တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် စတုတ္ထပတ်)

Post By Nyein Ko Ko Soe, On August 26, 2020

တိုက်ပွဲဖြစ်ပွားမှုများ (ဩဂုတ် စတုတ္ထပတ်)

၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ (ဩဂုတ် စတုတ္ထပတ်) ကာလအတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရသေ့တောင်၊ မင်းပြားနှင့် အမ်းမြို့နယ်များတွင် တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့ကြောင်း တရားဝင်သတင်းဖော်ပြချက်များအရ သိရပါသည်။

အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေညာထားသည့် ULA/AA အဖွဲ့နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

ယခုရက်သတ္တပတ်အတွင်း တပ်မတော်နှင့် ULA/AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့နေသည့်အခြေအနေကြောင့်လည်း ဒေသခံပြည်သူများမှာ အခက်အခဲများ ပိုမိုတွေ့ကြုံနေရပါသည်။

ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက အမ်းမြို့နယ် ကဇူးကိုင်းတံတားအနီးတွင် ငါးဖမ်းလှေတစီး ပစ်ခတ်ခံရ၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့ပါသည်။

ဒေသခံများ၏ ငါးဖမ်းလှေကို ကဇူးကိုင်းတံတားပေါ်တွင် နေရာယူထားသည့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်ငယ်၊ ဗုံးသီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လှေပေါ် ပါလာသူ အရပ်သားနှစ်ဦးဒဏ်ရာရပြီး တဦးမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံကို ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများ၏ ပြောကြားမှုကို ကိုးကားပြီး RFA သတင်း တွင် ဖော်ပြထားပါသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တစုံတရာပြောဆိုခဲ့ခြင်းမရှိကြောင်းလည်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေချိန်တွင် ဩဂုတ် ၂၂ ရက် ညပိုင်းက ရသေ့တောင်မြို့နယ် ကျောက်ရန်ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကလေးတဦးနှင့် အမျိုးသမီးများအပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း 7 Day Daily သတင်းစာတွင် ဖော်ပြမှုအရ သိရပါသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ ကျေးရွာအတွင်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည်စထိမှန်မှုကြောင့် အသက်(၂)နှစ်ခန့်အရွယ် မိန်းကလေးတဦးနှင့် မိခင်ဖြစ်သူ အပါအဝင် အမျိုးသမီး သုံးဦး၊ အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများက ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိခဲ့ပါသည်။

ထို့အပြင် သြဂုတ်လ ၂၃ ရက်ကလည်း မင်းပြားမြို့နယ် အိုးပုန်တောင်ကျေးရွာတွင် ဒေသခံ တဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း RFA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ သေဆုံးသူမှာ အသက် ၆၇ နှစ်အရွယ် ဖြစ်ပြီး အဖော်နှစ်ဦးနှင့်အတူ ကျွဲပျောက်သွားရှာရာမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း RFA သတင်းတွင် ဖော်ပြထားပါသည်။

ဩဂုတ် ၂၄ ရက်တွင်လည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း တပ်မတော်(ရေ)စစ်ရေယာဉ်များနှင့် AA အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများအတွင်း လျှပ်စစ်တာဝါတိုင် ဓာတ်ကြိုး လက်နက်ကြီးကျည်စ ထိမှန် ပြတ်တောက်သွားခဲ့၍ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် လျှပ်စစ်မီး ပြတ်တောက်လျှက် ရှိကြောင်း နိရဉ္ဇရာသတင်းဌာန၏ သတင်းဖော်ပြမှုအရ သိရပါသည်။ တပ်မတော်က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများ၏ စွပ်စွဲပြောကြားမှုကို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးကမူ ငြင်းဆန်သွားခဲ့ကြောင်း နိရဉ္ဇရာသတင်းတွင် ဖော်ပြထားပါသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုမြင့်မားနေချိန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသကဲ့သို့ တပ်မတော်၏ အပစ်ရပ်ကြေညာမှုတွင်လည်း ULA/AA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများကို ချန်လှပ်ထားခဲ့ခြင်းကြောင့် တိုက်ပွဲများ ရပ်ဆိုင်းပေးထားရန် ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအချို့က တောင်းဆိုမှုများ ရှိနေပါသည်။

 

၂၀၂၀ ပြည့်နှစ် ဩဂုတ် စတုတ္ထပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများ၏ အပြည့်အစုံကို ယခု link တွင် ကြည့်နိုင်ပါသည်။