ပါတီများပေါင်းစည်းမှု မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး
Post By Aung Thu Nyein, On December 16, 2020
နိုင်ငံရေးပါတီများသည် မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရသည့်အပြင်၊ နိုင်ငံရေးပါတီတခု တည်ထောင်ခြင်းပင်လျှင် အန္တရာယ်များသော စွန့်စားမှု တခုလည်း ဖြစ်ခဲ့သည်။ စစ်အာဏာရှင် စနစ်လက်အောက် တင်းကျပ်ပိပြားစွာ ရှင်သန်ခဲ့ကြရသော ပါတီအများစုအဖို့ မူဝါဒအရ ရပ်တည်မှုမှာ ဒီမိုကရေစီ အရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး – စစ်တပ် ဆန့်ကျင်ရေးသာ အဓိက ဖြစ်ခဲ့သည်။ တိုင်းရင်းသားအရေးမှာမူ လက်အောက်ခံ သဘောမျှသာ။
၂၀၁၀ ပြည့်နှစ် ဖြေလျှော့မှုများ နောက်ပိုင်းတွင်တော့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အထဲမှာ ယေဘုယျအားဖြင့် အင်အားစု သုံးခုခွဲ၍ ရပ်တည်ခြင်းကို တွေ့လာခဲ့ရသည်။ အလွယ်သဘောဆိုရလျှင် ပြည်ခိုင်ဖြိုး (USDP) နှင့် နီးစပ်သည့်ပါတီများနှင့် ဒီချုပ် (NLD) နှင့် နီးစပ်သည့် ပါတီများဟူ၍ ပုံဖော်ခဲ့ကြသည်။ မည်သူနှင့်မျှ မနီးစပ်ဘဲ မိမိတို့ဘာသာ သီးခြားရပ်တည်ခဲ့သည့် တိုင်းရင်းသားပါတီများလည်း ရှိပါသည်။ သို့ရာတွင် တိုင်းရင်းသား ပါတီများ အဖို့ မြန်မာ့နိုင်ငံရေးသမိုင်း ဖြတ်သန်းမှု တလျှောက်လုံးတွင် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍတွင် မရှိခဲ့ကြပါ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီတွင် Transnational Institute (TNI)က ထုတ်ဝေခဲ့သည့် “Myanmar : Ethnic Politics and the 2020 General Election” သုတေသနစာတမ်း၌ အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
၁၉၆၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲများတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများက လွှတ်တော်ခုံနေရာ အားလုံး၏ ၈ ဒသမ ၄ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများက လွှတ်တော် နေရာများ၏ ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားပါတီများက လွှတ်တော်နေရာများ၏ ၁၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီများက လွှတ်တော်နေရာများ၏ ၁၁ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ကြသည်ဟု တွက်ချက်ပြသည်။ ယင်းအစီရင်ခံစာတွင်ပင် ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင်လည်း ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်နိုင်မည် မဟုတ်ဟု ခန့်မှန်းဖော်ပြခဲ့သည်။ TNI ၏ ကိန်းဂဏန်းများမှာ ပြည်သူ့ လွှတ်တော်ကို အခြေပြု၍ တွက်ချက်ထားခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားချက်များအရ ပြည်ထောင်စု အဆင့်အနေဖြင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ် အပြင်၊ ထိုလွှတ်တော်နှစ်ရပ်ကို ပေါင်းစည်းဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်ဟူ၍ ရှိလာခဲ့သည်။ ထို အချိန်နောက်ပိုင်း ပြည်ထောင်စု လွှတ်တော်တွင် တိုင်းရင်းသားများ၏ နေရာရရှိမှုသည်လည်း TNI က တွက်ချက်ထားသော ကိန်းဂဏန်းများနှင့် များစွာ ကွဲလွဲမှု မရှိခဲ့ပေ။ တပ်မတော်မှ အလိုအလျောက်ရယူထားသည့် ၂၅ ရာခိုင်နှုန်း မပါဘဲ တွက်ချက်ပါက တိုင်းရင်းသားများသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၁၅ ဒသမ ၂၁ ရာ ခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၁၁ ဒသမ ၄၀ ရာခိုင်နှုန်းသာ ပြည်ထောင်စု လွှတ်တော်တွင် နေရာရခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စု လွှတ်တော်၌ တိုင်းရင်းသားပါတီများမှ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၇ ဦးသာ ရှိခဲ့သဖြင့် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၄၇၆ ဦး၏ ၉ ဒသမ ၈၇ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက လွှတ်တော်တွင်းမှ ကိုယ်စားပြုခွင့် အနိမ့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ တိုင်းရင်းသားပါတီများသည် ရွေးကောက်ပွဲကို ဩဇာလွှမ်းမိုးနိုင်ရေး အတွက် နိုင်ငံရေးပါတီ တပ်ပေါင်းစုများအဖြစ် စုစည်းခဲ့ကြပါသည်။ ထင်ရှားသည်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)၊ ထိုမှ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA) တို့ဖြစ်သည်။ တိုင်းရင်းသားပါတီများ အချင်းချင်း နိုင်ငံရေးအမြင် ဖလှယ်နိုင်ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ စုဖွဲ့ခဲ့ကြသည့် တိုင်းရင်းသားပါတီ တပ်ပေါင်းစုများသည်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သိသာသည့် အောင်မြင်မှု မရရှိခဲ့ကြပါ။ ထိုအခြေအနေကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများ (ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ပွဲများ)၌ အနိုင်ရရှိခဲ့မှု ကိန်းဂဏန်းများကို ကြည့်နိုင်ပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် UNA တပ်ပေါင်းစုက ၄၅ နေရာသာ အနိုင်ရပါသည် (အထူးသဖြင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကယန်း အမျိုးသားပါတီတို့ အနိုင်ရခြင်းဖြစ်သည်)။ ပေါင်းစည်း ထားသော ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ငါးပါတီ (ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီ)တို့က ၂၅ နေရာတွင် အနိုင်ရပါသည်။ ၁၄ ပါတီ မဟာမိတ်ဖြစ်သည့် NBF က ၃၉ နေရာတွင် အနိုင်ရရှိပါသည် (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်နှင့် တအာင်း(ပလောင်) အမျိုးသားပါတီများ အနိုင်ရခဲ့သည်)။ FDA တပ်ပေါင်းစုကမူ နေရာတခုတွင်သာ အနိုင်ရရှိပါသည် (ကရင်ပြည်သူ့ ပါတီက အနိုင်ရရှိခြင်းဖြစ်သည်)။
မည်သို့ပင်ဖြစ်စေ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်း ထူးခြားချက်မှာ လူမျိုးတူ တိုင်းရင်းသား နိုင်ငံရေးပါတီများအကြား စုစည်းမှုပြုလာကြခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ISEAS–Yusof Ishak Institute မှ ထုတ်ဝေသည့် မစုမွန်သန့်၏ “Party Mergers in Myanmar: A New Development“ သုတေသနစာတမ်းတွင်လည်း အကျယ်တဝင့် လေ့လာထားသည်ကို တွေ့ရှိရပြီး အောက်ပါအတိုင်း သုံးသပ်ထားသည်။
နိုင်ငံတကာ အတွေ့အကြုံများအရ ပါတီများ ပူးပေါင်းကြသည့် အဓိကအကြောင်းရင်း သုံးချက် ရှိပါသည်။ ယင်းမှာ ရွေးကောက်ပွဲစနစ် (Electoral Systems)၊ ရွေးကောက်ပွဲ ရလဒ်များနှင့် နိုင်ငံရေးအယူဝါဒချင်း နီးစပ်မှုတို့ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ အခြေ မလှခဲ့သော ရလဒ်များကြောင့်လည်း တိုင်းရင်းသား နိုင်ငံရေးပါတီများ ပူးပေါင်းလာကြခြင်းဖြစ်သည်။ ဤသို့ ပူးပေါင်းခြင်းဖြင့် ပါတီ၏အရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် ထောက်ခံမှု မြင့်မား လာကြမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံရှိ ပူးပေါင်းတိုင်းရင်းသားပါတီတို့တွင် တူညီသော မြော်မြင်ချက်တခုလည်း ရှိပါသေးသည်။ ယင်းမှာ ဖက်ဒရယ်ပြည်ထောင်စုသို့ မျှော်ရည် မှန်းချက်ဖြစ်သည်။
ရွေးကောက်ပွဲမှ တဆင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ပိုမိုရရှိနိုင်ရန် ပါတီချင်းပူးပေါင်းသည့် မဟာဗျူဟာကို ရွေးချယ်ခဲ့ကြသည်။ သို့သော် ပါတီများ ပူးပေါင်းခြင်းဖြင့် ရွေးကောက်ပွဲ အောင်ပွဲ ရမည်ဟု အာမခံချက် မရှိပါပေ။ သို့သော် အမြင်တူသည့် ပါတီများ အချင်းချင်း ကိုယ်စားလှယ် များ ယှဉ်ပြိုင်ရွေးချယ်ခံရသည့် အဖြစ်၊ မဲကွဲမည့် အဖြစ်ကို ရှောင်ရှားနိုင်သည်။ စနစ်အရ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည့် အခြေအနေ (System Fragmentation) ကို ရှောင်ရှားနိုင်သည်။ ညီညွတ်ခြင်းအားဖြင့် အရင်းအမြစ်များ ပို၍စုစည်းနိုင်သည်၊ လူထုထောက်ခံမှုကို ပိုရယူနိုင်သည်။ လူထု ဖိအားကို တုံ့ပြန်သည့်အနေဖြင့် ပါတီများ ပေါင်းစည်းမိကြသည်လည်း ရှိနိုင်ပါသည်။ သို့သော် ရွေးကောက်ပွဲ၏ အခြေခံစနစ် တည်ဆောက်ထားပုံက ဤထက် ပို၍ ရှုပ်ထွေးပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို ပြန်ကြည့်မည် ဆိုပါက ပါတီများ ပေါင်းစည်းထားမှုက မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ အလုပ်မဖြစ်သေးသည်ကို တွေ့ရပါမည်။ သို့သော် ရေရှည်တွင် ပေါင်းစည်းပါတီများ၏ အရေအတွက် ပိုမိုများပြားလာရေး၊ စဉ်ဆက်မပြတ် ပါတီ တည်ဆောက်ရေး၊ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်သည့် ညှိနှိုင်း ဆွေးနွေး အပေးအယူပြုမှုများတွင် ပို၍ တန်းတူရည်တူ ရှိလာရေးတို့က အရေးပါလာနိုင်ပါသည်။