၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၂ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Post By ISP Admin, On August 19, 2020

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၂                              NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

တည်ဆောက်ပုံ ဒီဇိုင်း (Design)

အကဲဖြတ်အမှတ်ပေးရလဒ် 

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကို နားလည်လိုပါက ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် တည်ဆောက်ပုံဒီဇိုင်း (Design) ကို သိရှိထားသင့်ပါသည်။ ယခုဖော်ပြချက်သည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု တည်ဆောက်ပုံဒီဇိုင်း (Design) အပေါ် အမှတ်ပေး အကဲဖြတ်ထားခြင်းဖြစ်သည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် ငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာဆရာများ၊ စုစုပေါင်း ၁၇ ဦး၏ သဘောထားစစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှုများအပေါ် အခြေခံ၍ ISP Peace Desk က အကဲဖြတ် အမှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ အမှတ်ပေးရာတွင် ၀ – ၄၀ အထိကို လမ်းလွဲအခြေအနေ၊ ၄၀ – ၇၀ ကို လမ်းကြောင်းမှန် အခြေအနေနှင့် ၇၀ – ၁၀၀ ကို ရလဒ်ကောင်း အခြေအနေအဖြစ် သတ်မှတ်ပါသည်။ ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းနေသည့် တည်ဆောက်ပုံဒီဇိုင်း (Design) ကို အကဲဖြတ်ရာ၌ ၄၅ မှတ် ရရှိခဲ့သည့်အတွက် ငြိမ်းချမ်းရေးကြိုးပမ်းမှု တည်ဆောက်ပုံ ဒီဇိုင်းများသည် လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး ပိုမိုကောင်းမွန်ရန် ဆက်လက်အားထုတ် ကြိုးပမ်းရမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

အသေးစိတ်ရလဒ်များ

ယခု သုံးသပ်မှုကို ပြုလုပ်နိုင်ရန်အတွက် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာ ဆရာများ အစရှိသဖြင့် စုစုပေါင်း ၁၇ ဦးထံမှ သဘောထားအမြင် စစ်တမ်းကို ဦးစွာ ရယူခဲ့ပါသည်။ ထိုသို့ ရယူရာတွင်လည်း ပေးထားချက်များအပေါ် ဖြေကြားမှုအပြင် ၎င်းတို့က သီးသန့် ထည့်သွင်းပြောဆိုခဲ့သည့် ဆွေးနွေးချက်များကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါသည်။ တဆက်တည်းမှာပင် အဆိုပါ စစ်တမ်းနှင့် ဆွေးနွေးချက်များအပေါ် အခြေခံ၍ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှု ပြုလုပ်ခဲ့ပါသည်။ ထိုသို့ အကဲဖြတ် အမှတ်ပေးရာတွင် စုစုပေါင်း အမှတ် ၁၀၀ သတ်မှတ်ထားပြီး ၀-၄၀ မှတ်အကြား ရရှိမှုကို လမ်းလွဲအခြေအနေဟု သတ်မှတ်ပါသည်၊ ၄၀-၇၀ မှတ်အကြား ရရှိမှုမှာ လမ်းကြောင်းမှန်အခြေအနေ ဖြစ်ကာ ၇၀-၁၀၀ အကြား ရမှတ်သည် ရလဒ်ကောင်းအခြေအနေဖြစ်ပါသည်။

ပထမမေးခွန်းအဖြစ် “NCA စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု မူဘောင်၊ ယန္တရားများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမှန်တကယ် အထောက်အပံ့ပေးနိုင်မှု” အပေါ် သုံးသပ်အမှတ်ပေးရန် စစ်တမ်းမေးခွန်း မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၂၄ ရာခိုင်နှုန်းက အတိုင်းအတာတခု အထိ အဆင်ပြေကြောင်း၊ ၁၈ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ၁၂ ရာခိုင်နှုန်းက ကြားနေ၊ ၅ ဒသမ ၅ ရာခိုင်နှုန်းက အနည်းငယ် အဆင်မပြေကြောင်းနှင့် ကျန် ၅ ဒသမ ၅ ရာခိုင်နှုန်းက လုံးဝအဆင်ပြေကြောင်း သဘောထားမှတ်ချက်အသီးသီး ပြုခဲ့ကြသည်။ ယခုမေးခွန်းအတွက် ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၅၀ မှတ် ဖြစ်ပြီး လမ်းကြောင်းမှန်အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

ဒုတိယမေးခွန်းအဖြစ် “ငြိမ်းချမ်းရေးဆွေးနွေးမှု မူဘောင်၊ ယန္တရားများအတွင်း ထပ်မံဖြည့်စွက် ကျင့်သုံးသောမူများ ဆွေးနွေးပွဲပုံစံများ (ဥပမာ- 10+10) က ငြိမ်းချမ်းရေးဖြစ်စဉ်ကို မည်မျှ အထောက်အပံ့ ပေးနိုင်သည်”ကို သုံးသပ်အမှတ်ပေးရန် စစ်တမ်းမေးခွန်း မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းက အတိုင်းအတာတခုအထိ အဆင်ပြေကြောင်း၊ ၁၈ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ အခြား ၁၈ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ကြားနေအဖြစ် အခြား ၁၈ ရာခိုင်နှုန်းကလည်းကောင်း၊ ၅ ဒသမ ၅ ရာခိုင်နှုန်းက အနည်းငယ် အဆင်မပြေကြောင်းနှင့် ကျန် ၅ ဒသမ ၅ ရာခိုင်နှုန်းက လုံးဝအဆင်ပြေကြောင်း အသီးသီး ဖြေဆိုခဲ့ကြသည်။ ယခုမေးခွန်းအတွက် ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၆၀ မှတ် ဖြစ်ပြီး လမ်းကြောင်းမှန်အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

ယခုကဏ္ဍအတွက် နောက်ဆုံးစစ်တမ်းမေးခွန်းအဖြစ် “ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း အရပ်ဘက် အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၏(အရေးပါသော ဆုံးဖြတ်ပိုင်ခွင့် အခန်းကဏ္ဍ) ပါဝင်ခွင့်ကို အစိုးရ၏ ကန့်သတ်မှုက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်  သက်ရောက်နိုင်မှု” အပေါ် သုံးသပ်အမှတ်ပေးရန် မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၃၅ ရာခိုင်နှုန်းက လုံးဝအဆင်မပြေကြောင်း၊ ကျန် ၂၄ ရာခိုင်နှုန်းက အနည်းငယ် အဆင်မပြေကြောင်း အသီးသီး သဘောထားမှတ်ချက်ပြုခဲ့ကြသည်။ ယခုမေးခွန်းအတွက် ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၂၄မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် တည်ဆောက်ပုံ ဒီဇိုင်း (Design) အပေါ် ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာဆရာများ၏ သဘောထား စစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှုများအပေါ် အခြေခံ၍ ISP Peace Desk ၏ အကဲဖြတ် အမှတ်ပေးမှုအရ စုစုပေါင်းပျမ်းမျှ ရမှတ် ၄၅ မှတ် ဖြစ်ပြီး လမ်းကြောင်းမှန်ပေါ်တွင် ရှိနေ၍ ပိုမိုကောင်းမွန်ရန် ဆက်လက်အားထုတ်ကြိုးပမ်းရမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

နောက်ခံအကြောင်းအရင်း

ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေသည့် တည်ဆောက်ပုံ ဒီဇိုင်း (Design) မှာ လမ်းကြောင်းမှန်ပေါ်တွင် ရှိနေပြီး ပိုမိုကောင်းမွန်ရန် ဆက်လက်အားထုတ်ကြိုးပမ်းရမည်ဖြစ်ကြောင်းကို ပေါ်လွင်စေသည့် နောက်ခံ အကြောင်းအရင်းများ ရှိနေပြီး ထိုအချက်များအား ယခုအပိုင်းတွင် ဖော်ပြပါမည်။

တည်ဆောက်ပုံ ဒီဇိုင်း (Design)

မြန်မာနိုင်ငံ အစိုးရအဆက်ဆက်တွင် ပြည်တွင်းစစ် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် တည်ဆောက်ပုံ ဒီဇိုင်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့ ကြိုးပမ်းကြရာတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တဖွဲ့ချင်းစီအလိုက် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများက အလေးသာခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် အလှည့်အပြောင်းတခု ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ငြိမ်းချမ်းရေး ရရှိရန် တည်ဆောက်ပုံ ဒီဇိုင်း (Design) တွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ (အားလုံးပါဝင်နိုင်ရေးမူအရ) စုဖွဲ့တိုင်ပင်မှုဖြင့် ဆွေးနွေးခြင်းအပေါ် အစိုးရက လမ်းဖွင့်ပေးခဲ့ပြီး၊ ထိုအခြေခံဖြင့်ပင် တနိုင်ငံလုံးအတိုင်းအတာအရ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရေးဆွဲခဲ့ကြသည်။ သို့သော်လည်း ထိုအချိန်က NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးခဲ့သည်။

NCA ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း NCA ပေးထားချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ပြုလုပ်ခဲ့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းအပါအဝင် အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ်များက အားနည်းချက်များဖြစ်ခဲ့ပြီး၊ လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွက်လည်း စွဲဆောင်မှု မဖြစ်ခဲ့ပေ။ သို့သော် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် NLD အစိုးရကလည်း ယခင်အစိုးရအကောင် အထည် ဖော်ခဲ့သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုပုံစံအတိုင်း ဆက်လက်လျှောက်လှမ်းခဲ့ပါသည်။ သို့ဖြစ်ရာ ယခုအပိုင်းကဏ္ဍတွင် NCA သဘောတူစာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေး တည်ဆောက်ပုံ ဒီဇိုင်းကို အပိုင်း လေးပိုင်းဖြင့် ပိုင်းခြား သုံးသပ်သွားမည် ဖြစ်သည်။

မူလအခင်းအကျင်းအပေါ် သုံးသပ်ခြင်း

NCA စာချုပ်ပါ ပြဌာန်းချက်များအရ နိုင်ငံရေးလမ်းပြမြေပုံအဆင့် ၇ ဆင့် အတိုင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသော်လည်း တဆင့်ချင်းစီလိုက် အကောင်အထည်ဖော်မှု အားနည်းခဲ့သည်။ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ သာ လက်မှတ်ထိုးနိုင်ခြင်းကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအဆင့်အဖြစ် သတ်မှတ်၍ မရပေ။ NLD အစိုးရ တက်လာခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေးအား ဆောင်ရွက်ခဲ့ရာတွင်လည်း ယခုကျင်းပနေသည့် ပင်လုံစတုတ္ထ အစည်းအဝေးမတိုင်မီတွင်မှ အချက် ၁၅ ချက် ရရှိခဲ့ပြီး အချိန်ကြာမြင့်စွာ ယူခဲ့ရသည်။ အလားတူ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရာတွင် ရှမ်း၊ ရခိုင်နှင့် လားဟူလူမျိုးများအတွက် မပြုလုပ်နိုင်သေးဘဲ အဆင့်ကျော်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနေခြင်း ဖြစ်သည်။

လမ်းပြမြေပုံအဆင့်အလိုက် ပြုလုပ်ခဲ့သည့် ဆောင်ရွက်မှုများအနက် ဝေဖန်ထောက်ပြစရာ ဖြစ်နေသော အချက်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC)ကို ဖွဲ့စည်းပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ ရေးဆွဲနိုင်ခဲ့သော်လည်း တပ်မတော်က “တခုတည်းသော တပ်မတော် အဆို” တင်ပြခဲ့မှု အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပြီး အကျပ်အတည်းပေါ်ခဲ့ခြင်း ဖြစ်သည်။ RCSS/SSA အဖွဲ့ကလည်း JMC အဆင့်ဆင့်တွင် NCA အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ တရားမျှတမှု မရှိဟုဆိုကာ JMC အစည်းအဝေးများတွင် ပါဝင်မှု ရပ်ဆိုင်းခဲ့သည်။ လက်တွေ့တွင် ထိရောက်မှု မရှိခြင်းကြောင့် ပြည်နယ်အဆင့် JMC ပြုပြင်ပြောင်းလဲရေးကို EAOs များဘက်က တင်ပြသည့်တိုင် တပ်မတော်ဘက်က လက်ခံခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) အပြီးတွင် ဆက်လက် ဆွေးနွေနိုင်ခြေ ရှိပါသည်။

NLD အစိုးရတက်လာပြီးနောက် ၂၁ ရာစုပင်လုံအဖြစ် အမည်ပြောင်းလဲ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစည်းအဝေးများ၌ ရရှိထားသည့် ပြည်ထောင်စုသဘောတူ စာချုပ်တွင် ထည့်သွင်းမည့် ၅၁ ချက်တွင် လုံခြုံရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ တချက်မျှ မပါဝင်လာခြင်းမှာ သတိပြုစရာ ဖြစ်ခဲ့သည်။ ထို့အပြင် ယခုကျင်းပမည့် ပင်လုံညီလာခံတွင်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်အချက်မှာ အသုံးအနှုန်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ပါဝင်နိုင်ဦးမည် မဟုတ်သကဲ့သို့ အပစ်ရပ်လက်မှတ်မထိုးထားသည့်အဖွဲ့အားလုံး မတက်ရောက်ခြင်းကလည်း ထိုးနှက်မှုတရပ် ဖြစ်ခဲ့သည်။

မူလအခင်းအကျင်းကို ဖြည့်စွက်ခြင်း

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း NLD အစိုးရအနေဖြင့် NCA လုပ်ငန်းစဉ် ပြင်ပလမ်းသစ်ထွင်ခြင်း တခုအဖြစ် နေပြည်တော်တွင် ၁၀+၁၀ ထိပ်သီးဆွေးနွေးပွဲ တခု လုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယင်းဆွေးနွေးပွဲအပြီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှစ်ဖွဲ့က ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးတွေမှာ ပါဝင်မှု ရပ်ဆိုင်းခဲ့ခြင်းကြောင့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း တနှစ်ကျော်ကြာ ရပ်ဆိုင်းသွားခဲ့ရသည်။ ထို့အတွက်ကြောင့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အစိုးရအနေဖြင့် အလွတ်သဘောတွေ့ဆုံမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ရ သည်။ ယင်းနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖြစ် JICM အစည်းအဝေးကို ကျင်းပခဲ့ပြီး၊ ၂၁ ရာစု ပင်လုံ – ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို လေးလအတွင်း ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သတ်မှတ်ထားသည့်ကာလကို နောက်ဆုတ်ခဲ့ရသည်။

မူလအခင်းအကျင်းမှ ချန်လှပ်ခဲ့ခြင်း

တစ်ဆို့နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဖြေရှင်းရာတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များအကြားတွင်သာ အဓိကညှိနှိုင်းနေပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ မပါဝင်စေဘဲ လျစ်လျူရှုထားကြောင်းလည်း ထောက်ပြမှုများ ရှိနေသည်။ NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အပစ်အခတ်ရပ်စဲရေး တခုတည်း မဟုတ်ဘဲ နိုင်ငံရေးလည်း ပါဝင်၍ နိုင်ငံရေးပါတီများ၏ ကဏ္ဍကို လျစ်လျူရှုထားပါက နိုင်ငံရေးဖြစ်စဉ်ရှေ့ဆက်နိုင်မည်မဟုတ်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

ထို့အပြင် စပ်ကြားအုပ်ချုပ်မှု(Hybrid Regime)အရ ပြည်သူများ၏ အသံကို ဆောင်ကျဉ်းပေးနေသော အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုလည်း ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ထည့်သွင်းစဉ်းစားပေးမှု မရှိကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်လာ ရန် ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်စေရမည် ဖြစ်သော်လည်း လက်ရှိငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်တို့ကိုသာ အဓိကဦးဆောင်သူများဟု သတ်မှတ် ဆောင်ရွက်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်ခဲ့ကြပါသည်။

အစောပိုင်း၌ UPDJC မှ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် ဆွေးနွေးမည့် ကဏ္ဍ ၅ ရပ်အနက် လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဟူသည့် ကဏ္ဍ ၃ ခုကို CSO များ ဆွေးနွေးကြရန် ညွှန်ကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင် လေ့လာသူအဖြစ်သာ ခွင့်ပြုတော့ခြင်းမှာ အထင်ရှားဆုံး ဥပမာတခု ဖြစ်ခဲ့ပါသည်။

အလွတ်သဘောဆွေးနွေးမှုများ (Informal Meetings) ၏ အခန်းကဏ္ဍ

၂၀၁၈ ခုနှစ်နှောင်းပိုင်းမှစ၍ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင် တရားဝင် မဟုတ်သည့် အလွတ်သဘောဆွေးနွေးမှု (informal meetings) များ ခပ်စိပ်စိပ် ပြုလုပ်ခြင်းဖြင့် အားကောင်းလာခဲ့သည်။

အစိုးရကိုယ်စားလှယ်များအနေဖြင့် အချိန် ၁၅ လကျော်ကြာ ရပ်တန့်နေသော တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြန်လည်စတင်နိုင်ရန် ၂၀၁၈ အောက်တိုဘာမှ ၂၀၂၀ ဇန်နဝါရီအထိ ကာလအတွင်း KNU နှင့် ၉ ကြိမ်၊ RCSS/SSA နှင့် ၇ ကြိမ် သီးခြားစီတွေ့ဆုံခဲ့ပြီး အပစ်ရပ်လက်မှတ် ထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ နှင့် ၁၂ ကြိမ်အထိ တွေ့ဆုံခဲ့သည်။ အဆိုပါကာလအတွင်း တရားဝင်မဟုတ်သည့် အလွတ်သဘော တွေ့ဆုံမှုများဖြင့် ယုံကြည်မှု တည်ဆောက်ခဲ့ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ တွေ့ဆုံမှုများအပေါ် တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များအကြား ရှုမြင်ပုံ မတူညီကြပေ။

ယင်းကဲ့သို့ အလွတ်သဘောတွေ့ဆုံမှုများကို တပ်မတော်က လက်ခံလိုဖွယ် မရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အချိန်ဆွဲခြင်းဟူ၍သာ ရှုမြင်နေခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့်မူ အလွတ်သဘောတွေ့ဆုံခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခြင်းမှာ အစုအဖွဲ့ တခုနှင့် တခု အကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးပါကြောင်း သုံးသပ်မှု ရှိနေပါသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အလွန် ဆက်လက်ဖော်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည် ဆောက်ပုံ ဒီဇိုင်းများတွင် အလွတ်သဘောနှင့် တရားဝင်ဆွေးနွေးပွဲများအကြား ချိတ်ဆက်၍ ရလဒ် ထွက်ပေါ်လာရန် ကြိုးပမ်းရမည်မှာ အရေးကြီးစိန်ခေါ်မှုအဖြစ် ရှိနေဆဲပင် ဖြစ်ပါသည်။

အယူဆမှတ်စု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ပြယုဂ်တခုဖြစ်သော ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထ အစည်းအဝေး) ကို ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်၌ စတင် ပြုလုပ်နေပြီဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေး ကာလအတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများအရ ပါဝင်သူလူဦးရေ လျှော့ချပြီး ပြုလုပ်နေသည့် အဆိုပါ ငြိမ်းချမ်းရေးညီလာခံမှ တဆင့် ယေဘုယျဆန်သော အချက် သုံးချက်ကိုသာ မျှော်လင့်နိုင်မည် ဖြစ်သည်။ ထိုအချက်သုံးချက်မှာ

၁) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊

၂) ၂၀၂၀ ပြည့်နှစ် အလွန် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများနှင့်

၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အစရှိသဖြင့် ဖြစ်ကြပါသည်။

NLD အစိုးရသည် ရွေးကောက်ပွဲဝင်ချိန်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ပြုလုပ်ရန် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ အသေးစိတ်အနေဖြင့် လုပ်ဆောင်မည်ဆိုသော အချက်ခြောက်ချက် ထားရှိခဲ့ပါသည်။ ထိုအတူ အစိုးရဖြစ်ချိန်တွင်လည်း ငြိမ်းချမ်းရေးကို အဓိကလုပ်ငန်းစဉ်တခုဖြင့် သဘောထား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်နိုင်ရန်အထိ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုကို လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ခဲ့ပါသည်။ NCA သဘောတူညီချက်အရ ရှိခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟု NLD အစိုးရလက်ထက်တွင် အမည် ပြောင်းလဲခဲ့ပြီး “၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့” ဟူသည့် ဆောင်ပုဒ်ကိုလည်း ချမှတ်ခဲ့သည်။ ယင်းအပြင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခြောက်ကြိမ်ပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများချမှတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်ကို လွှတ်တော်၌ အတည်ပြုနိုင်ရန် အားထုတ်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ မျှော်မှန်းချက်များအတိုင်း ဖြစ်မလာခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ယခုပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) သည် NLD အစိုးရ တာဝန်ယူသည့် ငါးနှစ်သက်တမ်းကာလအတွင်း နောက်ဆုံးပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သည်ဆိုခြင်းအား လည်ပြန်ကြည့်ရန် လိုအပ်မည် ဖြစ်ပါသည်။

ISP Peace Desk အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်များကို လေ့လာရာတွင် ရှုမြင်ချက် လေးရပ်ကို အခြေခံပြီး ပိုင်းခြားလေ့လာ ဆန်းစစ်မှုများ ပြုလုပ်လေ့ရှိပါသည်။ ရှုမြင်ချက်လေးရပ်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပြုလုပ်နေချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆက်စပ်အခြေအနေများ (Contexts)၊ တည်ဆောက်ပုံ ဒီဇိုင်း (Design)၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ (Actors) နှင့် လုပ်ငန်းစဉ်များ (Process) တို့ ဖြစ်ကြပြီး၊ ထိုအချက်များကို အခြေခံ၍ ပိုင်းခြားလေ့လာဆန်းစစ်မှု (Analysis) ကို ပြုလုပ်ခြင်း ဖြစ်သည်။

ယခု NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကို ပြန်လည် သုံးသပ်ရာ၌လည်း အထက်ပါ ရှုမြင်ချက်လေးရပ်ကို အခြေခံ၍ ပိုင်းခြား လေ့လာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်။

ယခု တည်ဆောက်ပုံ ဒီဇိုင်း (Design)ကို အပိုင်း – ၂ အနေဖြင့် ထပ်မံဖော်ပြခြင်းဖြစ်ပြီး၊ ကျန်ရှိသော အပိုင်းများကို ဆက်လက် ဖော်ပြသွားပါမည်။