊ မန်ယွန်းနဲ့ လွယ်မောက်ကျေးရွာတွေ အနီးမှာ TNLA ရဲ့  မြေယာနဲ့ သစ်တောဌာနက စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေးဆိုင်းဘုတ်တွေကို KIA တပ်ရင်း-၃၄ က ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနယ်မြေတွေဟာ နှစ်ဖက်တပ်တွေကြား စိုးမိုးမှု ရောယှက်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေ အချင်းချင်းကြား နိုင်ငံရေးပိုင်းမှာ မဟာမိတ်ဖြစ်ပေမဲ့ နယ်မြေ အုပ်ချုပ်စိုးမိုးနိုင်မှုမှာတော့ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ရှိနေတာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာတော့ AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့ကြပါတယ်။  စစ်ဆင်ရေးနဲ့အတူ TNLA ဟာ မြို့ခုနစ်မြို့နဲ့ ဒေသအစိတ်အပိုင်းအများအပြားကို တိုက်ခိုက်သိမ်းယူလိုက်နိုင်တာကြောင့် ‘တအန်းပြည်နယ်’ တည်ထောင်ရေး ရည်မှန်းချက်အတွက် အရှိန်အမြင့်ဆုံးကာလကို ရောက်လာပါတယ်။

∎ TNLA သိမ်းပိုက်ခဲ့သည့် ဒေသများ၏ လူဦးရေအခြေပြဇယား

နမ့်ဆန်မြို့အပါအဝင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေပလောင်လီဆူရှမ်းကချင်အခြား
နမ့်ဆန်မြို့နယ်၈၁, ၀၉၂၉၀.၅ %၂.၉ %၂.၇ %၀.၄၆ %၃.၄၄ %

နမ့်ခမ်းမြို့အပါအဝင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေရှမ်းပလောင်လီရှောကချင်အခြား
နမ့်ခမ်းမြို့နယ်၁၁,၆၇၄၄၀.၉၄ %၃၄.၁၃ %၁၅.၇၈ %၄.၉၃ %၄.၂၂ %

မန်တုံမြို့နယ်တခုလုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေပလောင်ကချင်ရှမ်းလီဆူအခြား
မန်တုံမြို့နယ်၃၅, ၉၁၆၆၄.၈ %၁၅.၈၃ %၇.၂၆ %၇.၁၄ %၄.၉၇ %

နမ္မတူမြို့အပြင် မြို့နယ်တခုလုံးနီးပါးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေရှမ်းဗမာပလောင်ကချင်အခြား
နမ္မတူ မြို့နယ်၅၀,၇၂၀၄၂.၅၃ %၁၇.၃ %၁၅.၄  %၈.၀၂ %၁၆.၇၅ %

ကျောက်မဲမြို့နယ်အတွင်းက မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်နှင့် ဒီဇင်ဘာ ၃၁ ရက်တို့တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေရှမ်းပလောင်ဗမာကချင်အခြား
ကျောက်မဲ မြို့နယ်၁၇၁,၉၃၀၅၈.၆ %၁၈.၆ %၁၂.၁ %၂.၁ %၈.၆ %

ကွတ်ခိုင်မြို့အပါအဝင် ကွတ်ခိုင်မြို့နယ်၏ အစိတ်အပိုင်းတချို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် သိမ်းပိုက်ခဲ့သည်။

လူဦးရေမုန်းဝန်းပလောင်ကချင်ရှမ်းအခြား
ကွတ်ခိုင် မြို့နယ်၁၈၈,၇၅၁၂၈.၉ %၂၄.၉ %၂၃.၉ %၆.၇ %၁၅.၆ %

‘စစ်ဆင်ရေး ၁၀၂၇’ အတွင်းမှာ TNLA အနေနဲ့ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ် တွေထဲက မြို့ခုနစ်မြို့ကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းယူပြီး မြို့နယ်တွေရဲ့ အစိတ်အပိုင်းအများစုကို ထိန်းချုပ်ထားပေမဲ့ KIA၊ SSPP တို့ အခြေစိုက်လှုပ်ရှားနေတဲ့ ဒေသတွေလည်း ရှိနေပါသေးတယ်။ အဲဒီအဖွဲ့တွေအကြား နိုင်ငံရေးအရ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ပေမဲ့ စိုးမိုး-ထိန်းချုပ်နယ်မြေကို အခြားတပ်ဖွဲ့က ဝင်ရောက်လှုပ်ရှားတာမျိုးကို လက်ခံလေ့ မရှိကြပါဘူး။ နယ်မြေကျော်လွန်လှုပ်ရှားလာရင် တင်းတင်းမာမာတုံ့ပြန်တာနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအထိပါ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေ ရှိပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ ကာလအတွင်းမှာတော့ သူ့နယ်ကိုယ့်နယ် ကျော်လွန်မလာအောင် သတိနဲ့ လှုပ်ရှားကြတာမျိုး ရှိပေမဲ့ စစ်ရေးအရ တင်းမာမှုတွေ မရှိခဲ့ပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နမ့်ဆန်နဲ့ မန်တုံမြို့နယ်နှစ်ခုကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့ပါတယ်။  လက်ရှိမြေပြင်မှာတော့ ပလောင်ဒေသနယ်မြေဟာ ပိုမိုကျယ်ပြန့်သွားပြီဖြစ်သလို အုပ်ချုပ်မှုပုံစံလည်း ပြောင်းလဲသွားပါပြီ။ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ လားရှိုး၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်တွေကိုပါ ပလောင်ပြည်နယ်အဖြစ် TNLA က သတ်မှတ်လိုက်ပါတယ်။ ဒီသတ်မှတ်မှုက TNLA နဲ့ တအန်းနိုင်ငံရေးအဝန်းအဝိုင်းတခုတည်းရဲ့ သတ်မှတ်ချက်ဖြစ်တာကြောင့် ဒေသတွင်းမှာ အတူယှဥ်တွဲနေထိုင်နေတဲ့ ရှမ်းနဲ့ ကချင်တွေကြားမှာ အားပြိုင်မှုနဲ့ ငြင်းခုံတာတွေ ပိုကြီးထွားလာနိုင်ခြေ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အကြား အပစ်ရပ်စဲခဲ့ပြီး TNLA ခေါင်းဆောင်ပိုင်းတွေဟာ သူတို့ သိမ်းထားတဲ့ မြို့တွေကို ကွင်းဆင်းစစ်ဆေးတာတွေနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့တွေကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ TNLA အနေနဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာထူထောင်လာခဲ့ရင် ဒေသတွင်းမှာ လှုပ်ရှားနေတဲ့  ရှမ်းနဲ့ ကချင်တို့လို တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နယ်မြေအငြင်းပွားမှု၊ မကျေလည်မှုနဲ့ လိပ်ခဲတည်းလည်းဖြစ်မှုတွေ  ပိုကြီးထွားလာနိုင်ပါတယ်။

✤ တအန်း(ပလောင်)လက်နက်ကိုင်တော်လှန်ရေး၏ ရက်စွဲမှတ်တမ်းများ

၁၉၆၃ ခုနှစ်

╸ဇန်နဝါရီ ၁၂ ရက်တွင် ပလောင်အမျိုးသားတပ်ဦး (PNF) ကို တည်ထောင်သည်။ PNF ကို ဦးဆောင်သူ များသည် ရှမ်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်သည့် နွမ်စစ်ဟန်တပ်ဖွဲ့ထဲတွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။ PNF ဖွဲ့စည်းသည့် နေ့ရက်ကို တအန်း(ပလောင်)အမျိုးသားတော်လှန်ရေးနေ့အဖြစ်လည်း သတ်မှတ်ထားသည်။

၁၉၇၁ ခုနှစ်

╸အဖွဲ့ နှစ်ခြမ်းကွဲပြီး အချင်းချင်း ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အဓိက အကြောင်းအရင်းများသည် KIO နှင့် ပူးပေါင်းသည်ကို မလိုလားခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆခြင်းနှင့် မျိုးနွယ်စုဆိုင်ရာ အားပြိုင်ခြင်းများကြောင့် ဖြစ်သည်။ ထို့နောက် KIO နှင့် ပူးပေါင်းသည်ကို လက်မခံသည့်  တားခွန်လီ ဦးဆောင်သည့်ဘက်က စစ်အစိုးရထံတွင် လက်နက်ချသွားခဲ့သည်။

၁၉၇၆ ခုနှစ်            

╸ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့/ ပလောင်ပြည်လွတ်မြောက်ရေး တပ်မတော် (PSLO/PSLA) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ PSLA သည် မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် ဖြန့်ကြက် လှုပ်ရှားသည်။ ဖေဖော်ဝါရီလတွင် ကချင်ပြည်နယ် ပါဂျောင်ဒေသ၌ အစည်းအဝေး သုံးရက်ကျင်းပပြီး PSLO/PSLA နှင့် KIO/KIA အကြား ထာဝရမဟာမိတ်အဖြစ် ရပ်တည်သွားရန် စာချုပ်တခုကို သဘောတူ လက်မှတ်ထိုးသည်။

╸မေ ၁၀ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ စုစည်း၍ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ)(NDF) ကို ဖွဲ့စည်းခဲ့ရာ PSLO/PSLA သည်လည်း ပါဝင်ခဲ့သည်။ မဒတတွင် ပါဝင်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ နယ်မြေတွင်းအခြေစိုက်ရန် PSLO ကိုယ်စားလှယ်များကို စေလွှတ်ခဲ့သည်။ (NDF တွင် ပါဝင်ရန် ကိုယ်စားလှယ်စေလွှတ်ခံရ သူများထဲမှ တဦးဖြစ်သည့် မိုင်းအိုက်ဘုန်းသည် ယနေ့ TNLA ၏ ဥက္ကဋ္ဌဖြစ်သည်။)

၁၉၇၉ ခုနှစ်

╸PNF ကို တည်ထောင်သူ ခေါင်းဆောင်တဦးလည်းဖြစ်၊ PSLO/PSLA ၏ ဥက္ကဋ္ဌလည်းဖြစ်သူ တားခန်သောင်း ဇန်နဝါရီ ၁၂ ရက်တွင် ကွယ်လွန်ခဲ့ပြီး ဗိုလ်မှူးသန်းဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

၁၉၈၁ ခုနှစ်

╸ဗိုလ်မှူးသန်းဝင်းမှာ ဦးဆောင်မှု ညံ့ဖျင်းသည်၊ ကိုယ်ကျိုးရှာခြင်းကိုသာ ပြုလုပ်သည် ဟူသည့် အချက်ဖြင့် ဇွန် ၂၅    ရက်တွင် တပ်တွင်းအာဏာသိမ်းမှု ဖြစ်ခဲ့သည်။ ဗိုလ်မှူးသန်းဝင်းသည် မူဆယ်မြို့နယ် မန်ဟီးရိုးရွာ ဘက်သို့ ထွက်ပြေးခဲ့သည်။ PSLO/PSLA ၏ အထွေထွေအတွင်းရေးမှူး တားအုန်းခိုင်က ဥက္ကဋ္ဌ ဖြစ်လာသည်။

╸အောက်တိုဘာ ၂၁ ရက်တွင် PSLO/PSLA ၏ ဗဟိုကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌ တားအုန်းခိုင်၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ကြီးခေးဆငိုက်၊ ဒုတိယဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ကြီးအိုက်မုန်း၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ညီလုံတို့ ဖြစ်လာသည်။

၁၉၈၃ ခုနှစ်

╸မေ ၁၄  ရက်တွင် PSLO နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) တို့ အကြား နိုင်ငံရေးနှင့် စီးပွားရေး သဘောတူညီချက်များကို နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

၁၉၈၆ ခုနှစ်

╸မဒတ(NDF) အနေနှင့် စစ်တပ်ကို တိုက်ခိုက်ရန် တောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ စစ်ကြောင်းသုံးကြောင်းကို ဇန်နဝါရီလတွင် ဖွဲ့စည်းရာ မြောက်ပိုင်းစစ်ကြောင်းတွင် PSLA၊ KIA နှင့် SSPP တို့ ပါဝင်သည်။ ဗိုလ်မှူးကြီးခေးဆငိုက်က PSLO ၏ ဥက္ကဋ္ဌအစား နာယကအဖြစ် ပြောင်းလဲတာဝန်ယူသည်။ ဒုတိယဗိုလ်မှူးကြီး အိုက်မုန်းက PSLO ၏ ဥက္ကဋ္ဌသစ် ဖြစ်လာသည်။

၁၉၈၉ ခုနှစ်

╸ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပြီးနောက် PSLO/PSLA လှုပ်ရှားသည့် နမ့်ဆန်၊ ကျောက်မဲ၊ နမ္မတူ၊ မိုးမိတ်၊ နမ့်ခမ်း၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က တပ်စခန်းအသစ်များ တိုးချဲ့ တည်ဆောက်သည့်အပြင် ဖြတ်လေးဖြတ်ဗျူဟာဖြင့် တိုက်ခိုက်သည်။ SSPP အတွင်း၌လည်း တပ်ဖွဲ့တွင်း အာဏာသိမ်းပြီး စစ်အစိုးရနှင့် အပစ်ရပ်ခြင်း၊ KIA တွင်လည်း တပ်မဟာ-၄ က ခွဲထွက်သွားပြီး အပစ်ရပ်ခြင်းများ ရှိခဲ့သည်။ KIA တပ်မဟာ-၄ က စစ်အစိုးရနှင့် အပစ်ရပ်လိုက်သဖြင့် ၎င်းတို့ထံတွင် မဟာမိတ်အဖြစ် ထားရှိထားသည့် PSLA ၏ တပ်ရင်းကိုလည်း ပြန်ရုပ်သိမ်းခဲ့သည်။ ရှမ်းပြည်နယ်အတွင်း ‘ဝ’၊ ကိုးကန့်နှင့် မိုင်းလားတို့သည်လည်း ဗကပမှ ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။

၁၉၉၁ ခုနှစ်

╸ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်အစိုးရ၏ ပိတ်ဆို့တိုက်ခိုက်ဖိအားပေးမှု ခံရရာ PSLO ၏ ဌာနချုပ်ကို KIA နယ်မြေတွင်းသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သည်။ သို့သော် ဌာနမပြောင်းရွှေ့ခဲ့ဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အဖွဲ့အစည်း ဆက်လှုပ်ရှားရပ်တည်နိုင်ရန် ခက်ခဲနေခြင်းကြောင့် ငြိမ်းချမ်းရေးယူရန် ဆုံးဖြတ်ခဲ့သည်။

╸ဧပြီ ၁၃ ရက်တွင် စစ်အစိုးရ နှင့် PSLO တို့ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့သည်။

╸မေ ၂   ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၌ PSLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီးအိုက်မုန်း၊ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးညီလုံတို့နှင့် စစ်အစိုးရဘက်မှ ဗိုလ်ချုပ်ခင်ညွန့်တို့ ဆွေးနွေးသည်။ အပစ်ရပ်စာချုပ် ချုပ်ဆိုခြင်း မရှိဘဲ Gentelmen Agreement တစောင်သာ ချုပ်ဆိုခဲ့သည်။ စစ်အစိုးရ က ည ၈ နာရီသတင်းတွင် PSLO နှင့် ငြိမ်းချမ်းရေးယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော် ထိုင်းနယ်စပ်တွင် မဒတ (NDF) ကိုယ်စားလှယ်များအဖြစ် စေလွှတ်ထားသည့် PSLO/PSLA ဦးဆောင်ကော်မတီဝင်များက ကန့်ကွက်ကြသည်။

╸ငြိမ်းချမ်းရေးယူသည်ကို ကန့်ကွက်သည့် PSLO/PSLA ဦးဆောင်ကော်မတီဝင် ငါးဦးက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ကို မေ ၅   ရက်တွင် ဖွဲ့စည်းသည်။

၁၉၉၂ ခုနှစ်

╸PSLF ဖွဲ့စည်းကြောင်းကို ကြေညာသည်။ သို့သော် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိဘဲ နိုင်ငံရေးအသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ တအန်းလူငယ်များ၏ ပညာရေးပိုင်းဆိုင်ရာများကို ကူညီပံ့ပိုခြင်းကိုသာ ဦးစားပေးလုပ်ကိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်

╸စစ်အစိုးရက ဖိအားပေးခဲ့သောကြောင့် တားအိုက်မုန်းဦးဆောင်သော PSLA တပ်ဖွဲ့က ဧပြီ ၂၉ ရက်တွင်  မန်တုံမြို့၌ လက်နက်အပ်ခဲ့ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူသည်။

၂၀၀၇ ခုနှစ်

╸ဇူလိုင်လတွင် PSLF တပ်ဖွဲ့သည် ပလောင်ဒေသအတွင်း ပြန်လည်ဝင်ရောက်ပြီး လက်နက်ကိုင်လှုပ်ရှားမှု ပြုလုပ်ရန် တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကို စတင်သန္ဓေတည်သည်။

၂၀၀၉ ခုနှစ်

╸TNLA ကို အတည်ပြုဖွဲ့စည်းသည်။

၂၀၁၀ ပြည့်နှစ်

╸’တအန်း(ပလောင်)အမျိုးသားပါတီ’ (TNP) သည် ပလောင်ဒေသတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ခဲ့သည်။

၂၀၁၂ ခုနှစ်

╸ဇန်နဝါရီလတွင် TNLA တပ်ဖွဲ့သည် ကချင်ပြည်နယ် ဗန်းမော်ဒေသမှ စတင်ထွက်ခွာလာပြီး ရွှေလီမြစ်ကို ဖြတ်သန်းလာ၍ ပလောင်ဒေသတွင်းသို့ စတင်အခြေချ ဝင်ရောက်သည်။ စတင်လှုပ်ရှားချိန်မှစ၍ စစ်တပ်နှင့် ရံဖန်ရံခါ တိုက်ခိုက်မှုများ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်

╸ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA၊ ရက္ခိုင်တပ်တော်(AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့က အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် သြဂုတ် ၅ ရက်တွင် စစ်တပ်ကို ကမ်းလှမ်းသည်။

၂၀၁၆ ခုနှစ်

╸ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဧရိယာ၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ မန်တုံနှင့် ကွတ်ခိုင်မြို့နယ်တို့ အတွင်းရှိ ရဲစခန်းနှင့် စစ်တပ်စခန်း နေရာ ၁၁ ခုကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ဖြစ်သည့် KIA၊ MNDAA၊ TNLA နှင့် AA တို့က  နိုဝင်ဘာ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်သည်။

╸KIA၊ TNLA၊ MNDAA နှင့် AA တို့က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကို ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်သည်။

╸ဒီဇင်ဘာ ၂ ရက်တွင် နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ကိုယ်စားလှယ်က မြောက်ပိုင်းမဟာမိတ်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရေး လွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။ ကန့်ကွက်သူများသဖြင့်  အဆိုမှာ မအောင်မြင်ခဲ့ပေ။ ဒီဇင်ဘာ ၆ ရက်တွင်လည်း ရှမ်းပြည်နယ်လွှတ်တော်တွင် USDP ကိုယ်စားလှယ်တဦးကပင် KIA၊ MNDAA နှင့် TNLA တို့ကို အကြမ်းဖက်အဖွဲ့များအဖြစ် အတည်ပြုပေးရန် အဆိုတင်သွင်းသည်။ AA ကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။

╸KIA၊ MNDAA နှင့် TNLA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ်  ဒီဇင်ဘာ ၇ ရက်တွင် ရှမ်းပြည်နယ်လွှတ်တော်က သတ်မှတ်သည်။

╸KIA၊ MNDAA၊ TNLA နှင့် AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခြင်းကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က  ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ပြန်လည်ပြင်ဆင်ရန် တောင်းဆိုသည်ဟူ၍  ဒီဇင်ဘာ ၁၂  ရက်တွင် ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်

╸’ဝ'(UWSA)၊ ကချင်(KIA)၊ ကိုးကန့်(MNDAA)၊ တအန်း(TNLA)၊ ရခိုင်(AA)၊ မိုင်းလား(NDAA)နှင့်  ရှမ်း(SSPP/SSA))တို့ စုပေါင်း၍ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ကို ဖေဖော်ဝါရီလတွင် ဖွဲ့စည်းသည်။ FPNCC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ငြင်းဆန်ပြီး သီးခြားအပစ်ရပ်စာချုပ်သစ်တခု ပေါ်ပေါက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်

╸ငွေကြေးလာတောင်းသည့် TNLA အရာရှိနှစ်ဦးကို စစ်တပ်ထံတွင် တိုင်ကြားသောကြောင့် ပစ်ခတ်ဖမ်းဆီးခံရသည်ဟူသည့် စွပ်စွဲချက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် နန်းမိုဟွမ်ကို  သြဂုတ် ၁၇ ရက်တွင် TNLA က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့သည်။ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သြဂုတ် ၂၇ ရက်တွင် စာပို့တောင်းဆိုခဲ့သည်။

╸အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း စက်တင်ဘာ ၁၀ ရက်တွင် တောင်းဆိုခဲ့သည်။

╸စက်တင်ဘာ ၁၇ ရက်တွင် နမ့်ခမ်းမြို့ဒေသခံ တသောင်းကျော်က TNLA ကို စီတန်းလှည့်လည်၍ ဆန္ဒပြခဲ့သည်။ FPNCC နှင့် SSPP တို့ က  နန်းမိုဟွမ်ကို ပြန်လွတ်ပေးရန် ကြားဝင်ညှိနှိုင်းပြီးနောက် ပလောင်နှင့် ရှမ်းလူမျိုးတို့အကြား ရေရှည်ချစ်ကြည်ရေးကို ရှေးရှု၍ဟုဆိုကာ အောက်တိုဘာ ၁၅ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။    

╸ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA  တို့သည် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တလတာ တဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့သည်။ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က KIA ၊ MNDAA ၊ TNLA ၊ AA  နှင့် စစ်တပ်တို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန် ရှေ့ပြေးကြိုတင် စေ့စပ်ညှိနှိုင်းပေးရာ ဒီဇင်ဘာလတွင် စစ်တပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ထို့အပြင် အစိုးရ၊ စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) စာချုပ်များ ချုပ်ဆိုရန်လည်း စတင်ဆွေးနွေးခဲ့သည်။ 

၂၀၁၉ ခုနှစ်

╸ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ ပဏမအပစ်ရပ်စာချုပ်အတွက် မတ်လ ၂၁ ရက်တွင် နေပြည်တော်၌  တွေ့ဆုံဆွေးနွေးသည်။

╸မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် KIA၊ TNLA၊ MNDA၊ AA  နှင့် အစိုးရဘက်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ကိုယ်စားလှယ်များအကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆွေးနွေးရန် ဧပြီ ၃၀ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌ တွေ့ဆုံသည်။ 

╸အစိုးရနှင့် စစ်တပ်တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ပဏာမသဘောတူညီမှု Bilateral မူကြမ်းအတွက်  ဇွန် ၃၀ ရက်တွင် မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးသည်။

╸ငြိမ်းချမ်းရေးဆွေးနွေးနေစဥ်ကာလအတွင်း ၎င်းတို့၏ နယ်မြေများတွင် စစ်တပ်ဘက်မှ စစ်ရေးလှုပ်ရှားမှုများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကို အမြန်ဆုံးရပ်တန့်ရန် သြဂုတ် ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်က သဘောထား ထုတ်ပြန်ခဲ့သည်။

╸မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ ပြင်ဦးလွင် မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊  နောင်ချိုမြို့အဝင် မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်၊ နောင်ချိုရဲစခန်း၊ ဂုတ်ထိပ်တပ်စခန်းနှင့် မြို့ရှောင်ဂိတ်တို့ကို
သြဂုတ် ၁၅    ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်သည်။

╸တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်တပ်တို့ ပဏာမအပစ်ရပ်စာချုပ် (Bilateral Agreement) များ ချုပ်ဆိုနိုင်ရန် တွေ့ဆုံဆွေးနွေးမည်ဟု သြဂုတ် ၂၉ ရက်တွင် သဘောထားထုတ်ပြန်သည်။

╸ညီနောင်မဟာမိတ် သုံးဖွဲ့မှ ကျိုင်းတုံအစည်းအဝေးတွင် ရရှိခဲ့သည့် Bilateral Ceasefire Agreement စာချုပ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်သွားရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

╸နှစ်ဖက်တွေ့ဆုံဆွေးနွေးရန်နှင့် ကိုဗစ်-၁၉ ပြဿနာများကြောင့် တဖက်သတ်အပစ်ရပ်ကြောင်း စက်တင်ဘာ ၉ ရက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြောခဲ့သည်။ (ယင်းသို့အပစ်ရပ်ခြင်းကို စစ်တပ်ကအာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့သည်။)

╸တိုက်ပွဲများ လျှော့ချနိုင်ရန်၊ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) စာချုပ်ရေးထိုးနိုင်ရန်တို့အတွက် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်တပ်အကြား စက်တင်ဘာ ၁၇ ရက်တွင် ကျိုင်းတုံမြို့၌ ဒုတိယအကြိမ်ဆွေးနွေးခဲ့သည်။ 

၂၀၂၀ ပြည့်နှစ်

╸အစိုးရနှင့် စစ်တပ်က နေပြည်တော်၌ ကျင်းပမည့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံအစည်းအဝေးကို တတ်ရောက်ရန် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ထဲတွင် AA ကို ချန်လှပ်ပြီး ဖိတ်ကြားခဲ့သည်။ TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ညီလာခံဖိတ်ကြားစာကို ရရှိသော်လည်း မဟာမိတ် AA ကို မဖိတ်ကြားခြင်း၊ အဖွဲ့စုံလင်မှသာ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုမြှင့်တင်နိုင်မည်ဟု ယူဆခြင်း နှင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် သွားလာရန် ခက်ခဲမှုများ ရှိနေသဖြင့် ညီလာခံ တတ်ရောက်မည် မဟုတ်ကြောင်း သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ အနိုင်ရရှိမှုကို အထူးကြိုဆိုကြောင်း  နိုဝင်ဘာ ၂၀ ရက်တွင် ညီနောက်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာသည်။ မြန်မာအစိုးရနှင့် စစ်တပ်တို့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များကို အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။ 

╸အခွန်ကိစ္စနှင့်ပတ်သက်၍ မိုးကုတ်မြို့ရှိ စံပြမုန့်တိုက် (SP-Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ ရက်တွင် ဖမ်းဆီးခဲ့ပြီး တလကျော်အကြာ ဇန်နဝါရီ ၁၅ ရက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ 

၂၀၂၁ ခုနှစ်

╸သျှမ်းပြည်တပ်မတော်(RCSS) နှင့် TNLA တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို မေလ ၂၁ ရက်နေ့ထိ တဖက်သတ်ရပ်ဆိုင်းခဲ့ပြီး တရားဝင်တွေ့ဆုံညှိနှိုင်းနိုင်ရေး လုပ်ဆောင်မည်ဟု ဖေဖော်ဝါရီ ၇ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ကြေညာချက်ထုတ်သည့် ညတွင် ကျောက်မဲမြို့နယ်၌ TNLA နှင့် RCSS တို့ တိုက်ပွဲ ပြန်ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုကို RCSS ဘက်က စတင်ခဲ့ခြင်းဖြစ်သည်ဟု TNLA ဗဟိုအလုပ်အမှုဆောင်က ထုတ်ပြန်ချက် ထုတ်ခဲ့သည်။ RCSS အနေနှင့် TNLA၏ တပ်စခန်းများအား တိုက်ခိုက်နေသည်ကို ရပ်တန့်ရန်၊ တအန်းလူမျိုးများကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းနှင့် လူမျိုးရေးခွဲခြားမှုများကို မလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

╸တဖတ်သတ်အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းမတိုးတော့ဘဲ စစ်ကောင်စီအနေနှင့် စစ်ရေးလှုပ်ရှားမှုများ၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန်နှင့် ရပ်တန့်ခြင်းမရှိပါက နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းသွားမည်ဟု မတ် ၃၀ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာသည်။ 

၂၀၂၂ ခုနှစ်

╸ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီတို့အပါအဝင် နိုင်ငံရေးအကျဥ်းသားလေးဦးအား စစ်ကောင်စီက ကွပ်မျက်ခဲ့သည့်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ဇူလိုင် ၂၇ ရက်တွင် ကြေညာခဲ့သည်။

╸နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာအုပ်စု ကုန်းသာကျေးရွာအတွင်းရှိ TNLA ၏ တပ်မဟာ-၂ လက်အောက်ခံတပ်ရင်း-၄၃၄ တပ်စခန်းကို  ဒီဇင်ဘာ ၇  ရက်တွင် စစ်ကောင်စီက ရဟတ်ယာဥ် ငါးစင်းနှင့် အင်အား ၁၃၀ ကျော်တို့ဖြင့် ထိုးစစ်ဆင်ခဲ့သည်။ တပ်ရင်း-၄၃၄ ဘက်သို့ TNLA ၏ တပ်ရင်းများအပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်စစ်ကူခဲ့ကြသည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်ပြီး ပေါင် ၅၀၀ ဗုံးများ ငါးကြိမ်တိုင် ကြဲချခဲ့သည်။

၂၀၂၃ ခုနှစ်

╸ဇူလိုင် ၂၉ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းပိုင်းအနီးရှိ စယ်လန့်၊ နမ့်ကတ်၊ မန်ထန့်နှင့် မိုင်းဆတ််ကျေးရွာတို့အနီး၌ TNLA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးခဲ့ရသည်။

╸စက်တင်ဘာ ၂၃ ရက်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအနီး၌ TNLA နှင့် SSPP တို့အကြား တိုက်ပွဲ ဖြစ်ပွားသည်။

╸အောက်တိုဘာ ၂၇ ရက်တွင် TNLA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ကြောင်း ကြေညာပြီး  ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ လားရှိုး၊ သိန္နီ မြို့နယ်များ နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်းရွှေဟော်မြို့တို့ကို မနက် ၄ နာရီတွင် စတင်ထိုးစစ်ဆင်ခဲ့သည်။ ထိုစစ်ဆင်ရေးသည် နှစ်လခွဲ ကြာမြင့်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၂၀၀ ဝန်းကျင်နှင့် မြို့ ၁၆ မြို့တို့ကို ညီနောင်မဟာမိတ် တပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ထိုမြို့ ၁၆ မြို့အနက် TNLA က နမ့်ခမ်း၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များကို သိမ်းပိုက်ခဲ့သည်။

╸ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ တကြိမ်၊ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တကြိမ် နှစ်ကြိမ်တွေ့ဆုံခဲ့သော်လည်း သဘောတူညီချက် မရခဲ့ပေ။

၂၀၂၄ ခုနှစ်

╸ဇန်နဝါရီ ၁၁ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ကူမင်းမြို့တွင် တတိယအကြိမ်တွေ့ဆုံခဲ့ပြီး ယာယီ အပစ်ရပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။ သို့သော် စစ်ကောင်စီအနေနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်ထဲတွင် TNLA ကို ဆက်တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု TNLA က ကြေညာချက်များ ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်ထဲတွင်လည်း AA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

(၁)​  ‘တအန်း၊ ပလောင်’ ဝေါဟာရသည် လူမျိုးစုနောက်ခံ သမိုင်းအကြောင်းအရာအပေါ် အခြေခံကာ ရှေးယခင်ကတည်းက သုံးစွဲခေါ်ဝေါ်ခဲ့သော အမည်များဖြစ်သည်။ ‘ပလောင်’ ဟူသော အမည်မှာ လူဦးရေအများဆုံးအုပ်စုဖြစ်သည့် ဗမာလူမျိုးတို့က  သတ်မှတ်ခေါ်ဆိုခဲ့ခြင်း ဖြစ်ပြီး ‘တအန်း (Ta’ ang)’ ကမူ ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ကိုယ်တိုင်  ပြင်ဆင်ပြောင်းလဲ သတ်မှတ်ခဲ့သည့်အမည်ဖြစ်သည်။ ‘တအာင်း’၊ ‘တအာန်း’ဟူ၍လည်း တချို့အရေးအသားများတွင် တွေ့ရသည်။

✤ ရည်ညွှန်း

Institute for Strategy and Policy – Myanmar. (2020, August 7). အိမ်စောင့်အစိုးရခေတ် – ISP Myanmar Peace Desk. Retrieved from https://ispmyanmarpeacedesk.com/cool_timeline/%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%85%E1%80%B1%E1%80%AC%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%81%E1%80%B1%E1%80%90%E1%80%BA/

Mekong News. (2023, May 24). မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ. Retrieved May 23, 2023, from https://web.facebook.com/MeKongNewsMM/posts/pfbid0DaAJ1JMzccJrWnMEx5yg4TioCfkF3rPRRijHFbPUQCyS7FoGGgNAX6PUcd4YLM5pl?__cft__[0]=AZUCubst_ygSLU7No01FNetNKwVvjrAbx1sQwYKSuM55OJrJmwQuU5n3J-z_YncSko7RmqtJi7oa-0BY0I0dEH6HSxGV8k2T4MAcyUQEleu2OwdqECh8U2mTL5D8gOuS_9k&__tn__=%2CO%2CP-R

MIMU Township Profiles | MIMU. (n.d.). Retrieved from https://themimu.info/township-profiles?field_doc_tx_state_regions_tid=62

Tachileik News Agency. (2021, December 31). PSLF/TNLA က ဦးထုပ် နှင့် Badge တံဆိပ်များ ပြောင်းလဲတပ်ဆင် အသုံးပြု. Retrieved December 31, 2021, from https://www.tachileik.net/mm/news/28819?fbclid=IwAR0yU-Zyzwrerq-3z3laxNdbxIfJ2cGFj9b8ll6fheKIZjM110SVONGgLwQ.

တအန်း(ပလောင်)လူမျိုးသမိုင်း. (n.d.). Retrieved from http://webcatplus.nii.ac.jp/webcatplus/details/book/31976081.html