၁၉၆၂ အာဏာသိမ်းမှုနှင့် ရန်ကုန်အလွန် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခ အခင်းအကျင်းများအပေါ် သမာသမတ်ကျသည့် ချဉ်းကပ်မှု
Post By John Buchanan, On September 12, 2018
ဂျွန် ဗျူခန်နန် ၂
■ ၁။ နိဒါန်း
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့်အပြင် များပြားလှသော သီးခြားပဋိပက္ခများလည်း ရှိပေသည်။ ၃ သုတေသီများမှာ ပြည်တွင်းစစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းပေါင်း မြောက်မြားစွာ ရေးသားခဲ့ကြသော်လည်း ၎င်းတို့၏ လေ့လာသုတေသန ပြုမှုများတွင် မြန်မာနိုင်ငံအကြောင်းကို များစွာ လျစ်လျူရှုခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်အကြောင်းကို စာအုပ်ရေးသားရန် လျစ်လျူရှုထားခဲ့ခြင်းကြောင့် သက်ဆိုးရှည်လှသည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်အပေါ် အမြင်အမျိုးမျိုးကို အကဲဖြတ် ရှင်းလင်းပြနိုင်ရန်မှာ အရေးပါလှသည့် ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပါသည်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းမရှိသော တိုင်းပြည်များထက် ပို၍ ငြိမ်းချမ်းသာယာမှု ရှိပါသလားဟူသော မေးခွန်းတစ်ခုလည်း ပေါ်ပေါက်လာပြီး ယခုဆောင်းပါးမှာမူ ပြည်တွင်းစစ် ဖြစ်နိုင်ခြေရှိသည့် အုပ်ချုပ်ရေးစနစ်၏ အကျိုးသက်ရောက်မှုကို ရှင်းလင်းဖော်ပြရန် ရည်ရွယ်ပါသည်။ ပဋိပက္ခဆိုင်ရာ သုတေသီများ၏ လေ့လာ သုံးသပ်မှုများအရ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများမှာ အမိန့်ပေး အာဏာပြစနစ်ကို ကျင့်သုံးသည့်နိုင်ငံများထက် ပြည်တွင်းစစ်ပေါ်ပေါက်မှု နည်းပါးကြောင်း အခိုင်အမာ ပြောကြားခဲ့ကြပါသည်။ (Gleditsch, Hegre, & Strand, 2009; Zanger, 2000; Hegre, 2001; Muler & Tseede, 1990; Sambanis, 2001) ထို့အပြင် ကျင့်သုံးသည့် ဒီမိုကရေစီစနစ်ချင်း မတူညီကြသော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို လုပ်ဆောင်နေဆဲ တိုင်းပြည်များတွင် ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားတတ်ကြောင်း တွေ့ရသည်ဟုလည်း ထောက်ပြ ပြောဆိုခဲ့ကြပါသည်။ (Gleditsch, Hegre & Stand, 2009; Mansfiedl & Snyder, 2005) ထို့အပြင် အုပ်ချုပ်ရေးစနစ်ပုံစံများကို ဂရုပြု လေ့လာခြင်းမှာလည်း မြန်မာနိုင်ငံမှ လက်နက်ကိုင် ပုန်ကန်တပ်ဖွဲ့များ ပေါ်ပေါက်လာမှုနှင့် ပတ်သက် ဆက်နွယ်နေပါသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အမိန့်ပေးအာဏာပြစနစ် အလှည့်အပြောင်းတစ်ခုလည်း ပေါ်ပေါက်လာရာ ဒီမိုကရေစီစနစ် အဆုံးသတ်သွားပြီး အမိန့်ပေးအာဏာပြ စစ်အာဏာရှင်စနစ်၏ အစပြုမှုလည်းဖြစ်ကာ တစ်ခါတရံ လက်ရှိဖြစ်ပွားနေဆဲ မြန်မာနိုင်ငံမှ ပြည်တွင်းစစ်များနှင့်လည်း ပတ်သက် ဆက်နွယ်နေသည်ဟု သုတေသီများက ရှုမြင်သုံးသပ်ခဲ့ကြပါသည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပေါ် ယင်းကဲ့သို့ အကဲဖြတ်ခြင်းနှင့် အုပ်ချုပ်ရေးစနစ် ပြောင်းလဲမှုအပေါ် အကဲဖြတ်ခြင်းမှာ နားလည်မှုလွဲမှားခြင်းဟုပင် ဆိုချင်ပါသည်။ မြန်မာနိုင်ငံ၏ ကာလရှည်ကြာလှသော လက်နက်ကိုင်တော်လှန်မှုအချို့မှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမတိုင်မီနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟု ယူဆထားသည့် အချိန်ကာလ အပိုင်းအခြားကတည်းက ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်ပါသည်။ ယင်းတို့အနက်အချို့မှာ ကရင်၊ ရှမ်း၊ ကချင်နှင့် ကယားပြည်နယ်တို့မှ တိုင်းရင်းသားများ၏ လက်နက်ကိုင်ပုန်ကန်မှုများပင် ဖြစ်ကြပါသည်။
ယခုဆောင်းပါးမှာ အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ် အခင်းအကျင်းတို့၏ ဆက်နွယ်မှုများကို ရှင်းလင်းသုံးသပ်ရန်၊ ဒီမိုကရေစီစနစ် စီမံဆောင်ရွက်မှု ရုပ်လုံးပေါ်လာစေရေး ရှင်းလင်းဆွေးနွေးရန်နှင့် အစိုးရတစ်ရပ်သည် ဒီမိုကရေစီ ပိုဆန်လာခြင်း၊ သို့မဟုတ် အာဏာရှင် ပိုဆန်လာခြင်း ရှိ၊ မရှိတို့ကို စူးစမ်းလေ့လာ သုံးသပ်ပြရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိခဲ့သည်ဟု ယူဆထားသော ၁၉၆၂ ခုနှစ် စစ်အာဏာမသိမ်းမီ အချိန်ကာလ အပိုင်းအခြားမှ ပြည်တွင်းစစ် အခင်းအကျင်းအပေါ် လေ့လာသုံးသပ်ကြည့်ခြင်းလည်း ဖြစ်ပါသည်။ အဓိက အငြင်းပွားဖွယ်ရာ အချက်တစ်ချက်မှာ အုပ်ချုပ်ရေးစနစ်ပုံစံများကို ခွဲခြားသတ်မှတ်သည့် အချက်အလက်များပင် ဖြစ်ပြီး ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်ရာတွင်လည်း မပြည့်မစုံ ဖြစ်နေနိုင်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ် ဖြစ်ပွားနိုင်ချေတို့အကြားမှ အပြုသဘောဆောင်သည့် ဆက်နွယ်မှုမှာ ချဲ့ထွင်ဖော်ပြခြင်းမျိုးသာဖြစ်ကြောင်း ပြသရန်ဖြစ်ပြီး ပိုမိုတိကျသည့် အချက်အလက်များနှင့် အုပ်ချုပ်ရေးစနစ် ရုပ်လုံးပေါ်လာအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အရပ်ဘက် လူ့အဖွဲ့အစည်းဆိုင်ရာ ပဋိပက္ခအပေါ် လွှမ်းမိုးမှုများကို အကဲဖြတ်ရန် ပို၍အသုံးဝင်မည်ဟု အကြံပြုလိုပါသည်။
ဆောင်းပါး တစ်ပုဒ်တည်းဖြင့် မြန်မာနိုင်ငံမှ များမြောင်လှသည့် ပဋိပက္ခများ ဖြစ်ပွားစေသည့် ကျိုးကြောင်းရင်းမြစ်များကို ပြည့်စုံစွာ ဖော်ပြနိုင်မည် မဟုတ်ပါ။ ထိုအစား “ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားမှု နည်းပါးသည်”ဟူသော သုတေသီများ၏အဆိုကို ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ အခြေအနေကို သုံးသပ်ကြည့်ခြင်းအားဖြင့် အကဲဖြတ်ရန် ရည်ရွယ်ထားပါသည်။ ထို့အပြင် ယခုဆောင်းပါးဖြင့် ဒီမိုကရေစီ ရုပ်လုံးပေါ်လာအောင် စီမံဆောင်ရွက်ရာ၌ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို သတိပြုမိစေရန်လည်း ရည်ရွယ်ပါသည်။
ယခုဆောင်းပါးတွင် အပိုင်းလေးပိုင်း ပါဝင်ပြီး အပိုင်းတစ်ခုမှာ မြန်မာနိုင်ငံမှ ပဋိပက္ခကို သုတေသီများ၏ အမြင်အရ အုပ်ချုပ်ရေးစနစ်နှင့် ပြည်တွင်းစစ်တို့အကြောင်း ရေးသားထားသည့် စာအုပ်စာပေများအား ပြန်လည် ဆန်းစစ်ထားခြင်း ဖြစ်ပါသည်။ တတိယအပိုင်းတွင် လွတ်လပ်ရေးရပြီးခေတ် ဖြစ်သည့် ၁၉၄၈-၆၂ ကြားကာလ ရှမ်းပြည်နယ်မှ အတွေ့အကြုံကို ရုပ်လုံးဖော်ထားပြီး အုပ်ချုပ်ရေးစနစ်ပုံစံ၊ ပဋိပက္ခများ ပေါ်ပေါက်လာခြင်းနှင့် ဒီမိုကရေစီစနစ် ရုပ်လုံးပေါ်လာအောင် ဖော်ဆောင်ရာမှ ဂယက်ရိုက်ခတ်မှုများကို အကဲဖြတ်ထားပါသည်။ နောက်ဆုံးအပိုင်းမှာ အဓိက အငြင်းပွားမှုများနှင့် မြန်မာနိုင်ငံအပေါ် ယင်းတို့၏ ဂယက်ရိုက်ခတ်မှုများအား ဆန်းစစ် သုံးသပ်ထားခြင်း ဖြစ်ပါသည်။
■ ၂။ အုပ်ချုပ်ရေးစနစ် ပုံစံများနှင့် ပြည်တွင်းစစ် အခင်းအကျင်းများ
ပြည်တွင်းစစ် ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ များမြောင် ရှုပ်ထွေးလှပြီး ပြည်တွင်းစစ် ပုံစံများမှာလည်း အမျိုးမျိုးရှိပါသည်။ ပြည်တွင်းစစ် အမျိုးအစားများကို ပိုင်းခြားသတ်မှတ်ရန်မှာ အစိုးရအပေါ် စိန်ခေါ်နေသည့် လက်နက်ကိုင်အဖွဲ့များ၏ ရည်မှန်းချက်များကို ကြည့်ရှုလေ့လာရမည် ဖြစ်ပြီး ဗဟိုအစိုးရကို ထိန်းချုပ်လိုသည့် ရည်မှန်းချက်ရှိသော လက်နက်ကိုင် အဖွဲ့များနှင့်လည်း ပတ်သက်နေပါသည်။ နောက်ထပ် ထူးခြားသည့် သွင်ပြင်လက္ခဏာ တစ်ခုမှာ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လက်နက်ကိုင်အဖွဲ့များပင် ဖြစ်ပါသည်။ ၄ ဖြစ်ပွားနေသည့် စစ်ပွဲများအားလုံး တူညီမှုမရှိကြဘဲ ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားမှုထံ ဦးတည်သွားစေသည့် လမ်းကြောင်းအချို့လည်း ရှိနေပြန်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ၁၉၄၈ ခုနှစ် ကွန်မြူနစ်တို့၏ လက်နက်ကိုင် ပုန်ကုန်မှုမှာ ကွဲပြားခြားနားပြီး ထို့ကြောင့်ပင် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ပေါ်ပေါက်လာခဲ့သည့် တိုင်းရင်းသားများ၏ လက်နက်ကိုင် ပုန်ကန်မှုကို အရှိန်အဟုန် မြင့်မားစေခဲ့ပါသည်။ ထို့နည်းတူ ပြည်တွင်းစစ် အဆုံးသတ်စေမည့် နည်းလမ်းများမှာလည်း များမြောင်ထွေပြားပြီး ပါဝင်သည့် လုပ်ငန်းစဉ်များမှာလည်း ပြည်တွင်းစစ် ဖြစ်ပွားစေသည့် မူလ အကြောင်းရင်းခံများအလိုက် ကွဲပြားခြားနားနေပြန်ပါသည်။ ပြည်တွင်းစစ် သို့မဟုတ် တိုက်ခိုက်မှုများ အဆုံးသတ်သွားစေမည့် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများ အများအပြား ရှိပါသည်။ နည်းလမ်းတစ်ခုမှာ အစိုးရနှင့် ၎င်းကို စိန်ခေါ်နေသည့် လက်နက်ကိုင် အဖွဲ့များအကြား ကျေအေးပြေငြိမ်းမှု ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းခြင်း၊ သို့မဟုတ် အပစ်အခတ်ရပ်စဲခြင်း ပြုလုပ်နိုင်မည့် နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်ပြီး အခြားတစ်ခုမှာမူ စစ်ရေးနည်းလမ်းအရ တစ်ဖက်ဖက်မှ တစ်ဖက်ဖက်ကို အပြီးသတ်တိုက်ခိုက် အောင်ပွဲခံရန်ပင် ဖြစ်ပါသည်။
ဒီမိုကရေစီနှင့် ပြည်တွင်းစစ်အကြား ဆက်သွယ်မှုကို လေ့လာရာတွင် တိုင်းပြည်အချင်းချင်း ဖြစ်ပွားသည့် စစ်ပွဲများအပေါ် အစောပိုင်း လေ့လာ သုတေသနပြုမှုများမှ မြစ်ဖျားခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် တိုင်းပြည်အချင်းချင်း စစ်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိမှုကို ရှင်းပြရန် အားထုတ်ထားပါသည်။ သို့သော်လည်း သုတေသီများ၏ တစိတ်တဝမ်းတည်း သဘောတူညီမှုအရ မည်သည့်အုပ်ချုပ်မှု စနစ်မျိုးက ပြည်တွင်းစစ် ဖြစ်ပွားစေသည် ဟုလည်း တပ်အပ် မပြောနိုင်သေးပါ။ သို့သော်လည်း အမိန့်ပေး အာဏာပြစနစ်ကို ကျင့်သုံးသည့် အုပ်ချုပ်ရေးစနစ်မှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ထက် ပြည်တွင်းစစ်ကို ပိုမိုဖြစ်ပွားစေသည်ဟု သုတေသီများက အခိုင်အမာ ပြောဆိုခဲ့ကြပါသည်။ သာဓကအနေဖြင့် အားကောင်းသည့် ဒီမိုကရက်တစ် အင်စတီကျုးရှင်းများ မရှိခြင်းမှာလည်း နိုင်ငံရေးအရ အကြမ်းဖက်မှုအန္တရာယ်ကို တိုးပွားစေကြောင်း အာဖရိက ပြည်တွင်းစစ်ရေးရာ သုတေသီများက တွေ့ရှိခဲ့ကြပါသည်။ (Elbadawi & Sambanis, 2000)
ယင်းအဆိုနှင့် ပတ်သက်၍ ကွဲပြားသော ပုံသဏ္ဍာန်အမျိုးမျိုးလည်း ရှိပါသည်။ ၎င်းတို့အနက် ဒီမိုကရက်တစ် အင်စတီကျုးရှင်းများနှင့် လုပ်ငန်းစဉ်များမှာ ပေါ်ပေါက်လာရန် အလားအလာရှိသည့် ပဋိပက္ခများနှင့် ပတ်သက်၍ နှစ်သိမ့်ချွေးသိပ်ခံရမည့် အကျိုးသက်ရောက်မှုများ ရှိနိုင်ပြီး အားလုံး ပိုမိုပါဝင်လာနိုင်စေရန်နှင့် အပြန်အလှန် ဟန်ချက်ညီ ထိန်းကျောင်းမှုများလည်း လိုအပ်ပါသည်။ (Fearon, 2004, 288; Gurr, 1968) ဒီမိုကရက်တစ်နှုန်းစံ တန်ဖိုးများ၏ အခန်းကဏ္ဍဆိုင်ရာ အခြားသော ကွဲပြားခြားနားသည့် အချက်များမှာလည်း ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသို့ ဦးတည်သွားစေခဲ့ပါသည်။ (Maoz, Zeev & Bruce M Gsusett,1993; Doyle, 1986)
■ အုပ်ချုပ်ရေးစနစ်များကို သုံးသပ် အကဲဖြတ်ခြင်း
ပြည်တွင်းစစ် ဖြစ်ပွားစေသည့် အုပ်ချုပ်ရေးစနစ်၏ လွှမ်းမိုးမှုကို အကဲဖြတ်ရာ၌ သုတေသီများအားလုံး သဘောချင်း ကိုက်ညီသည့် ချဉ်းကပ်မှုတစ်ခုမှာ ပြီးပြည့်စုံသည့် အသေးစိတ် အချက်အလက်များကို အသုံးချသည့် econometric ပုံစံများကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ထိုပုံစံများကို အသုံးပြုပြီး နောက်ကြောင်းပြန် ခွဲခြမ်းစိတ်ဖြာသည့် နည်းစနစ်များဖြင့် မည်သည့် အချက်အလက်များက ပြည်တွင်းစစ်နှင့် ဆက်စပ်နေသည် ဆိုခြင်းကို ခွဲခြား သတ်မှတ်ခြင်းလည်း ဖြစ်ပါသည်။
သုတေသီများသည် အုပ်ချုပ်ရေးစနစ် ပုံစံတစ်ခု၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန် တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်မှုပုံစံကို နှစ်စဉ်နှစ်တိုင်း ဆန်းစစ် အကဲဖြတ်ပေးသည့် အခြားသုတေသီများ၏ အချက်အလက်များကို အခြေခံပြီး ဇယားရေးဆွဲကြပါသည်။ ထို့ပြင် ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားနိုင်သည့် ဖြစ်တန်စွမ်းမှာ ဒီမိုကရေစီစနစ်၊ သို့မဟုတ် သက်ဦးဆံပိုင် အုပ်ချုပ်ရေးစနစ် မည်သည့် စနစ်အောက်တွင် ပိုများကြောင်းကိုလည်း ရေတွက်တိုင်းတာ ခွဲခြမ်း စိတ်ဖြာ အကဲဖြတ်ထားသည့် အချက်အလက်များအပေါ် အခြေခံရန် အရေးပါကြောင်း သတိပြုရပါမည်။ ထို့ကြောင့် econometric ပုံစံ၏ ခန့်မှန်းချက်များနှင့် ကွဲလွဲမှုများ ရှိသည့် ချွင်းချက် သို့မဟုတ် စီစဉ်လျာထားချက်များလည်း ရှိလာနိုင်ပါသည်။
ကိန်းဂဏန်း အချက်အလက်များမှာ တိုင်းပြည်အသီးသီးတွင် ကျင့်သုံးနေသည့် အုပ်ချုပ်ရေးစနစ် ပုံစံများပေါ် မူတည်၍ ကွဲပြားခြားနား နေနိုင်ပါသည်။ Polity IV ပရောဂျက်မှာ အပြည့်စုံဆုံးနှင့် ပညာရပ်ဆိုင်ရာ သုတေသနပြုမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့် အချက်အလက်များပင် ဖြစ်ပါသည်။ ၅ Polity IV ပရောဂျက်မှ ထုတ်ပြန်သည့် အချက်အလက်တစ်ခုမှာ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာနှင့် အသွင်ကူးပြောင်းရေး ကာလများအကြောင်းပင် ဖြစ်ပြီး ၁၈၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာများကို သုတေသီများက တပေါင်းတစည်းတည်း စာတန်းပြုစုထား ခြင်းဖြစ်ရာ နှိုင်းယှဉ်လေ့လာခြင်းနှင့် အရေအတွက်အရ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရန် ရည်ရွယ်ပါသည်။ အုပ်ချုပ်မှုစနစ် ပုံစံတစ်ရပ်ကို အကဲဖြတ်မှုမှာ အောက်ပါ အချက်လေးချက်အပေါ် အခြေခံပါသည်။ ယင်းတို့မှာ-
(၁) နိုင်ငံရေးအရ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းကို နှိုင်းယှဉ်မှု
(၂) ဆက်ခံမည့် ခေါင်းဆောင်သစ် မွေးထုတ်နိုင်ခြင်းကို နှိုင်းယှဉ်မှု
(၃) ဆက်ခံမည့် ခေါင်းဆောင်သစ် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု
(၄) ခေါင်းဆောင် အကြီးအကဲအတွက် ကန့်သတ်ပိတ်ပင် တားဆီးမှုများ စသည်တို့ ဖြစ်ကြပါသည်။
ထိုအချက်များကို အသုံးပြု၍ တစ်ခုတည်းသော သက်ဦးဆံပိုင် စနစ်မှသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံများအထိ အဆင့်ရွေးချယ် သတ်မှတ်ထားပြီး အနှုတ် -၁၀ (အစဉ်အဆက် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ကျင့်သုံးသောနိုင်ငံများ) မှသည် အပေါင်း +၁၀ (ဒီမိုကရေစီစနစ် ခိုင်မာအမြစ်တွယ်ပြီးသော နိုင်ငံများ)အထိ အမှတ်ပေး အကဲဖြတ်သွားပါသည်။ (Marshal & Jagers, 2007)
■ ဇယား(၁) Polity IV ၆
Polity IV ပရောဂျက်၏ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မှုစနစ်များ၏ သွင်ပြင်လက္ခဏာနှင့် အသွင်ကူးပြောင်းရေးကာလများ ဇယားတွင် (-၁၀ မှ +၁၀) အထိ သတ်မှတ်ထားသည့် သက်ဦးဆံပိုင်-ဒီမိုကရေစီ အတိုင်းအတာ စကေး၌ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်းရှိ မြန်မာနိုင်ငံ၏အဆင့်မှာ လွန်စွာမြင့်မားခဲ့ပြီး +၈ အထိပင် ရရှိခဲ့ပါသည်။ (ဇယား ၁ တွင်ကြည့်ပါ) ၁၉၆၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အဆင့်လျော့ကျသွားပြီး -၆ နှင့် -၈ ကြားထဲတွင်သာ ရှိနေခဲ့ပါသည်။ ထိုဇယားအရ အဆင့် စတင်လျော့ကျလာသည့်အချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု အပြီးတွင်ဖြစ်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်လာချိန်တွင် အဆင့် ပြန်လည် မြင့်တက်လာခဲ့ပါသည်။
အုပ်ချုပ်ရေးစနစ် ပုံစံများကို အကဲဖြတ်ရာ၌ ကျိုးကြောင်းညီညွတ် ခိုင်လုံပြီး တရားနည်းလမ်း မကျမှုများ ပေါ်ပေါက်လာနိုင်သည် ဟူသော သုတေသီတချို့၏ ယူဆချက်များလည်း ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၎င်းတို့၏ ယူဆချက်မှာ အုပ်ချုပ်ရေးစနစ် ပုံစံတစ်ခု၏ ဒိုင်းနမစ် အယူအဆများကို ဘက်တစ်ဖက်တည်းမှ ချဉ်းကပ်အကဲဖြတ် သတ်မှတ်ခြင်းအားဖြင့် အုပ်ချုပ်ရေးစနစ် တစ်ခု၏ အရေးပါသည့် ထူးခြားသော ကြန်အင်လက္ခဏာများ ပျောက်ဆုံးသွားနိုင်သည့် အန္တရာယ်လည်း ရှိနေနိုင်သည်ဟူသောအချက် ဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံပညာရှင် (Carothers, 1999) က “ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် မည်သည့် တိုင်းပြည်တွင်မဆို အသေးငယ်ဆုံး အစိတ်အပိုင်းများအထိ သေသပ်တိကျစွာ ကျဆုံး ရပ်ဆိုင်းသွားရန် မဖြစ်နိုင်ပါ။ ဤကဲ့သို့ သတင်းအချက်အလက် အနည်းငယ်ကိုသာ ဆုံးဖြတ်ရမည့် စံနှုန်းမှတ်ကျောက်အဖြစ် သတ်မှတ်ပြီး နိုင်ငံရေးအရ အဆက်အစပ်များကို ကျေကျေညက်ညက် နားလည် သဘောပေါက်မှု၊ နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံခြင်းမရှိပါက အပရိက အပေါ်ယံမျှသာ ဖြစ်လာနိုင်ပြီး အန္တရာယ်များလှသည့် ရလဒ်များသာ ထွက်ပေါ်လာနိုင်ပေမည်”ဟု အခိုင်အမာ ဆိုခဲ့ပါသည်။ (Carothers, p. 291)
သာဓက အနေဖြင့် Polity IV ၏ အချက်အလက်များ (Marshal & Jagers, 2007) တွင် “ဗဟိုအစိုးရ အာဏာပိုင်မှုအရ နယ်မြေဒေသဆိုင်ရာ လွှမ်းခြုံနိုင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ” မပါဝင်ပါ။ (p. 2) တစ်နည်းပြောရမည်ဆိုပါက အစိုးရ အာဏာပိုင်များက နယ်မြေဒေသအလိုက် ချမှတ် ကျင့်သုံးနေသည့် မူဝါဒ အပြောင်းအလဲများကို လုံလောက်စွာ အာရုံစူးစိုက်ထားခြင်း မရှိပါ။ သုတေသီများ အားထုတ် ကြိုးပမ်းထားသည့် အခြားအယူအဆ တစ်ခုမှာလည်း Polity IVအနေဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များ၏ အစိတ်အပိုင်းတစ်ရပ်ဟု ယူဆထားသော တိုင်းသူပြည်သားများ၏ လွတ်လပ်မှုအပေါ် အုပ်ချုပ်ရေးစနစ်တစ်ရပ်က မည်ကဲ့သို့ အထောက်အပံ့ ပေးနိုင်သည်ဟု တိတိကျကျ အကဲဖြတ် သုံးသပ်နိုင်ခဲ့ခြင်း မရှိပါ။ (Marshal and Jagers, 2007, p. 13)
မြန်မာနိုင်ငံ၏ နိုင်ငံရေး ရာဇဝင်ကို အချိန်ကာလ ပိုင်းခြားသတ်မှတ်ခြင်းအားဖြင့် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမှာ အုပ်ချုပ်ရေးစနစ်ပုံစံ တစ်မျိုးပြောင်းလဲခြင်း ဖြစ်သည်ဟူသည့် အလားတူအမြင်မျိုး ရရှိနိုင်ပါသည်။ ၇ ၁၉၆၂ ခုနှစ်၊ မတ် ၂ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာပြီးနောက် ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးကောက် တင်မြှောက်ထားသည့် ဝန်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ကို ဖယ်ရှားလိုက်ပြီး တော်လှန်ရေးကောင်စီဟု ခေါ်သည့် စစ်တပ်မှ အရာရှိများပါဝင်သော အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ အာဏာသိမ်း စစ်အစိုးရအနေဖြင့် အရေးပါ အရာရောက်သည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့ရာ ဒီမိုကရက်တစ် အင်စတီကျုးရှင်းများကိုလည်း တစတစ စနစ်တကျ ဖျက်သိမ်းခဲ့သည့်ဖြစ်ရပ် ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံသည်လည်း အထီးကျန်မှုနှင့် စီးပွားရေးကျဆင်းမှုများ တိုးပွားလာခဲ့ရပါသည်။ သုတေသီများက ထိုဖြစ်ရပ်ကို အကွဲအအက် လမ်းခွဲတစ်ခုအဖြစ် မကြာခဏ ဖော်ပြကြပြီး ပါလီမန် ဒီမိုကရေစီစနစ် အဆုံးသတ်သွားကာ စစ်တပ်လက်အောက်၌ အမိန့်ပေး အာဏာပြအုပ်ချုပ်မှု စတင်လာခြင်းလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးခေတ် နိုင်ငံရေးရာဇဝင်အရ ကွဲပြားခြားနားသည့် အချိန်ကာလ အပိုင်းအခြားများလည်း ရှိသည့်အတွက် ပဋိပက္ခများ ပျံ့နှံ့ဖြစ်ပွားစေသည့် အုပ်ချုပ်ရေးစနစ် တစ်ခု၏ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ရန် မရည်ရွယ်ထားပါ။ သို့သော်လည်း ၁၉၆၂ ခုနှစ်မှ ဗဟိုအစိုးရ ဖွဲ့စည်းပုံများကို အာရုံစူးစိုက် လေ့လာခြင်းအားဖြင့် ထင်ရှားသော အပြောင်းအလဲများအား အလေးအနက် သုံးသပ်ထားခြင်းမျိုးကို Polity IV တွင် တွေ့ မြင်ရပါသည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပေါ် အာရုံစူးစိုက် လေ့လာခြင်းမှာလည်း ရှုပ်ထွေးလှသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးရာဇဝင်ကို ခွဲခြမ်းစိပ်ဖြာ သုံးသပ်ရာ၌ အသုံးဝင်လှပါသည်။ သို့သော်လည်း ထိုသို့ ချဉ်းကပ်ခြင်းမျိုးမှာ မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ဖြစ်ပွားနေသော နိုင်ငံရေးအပြောင်းအလဲ အမျိုးမျိုးအပေါ် အမြင်မှုန်ဝါးသွားစေနိုင်ပြီး ပြည်တွင်းစစ်များ မည်သည့်အချိန်၊ မည်သည့်နေရာမှ စတင်ပေါ်ပေါက်လာသည် ဆိုခြင်းကို အကဲဖြတ်ရာတွင် ယေဘုယျကျသည့် မူဘောင်တစ်ခု ရရှိစေနိုင်ပါသည်။ နောက်ဆက်တွဲ အနေဖြင့် ပြောရမည်ဆိုပါက မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်များကို ပဲ့ကိုင်နေသူများမှာ ၁၉၆၂ နောက်ပိုင်း စစ်အာဏာရှင်စနစ်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်ပုန်ကန်တပ်ဖွဲ့များမှာ ၁၉၆၂ ခုနှစ် မတိုင်မီကတည်းက ပေါ်ပေါက်နေခြင်း ဖြစ်ပြီး ဒီမိုကရေစီခေတ်ဟု ယူဆထားသည့် အချိန်ကတည်းက ဖြစ်ပွားနေခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ၈ ယင်းတို့အနက် ကရင်လက်နက်ကိုင် အဖွဲ့များ၏ ပုန်ကန်မှုမှာ ၁၉၄၈ ခုနှစ် ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) မှာ ၁၉၆၁ ခုနှစ်နှင့် ရှမ်းတို့၏ လက်နက်ကိုင်ပုန်ကန်မှုမှာ ၁၉၅၉ ခုနှစ်ကတည်းက အသီးသီး စတင်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။
■ ၃။ အုပ်ချုပ်ရေး ပုံစံများနှင့် ပဋိပက္ခများ၏ ဆက်စပ်မှုကို သမာသမတ်ကျစွာ ချဉ်းကပ်ကြည့်ခြင်း
■ ရှမ်းပြည်နယ်(၁၉၄၈-၁၉၆၂)
လွတ်လပ်ရေးရပြီး အစောပိုင်းကာလမှ ရှမ်းပြည်နယ်ကို လေ့လာရာတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ပြည်တွင်းစစ် ဖြစ်ပွားမှုများ ပို၍ လျော့နည်းသွားသလား ဆိုခြင်းကို အကဲဖြတ် သုံးသပ်ရန်နှင့် တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်ရေးစနစ်ကို အကဲဖြတ်ရာတွင် ယေဘုယျအားဖြင့် အသုံးပြုနေသည့် နှုန်းစံတန်ဖိုးများမှာ သင့်တော်မှု ရှိ၊ မရှိ ဆိုသည်ကို ဆန်းစစ်ရန် ကြိုးပမ်းထားပါသည်။ ယခုဆောင်းပါး၏ အာဘော်ကို ရန်ကုန်ဗဟိုအစိုးရ ကွက်ကွက်ကလေးထက် ကျော်လွန် သုံးသပ်ထားပြီး နိုင်ငံဗဟိုပြု ခွဲခြမ်းစိတ်ဖြာမှုများတွင် တွေ့ရတတ်သည့် ဗဟိုအစိုးရ အဖွဲ့အစည်းများ၏ အပြောင်းအလဲများကို အလေးအနက် ထားပါသည်။ ထို့ကြောင့် ယခုဆောင်းပါး၌ သမာသမတ်ကျသည့် ချဉ်းကပ်မှုမျိုးကို အသုံးပြုထားပြီး ပြည်တွင်း အခြေအနေများ၊ ပြည်တွင်းမှ အစိုးရအုပ်ချုပ်မှုများ၏ အပြောင်းအလဲအပေါ် အကဲဖြတ်မှုများကိုလည်း အသားပေး ရေးသားထားပါသည်။
၁၉၅၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တန့်ယန်းမြို့ကို တိုက်ခိုက်မှုမှာ ရှမ်းတိုင်းရင်းသားတို့၏ ခုခံတော်လှန်ရေး လှုပ်ရှားမှု စတင်ခြင်းပင်ဖြစ်ပြီး လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပွားနေသည့် တိုင်းရင်းသားရေးရာ ပဋိပက္ခလည်း ဖြစ်ပါသည်။ ၉ ထိုတိုက်ပွဲအပြီးတွင် အမျိုးမျိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပြိုင်းအရိုင်း ပေါ်ထွက်လာကာ အစိုးရကို ဆန့်ကျင်တော်လှန်ကြပြီးနောက် ရှမ်းတိုင်းရင်းသားများ ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် တဖြည်းဖြည်း ပေါင်းစည်းဆက်စပ် သွားခဲ့ကြပါသည်။ ထိုအထဲတွင် နွံစစ်ဟန်၊ ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော် (SIA)၊ ရှမ်းအမျိုးသားတပ်မတော် (SNA) နှင့် ညီညွတ်သော ရှမ်းအမျိုးသားများတပ်ဦး (SNFU) တို့လည်း ပါဝင်ခဲ့ကြပါသည်။ ၁၀ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ် အစောပိုင်းမှစ၍ ရှမ်းပြည်နယ်၌ တိုက်ခိုက်မှုများ စတင်ပေါ်ပေါက်လာရာ ဗမာ့တပ်မတော် အနေဖြင့် ပြည်တွင်းသာမက ပြည်ပ လက်နက်ကိုင်အဖွဲ့များနှင့်ပါ ထိတွေ့မှုများ ရှိလာခဲ့ပါသည်။ ၁၉၅၈ ခုနှစ်၌ ရှမ်းပြည်နယ်မှ ပဋိပက္ခအများစု တည်ငြိမ်သွားရာ အစောပိုင်း လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုများလည်း အားနည်းသွားရာ ယင်းမှာလည်း ဝန်ကြီးချုပ်ဦးနု၏ “Arms for Democracy” အစီအစဉ်အရ လက်နက်ကိုင် ပုန်ကန်သူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့်အတွက် လက်နက်ကိုင် ပုန်ကန်တပ်ဖွဲ့ဝင်များ လက်နက်စွန့်ပြီး သာမာန်အရပ်သားများ ဖြစ်သွားခဲ့ ကြသည့် အကျိုးရလဒ်ပင် ဖြစ်ပါသည်။ (Smith, 1999, p. 167-169)
တန့်ယန်းတိုက်ပွဲမှာ ခုခံတော်လှန်မှု အဆင့်သစ်တစ်ဆင့် စတင်မှုအဖြစ် ထင်ရှားပြီး လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း “တိုင်းရင်းသားရေးသည်သာ အမျိုးသားရေး”ဟူသော ရည်မှန်းချက် လမ်းကြောင်းများအတိုင်း လိုက်ပါ ဆောင်ရွက်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်အနေဖြင့် ၁၉၅၉ မတိုင်မီ ကတည်းက အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ရှမ်းတိုင်းရင်းသားများအပေါ် အပြင်းအထန် ရိုက်ခတ်မှုများရှိခဲ့ရာ ရှမ်းလူမျိုးများအကြားတွင်လည်း နစ်နာမှုများ ပေါ်ပေါက်လာခဲ့ပါသည်။ နစ်နာမှုတစ်ခုမှာ ရှမ်းပြည်နယ်တွင် စစ်ဝါဒလွှမ်းမိုးမှု တိုးမြင့်လာခြင်းပင်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များသည်လည်း ရှမ်းပြည်နယ်ရှိ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်သည့် အခန်းကဏ္ဍများ တိုးပွားလာခဲ့ပါသည်။
၁၉၄၈ ခုနှစ် နှောင်းပိုင်းတွင် မြန်မာတစ်ပြည်လုံးအနှံ့ လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ရှမ်းပြည်နယ်တွင်လည်း တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာပြီး ပြည်တွင်းမှာသာမက ပြည်ပလက်နက်ကိုင် အဖွဲ့များပင် ပါဝင်လာခဲ့ပါသည်။ ပြည်တွင်းမှ လက်နက်ကိုင်အဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့၊ လက်ဝဲဝါဒီများ၏ ရည်မှန်းချက်များအတိုင်း လိုက်နာကျင့်သုံးသည့် သက်တမ်း မရှည်ကြာလိုက်သော ရှမ်းပြည်ကွန်မြူနစ်ပါတီတို့ပင် ဖြစ်ကြပါသည်။ ကရင်အမျိုးသားကာကွယ်ရေးအစည်းအရုံး (KNDO)၊ ကချင်တို့၏ ပန်ကွမ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNFD)နှင့် ပအိုဝ်းသမဂ္ဂ (POU) တို့သည်လည်း ရှမ်းပြည်နယ်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင် အဖွဲ့များဖြစ်ကြပြီး “တိုင်းရင်းသားရေးသည်သာ အမျိုးသားရေး”ဟူသော နိုင်ငံရေးသံန္နိဋ္ဌာန်များကို ရှေ့တန်းတင်ပြီး လှုပ်ရှားခဲ့ကြပါသည်။ ထို့အပြင် ၁၉၄၉ ခုနှစ်၌ ချန်ကေရှိတ်၏ စစ်ရှုံး ကူမင်တန်တပ်များသည်လည်း တရုတ်ပြည်ကို ဖြတ်ကျော်၍ ရှမ်းပြည်နယ်ထဲသို့ ဝင်ရောက် လာခဲ့ကြပြန်ပါသည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ ကူမင်တန်တပ်များ တဖြည်းဖြည်း စိမ့်ဝင်လာခဲ့ရာ ၁၉၅၀ ပြည့်နှစ် အလယ်ပိုင်း၌ ရှမ်းပြည်နယ်ရှိ ကူမင်တန်တပ်ဖွဲ့ဝင် အင်အားမှာ ၁၂၀၀၀ ခန့်အထိ ရှိလာခဲ့ပါသည်။
ဤသို့ဖြင့် နိုင်ငံတော်လုံခြုံရေးကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာရသောအခါ တပ်မတော်မှ တပ်မှူးကြီးများသည် ရှမ်းပြည်နယ်သို့ လက်နက်ကိုင်တပ်ဖွဲ့များ စေလွှတ်ဖြန့်ကျက် ချထားခဲ့လေသည်။ ထို့အပြင် ရှမ်းပြည်နယ်တွင် တာဝန်ကျနေသည့် တပ်ဖွဲ့များအနေဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ဥပဒေကဲ့သို့ အာဏာတည်သော လုပ်ပိုင်ခွင့်များကိုလည်း တိုးမြှင့် ရရှိလာခဲ့ကြလေသည်။ ထို့နောက် ၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အတွင်း အစိုးရက ရှမ်းပြည်နယ်ရှိ ခရိုင်ပေါင်း ၃၃ ခုအနက် ၂၂ ခုကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး တိုက်ပွဲများနှင့် ပတ်သက်၍ စွဲချက်တင်နိုင်ရန် ဥပဒေကဲ့သို့ အာဏာတည်သော လုပ်ပိုင်ခွင့်များကိုလည်း အပ်နှင်းခဲ့ပြန်ပါသည်။ ယင်းမှာ အရပ်ဘက် တရားရုံးများ၏ တရားစီရင်ခွင့်ကို ဆိုင်းငံ့ထားပြီး တပ်မတော်မှ အရာရှိများ၏ အုပ်ချုပ်မှုနှင့် မိတ်ဆက်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည်။၁၁ မာရှယ်လော သက်တမ်း ကုန်ဆုံးသည့်အခါတွင်လည်း တပ်မတော်မှ အရာရှိများမှာ ပုန်ကန်သူများကို ထောက်ပံ့ကူညီပေးသည်ဟု သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းပိုင်ခွင့်များကိုလည်း ရရှိခဲ့ပါသည်။ ၁၂
အခြားသော အရေးပါ အရာရောက်သည့် အပြောင်းအလဲများမှာလည်း ထိုအချိန်ကာလ အပိုင်းအခြားအတွင်း ဖြစ်ပွားခဲ့ပါသည်။ ယင်းတို့အနက် တစ်ခုမှာ ဗဟိုအစိုးရအဆင့် နိုင်ငံရေးစနစ်တွင်လည်း ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဟုတ်ဘဲ တရားဥပဒေနှင့် မညီသည့် စစ်အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၅၈ ခုနှစ်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ကြိုးကိုင် ချယ်လှယ်ပြီး ဝန်ကြီးချုပ်ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာလွှဲပြောင်း ရယူခဲ့ရာ အိမ်စောင့်အစိုးရအဖြစ် လူသိများခဲ့ပါသည်။ နှစ်နှစ်ခန့် ကြာပြီးနောက် အိမ်စောင့်အစိုးရမှ ရွေးကောက်ပွဲများ ကျင်းပပေးခဲ့ရာ ဦးနု ဦးဆောင်သည့် အရပ်သားအစိုးရအဖွဲ့မှ အာဏာပြန်လည် ရယူနိုင်ခဲ့ပါသည်။ နောက်ထပ် အပြောင်းအလဲတစ်ခုမှာ ပြည်တွင်းရှိ အထွေထွေအုပ်ချုပ် စီမံခန့်ခွဲရေးစနစ်အတွက် အဓိက အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ရှမ်းပြည်နယ်ရှိ အစဉ်အလာအရ ပဒေသရာဇ် ခေါင်းဆောင်များဟု ဆိုနိုင်သည့် ရှမ်းစော်ဘွားများပိုင်နယ်မြေ ၃၃ နယ်မှာ ယခင်က ရှမ်းစော်ဘွားများ ကိုယ်ပိုင်စီမံခန့်ခွဲ အုပ်ချုပ်ပိုင်ခွင့်ရှိသော နယ်မြေများ ဖြစ်ကြပါသည်။ ၁၉၅၉ ခုနှစ် အစောပိုင်းတွင်မူ စော်ဘွားများ အာဏာ စွန့်လွှတ်လိုက်ရပြီး ရှမ်းပြည်နယ်အတွင်းမှ စော်ဘွားပိုင်နယ်များ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကိုလည်း အစိုးရထံ လွှဲပြောင်းပေးခဲ့ရပါသည်။ သို့ရာတွင် စော်ဘွားများ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကို အစားထိုးရန် ထိရောက်သော အထွေထွေအုပ်ချုပ် စီမံခန့်ခွဲမှုစနစ် တစ်ရပ်ဖြင့် အောင်အောင်မြင်မြင် ပြန်လည် အစားထိုးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ရှမ်းလူမျိုးအတွက် နစ်နာမှုများ ပေါ်ပေါက်လာစေသည့် ရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပြန်ပါသည်။
၁၉၆၂ ခုနှစ် မတိုင်မီ အချိန်ကာလအတွင်းကလည်း ကူမင်တန် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုဒေသများတွင် မှီတင်း နေထိုင်နေသူများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်မှုများ တိုးပွားလာခဲ့ပါသည်။ ဒေသခံများ၏ ပစ္စည်းဥစ္စာများကို သိမ်းယူခြင်း၊ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများလည်း ပေါ်ပေါက်လာခဲ့ပြီး ကူမင်တန် တပ်သားများက အရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်းများ ရှိသည်ဟု အချို့စာအုပ်များထဲတွင် ညွှန်းဆို ဖော်ပြခဲ့ကြပါသည်။ (Government of Burma, 1953; Maung Maung, 1953) သို့သော်လည်း တပ်မတော်မှ အချို့တပ်ဖွဲ့များကလည်း အရပ်သားများကို ညှင်းပန်း နှိပ်စက်ခဲ့သည်ဟု စာအုပ်အချို့က ဆိုပါသည်။ (Ba Tsin Thann, n.d., p. 175; Yawnghwe, 2010, p. 105)
နိုင်ငံရေးနှင့် ပတ်သက်သည့် အခြားအကြောင်းချင်းရာ တစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပင် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၀) တွင် ရှမ်းနှင့်ကယား နှစ်ပြည်နယ်လုံးသည် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်ပြီး ခွဲထွက်ပိုင်ခွင့် ရှိသည်ဟူသောအချက် ပါဝင်ပါသည်။ အဆိုပါ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်မှာ အချို့သော အစိုးရအဖွဲ့ဝင်များကြောင့် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟူသော အမြင်များ တိုးပွားလာခြင်းကြောင့် တပ်မတော်၏ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု ပြုလုပ်ခြင်းမှာ မှန်ကန်သည်ဟု ဆိုနိုင်သော အချက်တစ်ချက် ဖြစ်လာခဲ့ပါသည်။ (Taylor, 2015: p. 255-6)
၁၉၅၉ ခုနှစ် ရှမ်းပြည်နယ်၌ ခုခံတော်လှန်မှုများ ပျံ့နှံ့ဖြစ်ပွားစေခဲ့သည့် အကြောင်းအရာများမှာ ရှုပ်ထွေးလှသည်ဖြစ်ရာ ယခုဆောင်းပါး တစ်ပုဒ်တည်းဖြင့် ပြည့်စုံအောင် ဖော်ပြနိုင်မည် မဟုတ်ပါ။ ၁၉၆၂ ခုနှစ် မတိုင်မီက နိုင်ငံရေးစနစ်မှာလည်း တိုင်းရင်းသားများ၏ နစ်နာမှုများနှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသားရေးရာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ခဲ့ပါ။ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ နစ်နာမှုများအနက် ထင်ရှားသော အကြောင်းအချက်များအနက် တစ်ခုမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ နိုင်ငံရေးအရ စီစဉ်မှုပင် ဖြစ်ပါသည်။ ယင်းမှာ နိုင်ငံရေးစနစ်သစ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လုံလောက်စွာ မရရှိဟု ရှမ်းပြည်နယ်သားများက ခံစားနေခဲ့ရပါသည်။ ထို့အပြင် တပ်မတော်က ဒေသခံများကို ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကလည်း အစိုးရအပေါ် ဆန့်ကျင်စေရန် မကျေနပ်မှုများကို ဖန်တီးပေးခဲ့ပါသည်။ သာဓက အနေဖြင့် ၁၉၅၅ ခုနှစ် ကူမင်တန်များကို တိုက်ခိုက်ခဲ့သည့် ရန်ကြီးအောင် စစ်ဆင်ရေးအတွင်းက အရပ်သားများကို လူသစ် စုဆောင်းခဲ့ခြင်းကလည်း ရှမ်းပြည်နယ်မှ လက်နက်ကိုင် ပုန်ကန်မှုများ ပေါ်ပေါက်စေခဲ့သည့် အချက်တစ်ချက် ဖြစ်သည်ဟု ကယားပြည်နယ် ဝန်ကြီးဟောင်း စဝ်၀ဏ္ဏက မှတ်ချက်ပြု ပြောဆိုခဲ့ဖူးပါသည်။ ၁၃
ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အခြားဒေသများတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တို့မှာ အကြောင်းချင်းရာများ ကွဲပြားခြားနားပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ် သက်ရောက်မှု ရှိပါသလား။ ထို့ပြင် အဆိုပါ ကိစ္စများမှာ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် ပြည်တွင်းစစ်ဖြစ်ပွားမှု နည်းပါးသည်ဟူသော အဆိုပြုချက်အတွက် ချွင်းချက်ဖြစ်သည့် သာဓကများ ဖြစ်ပါသလား။ သို့မဟုတ် ထိုအချက်အလက်များမှာ ဒီမိုကရေစီစနစ် မပြည့်မစုံ ဖြစ်နေသေးခြင်း၊ (ဝါ) အခြားသော သုတေသီများက အကြံပြုထားသည့်အတိုင်း အတိအကျ ဖြစ်ပေါ်မလာခြင်းမျိုး ဖြစ်ပါသလား။ ကြားဝင် ဖြန်ဖြေပေးနိုင်သည့် အခြားအချက်များ၊ သို့မဟုတ် တင်းမာမှု လျော့ကျသွားစေနိုင်မည့် အခြေအနေများ ရှိပါသေးသလား။
အထက်ပါ မေးခွန်းများ၏ အဖြေများမှာ အုပ်ချုပ်ရေးစနစ် ပုံစံများကို အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခြင်းနှင့်လည်း သက်ဆိုင်နေပါသည်။ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အုပ်ချုပ်ရေးစနစ် ပုံစံများအတွက် သင့်တော်သည့် စီမံဆောင်ရွက်မှု များမှာလည်း ပညာရှင်၊ သုတေသီများအကြားတွင်ပင် အငြင်းပွားမှုများ ရှိနေခဲ့ပါသည်။ (Hösgtröm, 2013; Cheibub, Przeworski, Limongi, & Alvarez, 1996)
ဒီမိုကရေစီစနစ်တွင် ပြည်တွင်းစစ်များ လျော့နည်းသွားသည်ဟု သုတေသီများက Polity IV တွင် ဖော်ပြထားသည့်အတိုင်း ဆိုလျှင် ဒီမိုကရေစီခေတ်ဟု သတ်မှတ်ထားသည့် လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ချွင်းချက်တစ်ခု ဖြစ်သည်ဟု ဆိုရပေမည်။ ၁၉၅၈ ခုနှစ် မတိုင်မီက ဦးနုအစိုးရ ကမ်းလှမ်းခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအရ အဖြေရှာရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ မျှော်လင့်ချက်များမှာလည်း အပြောင်းအလဲမရှိဘဲ တသမတ်တည်းသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုကာလ အတောအတွင်း အစိုးရ၏ အင်စတီကျုးရှင်းများမှာလည်း လက်ခံနိုင်ဖွယ် မရှိသည့် အငြင်းပွားဖွယ် နိုင်ငံရေးကိစ္စရပ်များကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ပါ။ ထို့အပြင် အစိုးရအဖွဲ့ တာဝန်ရှိသူများအနေဖြင့် လက်တွေ့ကျကျ ထိတွေ့အဖြေရှာရန် ကြိုးပမ်းခဲ့ပြန်သော်လည်း မတည်ငြိမ်မှုများသာ ဖြစ်ပေါ်လာပြီး တိုင်းရင်းသား လူမျိုးတချို့အတွက် နစ်နာမှုများ ဖြစ်ခဲ့ရပါသည်။ ရှမ်းပြည်နယ်တွင်လည်း တပ်မတော်၏ ပုန်ကန်မှုနှိမ်နင်းရေးဆိုင်ရာ စွဲချက်တင် အရေးယူမှုများနှင့် ကူမင်တန်များကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အတွက်လည်း အစိုးရဆန့်ကျင်ရေး မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားတို့၏ နစ်နာချက်များကို ဖြေရှင်းရန် လုပ်ထုံးလုပ်နည်း၊ နည်းလမ်းများ ရှိသည်ဟု ထင်မြင်ရသော်လည်း ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အခြားဒေသများ၌ ပြည်တွင်းစစ် ပျံ့နှံ့ဖြစ်ပွားခြင်းကို ထိရောက်စွာ မကာကွယ်နိုင်ခဲ့ပါ။ ထိုကဲ့သို့သာ ဆိုပါက ဒီမိုကရေစီစနစ်သည် နစ်နာမှုများ ပေါ်ပေါက်စေသည်သာမက လက်နက်ကိုင် ပဋိပက္ခများလည်း ဖြစ်ပွားစေကြောင်း မြန်မာနိုင်ငံက သက်သေ သာဓကဖြစ်သည်ဟု ဆိုရပါမည်။
၁၉၅၀ ပြည့်လွန်နှစ်များက ဒီမိုကရေစီစနစ်မှာ ယခင်က ချမှတ်ကျင့်သုံးခဲ့သည့် လမ်းစဉ်၏ အစောပိုင်း သရုပ်သကန်ကို ကိုယ်စားပြု ဖော်ပြနေပြီး အမြင်ကျဉ်းမြောင်း၍ သည်းခံလိုက်လျောလိုခြင်း မရှိသည့် ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာခြင်းဟု နိုင်ငံရေးသိပ္ပံပညာရှင် ဖာရိဒ်ဇာကာရီးယား က ဆိုပါသည်။ (Zakaria, 2007) နှင့် အခြားသူများ (Doyle, 1997) တို့က ယင်းမှာ ဒီမိုကရေစီစနစ်၏ အတွင်းအဇ္ဈတ္တ အစစ်အမှန် မဟုတ်ဘဲ ပြည်တွင်းစစ် မဖြစ်ပွားစေရန် ကာကွယ်သည့်အနေဖြင့် နှစ်သိမ့်ချွေးသိပ်ထားခြင်း၏ အကျိုးသက်ရောက်မှုများသာ ဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ သို့ရာတွင် ယင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်သည့် အရည်အချင်း ရှိသော ပြီးပြည့်စုံသည့် တိုင်းပြည်များတွင် ကျင့်သုံးသည့် ဒီမိုကရေစီစနစ် တခု၏ လစ်ဘရယ်မူဝါဒများ ဖြစ်သည်ဟုလည်း ဆိုပါသည်။ ဇာကာရီးယားက လစ်ဘရယ် ဒီမိုကရေစီစနစ်ဆိုသည်မှာ “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရုံသာမက တရားဥပဒေစိုးမိုးမှု၊ အာဏာခွဲဝေမှုများ၊ လွတ်လပ်စွာပြောဆိုခွင့်၊ စုရုံးခွင့်၊ ဘာသာရေးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးနိုင်သည့် အခြေခံလွတ်လပ်ခွင့်များကို ကာကွယ်ပေးနိုင်သည့် နိုင်ငံရေးစနစ် တစ်ခုဖြစ်သည်”ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ (Zakaria, 2007, p. 14-22) က လက်ရှိ တဟုန်ထိုး တိုးပွားများပြားလာသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံများအနက် ထက်ဝက်ခန့်မှာ အမြင်ကျဉ်းမြောင်း၍ သည်းခံလိုက်လျောလိုခြင်း မရှိသည့် ဒီမိုကရေစီစနစ် ဖြစ်သည်ဟု မိမိထင်မြင် ယူဆမိကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။
“နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” ဆိုသည်မှာ တည်ငြိမ်သော ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟူသော ဇာကာရီးယား ရှင်းလင်းထုတ်ဖော် ပြောဆိုသည့် ယူဆချက်ကို အစောပိုင်းကာလ ဒီမိုကရေစီအကြောင်း အကျယ်တဝင့် ရေးသားချက်များတွင်လည်း ဖော်ပြခဲ့ဖူးပါသည်။ (Mill, John Stuart. 1913)နှင့် (De Tocqueville, A. 2003) တို့ကလည်း “ နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” မရှိသည့် ဒီမိုကရေစီစနစ်များမှာ “လူများစုက နိုင်လိုမင်းထက် အဓမ္မအုပ်စိုးခြင်း”သို့ ဦးတည်သွားစေနိုင်သည် ဟူသော ယူဆချက်များကို ဖော်ပြခဲ့ကြပါသည်။ ယင်းမှာ မဲဆန္ဒရှင် လူများစု၏ ရွေးကောက်တင်မြှောက်မှုကို ကျင့်သုံးသည့် ဒီမိုကရေစီစနစ် တခုတွင် ၎င်းတို့၏ အကျိုးစီးပွားများကိုသာ ဂရုစိုက်ပြီး လူနည်းစု၏ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ သို့မဟုတ် အခွင့်အရေးကို အလေးမထားတော့သည့် အခြေအနေမျိုးကို ညွှန်းဆိုလိုခြင်း ဖြစ်ပါသည်။
အခြားယူဆချက် တစ်ခုမှာလည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အားလုံးမှာ မတူညီကြဘဲ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အချို့ “ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များ” မှာ ပြည်တွင်းစစ် ဖြစ်ပေါ်လာရန် ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် ပို၍ရှိနိုင်သည် ဟူသော ယူဆချက်ဖြစ်ပါသည်။ သုတေသီများက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ ကနဦးအဆင့်ဖြစ်သည့် ငယ်ရွယ်နုပျိုသေးသော ဒီမိုကရေစီနိုင်ငံများ အနေဖြင့် ရင့်ကျက် အတွေ့အကြုံရပြီး စုစည်းညီညွတ်သော နိုင်ငံများထက် ပြည်တွင်းစစ်ကို ရင်ဆိုင်ရမည့်အ္တရာယ် ပိုများသည်ဟု အကြံပြုထောက်ပြ ပြောဆိုခဲ့ကြပါသည်။ (Hegre, 2001) ထို့ကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု၏ အစောပိုင်းအဆင့်များတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အကျိုးစီးပွားများအကြား အလွန်ကြီးမားသည့် ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာနိုင်သည်သာမက အမျိုးသားရေးဝါဒ သည်လည်း တဖန်ပြန်လည် ခေါင်းထောင်လာနိုင်ပါသည်။ (Mansfiedl & Snyder, 2005, p. 7 ; Esty et al, 1998; Fearon & Laitin, 2003, p. 84-85) မန်းစ်ဖီးလ်နှင့် စနိုင်ဒါတို့က “အမျိုးသားရေးဝါဒသည် ပြည်သူလူထု တစ်ရပ်လုံးက ၎င်းတို့၏ အခြေခံ စိတ်ခံစားချက်ဖြင့် အီလိများကို စုရုံး ထောက်ခံလာစေရန် ကူညီနိုင်သည်။ ထို့ပြင် အီလိများ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးမည့် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများကို ဖွဲ့စည်းပေးခြင်းဖြင့် ၎င်းတို့အပေါ် သစ္စာခံလာစေရန်လည်း ဆောင်ရွက်လာနိုင်သည်”ဟု အခိုင်အမာ ရေးသားဖော်ပြခဲ့ပါသည်။ (p. 10) ယင်းကိစ္စမှာ သက်သေ သာဓက ပြစရာအချို့ရှိပြီး ချွင်းချက်များလည်း ရှိပါသည်။ ၁၄
အုပ်ချုပ်ရေးစနစ်များနှင့် ပတ်သက်သည့် စီမံဆောင်ရွက်မှုများတွင် ဒီမိုကရေစီ မပီသသော သွင်ပြင်လက္ခဏာများ ရှိကြောင်း လုံလောက်တိကျစွာ အကဲမဖြတ်နိုင်ဟူသည့် အခြားအမြင် တစ်မျိုးလည်း ရှိပါသေးသည်။ သာဓက အနေဖြင့် “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို ဆိုင်းငံ့ ရပ်ဆိုင်းလိုက်ခြင်းမှာ အချို့သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု သုတေသီတချို့က ရှုမြင် သုံးသပ်ကြပါသည်။ ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ကို အမျိုးအစားခွဲခြား သတ်မှတ်ရမည်ဆိုပါက ထိုစဉ်က အစိုးရမှ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းမှာ တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်းဟု ဆိုရမည် ဖြစ်ပါသည်။ ၁၅ “အိမ်စောင့်အစိုးရ” ခေတ်၊ တပ်မတော်မှ နိုင်ငံတော်အာဏာကို ခေတ္တ ရယူထားစဉ်ကလည်း Polity IV ၏ မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေးစနစ်အပေါ် အမျိုးအစား ခွဲခြားမှုအပေါ် မည်သို့မျှ ထိခိုက်စေခဲ့ခြင်း မရှိဘဲ “ဒီမိုကရေစီ” နိုင်ငံအဖြစ်သာ ဆက်ရှိနေခဲ့ပါသည်။ ၁၆ သုတေသီများက Polity IV ၏ စံနှုန်း သတ်မှတ်ချက်များကို အသုံးပြုပြီး မည်သည့် အုပ်ချုပ်ရေးစနစ်က တိုင်းပြည်တစ်ပြည်ကို ပြည်တွင်းစစ် ပိုဖြစ်ပွားစေကြောင်း အကဲဖြတ် သုံးသပ်ရာတွင် တိုင်းရင်းသားတို့၏ အစောပိုင်း နစ်နာချက်များကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများ၊ ပဋိပက္ခများကို လျော့ပါး သက်သာစေသည့် နှုန်းစံ တန်ဖိုးများနှင့် အင်စတီကျုးရှင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြပါသည်။ ယင်းကဲ့သို့ ချန်လှပ်ထားခြင်းကြောင့် အုပ်ချုပ်ရေးစနစ်နှင့် ပဋိပက္ခတို့၏ အခင်းအကျင်းများအကြားမှ ဆက်နွယ်မှုကို နားလည်မှု လွဲမှားသွားစေနိုင်ပါသည်။
၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များမှ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိသည်မှာ လက်ရှိ အခြားနိုင်ငံများတွင် ဖြစ်ပွားနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ဒီမိုကရေစီစနစ်အကြား ချိန်ဆညှိနှိုင်း အပေးအယူလုပ်နိုင်မှုနှင့် သက်ဆိုင်နေပါသည်။ သာဓက အနေဖြင့် လက်ရှိ အငြင်းပွားနေသော ၉/၁၁ အပြီး အမေရိကန်ပြည်ထောင်စုမှ အခြေအနေပင်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းခြောက်လာမှုများကြောင့် အမေရိကန်အစိုးရက “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို ပိတ်ပင်တားမြစ်မှုများ ပြုလုပ်လာသည့်အပေါ် အခြေခံအကျဆုံး လူ့အဖွဲ့အစည်းများကပင် အကဲဖြတ် ဝေဖန်မှုများ ပြုလုပ်လာခြင်းပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံသည် ပြည်တွင်းမှ လက်နက်ကိုင် ပုန်ကန်မှုများ၏ ခြိမ်းခြောက်မှုကိုသာမက ပြည်ပမှ ကူမင်တန်တို့၏ ခြိမ်းခြောက်မှုကိုပါ ခံခဲ့ရပါသည်။ အရေးပါသည့် ဝေဖန်စရာတစ်ခုမှာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်သည့် အနေဖြင့် “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်များ”ကို တားမြစ်ကန့်သတ် ပိတ်ပင်ထားသည့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မျိုးမှာ ဒီမိုကရေစီနည်းလမ်း ကျလှပါပေသည်ဟု ခေါ်ဆိုနိုင်ပါသလား။
■ နိဂုံး
ယခု ဆောင်းပါးသည် အုပ်ချုပ်ရေးစနစ်များကို အမျိုးအစားခွဲခြား သတ်မှတ်ရာတွင် အသုံးပြုသည့် အချက်အလက်များမှာ ကျိုးကြောင်း ညီညွတ်မှု ရှိ၊ မရှိ ဆိုသည့်အပေါ် မေးခွန်းထုတ်ထားခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် ပဋိပက္ခများနှင့် ပြည်တွင်းစစ် ဖြစ်ပွားမှု လျော့နည်းသည်ဟူသော အချက်ကို ပိုမိုရှင်းလင်းစွာ နားလည် သဘောပေါက်စေရန်အတွက် သမာသမတ်ကျသည့် အသုံးဝင်သော ချဉ်းကပ်မှုမျိုး လိုအပ်ပြီး ဗဟိုအစိုးရအပြင် တစ်နိုင်ငံလုံးတွင် ကျင့်သုံးနေသည့် (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး) အရွေ့များနှင့် အပြောင်းအလဲများကိုလည်း ဂရုပြုရန် လိုအပ်ပါသည်။ ထိုချဉ်းကပ်မှုသည် ပြည်တွင်းစစ် ဖြစ်ပွားနေသော နောက်ခံ သမိုင်းကြောင်းရှိသည့် အုပ်ချုပ်ရေးစနစ်၏ ရိုက်ခတ်မှုကို ပိုမိုရှင်းလင်း လွယ်ကူစွာ အကဲဖြတ်နိုင်ရန်လည်း ကူညီနိုင်ရပါမည်။ ထို့အပြင် တိုင်းပြည် တစ်ပြည်၌ ကျင့်သုံးနေသည့် စနစ်နှင့် အုပ်ချုပ်မှုပုံစံကို အကဲဖြတ်ရန် အသုံးဝင်သည့် နည်းလမ်း၊ အချက်အလက်များကို ဂရုတစိုက် ညွှန်ပြနိုင်ရပါမည်။ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”အပေါ် ပိုမိုတိကျစွာ အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အချက်အလက်များ ပါဝင်မှုနှင့် ပြည်တွင်းမှ အခြေအနေများကို ဂရုပြုနေမှုတို့မှာလည်း မှန်ကန်ရှင်းလင်းသည့် အချက်အလက်များ ရရှိနိုင်ရန် အသုံးဝင်လှသည့် အဆင့်များပင် ဖြစ်ပါသည်။
ဆောင်းပါးတွင် ပါဝင်သည့် ဆွေးနွေးမှုများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်အကြောင်း အကျယ်တဝင့် ရေးသားချက်များမှ ဂယက် ရိုက်ခတ်မှုအချို့ ပါဝင်ပါသည်။ ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံရေးဆိုင်ရာ အင်စတီကျုးရှင်းများ ဖန်တီးနိုင်ခဲ့ပြီး လူပေါင်းများစွာ ပိုမို ပါဝင်လာနိုင်အောင် ချဲ့ထွင် ဆောင်ရွက်လာနိုင်သော်လည်း မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မပါဝင်သည့်အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် တစ်ရပ်သို့ ရောက်ရှိစေရန် မုချဧကန် ရှေ့ဆက် ဆောင်ရွက်ရပါဦးမည်။ သို့သော်လည်း အကြမ်းဖက်မှုများ အမှန်တကယ် လျော့ကျသွားစေနိုင်မည့် အခြေအနေမျိုး ဖန်တီးနိုင်မည်လား ဆိုသည်မှာတော့ မသေချာ မရေရာပါ။ အခြားတိုင်းပြည်များ၏ အတွေ့အကြုံအရ ပြုပြင်ပြောင်းလဲ အသွင်ကူးပြောင်းမှုများ ပြုလုပ်နေဆဲ နိုင်ငံများအနေဖြင့် ထိရှလွယ်သော အနေအထားမျိုး ဖြစ်ပြီး ပဋိပက္ခများလည်း တိုးပွားလာနိုင်ပါသည်။ ၂၀၁၁ ခုနှစ်ကတည်းက စတင်သည့် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ အကြမ်းဖက်မှုများမှာ ဒီမိုကရေစီတစ်ပိုင်း အနေအထားမျိုးတွင်လည်း တဖြည်းဖြည်း မြင့်တက် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း အကြမ်းဖက်မှုများမှာ ဒီမိုကရေစီခေတ်ဟု သတ်မှတ်နိုင်သည့် အစောပိုင်းကာလများကပင် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အစပိုင်း အခြေအနေများတွင် ပြည်တွင်းစစ်များ ပို၍ ဖြစ်ပွားတတ်သည်ဟု သုတေသီများမှ မကြာမြင့်မီက တွေ့ရှိခဲ့ကြပါသည်။ ထို့ပြင် အင်စတီကျုးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရုံမျှဖြင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားရေးရာ ပဋိပက္ခများကို “ဥုံဖွ” မန်းမှုတ်သကဲ့သို့ ပြေလည်သွားနိုင်မည် မဟုတ်ကြောင်းလည်း အကြံပြုလိုပါသည်။ ထို့ကြောင့် ယေဘုယျကျသည့် အစိုးရ၏ မူဝါဒများနှင့် နိုင်ငံရေးနည်းလမ်းများ လိုအပ်ပြီး တရားဝင်သဘော သက်ရောက်သည် ဖြစ်စေ၊ မသက်ရောက်သည် ဖြစ်စေ အားလုံး ပါဝင်နိုင်ရန် လိုအပ်သည့်အပြင် မြန်မာလူ့အဖွဲ့အစည်း တစ်ခုလုံးမှ ကျယ်ပြန့်သော အစိတ်အပိုင်း အားလုံး၏ အကျိုးစီးပွားများကို ကိုယ်စားပြုခြင်း၊ ကာကွယ်ပေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်လှပါသည်။
ဂျွန်ဗျူခန်နန်၏ ဆောင်းပါးကို စည်သူကျော် ဘာသာပြန်ဆိုပါသည်။
Beyond Rangoon
by John Buchanan
Are democratic states more peaceful than non-democratic ones? Several academic studies argued that democratic states are less likely to experience the emergence of civil wars than authoritarian ones (Gleditsch, Hegre, & Strand, 2009; Zanger, 2000; Hegre, 2001; Sambanis, 2001). Scholars have also noted that not all democracies are the same and, when states are undergoing democratic transitions, they are prone to the outbreak of civil war (Gleditsch, Hegre & Stand, 2009; Mansfield & Snyder, 2005). Changes in Myanmar’s regime type is sometimes linked to the emergence of its civil wars. The 1962 coup and the subsequent authoritarian turn is an event, which many scholars view as marking an end to democratic rule and the beginning of authoritarian military dictatorship. Understanding the origins of Myanmar’s civil wars requires a more close examination of the period before 1962. In this period, often considered democratic by many scholars, several ethnic rebellions in Karen, Shan, Kachin and Kayah states broke out. A comparison of national-level measures of Burma’s regime type (produced by the scholars of the Polity IV Project) and the practices by state agents in Shan State, the article questions the validity of measures commonly used for classifying regime type. To more clearly understand whether democratic regimes are less likely to experience civil war, it is useful to take a decentered approach that pays attention to local dynamics and variations in both central state and local state practices across territory. This approach helps more clearly to assess the impact of regime type on the origins of civil war. The article also points to the utility for more carefully specified measures to assess both the practices of state officials and determine regime type. In conclusion, the article considers whether the inclusion of civil liberties is a key element for the success of “democracies” in preventing the onset of civil war and whether states that suspend civil liberties in an effort to better address security threats can be considered democratic.
■ စာညွှန်း
၁ ယခုဆောင်းပါး၏ စာမူကြမ်းကို အောက်တိုဘာလ ၇ ရက်မှ ၉ ရက်ထိ မြောက်အီလီနွိုက် တက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် International Burma Studies Conference တွင် တင်သွင်းခဲ့ဖူး ပါသည်။
၂ ဂျွန် ဗျူခန်နန်သည် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar ၏ ဆက်သွယ်ရေး ဒါရိုက်တာတစ်ဦး ဖြစ်ပါသည်။
၃ (၁၉၄၈-၁၉၉၉) အတွင်းရှိ လက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခများ ပါဝင်ပတ်သက်သည့် ဒါဇင်နှင့်ချီသော လက်နက်ကိုင်အဖွဲ့များ အကြောင်းကို ဘာတဲလ်လစ်တနာ၏ Burma in revolt(1999) စာအုပ် နောက်ဆက်တွဲ အပိုင်း (၃) တွင် လေ့လာနိုင်ပါသည်။
၄ ပြည်တွင်းစစ် အမျိုးမျိုးအကြောင်းကို Fearon & Laitin (2007) and Sambanis (2001) တို့တွင် ဖော်ပြထားပါသည်။
၅ Polity IV ပရောဂျက်၏ အချက်အလက်များမှာ အုပ်ချုပ်ရေးစနစ်များကို အကဲဖြတ် သုံးသပ်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော အချက်အလက်များ ဖြစ်ပါသည်။ မတူညီသော စံနှုန်းများကို အသုံးပြုထားသည့် အခြား အချက်အလက်များ ရှိသော်လည်း ၎င်းတို့ကို အသုံးပြုမှု နည်းပါးပါသည်။ သာဓကအနေဖြင့် ၁၉၇၂ ခုနှစ်မှ စတင် ထုတ်ပြန်ခဲ့သည့် Freedom House ၏ အချက်အလက်များနှင့် Freedom in the Tsordl Gseport တို့တွင်လည်း အုပ်ချုပ်ရေး စနစ်များအကြောင်း စုစည်းဖော်ပြထားပါသည်။
၆ Polity IV ၏ အုပ်ချုပ်ရေးစနစ် လမ်းကြောင်းများ မြန်မာ (ဘားမား) နှင့် Marshal, M. and Jagers, K. (2014), Myanmar (Burma), 1948 2013. Polity IV Project: Political Gsegime Cjaracteristics and Transitions, 1800-2008. Version p4v2015. Center for Systemic Peace and Colorado State University. Gsetrieved from http:/www.systemicpeace.org/polity/mya2.html တွင် ကြည့်ပါ။
၇ ၁၉၆၂ ခုနှစ် ဖြစ်ရပ်များကို အထူးပြုထားသည့် Taylor, Gs. H. (2009). The State in Myanmar. Singapore: National University of Singapore Pres နှင့် Aung-Thwin, M. (1948). Burma’s Myth of Independence. In J. Silverstein (Ed.), Independent Burma at Forty Years (pp. 19-34), Ithaca: Cornel University Pres တို့ကို သာဓကအဖြစ် ကြည့်နိုင်ပါသည်။
၈ တိုင်းရင်းသားများနှင့် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်များအကြောင်းကို ဘာတဲလ် လစ်တနာ (၁၉၉၉) နှင့် မာတင်စမစ် (၁၉၉၉) တို့၏ စာအုပ်များတွင် ပြည့်စုံစွာ ဖော်ပြထားပါသည်။
၉ တန့်ယန်းတိုက်ပွဲအကြောင်းကို Shan Herald Agency for News (၁၉၉၉၊ နိုဝင်ဘာ)နှင့် ဘာတဲလ်လစ်တနာ၏ Burma in revolt (၁၉၉၉၊ စာမျက်နှာ ၁၉၅ မှ ၁၉၈)တို့တွင် ဖော်ပြထားပါသည်။
၁၀ ၁၉၆၄ ခုနှစ်၌ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ရှမ်းပြည်တပ်မတော် SA ကို ဖွဲ့စည်းခဲ့ပါသည်။
၁၁ ရှမ်းပြည်နယ်တွင် အစိုးရက စစ်အုပ်ချုပ်ရေးကို အစောပိုင်းကပင် ကြေညာခဲ့ဖူးပါသည်။ ယင်းတို့မှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီတောင်ကြား (၂၄.၆.၁၉၅၀ မှ ၁၉၅၁ ဇွန်လအထိ)နှင့် ကျိုင်းတုံ(၇.၈.၁၉၅၀ မှ ၁.၈.၁၉၅၁ အထိ) ဖြစ်သော်လည်း ယာယီမျှသာ ဖြစ်ပြီး နောက်ပိုင်းတွင် စော်ဘွားများ၏ အာဏာပိုင်စိုးမှု ပြန်လည် စတင်လာခဲ့ပါသည်။ ထိုအကြောင်းကို ဘသန်းဝင်း (စာမျက်နှာ ၇၁၊ ၁၄၉)၊ ဟုချ် တင်ကာ (၁၉၆၇၊ စာမျက်နှာ ၄၉)နှင့် မယ်ရီ ကယ်လယ်ဟန် (၂၀၀၃၊ စာမျက်နှာ ၁၅၆) တို့တွင် ဖော်ပြထားပါသည်။
၁၂ ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ကြေညာချက် (၂.၁၁.၁၉၅၇) နှင့်အရေးပေါ် (ယာယီ) နောက်ဆက်တွဲ ပြဋ္ဌာန်းချက် အက်ဥပဒေတို့ ဖြစ်ပြီး ၂၆.၇.၁၉၆၁ နေ့ထုတ် နေးရှင်းသတင်းစာတွင် ဖော်ပြခဲ့ပါသည်။
၁၃ ထိုအကြောင်းကို ၂၀.၅.၁၉၆၁ ထုတ် ဂါဒီယန် သတင်းစာနှင့် ၃.၅.၁၉၆၁ထုတ် နေးရှင်း (ရန်ကုန်) သတင်းစာတို့တွင် ဖော်ပြထားပါသည်။ ထိုစဉ်က “ရန်ကြီးအောင် စစ်ဆင်ရေးမှာ ဗမာ့တပ်မတော်သမိုင်းတွင် ပြုလုပ်ခဲ့သမျှ စစ်ဆင်ရေးများအနက် အကြီးမားဆုံး ပူးပေါင်းစစ်ဆင်ရေးပင် ဖြစ်သည်”ဟု ဒေါက်တာမောင်မောင်က ရေးသားဖော်ပြခဲ့ပါသည်။ (ဒေါက်တာမောင်မောင်-သားမောင်စစ်သည်သို့၊ ၁၉၇၄ စာမျက်နှာ ၁၀၀)
၁၄ သာဓက အနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ရှေ့ဆက် ဆောင်ရွက်ခဲ့သည့် တောင်အမေရိက တောင်ဖက်ပိုင်း ဒေသများ၊ ဥရောပ အရှေ့မြောက်ပိုင်းနှင့် အာရှတိုက် အရှေ့ပိုင်းတို့တွင် ပြည်တွင်း အကြမ်းဖက်မှုများ အနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။
၁၅ အခြားအချက်အလက်များကို သာဓကအဖြစ် ကြည့်ပါက Freedom House အနေဖြင့် အုပ်ချုပ်ရေး စနစ်များကို အမျိုးအစား ခွဲခြား သတ်မှတ်ရာ၌ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်” မှာ အရေးပါကြောင်း အလေးအနက် ဂရုပြုမိခဲ့ပါသည်။ “နိုင်ငံသားတို့၏ လွတ်လပ်ခွင့်”ကို တိုင်းတာရာတွင် ကဏ္ဍ (၄) ရပ်အပေါ် အခြေခံပြီး ၎င်းတို့မှာ (၁) လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ယုံကြည်ကိုးကွယ်ခွင့် (၂) အစုအဖွဲ့၊ အသင်းအပင်းဆိုင်ရာ အခွင့်အရေးများ (၃) တရားဥပဒေ စိုးမိုးမှု (၄) လူတစ်ဦးချင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် တစ်သီးပုဂ္ဂလ အခွင့်အရေးများ စသည်တို့ဖြစ်ကြပါသည်။ သို့သော်လည်း Freedom House ၏ ညွှန်းကိန်းများမှာ ၁၉၇၂ မှ စတင်ခဲ့သည့်အတွက် Polity IV ၏ ၁၉၆၂ မတိုင်မီက ဗမာပြည်ကို အဆင့် သတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ရာ၌ အသုံးဝင်သည့် အချက်အလက်များ မရရှိနိုင်တော့ပါ။ အုပ်ချုပ်ရေးစနစ်များ အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကို Hösgtröm \ Does the Choice of Democracy Measure Matter?: Comparisons between the Two Leading Democracy Indices, Freedom House and Polity IV. Government and Opposition, 48(2), 201-221 တွင် လေ့လာနိုင်ပါသည်။
၁၆ ၁၉၆၂ မတိုင်မီက ဒီမိုကရေစီ မပီသသည့် သွင်ပြင်လက္ခဏာများအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းများအတွက် မယ်ရီကယ်လယ်ဟန်၏ Democracy in Burma: The lesons of history. In Political Legacies and Prospects for Democratic Development in Southeast Asia: Burma and Indonesia (pp. 5-26), NBGs Analysis 9 တွင် ဖော်ပြထားပါသည်။
■ References
Aung-Thwin, M. (1948). Burma’s Myth of Independence. In J. Silverstein (Ed.), Independent Burma at Forty Years (pp. 19-34), Ithaca: Cornell University Press.
Ba Thann Win. (n.d.). “Administration of Shan States from the Panglong Conference to the Cessation of the Powers of the Saophas 1947-1959.” M.A. thesis. Rangoon Arts and Sciences University.
Callahan, M. P. (2004). Making Enemies: War and State Building in Burma. NUS Press.
Callahan, M. P. (1998). Democracy in Burma: The lessons of history. In Political Legacies and Prospects for Democratic Development in Southeast Asia: Burma and Indonesia (pp. 5-26), NBR Analysis 9.
Carothers, T. (1999). Aiding Democracy Abroad: The Learning Curve, Washington D.C.: Carnegie Endowment for International Peace.
Cheibub, J., Przeworski, A., Limongi Neto, F., & Alvarez, M. (1996). What Makes Democracies Endure? Journal of Democracy, 7(1), 39-55.
De Tocqueville, A. (2003). Democracy in America (Vol. 10). Regnery Publishing.
Doyle, M. (1997). Ways of War and Peace: Realism, Liberalism, and Socialism (1st ed.). New York: Norton.
Doyle, Michael W (19Ä6) Liberalism and world politics. American Political Science Review 80(4): 11511169.
Elbadawi, E., & Sambanis, N. (2000). Why are There so Many Civil Wars in Africa? Understanding and Preventing Violent Conflict. Journal of African Economies, 9(3), 244-269.
Esty, Daniel C., Jack A. Goldstone, Ted Robert Gurr, Barbara Harff, Marc Levy, Geoffrey D. Dabelko, Pamela T. Surko, & Alan N. Unger. (1999). “State Failure Task Force Report: Phase II Findings.” Environmental Change and Security Report 5, 49-72.
Fearon, J. & Laitin, D. (2007). “Civil war termination”. In Conference paper.
Retrieved from https://www.stanford.edu/group/fearon-research/cgi-bin/wordpress/wp-content/uploads/2013/10/civil-war-termination.pdf
Fearon, J. (2004) Why do some civil wars last so much longer than others? Journal of Peace Research 41(3): 275301
Fearon, J., & Laitinç D. (2003). Ethnicity, Insurgency, and Civil War. American Political Science Review, 97(1), 75-90.
Freedom House. Freedom in the World Reports. Retrieved from https://freedomhouse.org/report-types/freedom-world
Gleditsch, N. P., Hegre, H., & Strand, H. (2009). Democracy and Civil War. In Manus I. Midlarsky (Ed.), Handbook of War Studies III: The Intrastate Dimension (pp. 155-192), Ann Arbor: University of Michigan Press.
Government of Burma. Information Broadcasting Department. (1953). Kuomintang Aggression against Burma. Rangoon.
Guardian. (1961, May 30). “Acting Head of Shan State Tours Troubled Areas.”
Gurr, Ted R (1968) A causal model of civil strife. American Political Science Review 62(4): 11041124.
Hegre, H. (2001). Toward a Democratic Civil Peace? Democracy, Political Change, and Civil War, 18161992, American Political Science Review, 95(1), 3348.
Högström, J. (2013). Does the Choice of Democracy Measure Matter?: Comparisons between the Two Leading Democracy Indices, Freedom House and Polity IV. Government and Opposition, 48(2), 201-221.
Lintner, B. (1999). Burma in Revolt: Opium and Insurgency since 1948. Chiang Mai, Thailand: Silkworm Books.
Mansfield, E., & Snyder, Jack L. (2005). Electing to Fight: Why Emerging Democracies Go to War (BCSIA studies in international security). Cambridge, Mass.: MIT Press.
Maoz, Zeev & Bruce M Russett (1993) Normative and structural causes of democratic peace, 19461986. American Political Science Review 87(3): 624638.
Marshall, M. and Jaggers, K. (2014). Myanmar (Burma), 1948 2013. Polity IV Project: Political Regime Characteristics and Transitions, 1800-2008. Version p4v2015. Center for Systemic Peace and Colorado State University. Retrieved from http://www.systemicpeace.org/polity/mya2.htm
Marshall, M. and Jaggers, K. (2007). “Dataset Users Manual.” College Park: University of Maryland. Retrieved from http://home.bi.no/a0110709/PolityIV_manual.pdf
Maung Maung. (2013). Grim War Against KMT. Yangon, Myanmar: Seikku Cho Cho Publishing House.
Maung Maung. (1974). To a Soldier Son. Rangoon: U Htin Gyi.
Mill, John Stuart. (1913). On Liberty. New York: Longmans, Green & Co.
Muller, Edward N., and Erich Weede. (1990). Cross-National Variations in Political Violence: A Rational Action Approach. Journal of Conflict Resolution 34(4), 624651.
Nation (Rangoon). (1961, July 26). “Army Can Summon or Detain Anyone Without A Warrant.”
Nation (Rangoon). (1961ç May 30). “Army Also to Blame for Shan Rebellions.”
Sambanis, N. (2001). Do ethnic and nonethnic civil wars have the same causes? The Journal of Conflict Resolution, 45(3), 259-282.
Shan Herald Agency for News. (1999, November). “The Battle of Tangyan,” Vol. 16, No. 6.
Smith, M. J. (1999). Burma: Insurgency and the Politics of Ethnicity. London: Zed Books.
Taylor, R. H. (2015). General Ne Win: A Political Biography. Singapore: Institute of Southeast Asian Studies.
Taylor, R. H. (2009). The State in Myanmar. Singapore: National University of Singapore Press.
Tinker, H. (1967). The Union of Burma: A Study of the First Years of Independence. London: Oxford University Press.
Tzang Yawngwhe. (2010). The Shan of Burma: Memoirs of a Shan exile. Singapore: Institute of Southeast Asian Studies.
Zakaria, F. (2007). The Future of Freedom: Illiberal Democracy at Home and Abroad. London: WW Norton & company.
Zanger, S. C. (2001). A Global Analysis of the Effect of Political Regime Changes on Life Integrity Violations, 1977-93. Peace Research Abstracts, 38(3), 213-33.