သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မေ ၂၇ ရက်။
ဌာနချုပ် – မတူပီမြို့နယ် လိုင်လင်းပီမြို့။
လှုပ်ရှားဒေသ – မတူပီမြို့နယ်။
ခန့်မှန်းအင်အား – ၁၅၀ ဦးနှင့်အထက်။
ခေါင်းဆောင် – ဦးဘီးဗား (စစ်ဦးစီးချုပ်)။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF-Mara) သည် စစ်အာဏာသိမ်းမှုအလွန်ကာလတွင် ပေါ်ပေါက်လာသည့် တပ်ဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြို့နယ် တို့တွင် ဖြန့်ကြက်နေထိုင်သည့် မရာလူမျိုးကို အခြေပြုဖွဲ့စည်းထားသည့်တပ်ဖွဲ့ ဖြစ်သည်။ မရာသည် ချင်းမျိုးနွယ်စုဖြစ်သော်လည်း ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ယဥ်ကျေးမှုရှိကာ ချင်းပြည်နယ်တွင် ဖြန့်ကြက်နေထိုင်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း၌လည်း မရာလူမျိုးများ နေထိုင်သည်။ မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြို့နယ်တို့အတွင်း နေထိုင်ကြသည့် မရာတို့သည် စစ်အာဏာသိမ်းစကာလတွင် အခြားဒေသခံများနှင့်အတူ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒပြခြင်း၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည်လည်း အကြမ်းမဖက်အာဏာဖီဆန်ခြင်း (CDM)လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဆန္ဒပြသူများနှင့် ဆန့်ကျင်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာရာ နိုင်ငံရေးတက်ကြွလှုပ်ရှားနေသည့် မရာတို့က ၎င်းတို့မျိုးနွယ်စုနှင့် ဒေသကို အာဏာသိမ်းစစ်တပ်၏ ခြိမ်းခြောက်ခြင်းနှင့် အကြမ်းဖက်ခြင်းကနေ ကာကွယ်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်၍ ပြန်တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဖြင့် CDM ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရဲဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် မရာကျောင်းသားသမဂ္ဂ (Mara Student Union) တို့ ပူးပေါင်းကာ ၂၀၂၁ ခုနှစ် မေ ၂၇ ရက်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မရာ (CDF-Mara) ကို စတင်ဖွဲ့စည်းခဲ့သည်။ အဖွဲ့အစည်း စတင်ထူထောင်ချိန်တွင် အင်အား ၄၀၀ ပါဝင်ခဲ့သည်။ အဖွဲ့အသစ်အနေဖြင့် ပါဝင်သည့်တပ်ဖွဲ့ဝင် အင်အားမှာ များပြားသော်လည်း တပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင် ရိုင်ဖယ်များနှင့် ခဲယမ်းမီးကျောက်များ တပ်ဆင်ပေးနိုင်မှု မရှိခဲ့ပေ။ မရာလူမျိုးများ အမဲလိုက်ရာ၌ အသုံးပြုလေ့ရှိသည့် ရိုးရာသေနတ်များကိုသာ အဓိကအသုံးပြုကာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခြင်းများ စတင်ပြုလုပ်ခဲ့သည်။
CDF-Mara သည် နိုင်ငံရေးဘက်တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ ဦးဆောင်မှုနောက်ကို လိုက်မည်ဟူသည့် မူရှိခဲ့သည်။ ICNCC သည် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ပြီး ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိတ်အပိုင်းတွင် ပါဝင်ရန် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။ ICNCC တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) နှင့် ချင်းပြည်နယ်တွင်း၌ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားနေသည့် CDM ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် စစ်ရေးမဟာမိတ် အစုအဖွဲ့အဖြစ် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည့် ချင်းပြည်ပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC) တွင် CDF-Mara သည် အခြား ချင်းညီနောင်တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့အနေဖြင့် ပါဝင်ခဲ့သည်။
ထိုစဥ်က CDF-Mara သည် လိုင်လင်းပီတပ်ရင်း၊ မရာတပ်ရင်း၊ စောမိုတပ်ရင်းဟူ၍ စုဖွဲ့ကာ မရာဒေသ၏ တောင်ကြောခြောက်ခုတွင် လှုပ်ရှားခဲ့သည်။ ထိုတပ်ရင်း သုံးရင်းအနက် စောမိုတပ်ရင်းသည် ၂၀၀၈ ခုနှစ်ကတည်းက လက်နက်ကိုင်လှုပ်ရှားမှုများ ရှိနေခဲ့သော မရာပြည်သူ့တပ်မတော် (MPA)ကနေ အဆင့်ဆင့် စုဖွဲ့ပြောင်းလဲလာသည့် တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် CDF-Mara နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည် (စောမိုတပ်ရင်းအကြောင်းကို ISP Peace Desk တွင် ဆက်စပ်ဖတ်ရှုနိုင်ပါသည်)။ ထိုသို့ ပူးပေါင်းခဲ့ကြသော်လည်း နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုများကို မကျေလည်သဖြင့် စောမိုတပ်ရင်းသည် CDF-Mara ကနေ ခွဲထွက်၍ သီးသန့်ရပ်တည်မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကြောညာချက် ထုတ်ပြန်ခဲ့သည်။ ပြန်လည်စေ့စပ်ရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ စောမိုတပ်ရင်းသည် CDF-Mara ကနေ အပြီးတိုင်ခွဲထွက်သွားခဲ့သည်။ စောမိုတပ်ရင်းသည် နောင်တွင် မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ထိုသို့ဖြင့် CDF-Mara နှင့် MDF အဖြစ် ကွဲပြားသွားပြီးနောက် ချင်းပြည်နယ်အဆင့် စုဖွဲ့ထားသည့် စစ်ရေးမဟာမိတ် CJDC သည်လည်း လက်နက်ကိုင်တော်လှန်ရေးအတွက် ရေရှည် လိုအပ်သည့် လက်နက်ခဲယမ်း ဖြည့်တင်းနိုင်မှုနှင့် နိုင်ငံရေးဘုံသဘော တူညီချက် တည်ဆောက်နိုင်မှု အားနည်းခြင်းတို့အပေါ် မူတည်ကာ အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် CJDC ပြိုကွဲပြီးနောက် ချင်းလဲန်းကောင်စီ (CC) နှင့် ချင်းညီနောင် (CB) ဟူ၍ စစ်ရေးမဟာမိတ် အစုအဖွဲ့နှစ်ခုထပ်မံပေါ်ပေါက်လာခဲ့သည်။ CDF -Mara သည် CC အဖွဲ့ဝင် ဖြစ်လာကာ MDF က CB အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ CDF-Mara နှင့် MDF သည် မူဝါဒနှင့် မဟာမိတ်စုဖွဲ့မှုအရ ကွဲပြားရုံတင်မက မြေပြင်၌ နယ်မြေဖြန့်ကြက်လှုပ်ရှားမှုနှင့် အုပ်ချုပ်ရေးယန္တရားပါ အားပြိုင်လာရာ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုများလည်း ရှိလာခဲ့သည်။ လက်ရှိတွင် CDF – Mara သည် မတူပီမြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
CDF-Mara ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်နိုင်ရန်။
၂။ ပြည်သူလူထု၏ အသက်အိုးအိမ်၊ လုံခြုံမှုနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ရန်။
၃။ ချင်းမျိုးနွယ်စုများကို အသိအမှတ်ပြုမှုတွင် တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန်။
နိုင်ငံရေးရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ချင်းဒေသအတွင်းရှိ မျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ခြင်းသည် အဓိကသော့ချက်ဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ဖြစ်ပေါ်လာရန်အတွက် မရာဒေသအတွင်း တော်လှန်အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခများချုပ်ငြိမ်းရေးကို ဦးတည်၍ ဘုံရန်သူကို တိုက်ထုတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်၍ ချင်းလူမျိုးများအကြား ညီညွတ်မှုတရပ် ပေါ်ပေါက်လာရန် ရည်မှန်းသည်။ ထို့ပြင် CDF-Mara သည် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို မရာဒေသတခုတည်းတွင်သာ ကန့်သတ်မထားဘဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် မြန်မာပြည်တဝန်းလုံးရှိ တော်လှန်ရေးစစ်မျက်နှာများတွင် ကျယ်ပြန့်စွာ ပါဝင်တိုက်ပွဲဝင်သွားရန် စစ်ရေးမျှော်မှန်းချက်ရှိသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
CDF-Mara ၏ နိုင်ငံရေးလက်တံဖြစ်သည့် ကြားကာလမရာလဲန်းကောင်စီ (Interim Maraland Council-IMC)ကို အဖွဲ့ဝင် ၁၈ ဦးဖြင့် စုဖွဲ့ထားသည့် မရာနယ်ကောင်စီက ဦးဆောင်သည်။ ထိုကောင်စီသည် တလတကြိမ် လစဥ်အစည်းအဝေးပြုလုပ်ကာ မူဝါဒများချမှတ်သည်။ ကောင်စီက ချမှတ်သည့် မူဝါဒများကို အကောင်အထည်ဖော်ရန် ကောင်စီ၏ အောက်တွင် အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ဖွဲ့စည်းထားသည်။
IMC ကို ဦးဆောင်နေသူများ၏ ဖွဲ့စည်းစုဖွဲ့ပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁ | မသိရပါ | ဥက္ကဋ္ဌ |
| ၂ | မသိရပါ | ဒုတိယဥက္ကဋ္ဌ |
| ၃ | မသိရပါ | အုပ်ချုပ်ရေးမှူး |
| ၄ | မသိရပါ | ဥက္ကဋ္ဌ/တရားရေး |
| ၅ | မသိရပါ | အတွင်းရေးမှူး/ကာကွယ်ရေး |
| ၆ | မသိရပါ | အတွင်းရေးမှူး/ပညာရေး |
| ၇ | မသိရပါ | အတွင်းရေးမှူး/ကျန်းမာရေး |
| ၈ | မသိရပါ | အတွင်းရေးမှူး/ဘဏ္ဋာရေး |
| ၉ | မသိရပါ | အတွင်းရေးမှူး/လူသားချင်းစာနာရေး |
CDF-Mara သည် IMC ၏ ကာကွယ်ရေးကော်မတီအောက်တွင်ရှိပြီး ၎င်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/ တာဝန် |
| ၁ | ဦးဘီးဗား | စစ်ဦးစီးချုပ် |
| ၂ | မသိရပါ | ဒုတိယစစ်ဦးစီးချုပ် |
| ၃ | မသိရပါ | ဗျူဟာမှူး |
| ၄ | မသိရပါ | တပ်မဟာ-၁ တပ်ရင်းမှူး |
| ၅ | မသိရပါ | တပ်မဟာ-၂ တပ်ရင်းမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
CDF-Mara သည် ချင်းတော်လှန်ရေးအဖွဲ့အစည်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်သည့် ချင်းလဲန်းကောင်စီ (CC) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုမဟာမိတ်မူဘောင်အတွင်း CDF-Mara သည် အခြားအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင်ကို တော်လှန်တိုက်ဖျက်ရေး စစ်ရေးလှုပ်ရှားမှုများကို အတူတကွ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် CDF-Mara သည် ၂၀၂၂ ခုနှစ်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော CDF-Zotung, CDF-Zophei, CDF-Lautu, နှင့် CDF-Siyin တို့နှင့်အတူ ‘တော်လှန်ရေးမဟာမိတ်ညီနောင် (ZZLMS)’ဟူ၍လည်း ဖွဲ့စည်းခဲ့သည်။ ZZMLS သည် တပ်ဖွဲ့များ စုပေါင်း၍ စစ်ရေးလေ့ကျင့်မှုများနှင့် ပူးတွဲလှုပ်ရှားမှုများ လုပ်ဆောင်သည်။ ZZMLS လှုပ်ရှားသည့် နယ်မြေသည် ချင်းတောင်တန်း၏ မြောက်ပိုင်းနှင့် တောင်ပိုင်း ဆက်သွယ်ထားသည့် ချင်းပြည်နယ်၏ ခါးလယ်ပိုင်းမဟာဗျူဟာနယ်မြေများ ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
CDF-Mara သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို စစ်ရေးဦးတည်ချက်အဖြစ် ထားရှိသည်။ နိုင်ငံရေးရပ်တည်ချက်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရန် ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
CDF-Mara ၏ အောက်တွင် တပ်မဟာ-၁ နှင့် ၂ ဟူ၍ စုဖွဲ့ထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100078164179362
