လူနည်းစု တိုင်းရင်းသား လူမှုလူ့အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ၏ အာဏာရှင်တစ်ပိုင်း အုပ်ချုပ်ရေး
Post By Ashley South, On September 12, 2018
အက်ရှ်လေဆောက်သ် ၁
■ မိတ်ဆက်
မြန်မာနိုင်ငံရဲ့ အာဏာရှင်တစ်ပိုင်း အုပ်ချုပ်ရေးတွေအောက်မှာ လူနည်းစု တိုင်းရင်းသား လူမှုလူ့အဖွဲ့အစည်းတွေမှာ ပါဝင် လှုပ်ရှားကြသူတွေရဲ့ အခန်းကဏ္ဍက ဘာပါလဲ။ ဒီဆောင်းပါးဟာဆိုရင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူနည်းစု တိုင်းရင်းသား လူ့မှုအဖွဲ့အစည်းတွေ အချင်းချင်းအကြားနဲ့ သူတို့ ကိုယ်၌ရဲ့ အတွင်းမှာ ပါဝင်နေကြတဲ့ ပါဝင်လှုပ်ရှားသူတွေအကြောင်းကို ဖော်ညွှန်းလေ့လာ ဆန်းစစ်သွားမှာ ဖြစ်ပါတယ်။ နောက်တော့ လူမှုလူ့အဖွဲ့အစည်းတွေ အကြားနဲ့ အခုမှ အသစ်ပေါ်ပေါက်လာတဲ့ အစိုးရအကြား ဆက်ဆံရေးကို ဆက်လက် လေ့လာသွားမှာ ဖြစ်သလို၊ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ လူမှုလူ့အဖွဲ့အစည်း ဝန်ဆောင်မှုအဖွဲ့အစည်း (CSOs) တွေအကြား ဆက်ဆံရေးတွေကိုပါ လေ့လာသွားမှာပါ။ ၂
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ လေ့လာသူတွေနဲ့ နိုင်ငံတကာ အလှူရှင်တွေက မြန်မာနိုင်ငံထဲမှာ လူမှုလူ့အဖွဲ့အစည်းတွေ ရှိလား၊ မရှိဘူးလား ဆိုတာကို စတင် မေးခွန်းထုတ်ခဲ့ကြပေမယ့် အဲဒီအချိန်ကစလို့ ဒီလို အပြောင်းအလဲ များလွန်းတဲ့ နယ်ပယ်ကို ပုံဖော်နိုင်ဖို့အတွက် တွန်းအားတွေ ပိုများလာပြီး၊ အဲဒီ လူမှုလူ့အဖွဲ့အစည်းတွေထဲက ဘယ်သူတွေကို ချိတ်ဆက်မယ်၊ ဘယ်လို ချိတ်ဆက်မယ် ဆိုတာတွေကို ပိုပြီး ဆွေးနွေးဖြစ်လာကြပါတယ်။
ငြိမ်းချမ်းရေးတို့၊ ဒီမိုကရေစီတို့လို စကားလုံးတွေလိုပဲ၊ လူမှုလူ့အဖွဲ့အစည်းဆိုတဲ့ စကားရပ်ဟာ အဓိပ္ပာယ် အတိအကျ ဖွင့်လို့မရတဲ့ အယူအဆ တစ်ခုပါပဲ။ ဒီစကားရပ်အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများကြီးရှိသလို၊ ကွဲပြားခြားနားတဲ့ အယူအဆဆိုင်ရာ ထုံးဓလေ့တွေလည်း အများကြီး ရှိပါတယ်။ ပလစ်ဘရယ် Tocquevillean ၃ အကောက်အယူမျိုးကစလို့ လက်ဝဲ Marxist-Gramscian ၄ တွေ အထိပါပဲ။ ဒီထက်ပိုတာက ဒီကဏ္ဍကိုယ်၌ကိုက အပြိုင်အဆိုင် သဘောမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာအားဖြင့် ရုပ်ပိုင်းဆိုင်ရာ နိုင်ငံရေး ရင်းမြစ်တွေအတွက် ပြိုင်ဆိုင်နေရနိုင်တဲ့ လူမှုလူ့အဖွဲ့အစည်း အမျိုးမျိုးမှာ ပါဝင် ပတ်သက်နေကြသူတွေ အမျိုးမျိုးလည်း ရှိနေနိုင်ပါတယ်။ ကျွန်တော်ကတော့ လူမှု လူ့အဖွဲ့အစည်းဆိုတာကို အဓိပ္ပာယ်ဖွင့်ရာမှာ နှုန်းကိုက်စံကိုက် ပုံစံမျိုးမဟုတ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကိုပဲ သုံးပါတယ်။ ပါဝင်လှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေနဲ့ မိသားစု၊ အစုအဖွဲ့တွေအကြား လုပ်ကိုင် ဆောင်ရွက်နေကြတဲ့ ကွန်ရက်တွေ၊ ပုံစံအမျိးမျိုးနဲ့ ပါဝင် ပတ်သက်နေတဲ့ အုပ်ချုပ်သူတွေ၊ အကျိုးအမြတ်အတွက် ရည်ရွယ်ပါဝင် ပတ်သက်နေသူတွေ အားလုံးကို ခြုံငုံထည့်သွင်း အဓိပ္ပာယ် ဖွင့်ပေးထားတာပါ။ ဒီအထဲမှာဆိုရင် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ NGO တွေ၊ လူမှုအဖွဲ့အစည်းအခြေပြု အဖွဲ့အစည်း CBO တွေ၊ မီဒီယာအဖွဲ့အစည်းတွေရဲ့ မူကွဲပုံစံတချို့၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ အားကစားအသင်းလိုမျိုး အသင်းအဖွဲ့တွေ ပါဝင်ပြီး ဒီလိုအဖွဲ့တွေအပြင် အခြားသော လူမှုအသင်းအဖွဲ့ပုံစံတွေ အမျိုးမျိုးကို လူမှုလူ့အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားပါတယ်။ ၅ မြန်မာနိုင်ငံမှာရှိတဲ့ ဒေသခံ လူမှုလူ့အဖွဲ့အစည်းတွေကို ပြန်ကြည့်ရင် ရပ်ကျေးအဆင့် အဖွဲ့အစည်းနဲ့ ကွန်ရက်တွေ ပါဝင်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ အနောက်တိုင်းရဲ့ အဆင့်ဆင့် အုပ်ချုပ်ပုံ စည်းမျဉ်း စည်းကမ်းတွေနဲ့ ဖွဲ့စည်းထားတာမျိုး မဟုတ်ပဲ၊ သူတို့ရဲ့ သမားရိုးကျ အစဉ်အလာ ဖွဲ့စည်းပုံနဲ့သာ ဖွဲ့စည်းထားကြတာပါ။ နောက်တစ်ခါ အစိုးရ ဒါမဟုတ် အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် သူတို့ကို လူမှုလူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်သင့်တယ်၊ မသင့်ဘူးဆိုတာ အငြင်းပွားစရာ ဖြစ်နေဆဲပါပဲ။
■ လူမှုလူ့အဖွဲ့အစည်းနဲ့ NLD ဦးဆောင်တဲ့ ဒီမိုကရေစီတစ်ပိုင်း အစိုးရ
မြန်မာနိုင်ငံဟာ အများကြိုက် နိုင်ငံရေးပုံစံတစ်ခုကို ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် NLD ပါတီနဲ့ ပါတီခေါင်းဆောင်ဟာ အပြတ်အသတ်ကို ပြိုင်ဘက်တွေအပေါ် အနိုင်ယူပြနိုင်ခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ အနည်းဆုံးတော့ လတ်တလောမှာ အတားအဆီးတွေဖြစ်တဲ့ မကြာသေးခင်က ပြန်လည် ခေါင်းထောင်လာတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးလှုပ်ရှားမှုလို အတားအဆီးမျိုးတွေကို ကျော်လွှားနိုင်ခဲ့ပြီး၊ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အများစုကို လှုပ်ရှားတက်ကြွ ထောက်ခံလာအောင် အောင်အောင်မြင်မြင် စည်းရုံးလှုံ့ဆော် နိုင်ခဲ့ပါတယ်။ အစောပိုင်း လက္ခဏာတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ နိုင်ငံရဲ့ လူမှုလူ့အဖွဲ့အစည်းတွေကို လူမှုရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အစိုးရရဲ့ဦးဆောင်မှုကို ခံယူစေဖို့ မျှော်လင့်နေပါတယ်။ နိုင်ငံရေးမှာ ပါဝင်ချင်သူတွေဟာ နိုင်ငံရေးပါတီထဲ ဝင်ပြီး ရွေးကောက်ပွဲ ဝင်ရင်ဝင်၊ မဟုတ်ရင် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲ ဝင်ရပါမယ်။ လူမှု လူ့အဖွဲ့အစည်းတွေကတော့ ဘေးကနေ အကြံပေးတာလောက်ပဲ လုပ်ဖို့ ကန့်သတ် ခံထားရပြီး၊ အစိုးရက လက်တလော မပံ့ပိုးနိုင်သေးတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လူထုဆီ ဝန်ဆောင်မှုပေးရတဲ့ အဖွဲ့အစည်းတွေ အနေနဲ့သာ ရပ်တည်ရမှာပါ။
ဒီလို အစွန်းနှစ်ဘက် ကွဲနေတဲ့ ပြဿနာမျိုးကို အစိုးရသစ်ဟာ ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာကို လေ့လာရတာ စိတ်ဝင်စားစရာပါ။ ဒီလိုပြဿနာမျိုးက ဒီမိုကရေစီ အဖွဲ့အစည်းတိုင်းမှာ မြေကြီးလက်ခတ်မလွဲ ကြုံရမယ့် ပြဿနာမျိုး ဖြစ်ပြီး မြန်မာနိုင်ငံလို့ ပြဿနာပေါင်း သောင်း ခြောက်ထောင် ဝိုင်းနေတဲ့ နိုင်ငံမျိုးအဖို့ ဘယ်လိုမှ ရှောင်မရတဲ့ ပြဿနာမျိုးပါပဲ။ လက်ရှိမှာ CSO အချို့နဲ့ တက်ကြွလှုပ်ရှားသူအချို့မှာ သိသာထင်ရှားတဲ့ မကျေလည်မှုတွေကို တွေ့နေရပါပြီ။ ဒီအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေအဖို့ အရင်တုန်းကဆိုရင် အစိုးရသစ်ဟာ လူထုကို စည်းရုံးလှုံ့ဆော်တာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းတာတွေမှာ သဘာဝအရကို သူတို့နဲ့ မဟာမိတ်တွေ ဖြစ်မယ်လို့ ယူဆခဲ့ကြသူတွေပါ။ ဒါပေမဲ့ အခုတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်က ကျဉ်းမြောင်းလာမှာကို စိုးရိမ်နေရပြီး သူတို့ကိုယ်တိုင် ခက်ခက်ခဲခဲ တင်ပေးထားရတဲ့ အစိုးရကိုယ်၌ကြောင့် တက်ကြွလှုပ်ရှားမှုတွေဟာ ကန့်သတ် ခံရတဲ့အဖြစ်မျိုးနဲ့ ကြုံရမှာကို ပူပန်လာနေကြပါတယ်။ ဒီအပြောင်းအလဲဟာ အာဏာရှင်တစ်ပိုင်း အုပ်ချုပ်ပုံတွေ ရှိတယ်လို့ သရုပ်ခွဲကြည့်နိုင်တဲ့ မြန်မာရဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ သူတို့နဲ့ သက်ဆိုင်ရာ လူမှုလူ့အဖွဲ့အစည်းတွေ အကြားမှာလည်း ခပ်ဆင်ဆင်တူတဲ့ တင်းမာမှုတွေကို ဖြစ်ပေါ်နေစေပါတယ်။
■ အစိုးရအာဏာစက် သက်ရောက်မှုရှိတဲ့ နေရာဒေသတွေက တိုင်းရင်းသား CSO များ
မြန်မာနိုင်ငံထဲက အစိုးရရဲ့ အာဏာသက်ရောက်မှုရှိတဲ့ ဒေသတွေမှာ လုပ်ကိုင်နေရတဲ့ လူမှု လူ့အဖွဲ့အစည်းတွေအဖို့ အစိုးရရဲ့ ဖိနှိပ်တာတွေ၊ သပ်လျှိုသွေးခွဲတာတွေရဲ့ မြေစာပင်ဖြစ်နေရတာ အတော်ကို ကြာနေပြီဆိုတာ သိသာပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ အလုပ်လုပ်ရင် သတိ ကြီးကြီးထားပြီး လုပ်ခဲ့ကြရတာပါ။ Ardeth Thawnghmung ၆ က တပ်မတော်က နိုင်ငံတော်အာဏာကို ရယူထားချိန်မှာ အစိုးရက ထိန်းချုပ်ထားတဲ့ နေရာတွေမှာ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ လူထုအများကို အခြေပြုတဲ့ပုံစံနဲ့ရော၊ တစ်သီးပုဂ္ဂလ ပုံစံနဲ့ပါ ပုံစံအမျိုးမျိုးကို ပြောင်းလဲ ချဉ်းကပ်ပြီး အစိုးရ အဖွဲ့အစည်းနဲ့ ပြည်သူလူထုအကြား ဆက်ဆံရေးကနေစလို့ လက်နက်ကိုင် ပဋိပက္ခတွေအထိ နယ်ပယ်မျိုးစုံမှာ ပါဝင် လှုပ်ရှားခဲ့ကြပါတယ်။ မကြာခဏဆိုသလိုပဲ၊ တိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားနိုင်မှု နယ်ပယ်က အံ့အားသင့်စရာ ကောင်းအောင်ကို ကျယ်ခဲ့ပါတယ်။ အဆက်အသွယ်ကောင်းတဲ့ အထောက်အပံ့ ပေးသူတွေရဲ့ အကာအကွယ် ထီးရိပ်အောက်မှာ သူတို့ကိုယ်သူတို့ အသေအချာ ပြင်ဆင် နေရာယူထားနိုင်တာရယ်၊ ပြည်ထောင်စုကနေ ခွဲမထွက်ရေးကို ထောက်ခံတယ်လို့ ယေဘုယျအသွင်ဆောင်တဲ့ သူတို့ရဲ့ ပြောဆို ထောက်ခံမှုနဲ့ လှုပ်ရှားမှုတွေကြောင့်ရယ်၊ နောက်တစ်ခါ တပ်မတော်ကို မဝေဖန်တာတွေရယ်ကြောင့် ဒီလို လှုပ်ရှားနိုင်တဲ့ နယ်ပယ်ကို ကျယ်ကျယ်ဝန်းဝန်း ရထားခဲ့တာပါ။
ဦးသိန်းစိန် အစိုးရကစလို့ မြန်မာရဲ့ စပ်ကြားအုပ်ချုပ်ပုံမှာ လူနည်းစု တိုင်းရင်းသား လူမှုလူ့အဖွဲ့အစည်းတွေက ပါဝင် ဆောင်ရွက်သူတွေဟာ လှုပ်ရှားဖို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း ရခဲ့တယ်လို့ ပြောရမှာပါ။ လက်တွေ့ကြုံရတဲ့ အခင်းအကျင်းတွေမှာ ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ဖြစ်စဉ်တစ်ခုချင်းကို လိုက်ပြီးတော့ အခြေအနေတွေက မြန်မြန်ဆန်ဆန်ကိုပဲ ပြောင်းလဲ ဖြစ်ပေါ်နေတတ်ပါတယ်။ ဥပမာအားဖြင့် ရှမ်းတို့၊ ကရင်တို့လို လူမှုအသိုင်းအဝိုင်းတွေမှာဆိုရင် အစိုးရ ထိန်းချုပ်တဲ့ နယ်မြေတွေမှာ၊ ပဋိပက္ခတွေဖြစ်နေတဲ့ နယ်ခြားဒေသတွေမှာ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ နာမည်သိပ်မထွက်တဲ့ အဆက်အသွယ်တွေကို ကာလကြာရှည် ထိန်းသိမ်းထားပြီး အဆက်အသွယ်တွေ လုပ်နိုင်ခဲ့ကြပါတယ်။ မကြာခဏ ဆိုသလိုပဲ ဒီကွန်ရက်တွေဟာ ဘာသာရေး ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ခရစ်ယာန်ကျောင်းထိုင်တွေ၊ ခရစ်ယာန် တရားဟောဆရာတွေရဲ့ စီစဉ်မှုနဲ့ ဖြစ်လာတာပါ။ ၂၀၁၂ ကနေစလို့ ဒီအဆက်အသွယ်တွေဟာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သလို၊ မြန်မာပြည်တွင်းမှာရော၊ ထိုင်းနိုင်ငံထဲမှာပါ တွေ့ဆုံပွဲတွေ ကျင်းပနိုင်ခဲ့တာမျိုးတောင် ရှိလာပါတယ်။ ဒါပေမဲ့ ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေ (ပုဒ်မ ၁၇၊ ၁)ဟာ အခုအထိ အသက်ဝင်နေသေးပြီး၊ အရပ်သားလူထုနဲ့ တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူညီချက် NCA ကို လက်မှတ် မထိုးရသေးတဲ့ EAO တွေအကြား ဆက်ဆံရေးမှာ အဓိကကျတဲ့ အတားအဆီးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမှု မအောင်မြင်ခဲ့တဲ့ နေရာတွေမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်း ဒေသတွေမှာပါ။ ဒီဒေသတွေက လူမှုလူ့အဖွဲ့အစည်းတွေအဖို့ ရွေးချယ်စရာက ပိုရှားပါးပါတယ်။ NGO တွေ၊ CBO တွေ အတွက် အကူအညီပေးရေး အစီအစဉ်တွေက မကြာခဏဆိုသလို အခြားဒေသမှာရှိတဲ့ ပဋိပက္ခ ဘေးဒဏ်ခံ စစ်ပြေးဒုက္ခသည်တွေ အတွက်ကိုပဲ ကန့်သတ် ခံထားရတာမျိုးတွေ ရှိနေတတ်ပါတယ်။
တချို့သော လူနည်းစု အဖွဲ့အစည်းတွေမှာ (ဥပမာ- မွန်၊ ရှမ်း၊ ချင်း၊ ကရင်တို့မှာ) ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ဝက်လောက်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိနေခဲ့ပြီး၊ ပြည်တွင်းမှာ ရှိနေတဲ့ လူမှုလူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ထင်ရှားသူတွေကိုရော၊ နယ်ခြားဒေသမှာ ရှိနေတဲ့ တက်ကြွ လှုပ်ရှားသူအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ အတူတကွ ဆုံစည်းမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင်ကို EAO အဖွဲ့တွေ (ဥပမာ- NMSP၊ KNU၊ KIO၊ KNPP) တို့ဟာ နယ်ခြားဒေသတွေမှာ အဖွဲ့လိုက် စုစည်းပြီး ဆွေးနွေးကြတာ ရှိသလို၊ အစိုးရထိန်းချုပ်တဲ့ နေရာတွေမှာ ကျင်းပတဲ့ တကယ့် ထိပ်သီးညီလာခံကြီးတွေကိုလည်း တက်ရောက်နေကြပါတယ်။ ဥပမာအားဖြင့် KNU ခေါင်းဆောင်တွေဟာ ရန်ကုန်နဲ့ ကရင်ပြည်နယ်အခြေစိုက် လူမှုလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ သိပ်မကြာခင်မှာပဲ ၄ ရက် ဧပြီ ၂၀၁၂ ရန်ကုန်မှာ လုပ်တဲ့ သမိုင်းဝင်ဆွေးနွေးပွဲမှာ KNU နဲ့ အစိုးရ အပစ်ရပ် သဘောတူညီမှု ရခဲ့ကြပါတယ်။ ၇ ဒါနဲ့ နှိုင်းယှဉ်ကြည့်စရာက NMSP ဟာ မကျေမလည် ဖြစ်နေတဲ့ အပစ်ရပ် သဘောတူညီချက်ကို ၁၉၉၅ ကတည်းကနေ အခုအထိ ထိန်းထားတုန်းပါပဲ။ ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေးအရ ဆက်ဆံရေး ပျက်ပြားခဲ့သလို၊ ကာလတစ်ခုအကြာ တင်းမာမှုတွေ ရှိခဲ့ပေမယ့်၊ အစိုးရတပ်တွေနဲ့ NMSP အကြား ပစ်တယ်ခတ်တယ်တော့ မရှိခဲ့ပါဘူး။ ဒါက ကချင်နဲ့ မတူတဲ့အချက်ပါ။ ဒီအနေအထားမျိုးမှာလည်း မွန် လူမှုလူ့အဖွဲ့အစည်းက ပါဝင်သူတွေဟာ မြန်မာနိုင်ငံတွင်းမှာ လှုပ်ရှားနေကြသူတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး တစ်ခါတစ်ခါမှာ အလုပ်တစ်ခုတည်းကိုပဲ နှစ်ဖွဲ့လုပ်ကြတာတွေတောင် ရှိပါတယ်။ NMSP က ထိန်းချုပ်ထားတဲ့ အပစ်ရပ်ဇုန်တွေရဲ့ ပြင်ပမှာ အလုပ်လုပ်သူတွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ လှုပ်ရှားကြသူတွေဟာ NMSP ရဲ့ EAO-GONGO တွေရဲ့ လူမှုရေး ဆောင်ရွက်ချက်တွေနဲ့ တူနေတာတွေ ရှိပါတယ်။ မွန်အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဦးဆောင် ပါဝင်ခွင့်ရကြပြီး၊ အထူးသဖြင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ကြတာတွေ ရှိပါတယ်။
၂၀၁၁ နှစ်လယ်ပိုင်းအထိ ဒီလိုလေ့လာမှုမျိုးတွေကို ကချင် လူမှုလူ့အဖွဲ့အစည်းတွေမှာ လေ့လာလို့ ရခဲ့ပါတယ်။ ၁၅ နှစ်လောက် ရှည်ကြာခဲ့တဲ့ ၁၉၉၄ ခုနှစ်က KIO ရဲ့ အပစ်ရပ် သဘောတူညီချက်ဟာ ကချင် လူမှုလူ့အဖွဲ့အစည်းတွေကို ကဏ္ဍအများအပြားမှာ အောင်မြင်မှုတွေ ရစေခဲ့တာပါ။ လူသိများတဲ့ NGO တွေ အများအပြားဟာ Shalom (ငြိမ်း)နဲ့ Metta မေတ္တာဖောင်ဒေးရှင်းတွေကနေ ပေါ်ထွက်လာကြတာပါ။ ဒီဖောင်ဒေးရှင်း နှစ်ခုစလုံးဟာ ကချင် လူမှုအသိုက်အဝန်းကနေ အခြေခံတာဖြစ်ပြီး၊ တစ်နိုင်ငံလုံးအနှံ့ ကွန်ရက်တွေ ဖြန့်ကျက်ထားနိုင်သလို၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အထူးအဆက်အသွယ် ရှိပြီး၊ နိုင်ငံတကာက အဆက်အသွယ်ကောင်းတဲ့ လူမှုလူ့အဖွဲ့အစည်း ပါဝင်ဆောင်ရွက်သူတွေနဲ့လည်း ချိတ်ဆက်မှု ရှိထားပါတယ်။ ဇွန်လ ၂၀၁၁ မှာတော့ KIO နဲ့ အစိုးရအပစ်ရပ် သဘောတူညီချက် ပျက်ပြယ်သွားပြီးတဲ့နောက် လုံခြုံရေး အကြောင်းပြချက်တွေကြောင့်မို့ Shalom နဲ့ Metta တို့ရဲ့ လူမှုကူညီရေး ဆောင်ရွက်ချက်တွေဟာ အချို့သော မြေပြင်ဧရိယာတွေမှာ ကန့်သတ်ချက်တွေ အများအပြား ရှိလာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ၁၉၉၄ KIO အပစ်ရပ် သဘောတူညီချက်နဲ့ ပတ်သက်ပြီး နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ကချင်အသိုင်းအဝိုင်း တချို့မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသော်လည်းပဲ၊ Shalom ဟာ လူမှုအသိုက်အဝန်း အခြေပြု ငြိမ်းချမ်းရေး အထောက်အပံ့ ဦးဆောင်ဦးရွက် ပြုမှုတွေကို ထောက်ခံ ပံ့ပိုးပေးခဲ့ပြီး၊ ကြာရှည်ပြီး ခက်ခဲလှတဲ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကနေတစ်ဆင့် EAO ခေါင်းဆောင် အများအပြားနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရရှိထားပါတယ်။ ကချင်အမျိုးသမီးတွေအနေနဲ့ စိတ်လိုလက်ရကို ပါဝင်ပူးပေါင်းမှု ရှိထားတာကြောင့် ဒီ ကချင်ဖောင်ဒေးရှင်းနှစ်ခုရဲ့ အခန်းကဏ္ဍဟာ ဆိုရင် အတော်ကြီးကို အရေးပါလာပါတယ်။ ကချင်ဒေသမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်လည်ဖြစ်လာချိန်မှာ CBO တွေ၊ ပြည်တွင်း NGO တွေဟာ အဲဒီဒေသတွေမှာရှိတဲ့ မိမိနေရပ်ကနေ ရွှေ့ပြောင်းရှောင်တိမ်းနေရသူ IDP တွေနဲ့ အခြားသော ထိလွယ်ရှလွယ်တဲ့ လူမှု အသိုက်အဝန်းတွေကို ထိထိရောက်ရောက် ကူညီခဲ့ကြပါတယ်။ ဒီအထဲမှာ ကချင် အဖွဲ့တွေဟာ KIO ထိန်းချုပ်တဲ့ တရုတ်နယ်စပ် တလျှောက်မှာ လှုပ်ရှားရင်း တီထွင်ဆန်းသစ်တဲ့ လှုပ်ရှားမှုတွေကို လုပ်နိုင်ခဲ့ပါတယ်။ ထိုင်းနယ်စပ်က ကရင်အဖွဲ့အစည်းတွေလိုပဲ၊ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ကချင် CBO တွေဟာ KIO နဲ့ ဆက်ဆံရေးပုံစံ အမျိုးမျိုး ရှိနေပါတယ်။ GONGO ပုံစံမျိုးနဲ့ EAO ရဲ့ လူမှုထောက်ပံ့ရေး အဖွဲ့တစ်ခုလိုလည်း အလုပ်နေနိုင်သလို၊ ပိုလွတ်လပ်တဲ့ လူမှုအသိုက်အဝန်း အခြေပြု အဖွဲ့အစည်းအနေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဦးတည် လုပ်ဆောင်တဲ့ အဖွဲ့အဖြစ်လည်း ရှိနေနိုင်ပါတယ်။ ကချင် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒေသခံ အဖွဲ့အစည်းတွေဟာ မကြာခဏဆိုသလိုပဲ ဒီလိုအင်မတန်မှ ထိလွယ်ရှလွယ်နေတဲ့ လူမှုအသိုက်အဝန်းတွေကို ကူညီပေးနေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းတွေ ဖြစ်နေတတ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ နိုင်ငံတကာ အလှူငွေတွေနဲ့ ဒီအဖွဲ့အစည်းတွေဟာ လည်ပတ်ကြတယ် ဆိုပေမယ့် KIO ဆီကရတဲ့ ထောက်ပံ့ကြေးတွေနဲ့ ဘေးလွတ်ရာကို ရောက်နေကြတဲ့ ကချင်လူမျိုးတွေရဲ့ အကူအညီတွေလည်း ပါပါတယ်။ အစိုးရက ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ Kachin Baptist Convention နဲ့ Catholic Church (KMSS/Karuna) ၊ နောက်တစ်ခါ Metta နဲ့ Shalom ဖောင်ဒေးရှင်းတွေက ဒီလို ထိလွယ်ရှလွယ် လူမှုအသိုက်အဝန်းတွေကို အကူအညီတွေ တက်တက်ကြွကြွ ပေးနေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကချင် လူမှုလူ့အဖွဲ့အစည်းတွေမှာ ပါဝင် ဆောင်ရွက်နေသူတွေ၊ တစ်သီးပုဂ္ဂလတွေဟာ ကချင်ငြိမ်းချမ်းရေးကွန်ရက်လို ငြိမ်းချမ်းရေး လိုလားသူတွေနဲ့လည်း အဆက်အဆံ ရှိကြပါတယ်။ ကချင် လူမှုလူ့အဖွဲ့အစည်းတွေဟာ ဆိုရင်လည်း အမျိုးသမီးတွေ ပါဝင်မှု မြင့်မားတဲ့ အဖွဲ့အစည်းတွေပါပဲ။
ဒီနေရာမှာ ကချင် လူမှုအဖွဲ့အစည်းတွေက ပါဝင်သူတွေ၊ ကချင် နိုင်ငံရေးအဖွဲ့အစည်းတွေက ပါဝင်သူတွေအကြားမှာ အများစု လက်ခံထားတဲ့ အချက်က KIO နဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းပဲနဲ့ ပိုမိုအပြန့်ကျယ်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတင်း လျင်လျင်မြန်မြန်ကြီး လုပ်တာဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူး ဆိုတာပါပဲ။ ဒီကိစ္စတွေဟာ NCA နဲ့ဆက်နွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အောက်မှာ နက်နက်ရှိုင်းရှိုင်းကို ဆွေးနွေးကြဖို့ လိုအပ်နေဆဲပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမှုလူ့အဖွဲ့အစည်း ပါဝင် ပတ်သက်သူတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘေးဖယ် ခံထားရတယ်လို့ ခံစားနေကြရမှုတွေက ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေပါတယ်။ ရှောင်လွှဲမရပဲ လက်ခံရမယ့်အချက် ဖြစ်နေနိုင်တာက အစိုးရ (ပိုပြီးပြောရရင် တပ်မတော်)နဲ့ EAO တွေလို လက်နက်ကိုင်တွေအကြား အခုအချိန်အထိ ပြုလုပ်နေတဲ့ အပစ်ရပ် ဆွေးနွေးပွဲတွေတိုင်းမှာ ဒီလို ဘေးဖယ်ထားမှုက မပြောင်းလဲဘဲ တည်ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။ တကယ်လို့ လူမှုအသိုက်အဝန်းတွေကို ကိုယ်စားပြုနိုင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ဖို့ဆိုရင် လူမှုလူ့အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူနည်းစုပါတီတွေ ပိုမိုနက်ရှိုင်းစွာ ပါဝင်နိုင်ဖို့သည် မဖြစ်မနေ လိုအပ်ချက် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအစိုးရသစ်ဖြစ်တဲ့ NLD ဦးဆောင်တဲ့ အစိုးရကတော့ CSO တွေကို သီးခြားအပြိုင်ဖြစ်တဲ့ ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ဦးတည်သွားစေဖို့ ရည်ရွယ်ချက် ထားနေတယ်ဆိုတာကို ပြညွှန်ချက်တချို့ တွေ့နေရပါတယ်။ ၂၀၁၆ ဇူလိုင်မှာ လုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ပြည်ထောင်စုငြိမ်းချမ်းရေးကွန်ဖရင့်မှာ CSO တွေကို တိုက်ရိုက် ဝင်ပါစေဖို့ထက်ကို သီးခြား အပြိုင်ဆွေးနွေးမှု လုပ်ငန်းစဉ်ကိုပဲ သူတို့ဘက်က ချပြချင်ပုံပါ။ အထက်မှာဆိုခဲ့သလို၊ ဒီလိုမျိုး နိုင်ငံရေးကစားကွက် ချဉ်းကပ်ပုံမျိုးဟာ အရင်က မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ NLD နဲ့ တက်ကြွလှုပ်ရှားသူ လူမှုလူ့အဖွဲ့အစည်း အင်အားစုတွေအကြား တင်းမာမှုတွေကို ပိုမိုပြင်းထန်လာဖို့ ဖြစ်လာစေပါလိမ့်မယ်။
■ နယ်ခြားဒေသများ ၊ လက်နက်ကိုင် ပဋိပက္ခတို့ ဖြစ်ပွားနေဆဲ နေရာများ
အနိမ့်ဆုံး အဆင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဒေသပိုင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အခြေတည်လာချိန်မှာတော့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ပျောက်ဆုံးနေတယ် ဆိုတာက အရေးပါတဲ့ သတိပေး တပ်လှန့်မှုပါပဲ။ မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေကြတဲ့ အုပ်စုတွေအကြား ဆက်နွယ်မှုတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက် လုပ်ဆောင်နေကြ သူတွေနဲ့ ပြည်တွင်း အုပ်စုတွေအကြား ဆက်နွယ်မှုတွေဟာ ပိုပိုပြီးတော့ ဆက်နွယ်ပတ်သက်မှု အားလျော့လာနေပါတယ်။ ထိရှလွယ်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားဖူးတဲ့ အစွန်အဖျား နယ်မြေတွေကို ဆက်သွယ်ချိတ်ဆက်မှု ပြုလုပ်ရာမှာ ပြည်တွင်းကနေပဲ ပိုမို ချိတ်ဆက်နိုင်လာပါတယ်။ (ဒါပေမဲ့ ဒီစာကို ရေးနေတဲ့အချိန်မှာတော့ အဲဒီလို မဖြစ်သေးပါဘူး။)
အပစ်ရပ် သဘောတူညီမှု ရသွားတဲ့ နေရာတွေမှာဆိုရင် အရပ်သားတွေအတွက် အခြေအနေတွေဟာ အများကြီး တိုးတက်မှု ရှိလာပါတယ်။ Myanmar Peace Support Initiative (MPSI) ၈ ကနေ ဦးဆောင်ပြီး ကရင်၊ မွန်နဲ့ ကရင်နီ လူမှုအသိုက်အဝန်းတွေအကြား ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ KNU နဲ့ အပစ်ရပ် သဘောတူညီချက် မရသေးမီ ဇန်နဝါရီ ၂၀၁၂ မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာမှုတွေအရ ကျေးရွာတွေဟာ တိုက်ပွဲကင်းလွတ်ရာကို အမြဲတစေ ရွှေ့ပြောင်းနေခဲ့ရပြီး၊ တပ်မတော်က ပေါ်တာဆွဲတာတွေ၊ အတင်းအကျပ် အင်အား စုဆောင်းခံရတာတွေကို ရှောင်ရှားနေခဲ့ရတယ်လို့ တွေ့ရှိခဲ့ရပေမယ့် ဒီကနေ့ အချိန်မှာတော့ အဲဒီဒေသတွေက ဒေသခံတွေမှာ ကြောက်ရွံ့မှုရေချိန်က သိသိသာသာကြီးကို လျော့ကျသွားပြီလို့ သတင်းတွေ ကြားရပါတယ်။ ဒေသခံတွေ တော်တော်များများ ပြောကြတာက ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာထဲမှာ ပထမဦးဆုံးအနေနဲ့ ပြင်းပြင်းထန်ထန် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရှောင်လွှဲနိုင်ဖို့ တောတွေထဲမှာ ပုန်းအောင်း ရှောင်ရှားနေရတာမျိုး မလုပ်ရတော့တာပါပဲ ဆိုတာပါ။ တချို့ အခြေအနေတွေမှာဆိုရင် ဒေသကို စွန့်ခွာ ထွက်ပြေးသွားရသူတွေဟာ မူရင်းဒေသတွေကို ပြန်လာနိုင်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ သူတို့ဘဝတွေကို ပြန်လည် ထူထောင်နိုင်ဖို့ ကြိုးစားနေကြတာတွေ ရှိနေပါပြီ။ ရွာတွေ တော်တော်များများက ပြောကြတာက အပစ်ရပ် သဘောတူညီမှု မရသေးခင် အရင်ကဆိုရင် မြန်မာ့တပ်မတော်က လူတွေကို လာဘ်ပေးထားမှပဲ ခရီးသွားရဲတယ်၊ လယ်ထဲ ဆင်းရဲတယ်၊ မဟုတ်ရင် ဘယ်မှ မသွားရဲကြဘူးလို့ ပြောကြပါတယ်။ အဲဒီအချိန်တွေတုန်းကဆိုရင် ခရီးသွားဖို့အတွက် တစ်ကိုယ်စာ အစားအသောက်တွေ၊ ပစ္စည်းပစ္စယတွေ ယူသွားတယ် ဆိုရင်တောင်မှပဲ အနည်းအကျဉ်းလောက်ပဲ သယ်သွားရဲခဲ့ကြပါတယ်။ များများစားစား သယ်သွားတယ်ဆိုရင် မြန်မာစစ်တပ်က ဒီဒေသခံတွေကို KNU တွေကို ထောက်ပံ့ဖို့ သယ်သွားတယ်ဆိုပြီး စွပ်စွဲတာတွေ ရှိဖူးပါတယ်။ ဒေသခံ ရွာသားတွေဟာ အဆက်မပြတ် ရိုက်နှက်ခံရတာ၊ အသတ်ခံရတာတွေလို မြန်မာစစ်တပ်ရဲ့ အာဏာ အလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်တဲ့ အင်မတန် ဆိုးရွားတဲ့ ဇာတ်ကြောင်းတွေကို ပြန်ပြောပြကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ် သဘောတူညီမှု ရသွားချိန်မှာတော့ ရွာသားတွေအနေနဲ့ ပိုမို လွတ်လပ်စွာ သွားလာခွင့်ရလာပြီး၊ လယ်လုပ်ငန်းတွေလည်း ပြန်လာနိုင်လာပါတယ်။ မြန်မာစစ်တပ်ကိုရော၊ လက်နက်ကိုင် EAO တွေကိုပါ ပေးနေရတဲ့ ဆက်ကြေးတွေကလည်း လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သိသိသာသာကို လျော့ကျသွားပါတယ်။ လူမှုအသိုက်အဝန်း အများအပြားမှာ ရွာသူရွာသားတွေအဖို့ သူတို့ လယ်ယာလုပ်ငန်းတွေကို ပုံမှန် ပြန်လုပ်နိုင်လာတာရယ်၊ ဆက်ကြေးတွေ ပေးနေရတာ လျော့သွားတာတွေရယ်ကြောင့် လူနေမှု အဆင့်အတန်းတွေ ပိုမို ကောင်းမွန်လာခဲ့ပါတယ်။ ဒါ့အပြင်ကို အရင်တုန်းကဆိုရင် ဒေသအခြေစိုက် မြန်မာစစ်တပ်နဲ့ အပေးအယူလုပ်ထားတဲ့ သူခိုးဓားပြဂိုဏ်းတွေကလည်း ရွာသားတွေကို နှိပ်စက်တာတွေ ရှိခဲ့ပေမယ့်၊ ဒီနေ့မှာတော့ အဲဒီလို ရာဇဝတ်မှုတွေက လျော့ကျလာနေပါတယ်။ MPSI နဲ့ တွေ့ဆုံခဲ့တဲ့ ဒေသခံတွေဟာ ဒီအပြောင်းအလဲတွေကို အမှန်တကယ် ကျေနပ်နေကြပေမယ့်၊ အပစ်ရပ် သဘောတူညီမှုနဲ့ ပေါ်ထွန်းစ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အရှည်သဖြင့် တည်တံ့အောင် ထိန်းသိမ်းနိုင်ပါ့မလား ဆိုတာကိုတော့ စိုးရိမ်နေကြတယ်ဆိုတာကို ပြောပြကြပါတယ်။ ရွာသား တစ်ဦးကဆိုရင် ”အပစ်ရပ်လိုက် ကတည်းက ကျွန်တော့်အနေနဲ့ လယ်ထဲလည်း ပုံမှန် ဆင်းနိုင်လာတယ်။ မိသားစုအတွက် စပါးလည်း ပိုရလာတယ်။ အခုဆိုရင် ခရီးသွားရင်လည်း လွတ်လွတ်လပ်လပ်ပဲ၊ အရင်ကလို လယ်တောထဲ လယ်တဲ အိမ်လေးထဲမှာ အိပ်ရတာမျိုး မဟုတ်တော့ဘူး။ ဘဝကို အကြောက်တရား ကင်းကင်းနဲ့ ရှင်သန်နိုင်လာတယ်။ အခုလည်းပဲ ဗမာစစ်တပ်ကတော့ ဒီနားမှာ လှုပ်ရှားနေသေးတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့နဲ့ ဆုံမိမှာကို ကြောက်နေစရာ မလိုတော့ပါဘူး”လို့ ပြောခဲ့ပါတယ်။ နောက်တစ်ဦးက MPI ကို ပြောတာက ” ကျွန်တော်တို့ ရွာသားတွေဟာ လှောင်အိမ်ထဲ အကြာကြီး ပိတ်ထားခံရပြီးမှ ပြန်လွတ်လာတဲ့ ဘဲပေါက်စလေးတွေလိုပဲ။ အကျဉ်းအကျပ်ထဲက လွတ်လာတာကို အလွန် ကျေနပ်နေကြတယ်။ အခုဆိုရင် ရွာသားတွေက နေ့နေ့ညည ကြိုက်သလို ခရီးသွားလို့ ရနေပြီ။ အရင်ကထက် ပိုလည်း အလုပ်တွေ များလာသလို၊ ထုတ်လုပ်မှုတွေလည်း ပိုလုပ်နိုင်လာတယ်” လို့ ပြောပါတယ်။
ဒီလိုမျိုး အပြုသဘောအမြင်တွေ ရှိတယ်ဆိုဦးတော့ ပဋိပက္ခဒဏ်ခံ ဒေသတွေက အရပ်သားတွေ အနေနဲ့ အရမ်းကို ထိလွယ် ရှလွယ်သူတွေ ဖြစ်ကြပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုဘ၀ မြှင့်တင်ရေး၊ ရိက္ခာလုံခြုံရေးတို့လို ကဏ္ဍပေါင်းများစွာမှာ အလွန်အမင်း လိုအပ်ချက်တွေ ရှိနေကြဆဲပါ။ လူသားဘဝရဲ့ လုံခြုံမှုတွေနဲ့ ပတ်သက်လာရင် ပဋိပက္ခဒဏ်ခံ လူမှုအသိုက်အဝန်းတွေအတွက် အရေးအပါဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးပါပဲ။ တိုင်းရင်းသား လူနည်းစု လူမှုအသိုက်အဝန်းတွေ အများအပြားဟာ စဉ်ဆက်မပြတ်ဆိုသလို စစ်ဘောင်ပြုမှုကို မြင့်မြင့်မားမား တွေ့ကြုံခံစားရသူတွေ ဖြစ်ပြီး၊ မြန်မာစစ်တပ်ရဲ့ အင်အားသုံး ကျူးကျော်မှု၊ နိုင်လိုမင်းထက် ပြုမှုတွေကို မကြာခဏဆိုသလို မြင်ရတွေ့ရ ကြုံရတဲ့သူတွေ ဖြစ်ကြပါတယ်။ တကယ်လို့သာ မြန်မာစစ်တပ်နဲ့ EAO တွေဟာ မဟာဗျူဟာမကျတဲ့ တချို့နေရာတွေကနေ ဆုတ်ခွာ ပေးသွားနိုင်မယ်ဆိုရင်၊ လူမှု အသိုက်အဝန်းတွေအကြား ခြိမ်းခြောက်မှုလို့ ခံစားနေရတဲ့ ခံစားချက်တွေ လျော့ကျပြီး၊ ဒေသခံ ဦးဆောင် လှုပ်ရှားသူတွေမှာ ယုံကြည်မှု ပိုရှိလာဖို့ တွန်းအားပေးလိုက်သလို ဖြစ်လာစေပြီး ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သူတို့ရဲ့ ဘဝအခြေအနေတွေကို အရှည်တည်တံ့တဲ့ တိုးတက်မှုနဲ့ တိုးတက်လာအောင် လုပ်ပေးနိုင်တယ် ဆိုတာကို လူထုက ယုံကြည်လာအောင် ဆွဲဆောင်ရာမှာလည်း အကူအညီ ဖြစ်စေပါမယ်။ လူနည်းစု လူမှုအသိုက်အဝန်းတွေ အတော်များများမှာတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာဟာ မြန်မာစစ်တပ်အဖို့ လက်နက်နဲ့ မောင်းနှင်တဲ့ အုပ်ချုပ်ရေး အဆောက်အဦကိုရော၊ နောက်တစ်ခါ ဥပဒေမဲ့ အင်အားသုံးတာတွေ၊ ကျူးကျော်တာတွေ၊ အကြမ်းဖက်တာတွေလို နည်းလမ်းတွေကို ကာလရှည် အသုံးပြုပြီး ထိန်းချုပ်ထားတဲ့ ပဋိပက္ခဒဏ်ခံ နေရာတွေမှာ စီးပွားရေးတိုးတက်မှုရဲ့ အငြင်းပွားစရာ ဘေးထွက်ဆိုးကျိုးတွေကိုပါ ပိုမို အပြန့်ကျဲလာအောင် လုပ်တဲ့ မောင်းနှင်အားဖြင့် အသုံးချလာမှာကို စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ လူနည်းစုအရေး ပါဝင်လှုပ်ရှားသူတွေ အနေနဲ့ စီးပွားရေး တိုးတက်မှုကနေ ဖန်တီးပေးလိုက်တဲ့ ငြိမ်းချမ်းရေးလုပ်တဲ့အတွက် ရှယ်ယာထဲက အမြတ်ငွေ ခွဲပေးတယ်ဆိုတဲ့ ခွဲဝေမှုပုံစံမျိုးဟာ ဆယ်စုနှစ်ပေါင်း များစွာရှိခဲ့တဲ့ ပဋိပက္ခကို အမှန်တကယ် ဖြေရှင်းနိုင်စေမယ့် နိုင်ငံရေး သဘောတူညီချက်တွေ ရယူဖို့ဆိုတဲ့အပေါ် တောင်းဆိုနေမှုတွေကနေ အာရုံလွှဲသွားစေမလား ဆိုတာကို စိုးရိမ်နေကြပါတယ်။
မြန်မာရဲ့ လူမှုလူ့အဖွဲ့အစည်း ကွန်ရက်တွေထဲမှာ ပုန်ကန် တော်လှန်သူတွေရဲ့ နယ်မြေတွေထဲ အခြေစိုက်ကြသူတွေ ရှိသလို၊ အတိုက်အခံကို ဦးတည်တဲ့ နယ်ခြားဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေကြသူတွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ထင်သာမြင်သာရှိတဲ့ အထောက်အပံ့ လုပ်ငန်းကြီးက ထိုင်းနိုင်ငံနယ်စပ်မှာ ပေါ်ပေါက်လာပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကူညီစောင့်ရှောက်မှု၊ ကာကွယ်မှုတွေ ပေးထားတဲ့ ဒီထိုင်းနယ်စပ်က ဒုက္ခသည် စခန်းတွေမှာဆိုရင် ကရင်နဲ့ ကရင်နီအများစု ပါဝင်တဲ့ လူနည်းစု တိုင်းရင်းသားပေါင်း ၁ သိန်း ၂ သောင်းလောက် အခြေချ နေထိုင်နေကြပါတယ်။ အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုအောက်မှာ လူမှုလူ့အဖွဲ့အစည်း အသင်းအဖွဲ့တွေ အများအပြား ပေါ်ပေါက်လာခဲ့ပြီး၊ အဖွဲ့ရဲ့လုပ်ငန်းတွေကိုပဲ သီးခြား လုပ်ဆောင်နေတဲ့ မြန်မာဝန်ထမ်းတွေရော၊ ကာလရှည် လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား ပါဝင်လှုပ်ရှားသူတွေပါ ပါဝင် လုပ်ကိုင်ခဲ့ကြပါတယ်။ ၉ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မြန်မာပြည်တွင်း အစိုးရရဲ့ဖိနှိပ်မှုတွေကို ကြုံခဲ့ရတဲ့ နှစ်ပေါင်း များစွာအတွင်းမှာ နယ်စပ်နဲ့ ပြည်ပအခြေစိုက် လူမှုလူ့အဖွဲ့အစည်း ကွန်ရက်တွေဟာ လူနည်းစု တိုင်းရင်းသားတွေ အများစုနေထိုင်ရာ ဒေသတွေမှာ အစိုးရဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထောက်ခံပံ့ပိုးပေးနေတဲ့ အရေးပါတဲ့ ဆောင်ရွက်ချက် အနည်းငယ်ထဲမှာမှ အားကောင်းတဲ့ ထောက်ပံ့ ဆောင်ရွက်မှုတွေ ဖြစ်ခဲ့ပါတယ်။
လုံလောက်တဲ့ ရင်းမြစ်တွေ ရှိထားသလို၊ စိတ်အားထက်သန်မှုလည်း ရှိတဲ့ ဒေသခံ ပါဝင်ဆောင်ရွက်သူတွေဟာ သူတို့ရဲ့ စည်းရုံးရေး ပုံစံတွေနဲ့ လှုပ်ရှားမှုတွေကို အနောက်နိုင်ငံတွေက အလှူရှင်တွေနဲ့ စည်းရုံးရေးကွန်ရက်တွေက သဘောကျတဲ့ ပုံစံအတိုင်း လိုက်နာ ဆောင်ရွက်ခဲ့ကြသလို၊ သူတို့ရဲ့ လူမှုအသိုက်အဝန်းက အခက်အခဲတွေအကြောင်းကို နိုင်ငံတကာက အားပေး ထောက်ခံသူတွေထံ တင်ပြ ဆက်သွယ်နိုင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှာ အထောက်အပံ့တွေ ပိုမိုတိုးတက် ရရှိလာပြီး၊ တကယ့်ကို ထိရှလွယ်လွန်းနေတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ အခြားသော ပဋိပက္ခဒဏ်ခံ အရပ်သားတွေကို နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည် စခန်းတွေနဲ့ နီးကပ်စွာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာပါ။ တချို့သော နယ်စပ်ဖြတ်ကျော် အဖွဲ့အစည်းတွေကို CBO တွေအဖြစ် သရုပ်ခွဲနိုင်ပါတယ်။ အနည်းဆုံးတော့ ဒေသခံ NGO တွေအဖြစ်နဲ့ပါ။ ဒီအဖွဲ့တွေဟာ EAO တွေနဲ့ ပေါင်းစပ် လှုပ်ရှားတယ်ဆိုပေမယ့် အခြေခံအားဖြင့် သူတို့ချည်း သပ်သပ် လှုပ်ရှားဆောင်ရွက်ကြတာ ရှိပါတယ်။ အခြားသော အဖွဲ့တွေကတော့ လက်နက်ကိုင်တပ်တွေရဲ့ လူမှုရေး ထောက်ပံ့ရေး အဖွဲ့အစည်းအဖြစ် EAO-GONGO တွေအနေနဲ့ လှုပ်ရှားကြပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းဆိုပြီး လက်ညှိုးထိုးခံရတဲ့ အဖြစ်မျိုးကို ရှောင်ရှားနိုင်အောင်လို့ အလှူရှင်တွေဟာ အဲဒီလို လက်နက်ကိုင်တပ်နဲ့ နီးစပ်တဲ့အဖွဲ့တွေကို မိခင် အဖွဲ့အစည်းကြီးတွေကနေ ခပ်လှမ်းလှမ်းမှာပဲ နေခိုင်းထားတတ်ပြီး၊ သူတို့ အလုပ်တွေနဲ့ ပတ်သက်လာရင် ဘက်လိုက်မှုကင်းတဲ့ လုပ်ဆောင်မှုမျိုးကို အာရုံစိုက်ဖို့နဲ့ မျက်နှာလိုက်မှု ကင်းအောင် ဆောင်ရွက်ဖို့ တွန်းအား ပေးတတ်ပါတယ်။ နယ်စပ်ဖြတ်ကျော် EAO-GONGO တွေ အများစုဟာ ဘက်လိုက်မှု ကင်းတယ်လို့ ပြောလို့ရပါတယ်။ သူတို့က လူမျိုးရေး၊ ဘာသာရေးတွေကို မကြည့်ဘဲ အထောက်အပံ့တွေကို ပံ့ပိုးပေးခဲ့သူတွေပါ။ ဒါပေမဲ့ မျက်နှာလိုက်မှုကတော့ အနည်းနဲ့အများ ရှိတတ်ပါတယ်။ အစိုးရ ဆန့်ကျင်ရေးတွေနဲ့ ညီညွတ်ရေး ကြိုးပမ်းလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွကို ပါဝင် ဆောင်ရွက်တတ်ကြပါတယ်။ တချို့သော နယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဟာ ဆိုရင်တော့ သူတို့ကို ထောက်ပံ့ပေးနေသူတွေက ဒီ နယ်စပ် ဒေသတွေမှာ လူမှုအကူအညီတွေကို လုပ်နေရတဲ့ လုပ်ငန်း သဘောသဘာဝမှာ နိုင်ငံရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လာရင် ဖုံးဖုံးဖိဖိလုပ်ဖို့ ညွှန်ကြားတာမျိုးကို မနှစ်မြို့တတ်ကြတာမျိုးလည်း ရှိပါတယ်။
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်ကြတဲ့ အဖွဲ့တွေထဲမှာ တချို့က လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်မှာ အင်မတန် အရေးပါတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတာ ရှိပါတယ်။ အထူးသဖြင့် မရှိမဖြစ် ကျန်းမာရေးနဲ့ ပညာရေး ဝန်ဆောင်မှု ကဏ္ဍတွေမှာပါ။ ဒီလိုကိစ္စမျိုးတွေမှာ ဒီအဖွဲ့တွေဟာ EAO အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ကြရပါတယ်။ အခြားသော နယ်စပ်အခြေစိုက် အဖွဲ့တွေနဲ့ ကွန်ရက်တွေကတော့ ပေါ်လစီတွေကို ထောက်ခံတာ၊ ပံ့ပိုးတာမျိုးကို ပိုအာရုံစိုက်ကြပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေထဲမှာဆိုရင် စာရွက်စာတမ်း ထုတ်လုပ်ဖြန့်ချိတာ၊ ပဋိပက္ခဒဏ်ခံ ဒေသတွေမှာ ဖြစ်ပွားနေတဲ့ စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ (ဒီလို ချိုးဖောက်မှုတွေဟာ မြန်မာတပ်မတော်က ချည်းပဲ လုပ်နေတာလို့ ပြောလို့မရပေမယ့် အဓိက ကတော့ သူတို့ပဲ လုပ်နေတာပါ) အပေါ် ဆန့်ကျင်ရှုံ့ချတာ၊ အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ့ပြုလုပ်တာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာချိန်မှာတော့ ဒီအဖွဲ့အစည်းတွေ အားလုံးက အငိုက်မိသလို ဖြစ်သွားပြီး ကာလရှည် လက်ခံလာခဲ့တဲ့ အယူအဆတွေဟာ စိန်ခေါ် ခံလိုက်ရပါတယ်။ လူထု လှုပ်ရှားမှုကြီးတွေ ပေါ်လာမယ်၊ ပြည်ပရောက် နိုင်ငံရေး ထိပ်သီးတွေက အာဏာကို ပြန်ယူနိုင်မယ်၊ စစ်အစိုးရကို ပြတ်ပြတ်သားသား တော်လှန်ပစ်နိုင်မယ် ဆိုတဲ့ ကာလရှည် လက်ခံထားတဲ့ အယူအဆတွေအစား၊ သဘောတူညီမှုတွေ၊ ညှိနှိုင်းမှုတွေ၊ တဖြည်းဖြည်းချင်း ညှိယူလာနေပေမယ့် လက်ရှိအချိန်အထိ ရေရာသေချာမှု မရှိသေးတဲ့ အသွင်ကူးပြောင်းရေးကို ကြုံခဲ့ရပါတယ်။ နယ်စပ်အခြေစိုက်အဖွဲ့ အများစုကတော့ မြန်မာပြည်တွင်းက အပြောင်းအလဲတွေကို မဟာဗျူဟာကျတဲ့ အမြင်နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ လူမှုလူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေဟာ နယ်စပ်ဒေသတွေမှာ ရှိတဲ့၊ ပြည်ပနိုင်ငံတွေကို ရောက်နေတဲ့ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပိုမိုထိတွေ့မှုတွေ များလာပါတယ်။ ပြည်ပရောက် တက်ကြွလှုပ်ရှားသူ အများအပြား ပြည်တော် ပြန်ဝင်ခဲ့ကြပြီး၊ အမြဲတမ်း အခြေချကြတာလည်း ရှိသလို၊ မကြာခဏ သွားလိုက်ပြန်လိုက် လုပ်နေသူတွေလည်း ရှိပါတယ်။ တချို့သော ပညာရှင်တွေဆိုရင် သမ္မတဦးသိန်းစိန် လက်ထက်မှာ အကြံပေး အဖွဲ့ထဲမှာတောင်မှ ပါဝင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အချို့သော နယ်စပ်အခြေစိုက် အဖွဲ့တွေ၊ ပြည်ပအခြေစိုက် အဖွဲ့တွေကတော့ မြန်မာမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြတာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ပြည်ပအခြေစိုက် တက်ကြွလှုပ်ရှားသူ အဖွဲ့တွေနဲ့ ကွန်ရက်တွေဟာ နိုင်ငံရေး အစီအမံတွေကို ထိန်းချုပ်ကြိုးကိုင်တဲ့ အလေ့အထ ဖြစ်လာပြီး၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ပဋိပက္ခကို နိုင်ငံတကာ အရေးကိစ္စအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ ပြီးတော့မှ နိုင်ငံတကာ အလှူရှင်တွေရဲ့ အလှူငွေတွေကို သူတို့ လက်အောက်ခံတွေက တစ်ဆင့် ပဋိပက္ခဒဏ် ခံနေရတဲ့ လူထုဆီကို ဖြန့်ဖြူးပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း ထိန်းချုပ်ထားခဲ့ကြတာပါ။ ဒေသခံ အတိုက်အခံ အဖွဲ့တွေကတော့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရတာပါပဲ။ သူတို့အနေနဲ့ သူတို့ကိုယ်သူတို့ ဘယ်လိုပြုပြင် ပြောင်းလဲပြီး၊ အသစ်ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်မှာ ပါဝင် ပူးပေါင်းနိုင်အောင် လုပ်သင့်လဲ ဆိုတာကို ရွေးချယ်စဉ်းစားပြီး အပြောင်းအလဲ လုပ်မလား၊ ဒါမှမဟုတ် တဖြည်းဖြည်း လုပ်ပိုင်ခွင့် ကျဉ်းမြောင်းလာနေတဲ့ နယ်စပ်နဲ့ ပြည်ပနေရာတွေမှာ ဆက်နေပြီး မြန်မာနိုင်ငံထဲက နိုင်ငံရေးနောက်ခံ အပြောင်းအလဲတွေ ပြောင်းလဲဖြစ်ပျက်နေချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ဒေါသထွက်နေရုံသူတွေ ဆက်လုပ်ကြမလား ဆိုတာကို ရွေးချယ်ရမယ့် အကျပ်အတည်း ရှိနေပါတယ်။ ၁၀ ဘက်ပေါင်းစုံက စဉ်းစားမယ်ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ လားရာဟာ လူရိုသေရှင်ရိုသေ ဖြစ်ဖို့နဲ့ တရားဝင်မှုရှိဖို့ လိုအပ်တယ်ဆိုတာကို သတိထားရပါမယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ထိခိုက်လွယ်ပြီး၊ အဆုံးမသတ်သေးတဲ့ လုပ်ငန်းစဉ်ပါ။ ပါဝင်တဲ့ ပါဝင်ပတ်သက် သူတွေဟာ အစိုးရ (အထူးသဖြင့်တော့ မြန်မာစစ်တပ်)ရဲ့ ရည်ရွယ်ချက်အမှန်နဲ့ ပတ်သက်လာရင် သံသယရှိနေကြတုန်းပဲဆိုတာ နားလည်ပေးနိုင်တဲ့ ကိစ္စပါပဲ။
■ အတူ ပေါင်းစည်းဆောင်ရွက်မှု
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ (CSO နဲ့ EAO တွေ) အာဏာပိုင်တွေအကြား အတူပေါင်းစည်း ဆောင်ရွက်မှုတစ်ခု ဖြစ်မြောက်ဖို့ ဆိုတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသိသာ အထင်ရှားဆုံးသော စိန်ခေါ်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၁၁ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ၊ သက်တမ်းရင့် အခိုင်အမာ ဖွဲ့စည်းထားတ EAO တွေဟာ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေရဲ့ အကာအကွယ်ရပိုင်ခွင့် စတဲ့ နယ်ပယ် အသီးသီးမှာ သူတို့လူထုကို ထောက်ပံ့မှု ပေးနေတာတွေရှိပြီး ဒေသခံ NGO တွေ၊ CBO တွေနဲ့ လက်တွဲလုပ်ကြတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။ ၁၂
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ၊ လူထုဝန်ဆောင်မှု ပေးနေတဲ့ အာဏာပိုင်အဖွဲ့တွေ အချင်းချင်း ဘယ်လို ဆက်ဆံရေးမျိုး ရှိသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မိုဒယ်တွေ အများအပြား ရှိပါတယ်။ ၂၀၁၆ နှစ်လယ်ပိုင်းလောက်မှာ အတူပေါင်းစည်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး KNU နဲ့ ဆက်စပ် CBO တွေဟာ ကျန်းမာရေး ဝန်ဆောင်မှုတွေမှာ ကရင်၊ ကယန်းနယ်တွေက အစိုးရအာဏာပိုင်တွေနဲ့ ပေါင်းစပ် လုပ်ကိုင်ပြီး တိုးတက်မှုကောင်းတွေ ရှိခဲ့ပါတယ်။ ကာလရှည်အားဖြင့်၊ EAO အာဏာပိုင်တွေ၊ ပြည်သူ့ဝန်ဆောင်မှု ပေးနေတဲ့ အာဏာပိုင်တွေဟာ အစိုးရ အာဏာပိုင်အဖွဲ့တွေနဲ့ အပြိုင်ဆက်ပြီး ရှိနေဦးမှာလား၊ ဒါမှမဟုတ် တဖြည်းဖြည်းချင်း အစားထိုးသွားမှာလား၊ အစိုးရရဲ့ အုပ်ချုပ်ရေးပုံစံနဲ့ စနစ်တွေထဲကို ပေါင်းစပ်သွားနိုင်မှာလား ဆိုတာတွေကို စောင့်ကြည့်ကြရပါဦးမယ်။ ၁၃ NCA ရဲ့ အခန်း ၆ မှာဆိုရင် လက်မှတ်ထိုးထားတဲ့ EAO တွေရဲ့ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယံဇာတကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍ တွေမှာတောင်မှ အသိအမှတ်ပြုမှုတွေ ပေးထားပြီး၊ ဒီကဏ္ဍတွေမှာ နိုင်ငံတကာရဲ့ အကူအညီတွေကို ယူနိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်ကိုတော့ အရင်ယူရဦးမှာပါ။ NCA မှာ သဘောတူညီချက် ရသွားတဲ့အချိန်ကနေ ပြီးပြည့်စုံတဲ့ နိုင်ငံရေး သဘောတူညီချက်အတွက် ညှိနှိုင်းမှု ရသွားတဲ့အချိန်ဟာ အတော်လေး အချိန်ယူရဖို့ ရှိနေပါတယ်။ ဒီကာလအတွင်းမှာ နိုင်ငံတကာ အလှူရှင်တွေ (မြန်မာအစိုးရပါ အပါအဝင်) ဟာ EAO အာဏာပိုင်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှု ပေးနေတဲ့ အာဏာပိုင်တွေကို အသိအမှတ်ပြုဖို့သည် စိန်ခေါ်မှု ဖြစ်နေပါတယ်။ လတ်တလောမှာတော့ KNU လို အဖွဲ့မျိုးတွေဟာ သူတို့ရဲ့ ထိရောက်မှုနဲ့ အများက လက်ခံအောင် လုပ်ပြနိုင်စွမ်းတွေကို ပြသသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ မြေပြင်က အမိန့်ပေးသူတွေဟာ သူပုန်ဆန်ဆန်၊ သောင်းကျန်းသူ ဆန်ဆန် လုပ်တဲ့ နေရာတွေမှာ ပိုအတွေ့အကြုံများပြီး၊ ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အဖြစ် အုပ်ချုပ်တာမျိုးမှာ အတွေ့အကြုံ နည်းပါးသလို၊ ခေါင်းဆောင်ရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ သွားတဲ့ neo-patrimonial နိုင်ငံရေး၊ စီးပွားရေးတွေက နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတဲ့ ရေခံမြေခံကလည်း ရှိနေလို့ပါပဲ။
■ EAO များနှင့် လူမှုလူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အစိုးရနဲ့ EAO တွေ၊ လူနည်းစု လူမှုအဖွဲ့အစည်းတွေလို လူမှုအဖွဲ့အစည်းတွေအကြား ဆက်ဆံရေးမှာ ရှုထောင့်အသစ်တွေ ရှိလာပြီး မေးခွန်းတွေ ထွက်လာပါတယ်။ အထက်မှာ ဆိုခဲ့သလိုပဲ၊ မြန်မာနိုင်ငံက လူနည်းစု လူမှုလူ့အဖွဲ့အစည်းတွေဟာ အင်မတန်မှ မျိုးကွဲတွေ စုံလင်လှပါတယ်။ နယ်စပ်ဒေသတွေလည်း အပါအဝင်ပါ။ အတိတ်မှာတုန်းကဆိုရင် အတိုက်အခံ နိုင်ငံရေးကို အားသာတဲ့ လူမှုလူ့အဖွဲ့အစည်းအဖွဲ့တွေနဲ့ EAO တွေကြားမှာ နိုင်ငံရေးရပ်တည်မှုမှာ (တစ်ခါတလေမှာ ထုတ်မပြောသည့် တိုင်အောင်) ကွဲလွဲမှုဆိုလို့ အနည်းငယ်ပဲ ရှိပြီး နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်တာတွေတောင် ရှိပါတယ်။ ၂၀၁၂ မတိုင်ခင် ကာလကဆိုရင် နှစ်ဘက်စလုံးက ပါဝင် ဆောင်ရွက်သူတွေဟာ လူနည်းစုတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နဲ့ ပတ်သက်ပြီး တူညီတဲ့ ပန်းတိုင်တွေကို သွားနေကြတယ်၊ တစ်ခါ စစ်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရနဲ့ အစားထိုးနိုင်ရေး၊ ရပိုင်ခွင့်ကို အခြေခံတဲ့ အစိုးရ (ဖယ်ဒရယ် ပုံစံကွဲအချို့ပါ အပါဝင်) တည်ဆောက်နိုင်ရေးတွေမှာ အတူလက်တွဲ လုပ်ဆောင်နေကြတယ်လို့ ယူဆနိုင်ခဲ့ကြပါတယ်။ အနည်းဆုံးတော့ အဲဒီလို လုပ်ဆောင်နေတယ်လို့ အများက လက်ခံလာစေမယ့် ဆောင်ရွက်ချက်တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အထွတ်အထိပ် ရောက်လာချိန်မှာ (ဥပမာ- ရှမ်း၊ ကရင်နဲ့ မွန်တို့လို) လူမှုလူ့အဖွဲ့အစည်းတွေက ပါဝင်သူတွေဟာ သူတို့နဲ့အရင်က အတူတူလုပ်ခဲ့ကြတဲ့ EAO တွေအပေါ် ဝေဖန်မှုတွေ တိုးမြင့်လာပါတယ်။ EAO တွေနဲ့ ပတ်သက်ရင် ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ဒေသခံ လူမှုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်မှု အားနည်းတာ (အနည်းဆုံးတော့ CSO တက်ကြွလှုပ်ရှားသူတွေအပေါ် အာရုံစိုက်မှု အားနည်းတာ) တွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိလာပါတယ်။ တချို့ EAO တွေနဲ့ ပတ်သက်လာရင်လည်း (အနည်းဆုံးတော့ ခေါင်းဆောင်ပိုင်းကပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်တွေရဲ့ မိသားစု အသိုက်အဝန်းကပဲ ဖြစ်ဖြစ်) သူတို့ရဲ့ ရာထူးနေရာကို အသုံးချပြီး၊ သယံဇာတ တူးဖော်မှု ပရောဂျက်တွေလို ကိစ္စမျိုးတွေကနေ ကိုယ့် ကိုယ်ကိုယ်ပဲ ချမ်းသာအောင် လုပ်နေရင်း၊ လူမှုအသိုက်အဝန်းကိုရော၊ သဘာ၀ ပတ်ဝန်းကျင်ကိုပါ အကျိုးမဲ့စေတဲ့ ကိစ္စတွေ လုပ်နေကြတယ်လို့ စွပ်စွဲတာလည်း ရှိနေပါတယ်။ လူနည်းစုရေးရာ CSO တွေအနေနဲ့ EAO တွေကို တချို့ အခြေအနေတွေမှာ အဲဒီလို ဝေဖန်မှုတွေ လုပ်လာကြတာကြောင့် ပါဝင်သူ နှစ်ဘက်စလုံးအကြားမှာ တင်းမာမှုတွေ ဖြစ်လာစေပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရ ပေါ်ပေါက်လာတာနဲ့ (တချို့နေရာတွေမှာ ပြဿနာလေးတွေ ရှိနေတဲ့) အဓိက EAO တွေနဲ့ ရွေးကောက်ခံ အစိုးရ ဆက်ဆံရေးဟာ လူမှုလူ့အဖွဲ့အစည်း ပါဝင်လှုပ်ရှားသူ အချို့အတွက် သူတို့နဲ့ EAO တွေအကြား ကာလရှည် ရှိလာခဲ့တဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဥပမာအားဖြင့် မွန်လူမှုအသိုက်အဝန်းမှာဆိုရင် လူမှုလူ့အဖွဲ့အစည်း ပါဝင်ပတ်သက်သူတွေ အများအပြား ရှိပါတယ်။ NMSP ရဲ့ အနီးကပ် စောင့်ကြည့်မှုအောက်မှာ အလုပ်လုပ်ရတဲ့ ကြိုက်တဲ့သူတွေ ရှိသလို၊ ပါတီရဲ့ခေါင်းဆောင်မှု၊ ညွှန်ကြားမှုတွေကို မလိုက်နာချင်ဘဲ သီးခြား လွတ်လပ်စွာ လုပ်နေကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ NMSP ရဲ့ အရေးပါတဲ့ ခေါင်းဆောင်ပိုင်းတွေကတော့ သူတို့အဖွဲ့ကို မွန်ပြည်သူတွေရဲ့ သမိုင်းဝင် တော်လှန်ရေးတပ်ဦးအနေနဲ့ သတ်မှတ်ထားပြီး၊ လူမှုလူ့အဖွဲ့အစည်းက လူတွေအနေနဲ့ ပါတီရဲ့ ခေါင်းဆောင်မှုကို လိုက်နာဖို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့်တော့ နိုင်ငံရေးဆိုင်ရာတွေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငယ်ရွယ်တဲ့ လူမှုအသိုက်အဝန်း တက်ကြွလှုပ်ရှားသူတွေကတော့ လူမှုလူ့အဖွဲ့အစည်းအပေါ်မှာ ပါတီရဲ့ ဗိုလ်ကျလွှမ်းမိုးလိုမှုကို စိတ်ပျက်နေကြတယ်လို့ ဖော်ပြကြပါတယ်။ အစိုးရ (ဒါမှမဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ EAO တွေ)နဲ့ လူမှုလူ့အဖွဲ့အစည်းက ပါဝင်ဆောင်ရွက်သူတွေအကြား ကာလရှည်ရှိနေတဲ့ အပြောင်းအလဲတွေကို မြင်နေရတာကို ကြည့်ရင် ဒါဟာ အားကောင်းတဲ့ တင်းမာမှုတွေလို့ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ် သဘောပေါက်နိုင်ကြပါတယ်။ ဒီအချက်က နိုင်ငံရေးအရ တရားဝင်မှုအရလည်း မေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။ လူမှုအသိုက်အဝန်းရဲ့ ပြဿနာတွေနဲ့ မျှော်လင့် တောင့်တချက်တွေနဲ့ ပတ်သက်လာရင် ဘယ်သူတွေက ပိုပြီး လူလက်ခံတဲ့၊ သြဇာရှိတဲ့ နေရာမှာ ရောက်နေတယ်လို့ သတ်မှတ်မလဲ ဆိုတာပါ။ ဒီအမြင်ကနေ ကြည့်ရင် အသစ်တက်လာတဲ့ NLD ပါတီက ဦးဆောင်တဲ့ အစိုးရနဲ့ မြန်မာရဲ့ ရပ်ကျေးအခြေပြု လူမှုလူ့အဖွဲ့အစည်းက ပါဝင် ဆောင်ရွက်သူတွေအကြား တင်းမာမှုတွေ ဖြစ်လာစေတဲ့ ပြဿနာမျိုးတွေနဲ့ (နှစ်ခုသဘောတူ) ထင်ဟပ်မှုတွေ ရှိနေတာတွေ့ပါမယ်။
■ လူမှုလူ့အသိုက်အဝန်းအတွက် ဘယ်သူက စကားပြောပေးမှာပါလဲ
လူနည်းစု လူမှုအသိုက်အဝန်းတွေအတွက် ဘယ်သူတွေက စကားပြောပေးမှာပါလဲ။ ၁၉၉၀ ပြည့်နှစ်တွေကစလို့ လူနည်းစု နိုင်ငံရေးခေါင်းဆောင်တွေ (အထူးသဖြင့် တက်ကြွလှုပ်ရှားသူတွေ၊ ပြည်ပမှာ နေထိုင်ကြသူတွေ အပါအဝင်) ဟာ လူနည်းစု လူမှုအသိုက်အဝန်းတွေ ကိုယ်စားပြု ပြောဆိုမှုတွေ (တောင်းဆိုမှုတွေကို ထောက်ခံ တင်ပြတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ထောက်ပံ့ပေးမှုပါ အပါအဝင်) ပြုလုပ်ရာမှာ တော်တော်များများကို သိမ်းကျုံး ရယူထားကြပါတယ်။ တချို့ အခြေအနေတွေမှာတော့ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေအတွက် သီးသန့်ပဲ လုပ်ကြတာတွေတော့လည်း ရှိပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းလာချိန်မှာတော့ ပဋိပက္ခဒဏ်ခံ ဒေသတွေက လူမှု အသိုက်အဝန်းတွေဟာ သူတို့ကိုယ်တိုင် ပြောဆိုခွင့်တွေ ပိုရလာကြပေမယ့်၊ သူတို့ပြောတာကို ဘယ်သူက နားထောင်မှာလဲ ဆိုတာက ရှိနေပြန်ပါတယ်။ ဘယ်သူက နားထောင်မှာလဲ၊ ဘယ်သူက ဝေဖန်အကြံပြု ဆွေးနွေးမှာလဲ၊ ဘယ်သူက ဝေဖန်တာ၊ အကြံပြုတာကို နားထောင်မှာလဲ၊ ဘယ်လို နားထောင်မှာလဲ၊ အရေးပါတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေနဲ့ ပတ်သက်လာရင် ဘယ်သူက ယတိပြတ် အဖြေပေးခွင့်ရှိသူလဲ၊ သာမန် အရပ်သူ အရပ်သားတွေရဲ့ အသံတွေကို ပြည်ထောင်စုအဆင့်၊ နိုင်ငံတကာအဆင့် ခေါင်းဆောင်တွေ အနေနဲ့ ဘယ်လိုကြားနိုင်မှာလဲ၊ ပေါ်လစီ ချမှတ်ရေးမှာ လက်တွေ့ကျင့်သုံးရေးမှာ ဒီအသံတွေရဲ့ သက်ရောက်မှုတွေ ပါလာအောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။
အတိတ် နှစ်ပေါင်းများစွာတုန်းက မြန်မာစစ်အစိုးရကို ဆန့်ကျင်ကြတဲ့သူတွေ အများစုဟာ ပြည်ပရောက်နဲ့ ပြည်တွင်းက နယ်စပ်ဒေသတွေမှာ လှုပ်ရှားနေကြတဲ့ အတိုက်အခံ အဖွဲ့တွေကို ထောက်ခံတာကလွဲလို့ တခြားနည်းလမ်း မယ်မယ်ရရ မရှိခဲ့ပါဘူး။ (ဒီလိုပြောပေမယ်လို့လည်း အဲဒီနှစ်တွေ အတွင်းမှာ မကြာခဏ ဖိနှိပ်ခံရသည့်တိုင်အောင် တက်ကြွစွာ လှုပ်ရှားခဲ့တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ရှိခဲ့ပါတယ်။) ပြည်တွင်းမှာ အပြုသဘောဆောင်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ နည်းပါးတဲ့အခါမှာ နိုင်ငံတကာ NGO တွေနဲ့ အပြောင်းအလဲအတွက် တက်ကြွလှုပ်ရှားသူတွေ (အနောက်နိုင်ငံက အလှူရှင်တွေ)ဟာ မကြာခဏဆိုသလို နယ်စပ်ဒေသတွေက အတိုက်အခံအဖွဲ့တွေကိုပဲ ဆက်သွယ်လို့ ရခဲ့ကြပါတယ်။ ဒီလို အကူအညီတွေထဲက အများအပြားဟာ အရေးပေါ် အကူအညီတွေ၊ ထောက်ခံ တိုက်တွန်းမှုတွေမှာ အကြီးအကျယ် အောင်မြင်ခဲ့ပြီး၊ ရန်ကုန်အခြေစိုက် အေဂျင်စီတွေအနေနဲ့ ဆက်သွယ်လို့ မရနိုင်တဲ့ ဒေသတွေမှာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ အစိုးရကို ဆန့်ကျင်တယ်ဆိုတာ တက်ကြွလှုပ်ရှားသူ အတော်များများအတွက် ဘဝရပ်တည်မှု ဖြစ်လာပါတယ်။ နယ်စပ်ဒေသ အခြေစိုက်အဖွဲ့တွေ အနေနဲ့ နိုင်ငံတကာက မြန်မာနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ လက်ဝါးကြီး အုပ်လာနိုင်ပြီး အလှူငွေတွေ စီးဆင်းရာ လမ်းကြောင်းတွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ ဆိုသည့်တိုင်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က ပြည်တွင်းမှာ အောင်မြင်မှု ရလာတာနဲ့အလျောက် နိုင်ငံရေး အခင်းအကျင်းကလည်း နယ်စပ်ဒေသတွေကနေ ရွေ့လာရာမှာ အလှူငွေတွေပါ ပါလာခဲ့ပါတယ်။ ဒီကိစ္စမှာဆိုရင် နယ်စပ်အခြေစိုက် အဖွဲ့တွေအနေနဲ့ အပြန့်ကျယ်တဲ့ ရွေးချယ်စရာ လမ်းကြောင်းနှစ်ခု ရှိပါတယ်။ အဲဒီ လမ်းကြောင်းတွေကတော့ မြန်မာရဲ့အနာဂတ်မှာ လူအများ လက်ခံနိုင်တဲ့ အဖွဲ့အစည်းတွေအဖြစ် သူတို့ကိုယ် သူတို့ ပြန်လည် ဖန်တီးနိုင်မလား၊ တဖြည်းဖြည်းချင်း လုံးလုံးပါးပါးနေရင်း ဘေးထိုင် ဘုပြောနေမလား ဆိုတာပါ။
ပြည်ပရောက်နဲ့ နယ်စပ်အခြေစိုက် CBO တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပြောတာ ဆိုတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ပဋိပက္ခဒဏ်ခံ လူမှုအသိုက်အဝန်းတွေနဲ့ လူမှုလူ့အဖွဲ့အစည်းတွေ ပါဝင်မှုအားနည်းတဲ့အပေါ် စိုးရိမ်နေကြပြီး၊ အစိုးရရဲ့ (၂၀၁၆ နှစ်ဆန်းပိုင်း အထိအတွင်း) အခြေခံကျကျ ဆွေးနွေးနိုင်တဲ့ နိုင်ငံရေး စကားဝိုင်းတွေကို ဖန်တီးနိုင်မှု မလုပ်နိုင်ခဲ့တာတွေကို စိုးရိမ်နေကြပါတယ်။ ဒါ့အပြင်ကို ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာစစ်တပ်အနေနဲ့ ထိုးစစ်တွေ ဆက်လက် ဆင်နွှဲနေပြီး၊ ပြည့်စုံကုံလုံတဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးဖို့ ခက်ခဲနေတာကလည်း ပြဿနာတစ်ခုပါ။ ကံဆိုးချင်တော့၊ ဒီအချက်တွေဟာ ယုတ္တိယုတ္တာတန်တဲ့ အချက်တွေ ဆိုပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက်ခံနေကြသူတွေအပေါ် တိုက်ခိုက်ထိုးနှက်လိုတဲ့ နယ်စပ်အခြေစိုက် အဖွဲ့တွေက ဆွဲထုတ်ပြလိုက်တဲ့ အချက်တွေ ဖြစ်နေတာပါ။ အခြားသော နယ်စပ်အခြေစိုက် တက်ကြွလှုပ်ရှားသူတွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပြုသဘောနဲ့ တုံ့ပြန်ကြပြီး၊ ပြည်မကို ပြန်လာနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြသလို၊ အစိုးရ ထိန်းချုပ်တဲ့ ဒေသတွေမှာ မြေပေါ်လှုပ်ရှားမှုတွေကို ပိုလုပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။
လူမှုလူ့အဖွဲ့အစည်းတွေမှာ ပါဝင်ကြသူတွေ အချို့အခြေအနေတွေမှာ လုပ်တတ်တဲ့ ကတွတ်ပေါက် ဗျိုင်းစောင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မေးခွန်းကောင်းတွေ အများကြီး ကျန်နေပါသေးတယ်။ (ယခု စာရေးသူလိုမျိုး) ပြည်ပက နိုင်ငံခြားသားတွေအနေနဲ့ လူမှုအသိုက်အဝန်းနဲ့ ပတ်သက်လာရင် ကိုယ်စားပြုပြီးပြောဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူနည်းစု ခေါင်းဆောင်တွေ ဆိုတာကလည်း တစ်ခါတစ်ရံမှာ မြို့ပြမှာ အခြေစိုက်ပြီး၊ ပဋိပက္ခဒဏ်ခံ လူမှုအသိုက်အဝန်းတွေနဲ့ ကွဲပြားတဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နောက်ခံတွေ ရှိနေတတ်ပါတယ်။ ခေါင်းကိုင် ဖခင်ကြီးဆိုတဲ့ ပုံစံမျိုးဖြစ်လာဖို့ သူတို့ရထားတဲ့ ရာထူး၊ နေရာကို အသုံးချပြီး၊ နိုင်ငံရေးနဲ့ ငွေကြေး အထောက်အပံ့တွေ ရယူနိုင်တာမျိုးလည်း တစ်ခါတစ်ရံ ရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လူမှုလူ့အဖွဲ့အစည်းက ပါဝင်သူတွေကို ထောက်ပံ့ရာမှာ လူမှုအသိုက်အဝန်းက သာမန်လူတွေ၊ အရပ်သူ အရပ်သားတွေရဲ့ လက်တွေ့ဖြစ်စဉ်တွေ (မျှော်လင့်ချက်နဲ့ စိုးရိမ်မှုတွေ)အပေါ် အသိအမှတ်ပြု ဖြေရှင်းတာကို ချိန်ညှိ ဆုံးဖြတ်သင့်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲ ကဏ္ဍတော်တော် များများကနေ အမျိုးသမီးတွေကို ဖယ်ထုတ် ထားတာဟာ တကယ့်ပြဿနာပါပဲ။ လက်နက်ကိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေအကြား ကျား/မ သာတူညီမျှဖြစ်ရေး ပြဿနာနဲ့ အမျိုးသားရင်ကြားစေ့ရေးမှာ အမျိုးသမီးတွေအနေနဲ့ အရေးပါတဲ့ ပံ့ပိုးမှုတွေ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရရှိရေး ပြဿနာတွေဟာ တကယ့်အရေးပါတဲ့ ပြဿနာတွေပါပဲ။ အပြန့်ကျယ်တဲ့ နိုင်ငံရေး စကားဝိုင်းတွေ စတင်ချိန်မှာ ပဋိပက္ခဒဏ်ခံ လူမှု အသိုက်အဝန်းတွေက သူတွေ၊ လူမှုလူ့အဖွဲ့အစည်းတွေက သူတွေ၊ နိုင်ငံရေးပါတီတွေက သူတွေ၊ အမျိုးသမီးတွေ အပါအဝင် အဓိကကျတဲ့ ပါဝင် ပတ်သက်သူတိုင်း ပါဝင်ခွင့် ရနိုင်ဖို့ သေချာစေခြင်းဟာ လိုအပ်ချက်တစ်ခုပါပဲ။ (၂၁ ရာစု ပင်လုံမှာတော့ နိုင်ငံရေးစကားဝိုင်းတွေမှာ အမျိုးသမီး ၃၀% အနည်းဆုံး ပါဝင်ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။) အထက်မှာ ဆိုခဲ့ပြီးတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ CSO တွေကို သီးခြားလုပ်ငန်းစဉ်မှာသာ ပါဝင်ခွင့်ပြုပြီး ပင်မ နိုင်ငံရေးဆွေးနွေးပွဲနဲ့ အပြိုင် ရှိနေစေချင်တာပါ။ ဒါဟာ လူမှုလူ့အဖွဲ့အစည်းတွေ အနေနဲ့ တိုးတက်မှုတွေကို စောင့်ကြည့်လေ့လာဖို့နဲ့ အဓိက ပါဝင်သူတွေရဲ့ အနေအထားနဲ့ စဉ်းစားပုံတွေကို လိုအပ်သလို လွှမ်းမိုးနိုင်စေမယ့် စောင့်ကြည့်သူ ဆိုတဲ့နေရာမှာပဲ နေဖို့ ပြောတာပါပဲ။ ဒါပေမယ့် ပြဿနာက မြန်မာရဲ့ အင်မတန်ကို လှုပ်ရှားတက်ကြွတဲ့ တက်ကြွလှုပ်ရှားသူ အုပ်စုတွေအဖို့ ဒီလိုအခန်းကဏ္ဍမျိုးမှာ ပါဝင်ခွင့်ရရုံပဲ ဆိုတာလောက်နဲ့ ကျေနပ်ကြမယ့်သူတွေ မဟုတ်ပါဘူး။ လူမှုလူ့အဖွဲ့အစည်းတွေအဖို့ ကြားခံ ဆက်သွယ်သူနေရာနေ နေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအနေနဲ့ တက်ရောက်တာ၊ တချို့ကိစ္စတွေမှာ အတိုင်အပင်ခံအနေနဲ့ ပါဝင်တာတွေ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပိုပြီးရှုပ်ထွေးတဲ့၊ အငြင်းပွားစရာကောင်းတဲ့ ပြဿနာတွေ ရှိနေပြီး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒီကိစ္စတွေကို ပြောဖို့လိုသလို၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တာလိုမျိုး အင်မတန်အရေးကြီးတဲ့ ကိစ္စတွေမှာလည်း ထည့်သွင်း ဆွေးနွေးဖို့လိုနေတဲ့ ပြဿနာတွေ ရှိပါတယ်။ အဲဒါကတော့ လူနည်းစုတွေအတွင်းက လူနည်းစုတွေရဲ့ အခြေအနေလို ကိစ္စမျိုးပါ။ ဥပမာအားဖြင့် ပအို့လို လူနည်းစု အဖွဲ့အစည်းတွေဟာ အခြားသော လူနည်းစု အဖွဲ့ကြီးတွေဖြစ်တဲ့ ရှမ်း၊ မွန်၊ ကရင်ပြည်နယ်တွေမှာ ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။
NCA က အခွင့်အာဏာ ပေးထားတဲ့ JMC (ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသတွင်းအဆင့်) ကနေပြီးတော့ လူမှုလူ့အဖွဲ့အစည်းက ပါဝင်လှုပ်ရှားသူတွေနဲ့ အရပ်သား ပါဝင် ဆောင်ရွက်သူတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်နိုင်မယ့် အစီအစဉ်တွေမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ရမယ် ဆိုတာကို ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အဖွဲ့နှစ်ဖွဲ့ အချင်းချင်း သဘောတူထားတဲ့ အပစ်ရပ် စောင့်ကြည့်ရေး လုပ်ငန်းစဉ် အခြေခံမူတွေလည်း ရှိပါတယ်။ ဥပမာ CNF၊ KNPPနဲ့ KNU တို့မှာပါ။ အပစ်ရပ် သဘောတူညီချက် (အစိုးရနဲ့ EAO တွေအကြား သဘောတူညီချက်)ကို စောင့်ကြည့်တာနဲ့၊ ပိုအပြန့်ကျယ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (လူသားတွေရဲ့ အခွင့်အရေး၊ နိုင်ငံတကာက လက်ခံထားတဲ့ အခွင့်အရေးတွေအပေါ် ပိုပြီး ယေဘုယျဆန်ဆန် အာရုံစိုက်ရတဲ့ကိစ္စတွေ အပါအဝင်) နှစ်ခုကြား ကွာဟာချက်တွေကို ဘေးဖယ် ထားဦးတော့ ပဋိပက္ခဒဏ်ခံ လူ့အဖွဲ့အစည်းတွေကို ချိတ်ဆက်နိုင်တဲ့ (ယုံကြည်မှုလည်း ရထားတဲ့) လူနည်းစု လူမှုလူ့အဖွဲအစည်း ပါဝင်လှုပ်ရှားသူတွေအတွက် အင်မတန်မှ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ကျန်နေပါသေးတယ်။
■ သမားရိုးကျ လူမှုလူ့အဖွဲ့အစည်းများနှင့် အနောက်နိုင်ငံများမှ အလှူရှင်များ
အထက်မှာ ပြောခဲ့သလိုပဲ၊ လူမှုလူ့အဖွဲ့အစည်းတွေဟာ မိသားစုတွေ၊ နိုင်ငံတော်နဲ့ ဈေးကွက်တွေ အချင်းချင်းအကြားမှာ လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေ၊ ကွန်ရက်တွေနဲ့ ဖွဲ့စည်းထားတာပါ။ CSO တွေ၊ CBO နဲ့ NGO တွေ၊ INGO တွေ ပါဝင်နေတဲ့ လူမှုလူ့အဖွဲ့အစည်းတွေဟာ ဆိုရင် အပြန့်ကျယ်လွန်းပြီး၊ ပိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု သဘောမျိုး ရှိပါတယ်။ မြန်မာနိုင်ငံက လူနည်းစု လူမှုအသိုက်အဝန်းတွေရဲ့ လူမှုလူ့အဖွဲ့အစည်းတွေဟာဆိုရင် အနောက်နိုင်ငံတွေကို ဦးတည်တဲ့၊ နိုင်ငံတကာ အလှူငွေတွေကို ရနေတဲ့ CBO တွေနဲ့ NGO တွေတင်မကပဲ၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဓလေ့အစဉ်အလာ ရရှိနေတဲ့ အစုအဖွဲ့ပုံစံမျိုးတွေနဲ့ပါ တွေ့နိုင်ပါတယ်။ ဒါတွေဟာ ရပ်ကျေးအဆင့်အထိ ရှိနေပြီး၊ ဒေသတွင်း ဘာသာရေး၊ ဒါမှမဟုတ် ယဉ်ကျေးမှု အစုအဖွဲ့အနေနဲ့လည်း တစ်နိုင်ငံလုံး အနှံ့အထိ ရှိနေနိုင်ပါတယ်။ ဒီလို အုပ်စုမျိုးတွေဟာ အနောက်နိုင်ငံက လေ့လာသူတွေနဲ့ အလှူရှင်အချို့ရဲ့ အာရုံထဲကို ရောက်လာတတ်ပြီး ဒီအဖွဲ့မျိုးတွေဟာ စနစ်တကျ တည်ဆောက်နိုင်မှု လိုအပ်ချက်တွေလည်း ရှိနေတတ်ပါတယ်။ ဘယ်လိုပဲပြောပြော၊ ဒီ တိုင်းရင်းသား လူမှုလူ့အဖွဲ့အစည်းတွေဟာ လက်ရှိ ပြဿနာဖြစ်နေတဲ့ လူမှု အသိုက်အဝန်းတွေရဲ့ အသည်းနှလုံးနေရာမှာ တည်ရှိနေသလို၊ လူမှု အရင်းအနှီးတွေအတွက် အင်အားကြီးတဲ့ သိုလှောင်ရာ နေရာတစ်ခု ဖြစ်ပြီး၊ အပြောင်းအလဲအတွက် မဟာဗျူဟာကျတဲ့ စွမ်းဆောင်ရည်တွေကို သိုမှီးပေးရာလည်း ဖြစ်ပါတယ်။
အတိုင်းအတာ တစ်ခုအထိ ပြောရရင် ခရစ်ယာန် လူမှုအသိုက်အဝန်းတွေထဲက လူမှုလူ့အဖွဲ့အစည်းတွေဟာ အပြင်ကနေ လေ့လာသူတွေအဖို့ ပိုပြီး ရှင်းရှင်းလင်းလင်းရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပြီး၊ အနည်းဆုံးတော့ အီလိ အဖွဲ့အစည်းအဆင့်တွေမှာဆိုရင် အင်္ဂလိပ်ဘာသာနဲ့ ပြောနိုင်သူတွေ ရှိကြသလို၊ နိုင်ငံတကာက ဘုရားကျောင်း အဖွဲ့တွေနဲ့ ဆက်သွယ်ရတာလည်း ကြိုက်တဲ့သူတွေပါ။ ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန် မဟုတ်တဲ့ အဖွဲ့အစည်းတွေဟာလည်းပဲ ကွန်ရက်တွေ ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်ရတာကို သဘောကျကြပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ပြန်လည် ဦးမော့လာတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကို ကြည့်ရင် သိနိုင်မှာပါ။ မြန်မာပြည်က လူမှုလူ့အဖွဲ့အစည်း ပါဝင်ပတ်သက်သူတွေ အနေနဲ့ နိုင်ငံတကာအေဂျင်စီတွေရဲ့ အစီအစဉ်တွေ (အထူးသဖြင့် ငွေကြေးစာရင်းတွေ)က လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် သူတို့ရဲ့အလုပ်တွေကို ဘောင်ကန့် လုပ်တာတွေ ရှိတယ်ဆိုခဲ့ရင် ဒါဟာ အနောက်တိုင်း အလှူရှင်တွေအနေနဲ့ သမားရိုးကျ ရှိရင်းစွဲ၊ အနောက်တိုင်းမဆန်တဲ့ လူမှုအသိုက်အဝန်းတွေရဲ့ အပြောင်းအလဲကို လွန်လွန်ကျူးကျူး ပုံဖျက်နေသလို ဖြစ်သွားပါလိမ့်မယ်။ အနောက်နိုင်ငံတွေရဲ့ သူကောင်းပြုမှု ရင်းမြစ်တွေကြောင့် ဖြစ်ဖြစ်၊ ဒီ ရင်းမြစ်တွေရဲ့ လိုလားချက်ကို တုံ့ပြန်ရင်းက ဖြစ်ဖြစ် လူမှုလူ့အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင်လိုက်ရတယ် ဆိုရင် ဒီအထောက်အပံ့မျိုးတွေဟာ ခေတ်သစ် ကိုလိုနီဝါဒရဲ့ မူကွဲတစ်ခုလို ဖြစ်နေပါလိမ့်မယ်။ အနည်းဆုံးတော့ ဒီနေရာမှာ ရှိနေတာက အင်အားကြီးတဲ့ အလှူရှင်တွေရဲ့ အလိုတော်ကျဖြစ်ဖို့နဲ့ အမြင့်ဆုံး အားသာချက်တွေ ရနိုင်ဖို့ ဒေသခံ ပါဝင်ဆောင်ရွက်သူတွေ အနေနဲ့ နိုင်ငံတကာမှာ အသုံးများတဲ့ ပုံစံတွေ၊ လက်ရှိ ဆက်သွယ်မှုပုံစံနဲ့ လှုပ်ရှားမှုပုံစံတွေကို လိုက်နာဖို့ တချို့အခြေအနေတွေမှာ တွန်းအားပေး ခံရခြင်းဟာ ဒီအနောက်ကမ္ဘာက ပေးနေတဲ့ သူကောင်းပြုမှု ပုံစံမှာ အနိမ့်ဆုံးအဆင့်အနေနဲ့ ပါဝင်နေခဲ့ပါမယ်။ ၁၄
အနောက်တိုင်းက အလှူရှင်တွေ အနေနဲ့ CSO တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ မကြာခဏဆိုသလို လိုလားတတ်ကြပြီး၊ ဒီအချက်ဟာ သူတို့ရဲ့ ဆက်နွယ် ပတ်သက်မှုမှာ လူအများ လက်ခံနိုင်စွမ်းကို ပေါင်းထည့်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အခြေအနေ အတော်များများမှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ခွင့်က နိုင်ငံတကာဘက်က လှုပ်ရှားသူတွေ (ပုံမှန်အားဖြင့်က အလှူရှင်တွေပဲ၊ အနည်းဆုံးတော့ အလှူငွေတွေကို လက်လွှဲပေးတဲ့ သူတွေ)လက်ထဲမှာပဲ ရှိတာဆိုပေမယ့် သူတို့က ဒါမျိုးကို ပူးပေါင်း ဆောင်ရွက်မှုလို့ပဲ နာမည်ကောင်း တပ်ကြပါတယ်။ တက်ကြွလှုပ်ရှားမှု အရှိဆုံး CSO တွေ (လူနည်းစု လူမှုအသိုက်အဝန်းတွေအပြင် အခြားအဖွဲ့တွေပါ ပါဝင်ပါတယ်)ဟာ CSO နဲ့ အလှူရှင် နှစ်ဦးနှစ်ဘက် ဆက်ဆံရေး၊ ဒါမှမဟုတ် အလှူရှင်အဖွဲ့တွေ၊ အေဂျင်စီတွေနဲ့ CSO တွေရဲ့ ဘက်ပေါင်းစုံ ဆက်ဆံရေးတွေမှာ အခုလိုမျိုး ပေါင်းစည်းမှုမျိုးကို အာရုံ ပိုစိုက်လာကြပါတယ်။ ဒီလိုမျိုး အလှူရှင်ဘက်ကချည်းပဲ ဆုံးဖြတ်ခွင့်တွေ အကုန်လုံးကို လက်ဝါးကြီးအုပ်ခွင့် ရထားတဲ့ ပေါင်းစည်းမှုမျိုးဟာ ဒေသတွင်း ပဋိပက္ခတွေ၊ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေရဲ့ အပြောင်းအလဲတွေကို အသေအချာ လေ့လာစူးစမ်းပြီး ဆောင်ရွက်တဲ့ ပဋိပက္ခအခြေပြု ပုံစံမျိုး ရလာအောင် ဆောင်ရွက်ပေးနိုင်စွမ်း မရှိပါဘူး။
■ ပြီးပြည့်စုံ ကုံလုံအောင် ဖြည့်ဆည်းနိုင်မှု ကင်းမဲ့ခြင်းနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းခြင်း
မြန်မာရဲ့အခြေအနေကို ကြည့်မယ်ဆိုရင် ဖြစ်တန်ရာ လူမှုလူ့အဖွဲ့အစည်းတွေရဲ့ အမှောင်ဘက်အခြမ်းနဲ့ ပတ်သက်ပြီး အရေးပါမှုတွေကိုလည်း ဂရုပြုမိဖို့ လိုပါလိမ့်မယ်။ ၁၅၊ ၁၆ ဒီကဏ္ဍမှာဆိုရင် ဒီမိုကရေစီကို ပြည့်စုံကုံလုံအောင် ဖြည့်ဆည်းနိုင်မှု ကင်းမဲ့ခြင်း (ခက်ထန်တဲ့ လူ့အဖွဲ့အစည်း)ရဲ့ သိသိသာသာ အရေးပါမှုကို မြင်နိုင်ပါတယ်။ လူမှုလူ့အဖွဲ့အစည်းဆိုတာ မူလအရင်းခံ သဘောကိုယ်၌မှာကိုက တိုးတက်မှုကိုချည်းပဲ ဆောင်ကြဉ်းတတ်တဲ့ သဘောမျိုး သပ်သပ်ရှိတာ မဟုတ်ပါဘူး။ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင် ဖျက်လိုဖျက်ဆီး ပြုတာ၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို ပိတ်ဆို့ တားဆီးတာမျိုးလည်း လုပ်တတ်ပါတယ်။ အနည်းဆုံးတော့ ဒါတွေနဲ့ ပတ်သက်ရင် တာဝန်ခံမှု မရှိတာမျိုး ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုလူ့အဖွဲ့အစည်းဟာ (ဒေသခံ) ထိပ်သီးတွေရဲ့ လွှမ်းမိုးမှုကို ခံရဖို့ဆိုတာကို ပိုတိမ်းညွတ်မှုရှိတဲ့ လူမှုလူ့အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်း တစ်ခွင်တစ်ပြင်လုံးအရ ကြည့်ရင် လူမှုအဖွဲ့အစည်းအတွင်း မညီမျှမှုတွေကို မွေးထုတ်ပေးနေသလို ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် နေရာဒေသအချို့မှာ ဖြစ်ပွားခဲ့တဲ့ လူမှုအသိုက်အဝန်းအတွင်း အကြမ်းဖက်မှုတွေ (အထူးသဖြင့် မွတ်ဆလင် ဆန့်ကျင်ရေးတွေ)၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေက ဖြစ်ပွားနေဆဲ ပဋိပက္ခတွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သေးသိမ်သွားအောင် ခြိမ်းခြောက်နေပြီး၊ ထိလွယ်ရှလွယ် ဖြစ်နေတဲ့ တစ်နိုင်ငံလုံးအဆင့် ပြုပြင်ပြောင်းလဲရေးတွေကို လမ်းကြောင်း လွဲသွားစေနိုင်ပါတယ်။ လူထုအခြေပြု တက်ကြွလှုပ်ရှားမှုဝါဒနဲ့ အများကြိုက် လှုံ့ဆော်မှုတွေဟာ လူမှုလူ့အဖွဲ့အစည်းအတွင်း အများဆုံး ဆွေးနွေးနေကြတဲ့ မူဘောင်တွေထဲက နှုန်းကိုက်စံကိုက် လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယဉ်ကျေးမှုစုံ ပတ်ဝန်းကျင် မူဘောင်တွေကို အလေးမထားတတ်တဲ့ စိတ်ဓာတ်မျိုးတွေ ပေါ်ပေါက်လာနိုင်ခြေ ရှိတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်ခြမ်းက လူမှုအသိုက်အဝန်းအတွင်း ပဋိပက္ခတွေက ထင်ရှားတဲ့ ဥပမာအနေနဲ့ ရှိနေပြန်ပါတယ်။ ၂၀၁၀ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း သိသာထင်ရှားမှု အရှိဆုံး လူမှုလူ့အဖွဲ့အစည်းတွေရဲ့ စရိုက်လက္ခဏာဟာ ၉၆၉ လှုပ်ရှားမှုလို အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေ၊ မဘသအဖွဲ့ရဲ့ လှုပ်ရှားမှုတွေလို အကြမ်းဖက်မှုတွေနဲ့ အကျည်းတန်တဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေး အကြမ်းဖက်မှုတွေ ဖြစ်နေပါတယ်။
ဒီပြဿနာဟာ အခြားသော ထည့်သွင်း စဉ်းစားဖို့လိုတဲ့ ကိစ္စတစ်ခုကို ဖော်ထုတ်ပေးနေပါတယ်။ သိသာတဲ့ ရေချိန်တစ်ခုအထိမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြတဲ့ လူမှုလူ့အဖွဲ့အစည်း ပါဝင် ပတ်သက်သူတွေဟာ သူတို့သက်ဆိုင်ရာ လူနည်းစု လူ့အဖွဲ့အစည်းတွေမှာပဲ ပတ်သက် ပါဝင်တယ်လို့ သရုပ်ခွဲပြနိုင်ပါတယ်။ ကာလရှည် ဖိနှိပ်မှုတွေအောက် နေထိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ လူမှုဓလေ့ ထုံးတမ်းတွေကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ယူရာမှာ လူနည်းစု လူမျိုးတွေနဲ့ ဗမာလူများစု လူမှုအသိုက်အဝန်းတွေအကြား ပေါင်းကူးတံတားတွေ ဆက်လက် တည်ဆောက်ဖို့ လိုအပ်နေပြီး၊ လူမှုလူ့အဖွဲ့အစည်းတွေ အနေနဲ့ ကိုယ်နဲ့ ဆိုင်တာလေး တစ်ခုတည်း ကွက်ပြီး လုပ်နေကြတာမျိုးကို ရှေ့ဆက်ပြီး အားပေးနေတာမျိုး မလုပ်သင့်တော့ပါဘူး။ အဲဒီလိုသာ ဆက်အားပေးနေမယ် ဆိုရင် ပိုမိုအပြန့်ကျယ်လာတဲ့ လူမှုလူ့အဖွဲ့အစည်း တစ်ရပ်ဟာ ရှိရင်းစွဲ လူမျိုးရေးနဲ့ ဘာသာရေးအခြေခံ အဖွဲ့အစည်းကွန်ရက်တွေ၊ လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေကြောင့် အက်ကြား ထင်လာတဲ့ လိုင်းကြောင်းတွေကနေ ကွဲထွက်သွားတဲ့ အဖွဲ့အစည်းပုံစံကို ယူသွားဖို့များပြီး၊ ကွဲနေတဲ့ လူမှုအဖွဲ့အစည်းတွေကို ပေါင်းကူး ဆက်သွယ်ပေးဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် လူမှု အသိုက်အဝန်းအတွက် ဘယ်သူက ကိုယ်စားပြု စကားပြောပိုင်ခွင့် ရှိတယ်ဆိုတာက ပိုပြီး အရေးတကြီး အသည်းအသန် ဖြစ်လာပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ လူမှုလူ့အဖွဲ့အစည်း ကွန်ယက်တွေဟာ အောက်ခြေကနေ တက်လာမယ့် မြန်မာနိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ အောင်မြင်ဖို့အတွက်နဲ့ ပြည်ထောင်စုအဆင့်၊ ဒေသတွင်းအဆင့် ပဋိပက္ခတွေ အဖြေရှာရေးမှာ မရှိမဖြစ် လိုအပ်နေဆဲပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အရှည်တည်တံ့အောင်ဆိုရင် နိုင်ငံရဲ့ ဟင်းလေးအိုးလို စုံလင်လှတဲ့ လူမှုအသိုက်အဝန်းတွေ၊ လူနည်းစု အသိုက်အဝန်းတွေဟာ ဘယ်လိုအပြောင်းအလဲ ဖြစ်စဉ်မှာမဆို ငါတို့လည်း ပါဝင်ခွင့် ရတယ်ဆိုတဲ့ ခံစားမှုမျိုးကို ခံစားနေရဖို့ လိုအပ်ပြီး၊ အမျိုးသားအဆင့် နိုင်ငံရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်တာတွေရဲ့ ရလဒ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အစိုးရရော၊ ဒေသခံ အာဏာပိုင်တွေကပါ စစ်ရေးကို တဖြည်းဖြည်းချင်း လျော့ချလာလို့ပဲ ဖြစ်ဖြစ် ပေါ်ပေါက်လာနိုင်ခြေရှိတဲ့ ဘယ်လို အာဏာ လေဟာနယ်မျိုးကိုမဆို သူတို့ဘာသာ ဖြည့်တင်းနိုင်တယ် ဆိုတာမျိုး ရှိဖို့လိုပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေ ဆီကနေစလို့ တပ်မတော် (ရံဖန်ရံခါမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ)ကြောင့် ဆုံးရှုံးခဲ့ရတဲ့ လူထုအနေနဲ့ စည်းရုံးစုဖွဲ့နိုင်စွမ်း၊ သူတို့ဘဝရဲ့ အစိတ်အပိုင်းတိုင်းကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်စွမ်းတွေကို ပြန်လည်ရရှိဖို့ဆိုတာဟာ လူထုအခြေပြု စည်းရုံး လှုံ့ဆော်မှုတွေနဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် မူတည်နေပါတယ်။
ဒေသတွင်း အဆင့်မှာဆိုရင်၊ လူမှု လူ့အဖွဲ့အစည်း ကွန်ရက်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အထက်အောက် အာဏာခွဲဝေမှု၊ ယုံကြည်မှုနဲ့ ပါဝင်ပူးပေါင်းမှု အစီအစဉ်ပုံစံတွေကို လိုက်ပြီး လူသား အရင်းအနှီးတွေ တိုးတက်ဖွံ့ဖြိုးလာမှုတွေဟာ ဒေသခံ အာဏာပိုင်တွေ (အပစ်ရပ်အဖွဲ့တွေ အပါအဝင်)ရဲ့ အုပ်ချုပ်ရေး ဖွဲ့စည်းပုံတွေကို တဖြည်းဖြည်းချင်း ပြောင်းလဲ လာစေနိုင်ပါတယ်။ လူမှုလူ့အဖွဲ့အစည်းရဲ့ အပြန်အလှန် အားဖြင့် တာဝန်ခံမှုရှိတဲ့ လှုပ်ရှားမှုတွေမှာ မိမိဆန္ဒအရ အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်ကြရာကနေ ပေါ်ပေါက်လာတဲ့ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးစီးပွား ဖော်ဆောင်ရေး သဘောအယူအဆတွေ ၁၇ (related concepts of reciprocity) နဲ့ နိုင်ငံရေး ယုံကြည်မှုတွေဟာ လူမှုအရင်းအနှီးကို ဖြစ်ထွန်းစေပြီး၊ လစ်ဘရယ် ဒီမိုကရေစီမှာရှိတဲ့ လူထုရဲ့ ပါဝင် ပူးပေါင်းဆောင်ရွက်ချက်တွေထဲမှာ အခမ်းနားဆုံးသော ဆောင်ရွက်ချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက်ဆိုရင် ဒါဟာ အာဏာဆက်ဆံရေးမှာ အပြောင်းအလဲလို့ ဆိုရပါမယ်။ လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်မှုမှာ (စစ်အစိုးရပုံစံမျိုးနဲ့ ပိုမိုအပြန့်ကျယ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း အတော်များများကို သက်ရောက်စေတဲ့) “အာဏာလွှမ်းခြုံမှု”ပုံစံကနေ အာဏာခွဲဝေမှု၊ အတူ ပူးပေါင်း ဆောင်ရွက်မှုရှိတဲ့ လူမှုလူ့အဖွဲ့အစည်းတွေရဲ့ ဒီမိုကရေစီ နည်းနာအရ နဂိုရှိရင်းစွဲ “အာဏာမျှဝေမှု”ပုံစံကို ပြောင်းလဲ ကျင့်သုံးလာရပါမယ်။ မြန်မာနိုင်ငံမှာ လူမှုလူ့အဖွဲ့အစည်းတွေ ပြန်လည် ပေါ်ပေါက်လာစေခြင်း အကြောင်းအရင်းတွေဟာ နိုင်ငံရဲ့ အာဏာရှင်စနစ် ဓလေ့ထုံးတမ်းတွေနဲ့ လတ်တလော သမိုင်းကြောင်းတွေကို ရောင်ပြန်ဟပ်နေပါတယ်။ ဒါ့အပြင် မြန်မာရဲ့ လူမှုလူ့အဖွဲ့အစည်းဟာ လူမျိုးရေးကို လိုက်ပြီး ကွဲပြားမှုတွေ ရှိနေဆဲပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး ထူထောင်မှုနဲ့ ဒီမိုကရေစီ အသွင်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ နိုင်ငံသားတွေရဲ့ ပူးပေါင်းပါဝင်မှု အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ထားနိုင်မယ့် အကြောင်းပြချက်ကောင်းတွေတော့ ရှိနေဆဲပါပဲ။
အက်ရှ်လေဆောက်သ်
(ဤဆောင်းပါးအား Giacomo က မြန်မာဘာသာသို့ ပြန်ဆိုပါသည်။)
Ethnic Civil Society and Myanmar’s Hybrid Regimes
By Ashley South
This article discusses the role of ethnic civil society in Myanmar. The transition has opened new space. While obstacles remain, previous distinctions between civil society in government controlled areas and civil society in opposition areas in the borderlands are disappearing as ceasefires have enabled more cooperation. In ongoing conflict areas, however, space remains restricted. Civil society also remains excluded from the peace process. New issues are emerging. Border based groups have undertaken important advocacy work and cross-border assistance in the past, but need to change. The relations to ethnic armed organizations are changing. The question of who speaks for local communities raises issues about representation in civil society. The author further discusses the power of donors in relation to civil society. Finally, civil society in Burma tends to be fragmented and reproduce existing cleavages in Burmese society and the authoritarian past. However, it remains important for social and political change.
■ စာညွှန်း
၁ အက်ရှ်လေဆောက်သ် ဟာဆိုရင် အလွတ်တန်း လေ့လာဆန်းစစ်သူနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်ပြီး၊ Australian National University ကနေ PhD ဘွဲ့ ရထားသလို၊ MSc ဘွဲ့ကိုတော့ School of Oriental and African Studies (SOAS, University of London) ကနေ ရရှိခဲ့သူပါ။ Chiangmai University မှာ Centre for Ethnic Studies and Development ဌာနရဲ့ Research Fellow တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေါက်တာ ဆောက်သ်ရဲ့ သုတေသနနဲ့ စာတမ်းတွေကို www.AshleySouth.co.uk မှာ လေ့လာနိုင်ပါတယ်။
၂ ဒီ ဝေါဟာရ အကောက်အယူတွေဟာ ဘရက်ဆဲမှာ ၂၀၁၃ ခုနှစ် မတ်လ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲရဲ့ ခေါင်းစဉ်ဖြစ်တဲ့ Supporting Myanmars Evolving Peace Processes: What Roles for Civil Society and the EU? ဆိုတဲ့ အကြောင်းအရာအပေါ် အခြေခံပြီး၊ European Peacebuilding Liaison Office အတွက် တင်သွင်းခဲ့တဲ့ စာတမ်းဖြစ်တဲ့ Ashley South နဲ့ Charles Petrie တို့ ပူးတွဲ ရေးသားတဲ့ Mapping of Myanmar Peacebuilding Civil Society ဆိုတဲ့ စာတမ်းကို အခြေခံထားတာ ဖြစ်ပါတယ်။ အက်ရှ်လေဆောက်သ်ရဲ့ Ethnic Politics in Myanmar: a new beginning for Burma? (Nordic Institute of Asian Studies 2017, in press) စာအုပ်ကိုလည်း ကြည့်ပါ။
၃ Alexis de Tocqueville, Democracy in America (New York: Knopf 1994)
၄ နိုင်ငံရေးဆိုင်ရာ မဟာဗျူဟာအမြင်အရ ကြည့်မယ်ဆိုရင် ရုပ်ဝတ္ထုပိုင်းအရသော် လည်းကောင်း၊ အတွေးအခေါ် အိုင်ဒီရော်လော်ဂျီအရသော် လည်းကောင်း၊ အသာစီးယူနိုင်ပြီး သက်ဆိုင်ရာ နေရာတွေကို ခိုင်မာအောင် ထူထောင်လိုနေကြတဲ့ အားပြိုင်နေကြတဲ့ တင်းအားတွေ၊ အကျိုးတူ အစုအဖွဲ့တွေရဲ့ အပြိုင်အဆိုင်များတဲ့ အဝန်းအဝိုင်းကနေ လူမှုလူ့အဖွဲ့အစည်းတွေက ပေါ်ပေါက်လာကြပါတယ်။ လူမှုလူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်သူတွေထဲမှာ အချို့က အစိုးရရဲ့ မူဝါဒပေါ်လစီတွေ လွှမ်းမိုးနိုင်ဖို့၊ လိုအပ်ရင် ပြောင်းလဲပစ်နိုင်ဖို့ ကြိုးစားနေကြပြီး၊ တချို့ကတော့ လူမှုရေးကဏ္ဍတွေရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေအပေါ်မှာ ထားရှိတဲ့ လူထုရဲ့ခံယူချက်တွေကို ပြောင်းလဲဖို့ ကြိုးစားကြသလို၊ နိုင်ငံတော်အာဏာနဲ့ ဆက်ဆိုင်တဲ့ အင်အားစုတွေကတော့ ရှိရင်းစွဲ နိုင်ငံရေး အင်အားစုတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို နှိမ့်ချပြီး ပိုမိုအပြန့်ကျယ်တဲ့ လူမှုလူ့အဖွဲ့ အစည်းတွေရဲ့ ပေါ်လစီတွေကို အလိုက်သင့် အသုံးပြုနိုင်ဖို့ ကြိုးစားကြတာလည်း ရှိပါတယ်။ Antonio Gramsci, Selections from the Prison Notebooks (New York: International Publishers 1971)
၅ (နိုင်ငံတကာ/ဒေသတွင်း) NGO နဲ့ CBO ဆိုတဲ့ ဝေါဟာရတွေဟာ မကြာခဏဆိုသလို တစ်ခုနဲ့တစ်ခု ဖလှယ်ပြီး သုံးနိုင်တဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဝေါဟာရတွေဟာ အရေးပါတဲ့ အကောက်အယူတွေ ဖြစ်ကြပြီး အဖွဲ့အစည်း ပုံစံနှစ်ခုအကြား မတူညီတဲ့ လက်တွေ့ပိုင်း လုပ်ဆောင်ပုံတွေ ဖြစ်ကြပါတယ်။ CBO ကိုတော့ လူထုအခြေပြု ဖွဲ့စည်းတဲ့ အဖွဲ့အစည်းအဖြစ် အဓိပ္ပာယ် သတ်မှတ်ပြီး၊ ဒေသတွင်းမှာတင် စီမံခန့်ခွဲနေတဲ့ လူထုအခြေပြု အဖွဲ့တွေဖြစ်ကာ၊ အဖွဲ့က ဆောင်ရွက်တဲ့ အကျိုးစီးပွားတွေကို အဖွဲ့ဝင်တွေကသာ အဓိကခံစားရတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ပါတယ်။ CBO တွေကို လူမှု အသိုက်အဝန်း တစ်ခုအတွင်းမှာပဲ တွေ့ရတတ်ပေမယ့် တစ်ခါတစ်ရံမှာ နီးကပ်တဲ့ လူမှုအသိုက်အဝန်းတွေအကြား ဖွဲ့ထားတဲ့ အဖွဲ့အနေနဲ့လည်း ရှိတတ်ပါတယ်။ NGO တွေကတော့ ဝန်ဆောင်မှု ထောက်ပံ့ပေးသူတွေပါ။ လူမှုရေး လုပ်ငန်းတွေ၊ အကျိုးအမြတ် မယူတဲ့ အလုပ်တွေကို လူမှုအသိုက်အဝန်း ကိုယ်စား လုပ်ဆောင်ပေးနေသူတွေ ဖြစ်ပါတယ်။ NGO ရဲ့ ဝန်ထမ်းတွေဟာ ဒေသခံလည်း ဖြစ်နိုင်တယ်၊ အဲဒီနိုင်ငံက နိုင်ငံသားလည်း ဖြစ်နိုင်တယ်၊ နိုင်ငံခြားသားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့လုပ်ဆောင်ချက်က ရလာတဲ့ အကျိုးစီးပွားတွေကို တိုက်ရိုက်ခံစားခွင့်ရှိသူ ဖြစ်စရာတော့ မလိုပါဘူး။ NGO တွေဟာ မကြာခဏဆိုသလို၊ မိမိသဘောနဲ့ ပူးပေါင်းပါဝင်တဲ့ လူထုအခြေပြုပုံစံနဲ့ ချဉ်းကပ်ပြီး ဝန်ထမ်းတွေ ခန့်တတ်ကြပေမယ့် သူတို့က CBO တွေထက် ပိုမိုအပြန့်ကျယ်တဲ့ အကြောင်းအရင်းခံနဲ့ ပထဝီနယ်မြေတွေလည်း ရှိပါတယ်။ Community Service Organisation (CSO) ဒီအပေါ်က ပြောခဲ့တဲ့ အဖွဲ့တွေ အားလုံးကို ခြုံငုံမိအောင် သုံးတဲ့ စကားရပ်ပါပဲ။
၆ Ardeth Maung-Thawnghmung. “Beyond Armed Resistance: ethnonational politics in Burma (Myanmar)”. Policy Studies No 62. (East-West Centre. Washington 2011).
၇ အခြားသော မြန်မာနိုင်ငံထဲက တိုင်းရင်းသား အုပ်စုတွေလိုပဲ၊ ကရင် လူ့အသိုင်းအဝန်းကလည်း အတော့်ကို အမျိုးအစားစုံလင်တဲ့ လူ့အသိုင်းအဝိုင်းပါ။ ဘာသာစကား ကွဲလွဲတာ၊ ယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာ မတူတာတွေ အများကြီး ရှိပါတယ်။ ဒီလို အမျိုးကွဲစုံလင်မှုက ကရင် လူမှုလူ့အဖွဲ့အစည်းတွေ အတွင်းမှာ ပါဝင်ဆောင်ရွက်သူတွေများ လာစေပြီး ခရစ်ယာန်ဘာသာဝင်၊ စကောကရင် စကားပြော ရန်ကုန်အခြေစိုက် အီလိတွေနဲ့၊ ကရင်ပြည်နယ်အတွင်းက (ဧရာဝတီတိုင်းမှာလည်း အနည်းငယ်ရှိကြတဲ့) နိုင်ငံရေးနဲ့ လူမှုလူ့အဖွဲ့အစည်း ကွန်ရက်တွေက ပုဂ္ဂိုလ်တွေအကြား တင်းအားတွေ ရှိလာခဲ့ပါတယ်။ ကရင်အပါအဝင် အခြား မြန်မာနိုင်ငံအတွင်းက လူမှုအသိုက်အဝန်းတွေမှာ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် စိန်ခေါ်မှုက လူနည်းစုအုပ်စုတွေနဲ့ သမိုင်းကြောင်းအရ စစ်တပ်ပုံစံရှိပြီး လူမျိုးကြီးဝါဒထဲ သွပ်သွင်းလိုတဲ့ ဗဟိုအစိုးရကြားမှာသာ မကပဲ၊ လူနည်းစု လူ့အသိုက်အဝန်းရဲ့ အစုအဖွဲ့ခွဲတွေ အတွင်းမှာပါ ယုံကြည်မှု တည်ဆောက်နိုင်ကြဖို့ လိုအပ်ပါမယ်။
၈ Myanmar Peace Support Initiative, Lessons Learned from MPSIs work supporting the peace process in Myanmar, March 2012 to March 2014 (Yangon 2014): http://reliefweb.int/sites/reliefweb.int/files/resources/Report_Lessons-learned-supporting-the-peace-process_MPSI_Mar2014.pdf.
၉ Ashley South, The Politics of Protection in Burma: beyond the humanitarian mainstream (‘Critical Asian Studies’, Vol.44, No.2, pp. 175-204).
၁၀ ကချင်နဲ့ ရှမ်းပြည်နယ်တွေက လူမှုလူ့အဖွဲ့အစည်း လှုပ်ရှားသူတွေကတော့ ဒီလို ရွေးစရာမျိုးတောင် မရှိပါဘူး။ ဒီဒေသတွေက ဒေသခံ လူမှုအသိုင်းအဝန်းကရော၊ CBO တွေမှာပါ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဆိုက်မှုတွေကို ရုန်းကန် ဖြေရှင်းနေရတာပါ။ ဒီဒေသတွေမှာက KIO ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခြား EAO တွေနဲ့ဖြစ်ဖြစ် မြန်မာ့တပ်မတော်နဲ့က မကြာခဏဆိုသလို ပြင်းထန်တဲ့ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေဆဲပါပဲ။
၁၁ လတ်တလော ပေါင်းစည်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုလျှင် Kim Jolliffe (The Asia Foundation July 2015) ကို ကြည့်ပါ။
၁၂ Ashley South, Ethnic Politics in Myanmar: a new beginning for Burma? (in press, 2017).
၁၃ Jolliffe/The Asia Foundation 2014 & 2015.
၁၄ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အကူပေးမှုကဏ္ဍမှာ အခုလို ဆက်ဆံရေးဖြစ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်ချက်ကို Ashley South ရဲ့ 2012 ထုတ် The Politics of Protection in Burma မှာ ကြည့်ပါ။
၁၅ Muthiah Alagappa (ed), Civil Society and Political Change in Asia: Expanding and Contracting Democratic Space (Stanford, CA: Stanford University Press 2004).
၁၆ Jasmine Lorch, “Civil Society under Authoritarian Rule: The Case of Myanmar”. SÜDOSTASIEN /aktuell (Journal of Current Southeast Asian Affairs 2 2006).
၁၇ Robert Putnam, Making Democracy Work: Civic Traditions in Modern Italy (Princeton: Princeton University Press 1993).
■ ကျမ်းကိုးစာရင်း
Alagappa, M. (2004). Civil society and political change in Asia: expanding and contracting democratic space. Stanford, C A: Stanford University Press.
Jolliffe, K. (2014). Ethnic Conflict and Social Services in Myanmar’s Contested Regions. Yangon: The Asia Foundation.
Lorch, J. (2006). Civil Society under Authoritarian Rule: The Case of Myanmar. Journal of Current Southeast Asian Affairs, 25(2), 3-38.
Myanmar Peace Support Initiative. (2014). Lessons Learned from MPSI’s Work Supporting the Peace Process in Myanmar. Yangon: MPSI. Retrieved from URL: http://reliefweb.int/sites/reliefweb.int/files/resources/Report_Lessons-learned-supporting-the-peace-process_MPSI_Mar2014.pdf
Putnam, R. D.(1993). Making democracy work: Civic traditions in modern Italy. Princeton: Princeton University Press.
South, A. (2012). The politics of protection in Burma: beyond the humanitarian mainstream. Critical Asian Studies, 44(2), 175-204.
South, A. (in press). A new beginning for Burma: Ethnic politics in Myanmar?
Thawnghmung, A. M. (2011). Beyond armed resistance: ethnonational politics in Burma/Myanmar. Policy Studies (62). Washington: East-West Centre.
Tocqueville, A. (1994). Democracy in America. New York: Knopf.