သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်။
ဌာနချုပ် – ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့။
လှုပ်ရှားဒေသ – ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ဒေါက်တာဘီးလ်ခိုင် (ဥက္ကဋ္ဌ/စစ်ဦးစီးချုပ်)၊ ကိုဓူဝံ (ကာကွယ်ရေး အတွင်းရေးမှူး)။
ချင်းတိုင်းရင်းသား မျိုးနွယ်စုတခုဖြစ်သည့် မရာတို့သည် ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်တို့အတွင်း ၎င်းတို့နေထိုင်သော ဒေသများကို တစုတည်းစုစည်းကာ မရာနယ်မြေ သို့မဟုတ် ဒေသတခုကို တည်ထောင်လိုသည့် နိုင်ငံရေးရည်မှန်းချက်ရှိသည်။ ယင်းရည်မှန်းချက်ဖြင့် ၂၀၀၈ ခုနှစ် ဩဂုတ် ၇ ရက်တွင် မရာပြည်သူ့တပ်မတော်(MPA) ကို ဖွဲ့စည်းခဲ့သည်။ MPA မှာ လေးနှစ်ဝန်းကျင်သာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အဖွဲ့အစည်းလည်ပတ်နိုင်မှု ရပ်တန့်ခဲ့သည်။ MPA အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံရေးတတ်ကြွသည့် မရာလူငယ်များက ၂၀၁၇ ခုနှစ်တွင် တဖန်ပြန်စုစည်းကာ မရာအမျိုးသားလွတ်မြောက်ရေးတပ်ဦး/မရာအမျိုးသားတပ်မတော် (MNLF/MNA) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၀ ရက်တွင် MNLF/MNA ကို မရာအမျိုးသားပါတီ/မရာတပ်မတော် (MNP/MA) အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ထိုသို့ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း အစိုးရအဆက်ဆက်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်သည့်အဆင့်သို့ မရောက်ရှိခဲ့ပေ။
လက်နက်ကိုင်တော်လှန်ရန် ၂၀၀၈ ခုနှစ်ဝန်းကျင်ကတည်းက စတင်ရုန်းကန်ခဲ့သည်။ MTC/MDF သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှ တိုက်ပွဲဝင်နိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သော်လည်း ၎င်းတို့သည် ၂၀၀၈ ခုနှစ် သြဂုတ် ၇ ရက်တည်းက ဖွဲ့စည်းခဲ့သည့် မရာပြည်သူ့တပ်မတော် (MPA)မှတဆင့် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းလာသည့် တပ်ဖွဲ့ ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ပြည်တွင်းပြည်ပမှ မရာလူမျိုးများလည်း ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲရန် ထပ်မံကြိုးပမ်းခဲ့သည်။ အာဏာသိမ်းကာလအစောပိုင်းတွင် Maraland CDM Force ဟူသည့် အဖွဲ့နှင့် ချင်းပြည်ကာကွယ်ရေးတပ်-ထန်တလန် (CDF-Thantlang) အောက်တွင် ဖွဲ့စည်းသည့် Sawhmo မရာတပ်ရင်းတို့ ပေါ်ပေါက်လာခဲ့သည်။ Maraland CDM Force ကို ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်တွင် ဖွဲ့စည်းခဲ့ပြီး အကြမ်းမဖက်အာဏာဖီဆန်၍ ရုံးမတတ်ရေး (CDM)လှုပ်ရှားမှုတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ ပါဝင်သည်။ CDF-Thantlang ၏ တပ်ရင်းအခွဲ တခုအဖြစ် ရပ်တည်သည့် Sawhmo မရာတပ်ရင်းကို ၂၀၂၁ ခုနှစ် မေ ၁၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ထိုသို့ အစုအဖွဲ့ နှစ်ခုရှိနေသည့်အနက် ၂၀၂၁ ခုနှစ် မေ ၂၇ ရက်တွင် Maraland CDM Force သည် မရာလူငယ်အသင်း (Mara Thyutlia Py/MTP)၊ မရာကျောင်းသားအသင်း (MSA) တို့နှင့် ပူးပေါင်းပြီး ချင်းပြည်ကာကွယ်ရေးတပ်-မရာ (CDF-Mara) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ မရာကျောင်းသားလူငယ်များအစုအဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံတွင် စစ်ပညာသင်ယူထားသူများ ဖြစ်သည်။ CDF-Mara သည် ဌာနချုပ်ကို မြန်မာ-အိန္ဒိယ နယ်စပ်၌ အခြေစိုက်ခဲ့သည်။
CDF-Mara ဖွဲ့စည်းပြီးနောက် တပ်ဖွဲ့ဝင် ၄၀ ခန့်သည် ချင်းအမျိုးသားတပ်ဦး (CNF) ထံတွင် စစ်ပညာသင်ယူခဲ့သည်။ သို့သော် သင်တန်းတတ်မြောက်ပြီးပါက CNF က ၎င်းတို့၏ လက်အောက်၌သာ တာဝန်ထမ်းဆောင်ရမည်ဟူသည့်မူကို ချမှတ်ခဲ့ခြင်းကြောင့် မရာလူငယ်များမှာ စစ်သင်တန်း မတတ်တော့ဘဲ မိခင်တပ်ရင်းသို့ ပြန်ခဲ့ကြသည်။ ထို့နောက်တွင်မူ CNF သည် CDF-Mara ဌာနချုပ်သို့ သင်တန်းဆရာစေလွှတ်ပြီး အခြေခံစစ်ပညာကို ပို့ချပေးခဲ့သည်။ CNF ပေးသည့် သင်တန်းအပတ်စဥ် နှစ်ခု၌ CDF-Mara တပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင် အထိပါဝင်ခဲ့သည်။ CDF-Mara သည် CNF ထံမှ လက်နက်ခဲယမ်းနှင့် စစ်ရေးဆိုင်ရာ အကူအညီများ ထပ်မံတောင်းခဲ့သော်လည်း မရရှိခဲ့ပေ။ မရာမျိုးနွယ်ကို ကိုယ်စားပြုသည့် CDF-Mara အဖွဲ့အနေနှင့် တစုံတရာခိုင်မာအားကောင်းလာချိန်တွင် CDF-Thantlang အောက်၌ လှုပ်ရှားနေသည့် Sawhmo မရာတပ်ရင်းနှင့် ပေါင်းစည်းခဲ့ကြပြီး Sawhmo မရာတပ်ရင်းသည် CDF-Mara ၏ ဌာနချုပ်ခွဲ (Sub Headquarter) ဖြစ်လာခဲ့သည်။
ထို့နောက် CDF-Mara သည် အဖွဲ့အစည်း၏ နိုင်ငံရေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရေး၊ အုပ်ချုပ်ရေး ယန္တရားများ ထူထောင်နိုင်ရေးအတွက် ညီလာခံကျင်းပပြီး မရာပြည်သူ့ကောင်စီ (MPC) ကို ၂၀၂၁ ခုနှစ် သြဂုတ် ၈ ရက်တွင် ဖွဲ့စည်းခဲ့သည်။ MPC သည် CDF-Mara ၏ နိုင်ငံရေးလက်တံဖြစ်သည်။ သို့သော် ညီလာခံတွင် ခေါင်းဆောင်များ အစုံအလင်မပါဝင်ခဲ့သောကြောင့် Sawhmo အဖွဲ့ ခေါင်းဆောင်များက MPC ဖွဲ့စည်းမှုကို လက်မခံခဲ့ပေ။ Sawhmo အဖွဲ့သည် CDF-Mara မှ ပြန်ခွဲထွက်၍ သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။ CDF-Mara နှင့် Sawhmo တို့အကြား ပြန်စေ့စပ်နိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ယင်းနောက် အဆိုပါအဖွဲ့နှစ်ခုကို ပေါင်းစည်းနိုင်ရေးအတွက် ထပ်မံကြိုးပမ်းမှုအဖြစ် Mara Revolution Coordination Team (MRCT) ကို ပူးပေါင်းဖွဲ့စည်းခဲ့ကြသည်။ MRCT သည် သီးခြားစီရပ်တည်နေသည့် မရာတော်လှန်ရေးတပ်ဖွဲ့များကို ပေါင်းစည်းရန် ရည်ရွယ်သည်။ အဖွဲ့တွင် နှစ်ဖက်တပ်ဖွဲ့များက ကိုယ်စားလှယ်များ၊ ပြည်တွင်း-ပြည်ပ မရာနိုင်ငံရေးနှင့် ကျောင်းသားလူငယ် ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။ ထိုအဖွဲ့တွင်း နှစ်ဖက်ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးနေရင်းနှင့်ပင် သဘောထားကွဲလွဲမှုများ ထပ်မံပေါ်ပေါက်ခဲ့ပြီး Sawhmo တပ်ဖွဲ့က ထပ်မံနှုတ်ထွက်သွားခဲ့သည်။ Sawhmo တပ်ဖွဲ့ မပါဝင်တော့သော်လည်း MRCT သည် ‘ပထမအကြိမ်မရာပြည်သူ့ ညီလာခံ’ကို ခေါ်ယူကျင်းပခဲ့ပြီး ‘မရာပဋိညာဥ်မူကြမ်း’ကို ရေးဆွဲခဲ့သည်။ ထိုပဋိညာဥ်အရ မရာလူမျိုးများနေထိုင်သည့် ဒေသများကို အုပ်ချုပ်ရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MATC) ကို ဖွဲ့စည်းခဲ့သည်။ Sawhmo တပ်ဖွဲ့နှင့် ပေါင်းစည်းရန်ကြိုးပမ်းမှု မအောင်မြင်ဖြစ်ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် CDF-Mara နှင့် အာဏာမသိမ်းခင်ကတည်းက ရှိခဲ့သော မရာတပ်မတော် (MA) တို့ ပေါင်းစည်းသွားခဲ့ပြီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) ဟူသည့် အမည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့သစ်တခုကို အသစ်ထူထောင်ခဲ့သည်။ ယင်းနောက်တွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာနယ်ကာကွယ်ရေးတပ် (MATC/MDF)ဟူ၍ ဖြစ်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ‘မရာပြည်သူ့ညီလာခံ’ ကို ဒုတိယအကြိမ်ကျင်းပခဲ့ပြီး MATC ကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) အဖြစ် ထပ်မံအမည်ပြောင်းလဲခဲ့သည်။ MTC/MDF သည် မဟာမိတ်များဖြစ်သည့် အာရက္ခတပ်တော်(AA)၊ ချင်းညီနောင်တပ်များနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး မြို့သိမ်းတိုက်ပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ MDF သည် လက်ရှိတွင် ချင်းပြည်နယ် မတူပီမြို့နယ်ရှိ လိုင်လင်းပီမြို့ နှင့် ကျေးရွာ ၆၀ ခန့်ကို ထိန်းချုပ်ထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF)တွင် ရည်မှန်းချက် သုံးခုရှိပြီး အောက်ပါအတိုင်း ဖြစ်သည်။
(၁) မဟာလူမျိုးကြီးဝါဒ၊ လူများစုကြီးစိုးမှုနှင့် စစ်အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းပပျောက်ပြီး ပင်လုံစာချုပ်တွင် အခြေခံ၍ ဖွဲ့စည်းထူထောင်သော ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစစ်စစ်နိုင်ငံတွင် ငြိမ်းချမ်းစွာ အတူတကွ ယှဥ်တွဲနေထိုင်ရေး။
(၂) အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အခြေခံ၍ မျိုးနွယ်စုကိုဗဟိုပြုသော ဘုံပိုင်ဆိုင်သည့် ချင်းအမျိုးသား တည်ဆောက်ရေး။
(၃) လွတ်လပ်မှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လူနည်းစုအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် မူလအခြေခံအခွင့်အရေးများကို ရရှိပိုင်ဆိုင်ပြီး အကာအကွယ်ပေးသည့် နယ်နိမိတ်အခြေခံသော အုပ်ချုပ်မှုယူနစ်တခုအောက်တွင် မရာမျိုးနွယ်စုအုပ်စုဝင်များ တစုတစည်းတည်း အတူတကွ နေထိုင်ရေး။
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF)၏ ဦးတည်ချက် ငါးရပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) ဒေသန္တရနယ်မြေသတ်မှတ်ထားသည့် အုပ်ချုပ်မှုယူနစ်တခုအောက်တွင် မရာမျိုးနွယ်စုအုပ်စုတစုတည်း နေထိုင်ရေးနှင့် ဖက်ဒရယ်အခွင့်အရေးဖြစ်သည့် နယ်နိမိတ်အခြေခံသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး။
(ခ) မဟာလူမျိုးကြီးဝါဒ၊ လူများစုကြီးစိုးမှုဝါဒနှင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင် ချုပ်ငြိမ်းပပျောက်ရေး။
(ဂ) တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ တန်းတူအခွင့်အရေးများနှင့် လူနည်းစုများကို အပြည့်အဝ ကာကွယ်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနစ် တည်ဆောက်ရေး။
(ဃ) ချင်းမျိုးနွယ်စုများကို အသိအမှတ်ပြုမှုတွင် တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ် လွတ်လပ်စွာဖန်တီးခွင့်ရှိသည့် ဘုံပိုင်ဆိုင်သော ချင်းအမျိုးသားတည်ဆောက်ရေး။
(င) မရာနယ်မြေလုံခြုံရေးနှင့် တည်တံ့ခိုင်မြဲရေး၊ လူထုအသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး၊ လူမှုဖူလုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် ဘဝအရည်အသွေးမြှင့်တင်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
MTC/MDF ၏ ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဒေါက်တာဘီးလ်ခိုင် | ဥက္ကဋ္ဌ |
၂ | ဦးဘီးခိုင် | ဒုတိယဥက္ကဋ္ဌ-၁ |
၃ | ဦးစီးလာ | ဒုတိယဥက္ကဋ္ဌ-၂ |
၄ | ဦးဘီးရိုနာ | အထွေထွေအတွင်းရေးမှူး |
၅ | ဦးကေသီမှိုမှို | တွဲဖက်အတွင်းရေးမှူး |
၆ | ကိုဓူဝံ | ကာကွယ်ရေးအတွင်းရေးမှူး |
၇ | ဒေါက်တာဘီလာခေး | စစ်ဦးစီးချုပ် |
၈ | အမည်မသိရသေး | ဒုတိယစစ်ဦးစီးချုပ် |
၉ | အမည်မသိရသေး | စစ်ဦးစီးအရာရှိချုပ် |
၁၀ | အမည်မသိရသေး | စစ်ရေးချုပ် |
၁၁ | အမည်မသိရသေး | စစ်ထောက်ချုပ် |
မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)ကို အရပ်သားကွပ်ကဲမှုအောက်တွင် ထားရှိသည်။ ကာကွယ်ရေးအတွင်းရေးမှူးသည် ရွေးကောက်ခံ အရပ်သားဖြစ်ပြီး MDF အရာရှိထဲမှ ရွေးချယ်ခံရပါက တပ်ဘက် ရာထူးတာဝန်နှင့် စစ်ယူနီဖောင်းဝတ်စုံကိုပါ ချန်ထားရသည်။
MDF ကို ဗဟိုစစ်ကွပ်ကဲရေးအဖွဲ့ – BCC အဖြစ် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
စဉ် | ရာထူး/ တာဝန် (MTC) | ရာထူး/တာဝန်(MDF) |
၁ | ဥက္ကဋ္ဌ | ကာကွယ်ရေး အတွင်းရေးမှူး (ညီလာခံမှ ရွေးကောက်) |
၂ | ဒုတိယဥက္ကဋ္ဌ | စစ်ဦးစီးချုပ် |
၃ | အဖွဲ့ဝင် | ဒုတိယစစ်ဦးစီးချုပ် |
၄ | အဖွဲ့ဝင် | စစ်ဦးစီးအရာရှိချုပ် |
၅ | အတွင်းရေးမှူး | စစ်ရေးချုပ် |
၆ | အဖွဲ့ဝင် | စစ်ထောက်ချုပ် |
မှတ်ချက် ။ ။ ကာကွယ်ရေးအတွင်းရေးမှူးသည် ဥက္ကဋ္ဌရာထူး၊ စစ်ဦးစီးချုပ်သည် ဒုတိယဥက္ကဋ္ဌ၊ စစ်ရေးချုပ်သည် အတွင်းရေးမှူးရာထူးတို့ကိုပါ ပူးတွဲတာဝန်ယူရမည်ဖြစ်သည်။ တတိယအကြိမ် မရာပြည်သူ့ညီလာခံတွင် အတည်ပြုခဲ့သော မရာပဋိညာဥ်အရ ရာထူးများထပ်မံအပြောင်းအလဲ ရှိနိုင်ပါသည်။
စုဖွဲ့မှု
‘ချင်းညီနောင် (CB)’ အဖွဲ့ဝင်ဖြစ်သည်။ CB ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ချင်းကာကွယ်ရေးတပ်(မင်းတပ်)(CDF-Mindat)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) (CDF- Kanpetlet)နှင့် ချင်းပြည်ကာကွယ်ရေးတပ် (မတူပီ) CDF- Matupi တပ်မဟာ-၁ တို့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းကာလအတွင်း MDF ၏ နိုင်ငံရေးနှင့် စစ်ရေးရပ်တည်ချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ပြီး မရာလူမျိုးတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဖြစ်သည်။
တပ်မဟာများ
တပ်ရင်း၊ တပ်မဟာများကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/profile.php?id=100075867370862