၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

Post By Ko Ye, On September 13, 2018

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

■ ၁။ မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်အတွင်းမှ ဖက်ဒရယ်ဝေါဟာရ

၁၉၄၉ ခုနှစ် ဇွန် ၁၇ ရက်က ကျင်းပခဲ့တဲ့ တိုင်းပြည်ပြု လွှတ်တော်မှာ ဖာပွန်မဲဆန္ဒနယ်အမတ် စောဝီရီကျော်က ဗမာပြည်ထောင်စု နိုင်ငံတော်ကို အင်္ဂလိပ်ဘာသာနဲ့ Union of Burma လို့ ဆိုရာမှာ ဇဝေဇဝါဖြစ်စေတဲ့အတွက် ပြည်ထောင်စု ဆိုတာကို Federal Union of Burma လို့ ခေါ်ရင် အဓိပ္ပာယ် ပိုရှင်းမယ်ဆိုတဲ့အကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ် (“တိုင်းပြည်ပြု လွှတ်တော် စာတွဲ-၁၊ အစည်းအဝေး အမှတ် ၅”၊ ၁၉၄၇၊ စာ-၁၂၆)။ အဲဒီဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းက “အခြေခံဥပဒေကို ပြဌာန်းရာမှာ ဗမာစာမူကိုပဲ အရင်းခံထားမှာ ဖြစ်တဲ့အတွက် ဗမာစကားလုံးဖြစ်တဲ့ ပြည်ထောင်စု နိုင်ငံတော် ဆိုတာကသာ အတည်ဖြစ်တယ်၊ ဒါကြောင့် ဒီစကားလုံးကို ပြင်စရာမလိုဘူး။ အင်္ဂလိပ်စကားလုံးဟာ နာမည်ခေါ်လို့ ကောင်းအောင် နာမည်ရွေးထားတာပဲ ဖြစ်တဲ့အတွက် “ပြည်ထောင်စု နိုင်ငံတော်”ဆိုတဲ့ စကားလုံးက ပြည့်စုံတဲ့ အဓိပ္ပာယ်ဆောင်တယ်” ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ် (“တိုင်းပြည်ပြုလွှတ်တော် စာတွဲ-၁၊ အစည်းအဝေးအမှတ် ၅”၊ ၁၉၄၇၊ စာ-၁၄၂)။

ဒီလိုနဲ့ ၁၉၄၇ အခြေခံဥပဒေမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Union of Burma ဆိုတာ အတည်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဦးအောင်ဆန်းရဲ့ ဖြေရှင်းချက်ကို ပြန်ပြီး စဉ်းစားကြည့်ရင် “ပြည်ထောင်စု” ဆိုတဲ့ ဗမာစကားလုံးကို သုံးရာမှာ ဖက်ဒရယ်ဆိုတဲ့ သဘော ပါဝင်ပြီးသားဆိုတဲ့ အဓိပ္ပာယ်မျိုး ကောက်နိုင်ပါတယ်။

အဲဒီလိုပဲ၊ ဖက်ဒရယ် ဆိုတာကို မြန်မာဘာသာပြန်ရာမှာ ပဒေသရာဇ် ဆိုပြီးတော့လည်း ဝေါဟာရ ဖလှယ်တာရှိပါတယ်။ ဒါကတော့ အဓိပ္ပာယ် ပိုရှုပ်ထွေးပြီး နားလည်မှု လွဲမှားတာတွေ ဖြစ်စေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအုန်းဖေက သူ့ရဲ့ ပင်လုံစစ်တမ်း စာအုပ်မှာ “အင်္ဂလိပ်လို Federated Malay States ကို မလေးပြည်ထောင်စုဟု ပြန်ဆိုခဲ့သော်လည်း Federated Shan States ကိုမူ ပဒေသရာဇ် ရှမ်းပြည်လို့ မြန်မာပြန်ခဲ့သည်။ တက်တက်စင် လွဲမှားသည်။ ယင်းအမှားကိုပင် အစဉ်အဆက် သုံးခဲ့ကြသည်။ နှုတ်ကျိုးခဲ့သည်။ တဆက်တည်း Federal Council of Shan Chiefs ကိုလည်း ရှမ်းပြည် ပဒေသရာဇ်ကောင်စီဟု အလွယ်တကူ ဘာသာပြန်လိုက်သောအခါ အဓိပ္ပာယ်တွေ ထွေးလုံးရစ်ပတ် ဖြစ်ကုန်သည်”လို့ ရေးသားခဲ့ပါတယ် (ဦးအုန်းဖေ၊ ၁၉၈၄၊ စာ – ၁၆၉)။

ဒါကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှုးချုပ် အောင်ကြီးက စစ်အာဏာ သိမ်းရတဲ့အကြောင်းကို ရှင်းလင်းပြောကြားရာမှာ ဖက်ဒရယ် ဆိုတာကို ပဒေသရာဇ်တွေနဲ့ တွဲဆက်ပြီး “ဖက်ဒရယ်ဆိုတာ အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒကို အရေခြုံထားတာပဲ။ အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖောက်ပြန်မှုလို့ဘဲ ယူဆတယ်။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ် လွှမ်းမိုးဖို့ လုပ်တာပဲ” လို့ ဝေဖန်ခဲ့ပါတယ် (ဟံသာဝတီသတင်းစာ၊ ၁၀ မတ်၊ ၁၉၆၂)။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ မတ် ၁ ရက်တွေမှာ ရန်ကုန်မြို့၊ ပြည်လမ်းမှာရှိတဲ့ အသံလွှင့်ရုံသစ်ကြီးမှာ “ဖက်ဒရယ်ဆွေးနွေးပွဲ” ကို ကျင်းပခဲ့ပါတယ် (၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ)၊ ၁၉၉၁၊ စာ – ၁၃၄)။ အဲ့ဒီဆွေးနွေးပွဲမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ စဝ်ခွန်ချိုက “ပြည်ထောင်စုစစ်စစ်မူ (ဖက်ဒရယ်မူ)” ကို တင်သွင်းခဲ့ပြီး ပြည်ထောင်စုကြီးကို ဖက်ဒရယ်မူအတိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုကို တိုင်းရင်းသား ခေါင်းဆောင်တွေကလဲ ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ၂ ဒါပေမဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တင်သွင်းခဲ့တဲ့ ဖက်ဒရယ်မူဟာ ပြည်ထောင်စုကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲလိုက်နိုင်တဲ့ အ္တရာယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၁၉၆၂ ခုနှစ် မတ် ၂ ရက်မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတယ်။ ၃

အဲဒီအချိန်ကစလို့ တပ်မတော်ရဲ့ အမြင်မှာ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုကြီးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ကြံစည်မှုဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါတယ်။ ဒီအမြင်ဟာ အချိန်ကြာလာတာနဲ့အမျှ တပ်မတော်ထဲမှာ ခိုင်ခိုင်မာမာကို အမြစ်တွယ်လာပါတယ်။ ဖက်ဒရယ်လို့ ဆိုလိုက်တာနဲ့ ခွဲထွက်ရေးကို ပြောတာဆိုတဲ့ အဆင့်အထိကို ကျဉ်းမြောင်းစွာ ဖွင့်ဆိုလာကြပါတယ်။ အဲဒီကမှတစ်ဆင့် မြန်မာ့နိုင်ငံရေးလောကမှာ ဖက်ဒရယ်ဆိုတဲ့စ ကားလုံးဟာ နိုင်ငံရေး အာပတ်သင့်တဲ့ ဝေါဟာရ၊ မသုံးသင့်တဲ့ စကားလုံးဆိုတာမျိုးအထိ ဖြစ်လာပါတယ်။

ဒီနေရာမှာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး ၁၉၆၂ အာဏာသိမ်း တပ်မတော်အစိုးရရဲ့ သဘောထားပုံ အဖြစ်အပျက်တစ်ခုကို ဥပမာအနေနဲ့ ရေးပြချင်ပါတယ်။ အရင်က တောင်ကြီးမြို့ရဲ့ အထင်ကရ လမ်းမတော် လူစည်ကားလှတဲ့ ရပ်ကွက်မှာ စတိုးဆိုင်ကြီး တစ်ဆိုင် ရှိပါတယ်။ စတိုးဆိုင်ရဲ့ နာမည်ကတော့ “ဖက်ဒရယ်စတိုး”ပါ။ ၁၉၆၂ တပ်မတော်က အာဏာသိမ်းပြီးတော့ အဲဒီ စတိုးဆိုင်ပိုင်ရှင်ကို ဖက်ဒရယ်ဆိုတဲ့ အမည်ကြောင့် ရဲဌာနမှာ ခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ် (ဦးအုန်းဖေ၊ ၁၉၈၄၊ စာ-၁၆၉)။ ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီး အဲဒီလောက်အထိကို အကဲဆတ်ခဲ့ကြတာပါ။ နောက်ပိုင်း ဖက်ဒရယ်ဆိုတဲ့ အမည်ဟာ အဲဒီစတိုးဆိုင်ရဲ့ ဆိုင်းဘုတ်ပေါ်က ပျောက်ကွယ်သွားခဲ့သလို မြန်မာ့နိုင်ငံရေး လောကထဲကလည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားခဲ့ရပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေဘက်ကတော့ အတူထူထောင်ခဲ့ကြတဲ့ ပြည်ထောင်စုရဲ့ သဘောသဘာဝမှာ ဦးအောင်ဆန်း မိန့်ကြားခဲ့သလို ဖက်ဒရယ်သဘော မပါဝင်တာကို သိလာတဲ့အတွက် ဖက်ဒရယ် အနှစ်သာရနဲ့ ပြည့်ဝတဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ဖို့ကို ရည်မှန်းပြီး ဖက်ဒရယ်မူကို ပြည်ထောင်စုစစ်စစ်မူလို့ ဝိသေသပြုပြီး တင်သွင်းခဲ့တာ ဖြစ်ပါတယ် (“ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးဆွဲရေးအတွက် ရေးဆွဲတင်ပြသော ပြည်နယ်များညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း”)။ ဒီတော့ ဖက်ဒရယ်ဆိုတာက သူတို့အတွက်ကျတော့ ပြည်ထောင်စုစစ်စစ်ဆိုတဲ့ အဓိပ္ပာယ် ဆောင်ပါတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်ထောင်စုစုစစ်စစ် ဆိုတာကို ဆွေးနွေးနေကြတုန်းမှာပဲ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ့နိုင်ငံရေးကို အုပ်မိုးလိုက်ချိန်မှာတော့ မြန်မာ့နိုင်ငံရေးလောကမှာ ဖက်ဒရယ်ဆိုတဲ့ အသံဟာ ဆိတ်သုဉ်းခဲ့ရပါတယ်။ ၄

ဒါပေမဲ့ နယ်စပ်ဒေသ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုတွေမှာတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်ချက်ကို ဆက်လက်ကိုင်စွဲပြီး တိုက်ပွဲဝင်နေခဲ့ကြပါတယ်။ ၅ ပြည်တွင်းနိုင်ငံရေးလောကမှာလည်း ဖက်ဒရယ်အသံတွေ ဆိတ်သုဉ်းသွားတယ် ဆိုပေမယ့်လည်း ၁၉၈၈ အရေးတော်ပုံကြီး နောက်ပိုင်းမှာတော့ စစ်အစိုးရကို အံတုတဲ့အနေနဲ့ ဖက်ဒရယ် သဘောတရားကို ထုတ်ပြတာမျိုးတွေတော့ တွေ့ရပါတယ်။ အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ မတ် ၂၉ ရက်က အမျိုးသားညီလာခံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးခင်မောင် (ပင်လုံ)က အဖွဲ့ချုပ်ရဲ့ အကြံပြုချက် စာတန်းကို ဖတ်ကြားရာမှာ “ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုစနစ် (Federal System) ဖြင့် ဖွဲ့စည်းပြီး အာဏာသုံးရပ်ကို အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့များကို ခွဲဝေခွဲခြား အပ်နှင်းရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထား ဖြစ်ပါသည်”လို့ ထည့်သွင်းပြောကြားခဲ့တာကို မှတ်မှတ်ထင်ထင် တွေ့ခဲ့ရပါတယ် (နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံနှင့် နိုင်ငံတော်သမ္မတ အခန်းများနှင့် စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ၊ ၁၉၉၅၊ စာ-၅၁၈)။ စစ်အစိုးရဘက်က ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်လို့ အတော်လေးကို နားခါးနေချိန်မှာ အတိုက်အခံပါတီကြီး တစ်ရပ်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေး သဘောထားကို အတိအလင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရကို နိုင်ငံရေးအရ အံတုရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဖက်ဒရယ်စနစ် ဆိုတာကို သုံးခဲ့ပေမယ့် ဖက်ဒရယ်လို့ ဆိုရာမှာတော့ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ ဖက်ဒရယ် သဘောထားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ထပ်တူညီတယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ခေါင်းဆောင်များနဲ့ တွေ့ဆုံပွဲမှာ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

UNLD ခေါင်းဆောင် နိုင်ငွေသိမ်းက ဖက်ဒရယ်ဆိုတာနဲ့ ပတ်သက်ပြီး “ဘယ်လိုကြောင့်လဲ မသိဘူး။ Federal ဆိုတာ ခွဲထွက်ရေးလို့ သူတို့ (စစ်တပ်)က အော်ကြတယ်။ ကျွန်တော်က ပြောပါတယ်။ Federal ဆိုတာ ပေါင်းစပ်ရေးဘဲ ခေါ်ပါတယ်လို့ တိုင်းရင်းသားလူမျိုးများက Federal ကိုတောင်းတာ ခွဲထွက်ဖို့ တောင်းတယ်။ ဗမာတွေကို ဆန့်ကျင်ဖို့ လုပ်တယ်ဆိုတဲ့အဓိပ္ပာယ် ပေါက်ပါတယ်။ ခုလို ကြွေးကြော်တဲ့အတွက် အင်မတန် ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက် ပေါ်လာတယ်”ဆိုပြီး ပြောခဲ့ပါတယ် (အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၄)။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က “Federal ဆိုတဲ့ကိစ္စ Federal ဆိုတာက အင်္ဂလိပ်စကားလုံး တစ်ခုပဲ ဖြစ်ပါတယ်။ Federal ဆိုတာ ခွဲရေး မဟုတ်ပါဘူး။ ကျွန်မတို့အားလုံး သိပြီးသားပါ။ ခွဲရေး မဟုတ်ဘူးဆိုတာ ကျွန်မတို့ လက်ခံပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ UNLD ဘက်က ဖက်ဒရယ်နဲ့ ပတ်သက်လို့ ရှစ်ပြည်နယ်မူ၊ တိုင်းရင်းသား တန်းတူရေးတွေကို ဆွေးနွေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ “ Federal ဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ Central Government နဲ့ Local Government တို့ ကြားထဲမှာ ဘယ်လို အာဏာခွဲရမယ်။ ဒါဟာ Federal ရဲ့ အဓိကပြဿနာပဲ။ ဒါကို ဆုံးဖြတ်ရမယ်။ နောက်ပြီး ပြည်ထောင်စုအစိုးရက ဘယ်လောက် အာဏာယူထားမလဲ။ ပြည်နယ်အစိုးရက ဘယ်လောက် အာဏာယူပြီး ဘယ်လို အာဏာတွေကို အသုံးပြုမလဲ။ ဒီဟာကို ခွဲရမယ်။ နောက်ဆုံး Federal ပြဿနာဟာ ဒါပဲ။ ဖက်ဒရယ်လို့ပဲ ခေါ်ခေါ်၊ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် ဘာမှမခေါ်ချင်လည်း ရတယ်။ ကျွန်မတို့ဟာ ဘယ်လိုပဲခေါ်ခေါ် အရေးကြီးတာက ကျွန်မတို့ကြားမှာ အားလုံးသဘောတူညီတဲ့ ပုံစံရှိတဲ့ နိုင်ငံတစ်ခုကို ဖော်ထုတ်ဖို့ပဲ”လို့ အစချီပြီး အဲဒီလိုနိုင်ငံသစ် တစ်ခုကို ဖော်ထုတ်ရာမှာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေကို ဆန့်ကျင်ပြီး တိုင်းရင်းသားလူမျိုးအားလုံး သွေးစည်းညီညွတ်ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့ သဘောထားကို ပြောကြားခဲ့ပါတယ် (အောင်စောဦး၊ ၁၉၉၈၊ စာ-၄၈၆)။

အခြေခံအားဖြင့်တော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး ဆိုတာကို သဘောတူကြပေမယ့် ဖက်ဒရယ်နဲ့ ပတ်သက်လို့ အဓိက အတိုက်အခံ အင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ သဘောချင်း တထပ်တည်းကျတယ်လို့တော့ ပြောဖို့ခက်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်ကို မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ကွဲပြားခြားနားမှု၊ ထွေပြားမှုတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖက်ဒရယ်ဘဲ ခေါ်ခေါ်၊ ပြည်ထောင်စုပဲ ခေါ်ခေါ်၊ ဘာမှမခေါ်ချင်လည်း ရတယ်ဆိုပြီး ဒီပြဿနာကို ကျော်လွှားကြည့်ဖို့ ကြိုးစားတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစကားဟာ ၁၉၄၇ ခုနှစ်က တိုင်းပြည်ပြုလွှတ်တော်မှာ စောဝီရီကျော်ရဲ့အဆိုပြုချက်ကို သူ့ဖခင် ဦးအောင်ဆန်း ပြန်ဖြေခဲ့တဲ့ Union/Federal Union အခေါ်အဝေါ်ကိစ္စကို သွားသတိရမိစေပါတယ်။ ဖက်ဒရယ်ဆိုတာ သာမန် နိုင်ငံရေးဝေါဟာရတစ်ခုဆိုပေမယ့် မြန်မာ့နိုင်ငံရေး အသိပညာနယ်ပယ်မှာတော့ သာမန် ဝေါဟာရ စကားလုံးတစ်လုံးဆိုတာထက် အများကြီး ပိုပါတယ်။ ဒီစကားလုံးကို ကျော်လွှားလိုက်ပြီး မြန်မာ့ပြဿနာတွေကို ဖြေရှင်းလို့ ဖြစ်နိုင်ပါ့မလား ဆိုတာ အတော်လေး ဂရုဓမ္မပြုစဉ်းစားရမယ့် ကိစ္စတစ်ခုပါပဲ။ ဒီစကားလုံးဟာ စစ်အစိုးရတွေ လက်အောက်မှာ နိုင်ငံရေး အာပတ်သင့်တဲ့ စကားလုံးတစ်လုံးအဖြစ် ခဏတာ ဆိတ်ငြိမ်သွားခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ် နိုင်ငံရေး အသွင်ကူးပြောင်းမှုနောက်ပိုင်းမှာတော့ ဒီ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရဟာ ပြန်လည် ခေတ်ဆန်းလာပြန်ပါတော့တယ်။

■ ၂။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုနှင့် ပြန်လည် ခေါင်းထောင်လာသော ဖက်ဒရယ် ဝေါဟာရ

မြန်မာ့နိုင်ငံရေး ပြဿနာရဲ့ အဓိကအကျဆုံး အသွင်အပြင်တစ်ရပ်ဟာ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသားပဋိပက္ခ ပြဿနာဆိုတာ မြန်မာ့နိုင်ငံရေးကို လေ့လာသူတွေအားလုံး သဘောတူ လက်ခံကြပါတယ်။ ဒီတော့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဖော်ဆောင်ချိန်မှာ အဲဒီ အဓိကပြဿနာကို မဖြစ်မနေ ဖြေရှင်းရပါတယ်။ အဲဒီလိုဖြေရှင်းတဲ့ အခါမှာလည်း ပြဿနာရဲ့ဆုံချက်ဖြစ်တဲ့ ဖက်ဒရယ်ဆိုတဲ့ ကိစ္စကလဲ ပြန်လည် ခေါင်းထောင်ထလာပါတယ်။

၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ရာကနေ အစပြုပြီး နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အစိုးရသစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်လာခဲ့ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတာနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့အစည်းများကလည်း ဖက်ဒရယ်ကိစ္စကို ပြန်လည်ရှေ့တန်းတင်လာကြပါတယ်။ အဲဒီအရွေ့မှာ အရင်က ဖက်ဒရယ်ဆိုတဲ့ အသံကိုတောင် မကြားချင်ဘူးလို့ဆိုကြတဲ့ အရပ်သားအသွင်ပြောင်း တပ်မတော်ခေါင်းဆောင်တွေဟာ ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ပြန်လည် လက်ခံသုံးစွဲလာကြတာကို တွေ့ရပါတယ်။ စစ်အစိုးရ လက်ထက်မှာ နံပါတ်သုံး ခေါင်းဆောင်လို့ ဆိုကြတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာဆိုရင် အသွင်ကူးပြောင်းမှု အစောပိုင်းကာလမှာလည်း မြန်မာနိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ဖို့ လိုတယ်လို့ ထုတ်ပြောလာခဲ့ပါတယ် ( Min Zin, 13 September, 2013 )။

အဲဒီလိုပါပဲ။ နောက်ထပ် စစ်ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံအနေနဲ့ ဖက်ဒရယ် အယူအဆကို လက်ခံမယ်လို့ ပြောလာခဲ့သလို ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကလည်း တပ်မတော်အနေနဲ့ ဖက်ဒရယ် သဘောတရားဟာ စိုးရိမ်ပူပန်စရာ မဟုတ်တော့ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် (Steinberg, 26 February, 2015)။

ဦးအောင်မင်း ပြောခဲ့တဲ့စကားဟာ အတော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဖက်ဒရယ်ကြောင့် တိုင်းပြည်ပြိုကွဲမယ့် အ္တရာယ်ရှိလို့ အာဏာသိမ်းပြီး ကယ်တင်ခဲ့ရတာပါလို့ တလျှောက်လုံးပြောပြီး သူ့ရဲ့နိုင်ငံရေးအာဏာမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ခဲ့တဲ့ တပ်မတော်အနေနဲ့ အခု နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာတော့ ဖက်ဒရယ်ကို မစိုးရိမ်တော့ဘူး၊ လက်ခံလာနိုင်ခြေ ရှိတယ်ဆိုတာဟာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အရွေ့ပါပဲ။ ဖက်ဒရယ်ကို မစိုးရိမ်တော့တဲ့ တပ်မတော်ဟာ ဖက်ဒရယ် သဘောတရားတွေကိုပါ အကျအန လေ့လာလာတာကို တွေ့ရပါတယ် (Aung Naing Oo, 21 August, 2014)။ ၆

နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ကို လက်ခံလာတယ် ဆိုပေမယ့် ချက်ချင်းကြီး လက်ခံလာတာမျိုးတော့ မဟုတ်ပါဘူး။ အင်စတီကျူးရှင်း တစ်ခုအနေနဲ့ ဖက်ဒရယ်ဆိုတဲ့ သဘောတရားကို ဘယ်လိုမျိုးလက်ခံလာလဲဆိုတဲ့ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာကြည့်သင့်ပါတယ်။ အစောပိုင်းက ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးနဲ့ ညီမျှခြင်းချထားတဲ့ တပ်မတော်ဟာ တဖြည်းဖြည်းနဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို စပြီး သုံးစွဲလာခဲ့ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်ကို အပြည့်အ၀ လက်ခံတာမျိုးတော့ မဟုတ်သေးပါဘူး။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်မှာ ဗွီအိုအေ သတင်းဌာနက ကိုသန်းလွင်ထွန်းနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အင်း၊ ပြဿနာကတော့ ဖက်ဒရယ်ရဲ့ Definition ပေါ့။ အဲဒီတော့ အရင် ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတာ ရှိတယ်။ ယူနီယံတို့၊ ဖက်ဒရယ်တို့ပြောတာ စကားရှုပ်ပါတယ်ကွာတဲ့။ Wording ကတော့ ကျွန်တော်အတိအကျ မဟုတ်ဘူးပေါ့နော်။ အဲဒီသဘောပေါ့။ ရှုပ်တယ်။ တို့ မြန်မာလိုပဲ ပြည်ထောင်စုပဲ ခေါ်တာကောင်းတယ် ဆိုပြီးတော့ ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းကလေး သူ စခဲ့တာပါ။ ဒီစကားလုံးကလေး ကျွန်တော်တို့ မှတ်သားမိဖူးပါတယ်။ အရေးကြီးတာက ဖက်ဒရယ်တို့၊ ပြည်ထောင်စုတို့ အဓိပ္ပာယ်လိုချင်တာ လျှောက်ဆွဲထုတ်မယ့်အစား တကယ်တော့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နေဖို့အတွက်ပေါ့လေ”လို့ ပြောကြားခဲ့ပါတယ် (သန်းလွင်ထွန်း၊ ၂၀၁၄၊ စာ – ၄၈-၄၉။)။

ဖက်ဒရယ်ရဲ့ ဖွင့်ဆိုချက်ကို ပြောကြားရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားပြီး အခေါ်အဝေါ်ထက် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နေဖို့ အရေးကြီးတယ်ဆိုတဲ့ သဘောမျိုးကို ပြောခဲ့ပါတယ်။ ဒီနေရာမှာ ၁၉၉၅ ခုနှစ်က UNLD ခေါင်းဆောင်များနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပဲ ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် တိုင်းရင်းသားလူမျိုး သွေးစည်းညီညွတ်ရေးကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဆိုပြီး ပြောခဲ့တာကို ပြန်အမှတ်ရမိစေပါတယ်။ ထပ်ပြီး စဉ်းစားစရာကောင်းတာ တစ်ချက်က တိုင်းရင်းသား ခေါင်းဆောင်တွေက ဖက်ဒရယ်ဆိုတာနဲ့ တိုင်းရင်းသား တန်းတူရေးကို အလေးပေး ပြောလေ့ရှိကြပြီး မြန်မာခေါင်းဆောင်တွေကတော့ နာမည်အခေါ်အဝေါ်ကို အလေးမပေးဖို့ရယ်၊ ပြည်ထောင်စု ဆိုတာရယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သဘောရယ်ကို ပိုပြီး အလေးပေး ပြောတတ်ကြတာကို သတိပြုမိပါတယ်။

တကယ်တော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကလည်း စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ အဓိကကျတဲ့ နိုင်ငံရေး ရည်မှန်းချက်တစ်ရပ်အဖြစ် ချမှတ်ခဲ့ပါတယ်။ ပြည်ထောင်စု ပြိုကွဲမယ့်အန္တရာယ်ကနေ ကယ်တင်လိုက်တဲ့ ကယ်တင်ရှင်အဖြစ် မိမိကိုယ်ကို နိုင်ငံရေး ဈာန်းတင်ထားတဲ့ စစ်အစိုးရအနေနဲ့ ပြည်ထောင်စု မပြိုကွဲဖို့အတွက် တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ရမယ် ဆိုတဲ့အချက်ကို နိုင်ငံရေး ရည်မှန်းချက်အနေနဲ့ ချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူ့အဖွဲ့အစည်းထဲမှာ အတွေးအခေါ် သွတ်သွင်းခဲ့ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ စစ်အစိုးရခေတ်ရဲ့ ပင်မဆောင်ပုဒ် တစ်ခုဖြစ်ခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံရေး အခြေခံမူတွေထဲမှာကို ထည့်သွင်းပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ တိုင်းရင်းသား တန်းတူညီမျှမှုမရှိဘဲ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ မလွယ်ဘူးဆိုတဲ့ အတွေးအခေါ်ဘက်ကနေ ရပ်ခံပြီး ပြောဆိုကြတာကို တွေ့ရပါတယ် (ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ၂၀၁၅၊ စာ – ၁၃၄)။ ဒါကလည်း ဖက်ဒရယ်နဲ့အတူ ဖြစ်ပေါ်နေတဲ့ ကွဲလွဲချက် ဖြစ်ပါတယ်။ ဒီလို ကွဲလွဲချက်တွေ ရှိနေပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုအရွေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြင့်တာနဲ့အမျှ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို ပုံသဏ္ဍန်အားဖြင့်၊ စကားလုံးအားဖြင့် တရွေ့ရွေ့ လက်ခံလာတာကို တွေ့လာရပါတယ်။

၂၀၁၄ ခုနှစ် အင်တာဗျူးမှာ “ဖက်ဒရယ်”ဆိုတဲ့ အသုံးအနှုန်းထက် ပြည်ထောင်စုဆိုတဲ့ အသုံးအနှုန်းက ပိုကောင်းတယ်လို့ ဆိုခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း Eleven မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ “ဖက်ဒရယ်နဲ့ ပတ်သက်ရင်တော့ အခုသွားနေတဲ့ လမ်းကြောင်းကလည်း ဖက်ဒရယ်ကို အခြေခံထားတဲ့၊ ဒီမိုကရေစီအဆင့် ကျင့်သုံးတဲ့ ပြည်ထောင်စုနိုင်ငံ တစ်ခု ဖြစ်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ် (Eleven Media, 2 July, 2015) ။ အဲဒီလိုပဲ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ အကြေအလည် ဆွေးနွေးရေးဆွဲခဲ့ကြတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ အခြေခံမူမှာလည်း “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”ဆိုတဲ့မူကို သဘောတူ ထည့်သွင်းခဲ့ပါတယ် (အခြေခံမူများ၊ ၁(က)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ ၂၀၁၅)။ အဲဒီ သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ရာမှာ တပ်မတော်ကလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် အာဏာလွှဲပြောင်းယူအပြီး ၂၀၁၆ ခုနှစ် မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က “ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ အရေးကြီးတာကတော့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုကို အာမခံချက် ပေးနိုင်ဖို့ပါပဲ။ ဒါကလည်း အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားပြီးသားပါ”လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ် (Senior General Min Aung Hlaing Facebook, 6 May, 2016) ။ အသွင်ကူးပြောင်းမှု ကာလရဲ့ အစောပိုင်း ကာလတွေမှာ တပ်မတော်အနေနဲ့ ဖက်ဒရယ်ဆိုတာကို စကားလုံးအနေနဲ့ကို လက်ခံဖို့ ခက်ခဲခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း လက်ခံလာခဲ့ပါတယ်။ အဲဒီလို လက်ခံရာမှာလည်း အစောပိုင်းက ဖက်ဒရယ်ဆိုတာထက် ပြည်ထောင်စုဆိုတဲ့ ဝေါဟာရကို ပိုအသားပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို လက်ခံလာတဲ့ သဘောထားမျိုး ပြသလာပါတယ်။ ဒါပေမဲ့ လက်ခံတယ် ဆိုရာမှာလည်း တိုင်းရင်းသားတွေ ပြောနေကြတဲ့ ဖက်ဒရယ်ပုံစံမျိုးကို လက်ခံတာ မဟုတ်ဘဲ လက်ရှိသွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်းပဲ။ လက်ရှိ အခြေခံဥပဒေထဲမှာလည်း ဖက်ဒရယ် အသွင်လက္ခဏာတွေ ပါဝင်နေတယ်ဆိုပြီး ဖက်ဒရယ်ကို လုံးဝငြင်းတာမျိုး မလုပ်တော့ဘဲ ပါးနပ်စွာနဲ့ ဖက်ဒရယ်ကို သူ့ရဲ့ အခြေခံဥပဒေအထိုင်ထဲမှာ အထိုင်ချလာတာကို တွေ့လာရပါတယ်။ ဒီအထိုင်ချမှုဟာ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံမှာတော့ အတော်လေးကို ထင်ထင်ရှားရှား ပေါ်ထွက်လာပါတော့တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက စာတန်းတွေ ဖတ်ကြားတင်သွင်းရာမှာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါရှိတဲ့ ဝိသေသ လက္ခဏာရပ်များ”ဆိုတဲ့ စာတန်းကို အပိုင်းသုံးပိုင်းခွဲပြီး အလေးအနက်ထား တင်ပြလာတာကို တွေ့ရပါတယ်။

■ ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ တပ်မတော်၏ ဖက်ဒရယ်အမြင်

မြန်မာ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ တပ်မတော်ဟာ “အခြေခံဥပဒေခံကတုတ် (Constitutional Bunker))”ထဲမှာ အခိုင်အမာ နေရာယူထားပြီး ၂၀၀၈ အခြေခံဥပဒေဟာ တပ်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ ကြေညာစာတန်း (Political Ideology Manifesto) သဘောမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံတော် အခြေခံမူတွေထဲမှာ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”လို့ အတိအလင်း ရေးသားပြဌာန်းထားပါတယ် (အခန်း(၁)၊ အပိုဒ် (၆၊ စ) နိုင်ငံတော်အခြေခံမူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်)။ ဒီလို တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အာမခံချက်ပေးထားပြီး တပ်မတော်ရဲ့ နိုင်ငံရေး ပါဝင်မှုကိုပါ အသေးစိတ် ပြဌာန်းပေးထားတဲ့ ဒီအခြေခံဥပဒေဟာ တပ်မတော်အတွက်တော့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတွေကို ဖွင့်ဆိုပြထားတဲ့ ကြေညာစာတန်းလို့ ပြောရင် မမှားပါဘူး။

တကယ်တော့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဆိုတာ နေ့ချင်းညချင်း ပေါ်ထွန်းလာတာမျိုး မဟုတ်ပါဘူး။ သမိုင်းကြောင်းချီပြီး ဖြစ်ထွန်းလာတာမျိုးပါ။ စစ်တပ်တွေရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီတွေကို လေ့လာတဲ့ ဗွန်ဒွန်းဆိုတဲ့ ပညာရှင်က စစ်တပ်တစ်ခုရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဆိုတာ စစ်တပ်ထဲက ပေါ်ထွက်လာတာမျိုး မဟုတ်ဘဲ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ခေါင်းဆောင်တွေဆီကနေ ပေါက်ဖွားလာတာမျိုး ဖြစ်တယ်လို့ ဆိုခဲ့ပါတယ် (Doorn, 1971, p. XVIII))။ လွတ်လပ်ရေး လှုပ်ရှားမှုနဲ့အတူ မွေးဖွားလာတဲ့ မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဟာ အဲဒီနိုင်ငံရေးလှုပ်ရှားမှုကြီးကနေ စတင်ပြီး တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းပြောခဲ့သလို တပ်မတော်ဟာ အမာခံ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး စတင် မွေးဖွားလာချိန်ကတည်းက နိုင်ငံရေး အခန်းကဏ္ဍက ကပ်ပါလာခဲ့ပါတယ် (Hnin Yi, 2014, p. 2014)။

အဲဒီ နိုင်ငံရေးအခန်းကဏ္ဍဟာ ပြည်တွင်းစစ်၊ ကူမင်တန် ကျူးကျော်စစ် တိုက်ပွဲတွေ တိုက်ခဲ့ရတာတွေ၊ နိုင်ငံတော် တည်ဆောက်ရေး (State Building) လုပ်ငန်းစဉ်တွေမှာ ပါဝင် ဆောင်ရွက်ခဲ့ရတာတွေ၊ နိုင်ငံရေး အာဏာသိမ်းယူမှုတွေကြောင့် တဖြည်းဖြည်းနဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီအဖြစ် ဖွံ့ထွားလာခဲ့ပါတယ်။ စစ်တပ်တစ်ခုရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီမှာ နိုင်ငံရေးသဘောတရား (Political Doctrine) နဲ့ နိုင်ငံရေးအကျိုးစီးပွား (Political Interest) ဆိုတဲ့ မျက်နှာစာနှစ်ဖက် ရှိတာကို တွေ့ရပါတယ်။ မိမိသာ နိုင်ငံကို ကယ်တင်သူ၊ မိမိသာနိုင်ငံကို ပဲ့ကိုင်ပေးနိုင်သူ ဆိုတဲ့ Guardianship ဆိုတဲ့ အယူအဆဟာ တပ်ရဲ့နိုင်ငံရေးသဘောတရားပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့အတူ စတင်ခဲ့တဲ့ ပြည်တွင်းစစ်ကို ကာလကြာရှည် တိုက်ခဲ့ရသလို ကူမင်တန် ပြည်ပကျူးကျော်စစ်ကို တိုက်ခိုက်အောင်မြင်ခဲ့တဲ့ တပ်မတော်ဟာ မိမိသာ မကယ်တင်ရင် တိုင်းပြည်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီး အချုပ်အခြာအာဏာလည်း ဆုံးရှုံးရမယ်ဆိုတဲ့ ကယ်တင်ရှင်အမြင် ဝင်လာတာ ဆန်းတော့ မဆန်းပါဘူး။ အဲဒီလိုပဲ နိုင်ငံရေးရဲ့ အားနည်းလှတဲ့ အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်ကို စတင် ထူထောင်ကတည်းက နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ရသလို ၁၉၅၈ မှာဆိုရင် နိုင်ငံတော်ရဲ့အခြေအနေကြောင့် အရပ်သားအစိုးရအနေနဲ့ တပ်ကို အာဏာအပ်နှင်းခဲ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ တပ်မတော်ထဲမှာ သူတို့ဟာ နိုင်ငံတော်ရဲ့ ပဲ့ကိုင်သူတွေဖြစ်တယ်ဆိုတဲ့ အယူအဆ ထွန်းကားအောင် တွန်းပို့ပေးခဲ့ပါတယ်။ ဒါတွေနဲ့အတူ ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ကာလရှည်ကြာ အုပ်စိုးခဲ့ပြီးတဲ့နောက်မှာ အကျိုးစီးပွားတွေပါ ယှဉ်တွဲဖြစ်ထွန်းလာပါတယ်။ အဲဒီလို သဘောတရားနဲ့ အကျိုးစီးပွားတို့ ဆုံစည်းမိတဲ့ အခါမှာတော့ တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဟာ ဖွံ့ဖွံ့ထွားထွား ပေါ်ထွက်လာပါတော့တယ်။

ခေတ်အဆက်ဆက် တပ်မတော် ခေါင်းဆောင်တွေဟာ တပ်မတော်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို တပ်မတော်အတွင်းမှာ စိမ့်ဝင်ပျံ့နှံ့စေဖို့အတွက် အစဉ်တစိုက် သဘောတရား သွတ်သွင်းခဲ့သလို တပ်မတော်ရဲ့ ပညာရပ် အဆောက်အအုံတွေ၊ တပ်မတော်အတွင်းက လူမှုဆက်ဆံရေး ဖြစ်စဉ်တွေကလည်း ယင်းသွတ်သွင်းမှု ဖြစ်စဉ်ကို ပိုမိုခိုင်မာ အားကောင်းစေခဲ့ပါတယ်။ သိပ်မကြာသေးခင်ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ့တပ်မတော်ဟာ ခိုင်မာအားကောင်းတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုဖြစ်ပြီး ခေတ်အဆက်ဆက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းကြောင်းမှာ နက်နက်ရှိုင်းရှိုင်းကို ပါဝင်ဆောင်ရွက်ခဲ့ပါတယ်”လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါသေးတယ် (Myawaddy, 9 November, 2016)။ နောက်ဆုံးမှာတော့ အဲဒီနိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင်ကို ထည့်သွင်းပြဌာန်း လိုက်ပါတော့တယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ မရေရာ မသေချာမှုများ ကြီးစိုးနေတဲ့ အသွင်ကူပြောင်းမှု ကာလမှာ ကိစ္စရပ်တိုင်းကို သူ့ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ကနေပြီးတော့ပဲ ချဉ်းကပ် ဆောင်ရွက်တာကို အထင်အရှား တွေ့ရပါတယ်။ အဲဒီအပြင် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေ အားလုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကို သွတ်သွင်းဖို့လည်း ဖိအားပေးတဲ့ နည်းနဲ့ရော၊ ဆွဲဆောင် စည်းရုံးတဲ့ နည်းနဲ့ပါ အစဉ်မပြတ် ကြိုးစားနေတာကို တွေ့ရပါတယ်။

ဒီအခင်းအကျင်းမှာ ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်း တစ်လျှောက်လုံး အငြင်းပွားစရာ ဖြစ်ခဲ့ရတဲ့ ဖက်ဒရယ် သဘောတရားကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူဘောင်ထဲကို သွတ်သွင်းဖို့ ကြိုးစားတာကလည်း သိပ်တော့ အံ့သြစရာ မကောင်းလှပါဘူး။ ဒီလို သွတ်သွင်းရာမှာလည်း ပထမပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခုသွားနေတဲ့ လမ်းကြောင်းဟာ ဖက်ဒရယ်လမ်းကြောင်း ဖြစ်ပြီး ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အခြေခံဥပဒေထဲမှာ ပြဌာန်းထားတယ်ဆိုတဲ့ သဘောတရားကို တွေ့ဆုံမေးမြန်းခန်းတွေမှာ စတင်ပြောဆိုခဲ့တာ အစောပိုင်းမှာ တင်ပြခဲ့ပြီးပါပြီ။ အဲဒီကတစ်ဆင့် ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ဖက်ဒရယ်အသွင် လက္ခဏာတွေအကြောင်းကို တခမ်းတနား ဖွင့်ဆိုပြကြပါတယ်။ ၂၁ရာ စုပင်လုံညီလာခံ မကျင်းပမီ သြဂုတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ တပ်မတော်ပိုင် မြဝတီသတင်းစာမှာ လေ့လာသူတစ်ဦး ဆိုတဲ့အမည်နဲ့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ”ဆိုတဲ့ ဆောင်းပါးရှည်ကြီး တစ်ပုဒ် ထည့်သွင်း ဖော်ပြခဲ့တာ တွေ့ရပါတယ် (လေ့လာသူတစ်ဦး၊ ၁၀ သြဂုတ်၊၂၀၁၆ မှ ၁၄ သြဂုတ်၊ ၂၀၁၆ )။ သြဂုတ် ၃၁ ရက်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာတော့ အဲဒီဆောင်းပါးကို စာအုပ်အဖြစ် ပုံနှိပ်ပြီး တပ်မတော်က ဝေငှခဲ့ပါတယ်။ နောက်ပြီး တပ်မတော်သားတွေ တင်သွင်းခဲ့တဲ့ ဖက်ဒရယ် စာတန်းဟာလည်း အဲဒီဆောင်းပါးကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အကျအနပြင်ဆင်ပြီး သူတို့ရဲ့ သဘောတရားရေးရာ ခင်းကျင်းပြခဲ့တာကို အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။

တပ်မတော် တင်သွင်းခဲ့တဲ့ စာတန်းတွေကို အကြမ်းဖျင်း လေ့လာကြည့်မယ်ဆိုရင်

■ (က) ဖက်ဒရယ်ပညာရှင် တစ်ဦးဖြစ်တဲ့ ရော်နယ်ဝတ်စ် (Ronald Watts) ရဲ့ ဖက်ဒရယ် ဝိသေသလက္ခဏာတွေကို အခြေခံပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ် ဆိုတာကို သက်သေပြဖို့ ကြိုးစားတာဖြစ်ပါတယ်။ ရော်နယ်ဝတ်စ်က သူ့ရဲ့ “Comparing Federal System” ဆိုတဲ့ စာအုပ်မှာ ဖက်ဒရယ်ရဲ့ အဓိက ဝိသေသလက္ခဏာရပ် ခြောက်ချက်ကို အောက်ပါအတိုင်း ထုတ်နုတ်ပြခဲ့ပါတယ်။

■ အနည်းဆုံး အစိုးရအဆင့် နှစ်ဆင့် ရှိရမှာဖြစ်ပြီး တစ်ဆင့်က ဖက်ဒရေးရှင်းကြီး တစ်ခုလုံးအတွက် ဆောင်ရွက်နေတဲ့ ဗဟိုအစိုးရဖြစ်ပြီး အခြားတစ်ဆင့်ကတော့ ဒေသဆိုင်ရာ ယူနစ်တွေအတွက် ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာအစိုးရ ဖြစ်ပါတယ်။ အစိုးရ နှစ်ရပ်စလုံးဟာ နိုင်ငံသားတွေအတွက် စီမံဆောင်ရွက်ပေးကြပါတယ်။

■ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာနှစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက တရားဝင် သီးခြားသတ်မှတ် ပိုင်းခြားပေးထားသလို အစိုးရအဆင့် နှစ်ဆင့်ကြားမှာ ဘဏ္ဍာရေးအရင်းအမြစ် စီမံခန့်ခွဲမှုကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပိုင်းခြားသတ်မှတ် ပေးထားပါတယ်။ အဲဒီလို ပိုင်းခြား သတ်မှတ်ရာမှာလည်း အစိုးရ အဆင့်တစ်ဆင့်စီရဲ့ စစ်မှန်တဲ့ လွတ်လပ်စွာ စီမံခန့်ခွဲ ဆောင်ရွက်ပိုင်ခွင့်ကို အာမခံချက် ပေးထားပါတယ်။

■ ဖက်ဒရယ်အစိုးရရဲ့ မူဝါဒချမှတ်တဲ့ အင်စတီကျူးရှင်းတွေထဲမှာ ဒေသဆိုင်ရာ အမြင်တွေကို ကိုယ်စားပြုခွင့် ရဖို့အတွက် သတ်မှတ် ပြဌာန်းပေးထားပါတယ်။ ပုံမှန်အားဖြင့်ကတော့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဖက်ဒရယ် ဒုတိယလွှတ်တော် (ဒေသတွေကို ကိုယ်စားပြုပေးနိုင်တဲ့ လွှတ်တော်တစ်ရပ်) ထားရှိလေ့ ရှိပါတယ်။

■ စာဖြင့် ရေးသားပြဌာန်းထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံးအခြေခံဥပဒေ ရှိပြီး အဲဒီအခြေခံဥပဒေကို ဖက်ဒရယ်အဆင့် တစ်ဆင့်ထဲက တစ်ဖက်သတ် ပြင်ဆင်လို့ မရနိုင်ဘဲ ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသဆိုင်ရာ ယူနစ်တွေရဲ့ သတ်မှတ်ထားတဲ့ အချိုးအစားက သဘောတူညီမှသာ ပြင်ဆင်နိုင်ပါတယ်။

■ (အစိုးရ အဆင့်နှစ်ဆင့်ကြား အငြင်းပွားမှုကို) အပြီးသတ် အတည်ပြု ဆုံးဖြတ်ပေးနိုင်တဲ့ (ခုံရုံး၊ သို့မဟုတ် ဒီလိုကိစ္စမျိုး ဖြေရှင်းဖို့အတွက် အထူးအခွင့်အာဏာ အပ်နှင်းထားတဲ့ အထက်လွှတ်တော်၊ သို့မဟုတ် ဆန္ဒခံယူပွဲ လုပ်ပြီး ဖြေရှင်းဖို့ သတ်မှတ်ပြဌာန်းချက် စတဲ့) အာဏာပိုင် လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းတစ်ရပ် ရှိပါတယ်။

■ အစိုးရရဲ့ တာဝန်တွေကို အစိုးရအဆင့် နှစ်ဆင့်အကြား မျှဝေဆောင်ရွက်ရာမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် မလွှဲမရှောင်သာလို့ ထပ်နေတဲ့ တာဝန်တွေကို အစိုးရအဆင့်နှစ်ဆင့်အကြား ပူးပေါင်း ဆောင်ရွက်ရာမှာပဲဖြစ်ဖြစ် ကူညီပံ့ပိုးပေးနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ အင်စတီကျူးရှင်းတွေ ရှိကြပါတယ် (Watts, 2008)။

အဲဒီ အချက် ခြောက်ချက်ကို မူတည်ပြီး ပြည်ထောင်စု (ဖက်ဒရယ်) စစ်၊ မစစ် ဆိုတာကို ဆန်းစစ်ဖို့ အခြေခံ ငါးချက်ကို ထပ်မံ ထုတ်ပြထားပါတယ်။ အဲဒီ အခြေခံ ငါးချက်ကတော့ –

(က) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေပုံ

(ခ) ရေးဆွဲ ပြဌာန်းထားသော အခြေခံဥပဒေ written constitution ရှိ၊ မရှိ

(ဂ) အုပ်ချုပ်ရေးအစိုးရနှစ်မျိုး ရှိ၊ မရှိ

(ဃ) တရားရုံးချုပ်စနစ်နှစ်မျိုး (ပြည်ထောင်စု တရားရုံးချုပ်။ ပြည်နယ်တရားရုံးချုပ်) ရှိ၊ မရှိ

(င) ပြည်ထောင်စု အခြေခံဥပဒေနှင့် ပြည်နယ် အခြေခံဥပဒေ၊ သို့မဟုတ် ပြည်ထောင်စု အခြေခံဥပဒေတွင် ပြည်နယ်များအတွက် ပြဌာန်းချက်များ အကျုံးဝင်သည့် အခြေခံ ဥပဒေမျိုး ရှိ၊ မရှိ (တပ်မတော်ကိုယ်စားလှယ်၊ အဖွဲ့ (၁)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ၊ စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂)။

■ (ခ) တပ်မတော်ရဲ့စာတန်းမှာ အထက်ဖော်ပြပါ အချက်တွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ (၁) နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ (၂) တိုင်းရင်းသားများရဲ့ တန်းတူအခွင့်အရေး၊ (၃) ဥပဒေပြုရေး၊ (၄) အုပ်ချုပ်ရေး၊ (၅) တရားစီရင်ရေး (၆) နိုင်ငံသားရဲ့ အခွင့်အရေး၊ (၇) အာဏာခွဲဝေကျင့်သုံးပုံ စတဲ့ကဏ္ဍ ခုနစ်ရပ်ကို ချိန်ထိုး လေ့လာကြည့်ပါတယ် (တပ်မတော်ကိုယ်စားလှယ် ဖတ်ကြားသော စာတမ်း၊ အဖွဲ့ (၁)၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ စက်တင်ဘာ၊ ၂၀၁၆၊ စာ ၂-၃)။ အဲဒီလို လေ့လာကြည့်ပြီးတော့ “၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်”ဆိုတာကို သက်သေ ပြထားပါတယ်။

အဓိက အချက်တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အောက်ဖော်ပြပါ အချက်တွေရှိတဲ့အတွက် ဖက်ဒရယ် ဝိသေသတွေ ရှိတယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။

(၁) ရေးသားထားတဲ့ ဖွဲ့စည်းပုံတစ်ရပ် ရှိတယ်။

(၂) နိုင်ငံတော် နယ်နမိတ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့ရဲ့ အမည်၊ နယ်နမိတ်ကို ပြည်ထောင်စု အစိုးရရဲ့ သဘောဆန္ဒ သက်သက်နဲ့ ပြောင်းလဲလို့ မရဘူး။ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွေရဲ့ နယ်နိမိတ် တည်တံ့ခိုင်မြဲမှုကို အာမခံချက် ပေးထားတယ်။

(၃) တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကို အာမခံချက် ပေးထားတယ်။

(၄) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တို့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံပြဌာန်းချက်နဲ့ အဲဒီ လွှတ်တော်အဆင့်ဆင့်ကို ဥပဒေပြုရေးအာဏာ ခွဲဝေအပ်နှင်းထားတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း လူမျိုးစုလွှတ်တော်လို့ ခေါ်ဆိုနိုင်တဲ့ အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ တန်းတူအခွင့်အရေး ပေးထားတယ်။

(၅) ပြည်ထောင်စုလွှတ်တော် ဥပဒေပြုနိုင်ခွင့် အာဏာကို ဇယား(၁)၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေပြုနိုင်ခွင့် အာဏာကို ဇယား(၂)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုခွင့် အာဏာကို ဇယား (၃) နဲ့ သတ်မှတ်ပေးထားတယ်။

(၆) ဇယား (၁)၊ (၂)၊ (၃) မှာ ဖော်ပြမထားတဲ့ အခြားကိစ္စရပ်တွေအတွက် ကြွင်းကျန်တဲ့ ဥပဒေပြုခွင့် အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်နဲ့ အပ်နှင်းထားပါတယ်။

(၇) ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ အစိုးရနှစ်ရပ် ရှိတယ်။ အဲဒီ အစိုးရနှစ်ရပ်ကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပိုင်းခြားသတ်မှတ် ပေးထားတယ်။

(၈) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးများအကြား ဘဏ္ဍာရေးနဲ့ သဘာဝသယံဇာတများ ခွဲဝေသုံးစွဲမှုကို ပိုင်းခြား သတ်မှတ်ပေးထားပါတယ်။

(၉) သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဌာန်းထားတဲ့ လူဦးရေအချိုးအစား ကိုက်ညီရင် ရွေးကောက်ခံပြီး တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခွင့် ပေးထားပါတယ်။

(၁၀) တရားစီရင်ရေး အာဏာကို ပြည်ထောင်စုရဲ့ အစိတ်အပိုင်း အသီးသီးကို ခွဲဝေအပ်နှင်းထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တရားလွှတ်တော်တွေဟာ တရားစီရင်ရေး အဆင့်ဆင့်မှာရှိတဲ့ တရားရုံးတွေကို ကြီးကြပ်ပိုင်ခွင့် ရှိတယ်။ ဥပဒေမူဘောင်အနေနဲ့ ပြည်နယ်တိုင်းဒေသကြီး အားလုံးက ပြည်ထောင်စုရဲ့တစ်ခုတည်းသော တရားစီရင်ရေးစနစ်အတိုင်းပဲ ဆောင်ရွက်ရပါတယ်။

(၁၁) ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား၏ အငြင်းပွားမှုကို ဖြေရှင်းပေဖို့အတွက် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ထားရှိပေးထားပါတယ်။ ၇

■ (ဂ) ဒီအချက်တွေအပြင် တပ်မတော်ရဲ့ စာတန်းတွေမှာ သူတို့ရဲ့ ရည်တည်ချက်တွေကိုလည်း ဆွေးနွေးထားတာ တွေ့ရပါတယ်၊ တပ်မတော်အနေနဲ့ တိုင်းရင်းသား လူမျိုးစုများအကြား တန်းတူညီမျှရှိတဲ့ ပြည်ထောင်စု တစ်ခုဖြစ်ရေး မူကို ကန့်ကွက်စရာ မရှိလို့ ဆိုပါတယ် (တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံးတင်ပြခြင်း”၊ စက်တင်ဘာ ၂၀၁၆၊ စာ-၄)။ ပြောရမယ်ဆိုရင် အရင် က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပဲ အဓိကပြောခဲ့ပေမယ့် အခုတော့ တိုင်းရင်းသား လူမျိုးစုများအကြား တန်းတူညီမျှမှုဆိုတာကို ပြောလာပါတယ်။ ဒါပေမဲ့ အဲဒီလို တန်းတူညီမျှမှုရှိတဲ့ ပြည်ထောင်စုကို တည်ထောင်မယ်ဆိုရင် တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မူဘောင်တွေထဲကနေပဲ ထူထောင်ရမယ် ဆိုတာကို ပြောပါတယ်။ လက်ရှိ အခြေခံဥပဒေမှာလည်း ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်ပြီးသား ဖြစ်တဲ့အတွက် ဖက်ဒရယ် မဆန်ဘူးလို့ ပြောနေမယ့်အစား ဘယ်အချက်တွေဟာ ဖက်ဒရယ်ဆန်ပြီး ဘယ်အချက်တွေက ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီဘူး ဆိုတာကို အသေးစိတ် အတိအကျထောက်ပြပြီး ပြင်ဆင်သွားဖို့ လိုတယ်လို့ ဆိုပါတယ် (တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ၊ “တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံး တင်ပြခြင်း”၊ စက်တင်ဘာ ၂၀၁၆၊ စာ-၄)။ ဒါပေမဲ့ ပြင်ဆင်တဲ့ နေရာမှာလည်း အခြေခံဥပဒေရဲ့ အခန်း ၁၂ ပြင်ဆင်ခြင်း အခန်းမှာ ပါရှိတဲ့ အချက်တွေအတိုင်း ပြင်ဆင်သွားရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ပြင်ဆင်ဖို့ကလည်း ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောတူညီချက် သက်သက်နဲ့ မဖြစ်နိုင်ဘဲ တပ်မတော်ရဲ့ သဘောတူညီမှုပါမှပဲ ပြင်ဆင်လို့ရမှာ ဖြစ်နိုင်ပါတယ်။

နောက်ပြီး တိုင်းရင်းသား လူမျိုးတွေအနေနဲ့လည်း အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် အသုံးချပြီး ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရင်း အခြေခံဥပဒေ ပြင်တာတွေ၊ မိမိဒေသ၊ မိမိလူမျိုး တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့တွေကိုလည်း တိုက်တွန်းထားတာ တွေ့ရပါတယ် (တပ်မတော် ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ၊ စက်တင်ဘာ ၂၀၁၆၊ စာ – ၃)။ ဆိုရရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ ဖြစ်ထွန်းလာတဲ့ နိုင်ငံရေး ကစားကွင်းထဲကို ဝင်ဖို့ကိုပါ ဆက်ပြီး တွန်းတဲ့သဘောကို တွေ့ရပါတယ်။

■ ၄။ နိဂုံး

Rohan Edrisinha က ရော်နယ်ဝတ်စ်ရဲ့ ဖက်ဒရယ် ဝိသေသ လက္ခဏာတွေကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာခဲ့ရာမှာ တစ်ပိုင်းဖက်ဒရယ် (quasi-federal) အသွင်အပြင် လက္ခဏာအချို့ ပါရှိပေမယ့် တစ်ပြည်ထောင်စနစ်ကိုပဲ အခြေခံထားတယ်လို့ သုံးသပ်ခဲ့ပါတယ် (Edrisinha, 2014, p. 5) ။ Marcus Brand ကလည်း ရော်နယ်ဝတ်စ်ရဲ့ ဖက်ဒရယ် ဝိသေသလက္ခဏာတွေကို ကိုင်စွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချဉ်းကပ်ခဲ့ရာမှာ ပိုပြီး အကောင်းမြင်တာကို တွေ့ရပြီး “၂၀၀၈ အခြေခံဥပဒေ အဆောက်အအုံကို “တစ်ပိုင်းဖက်ဒရယ်” လို့ ခေါ်နိုင်တယ်။ အဲဒီ အခြေခံဥပဒေထဲမှာ ထင်ရှားတဲ့ ဖက်ဒရယ်အသွင်အပြင် လက္ခဏာတချို့ ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ် (Brand, 2012)။ သူတို့နှစ်ဦးရဲ့ သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် အသွင်အပြင်လက္ခဏာအချို့ ပါဝင်တယ် ဆိုတာကိုတော့ သဘောတူတာ တွေ့ရပါတယ်။ အမှန်ပါပဲ။ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဖက်ဒရယ် အသွင်အပြင်လက္ခဏာတွေ ပါဝင်ပါတယ်။ ပြောရရင် တစ်ပိုင်းဖက်ဒရယ် သဘောဆောင်တဲ့ အခြေခံဥပဒေလို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်အသွင်အပြင် လက္ခဏာတွေပဲ ဆောင်ဆောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြဿနာတစ်ခုက ပြည်သူလူထုနဲ့ အစိုးရအကြား၊ တိုင်းရင်းသား လူမျိုးစုတွေအကြား ဆွေးနွေးတိုင်ပင်ပြီး သဘောတူရေးဆွဲထားတဲ့ ပဋိဉာဉ် (Contract) တစ်ရပ် မဟုတ်ဘဲ စစ်အာဏာရှင် အစိုးရကနေ အတင်းအကျပ် အတည်ပြုပြဌာန်းလိုက်တဲ့ ဖိနှိပ်မှု (Coercion) ဖြစ်နေလို့ပါပဲ။ အဲဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ် ဝိသေသ လက္ခဏာတွေ ပါနေတယ်လို့ ဘယ်လောက်ပဲဆိုဆို လူထုအနေနဲ့ရော၊ တိုင်းရင်းသားတွေ အနေနဲ့ပါ ဒီဖွဲ့စည်းပုံကို ဝိရောဓိဖြစ်စရာ၊ အငြင်းပွားစရာ ဖွဲ့စည်းပုံအဖြစ် ရှုမြင်နေကြဦးမှာ ဖြစ်ပါတယ်။

အဲဒီလို ဝိရောဓိ ဖြစ်စရာ၊ အငြင်းပွားစရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ရှုမြင်ဖို့အတွက် လုံလောက်တဲ့ အခြားအကြောင်းအချက်တွေကလည်း ရှိနေပါသေးတယ်။ အဓိကအကျဆုံး အချက်တစ်ချက်ကတော့ အင်မတန်မှကို ကြီးစိုးလွှမ်းမိုးထားတဲ့ စစ်တပ်ရဲ့အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ် အသွင်သဏ္ဍာန်တွေ ပါဝင်တယ်လို့ အကောင်းမြင်ခဲ့တဲ့ Marcus ကတောင် “၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ သီးခြားအခွင့်အာဏာ အတော်များများကို စစ်တပ်လက်ထဲကို ထည့်ပေးထားပြီး အဲဒီအချက်ကြောင့်ပဲ ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံဆိုပြီး အရည်အသွေး ကျသွားသလို ဖက်ဒရယ်မဆန်တဲ့ ဖွဲ့စည်းပုံလည်း ဖြစ်သွားပါတယ်”လို့ ရေးသားခဲ့ပါတယ် (Brand, 2012, p. 4))။ ဘာလို့လဲဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍဟာ ပြည်ထောင်စုအဆင့်မှာရော၊ တိုင်းဒေသကြီး၊ ဖက်ဒရယ်အဆင့်မှာပါ စနစ်တကျကို ပါဝင်နေလို့ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုတာကိုလည်း အနည်းငယ် ဆွေးနွေးဖို့ လိုပါတယ်။ သမိုင်းတလျှောက်ကို ပြန်လေ့လာကြည့်ရင် ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေမှာ ဖက်ဒရယ်စနစ် ထွန်းကားခဲ့တာ တွေ့ရပါတယ်။ ဥပမာပြရရင် ဆိုဗီယက်ယူနီယံ၊ ချက်ကို စလိုဗက်ကီးယားနဲ့ ယူဂိုစလားဗီးယားတို့ပါ။ အဲဒီတော့ ဒီမိုကရေစီဖြစ်မှ ဖက်ဒရယ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလို့ရပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေမှာ ဖက်ဒရယ်ဟာ ရေရှည် မခံခဲ့တာကို သတိပြုစရာ ကောင်း သလို နောက်ဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ် ဖြစ်ပေါ်လာချိန်မှာတော့ အဲ့နိုင်ငံတွေဟာ တစ်စစီ ပြိုကွဲသွားတာကို တွေ့မြင်ရပါလိမ့်မယ်။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်က ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ် ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီလိုပါပဲ။ လစ်ဘရယ် ဒီမိုကရေစီစနစ်ကလည်း နိုင်ငံတော်ရဲ့လုပ်ပိုင်ခွင့်အာဏာကို အခြေခံဥပဒေတွေ၊ အခြား ဥပဒေမူဘောင်တွေနဲ့ တင်းတင်းကြပ်ကြပ် ကန့်သတ်ပြီး အပြန်အလှန် ထိန်းကျောင်းမှုစနစ်တွေ၊ အခွင့်အရေး ကာကွယ်ပေးမှုတွေ၊ အာဏာခွဲေ၀ ကျင့်သုံးတာတွေကို ဆောင်ရွက်ပါတယ်။ Marcus Brand ကပဲ ပါကစ္စတန်မှာ စစ်တပ်က ဒီမိုကရေစီမဆန်တဲ့ အခွင့်အာဏာတွေ ယူခဲ့တဲ့အတွက် ဖက်ဒရယ် အရည်အသွေး ကျဆင်းသွားရတဲ့ အကြောင်းကို သူ့ရဲ့ စာတန်းထဲမှာ ထောက်ပြခဲ့ပါတယ် (Brand, 2012)။

တပ်မတော်ရဲ့ စာတန်းတွေမှာ ကြိမ်ဖန်များစွာ ကိုးကားခဲ့တဲ့ ရော်နယ်ဝတ်စ် ထောက်ပြခဲ့တဲ့ အချက်တစ်ချက်ကိုလည်း သတိပြုသင့်ပါတယ်။ အခြေခံဥပဒေ တစ်ရပ်ဟာ ဖက်ဒရယ် ဖြစ် မဖြစ်ဆိုတာကို လေ့လာဖို့ အခြေခံဥပဒေပုံစံ (Constitutional Form) ကို လေ့လာဖို့ လိုအပ်သလို အဲဒီအခြေခံဥပဒေဟာ လက်တွေ့မှာ ဘယ်လို လည်ပတ် ဆောင်ရွက်နေလဲဆိုတဲ့ အရှိတရားကိုလည်း လေ့လာဖို့ လိုပါတယ် (Watts, 2008) ။ အခြေခံဥပဒေပုံစံကိုပဲ ကြည့်ပြီး အခြေခံဥပဒေထဲမှာ ဖက်ဒရယ် ဝိသေသလက္ခဏာ တွေပါတယ်လို့ တရားသေပြောနေရင် ဒါဟာ ပုံသဏ္ဍာန်ဝါဒီ (Formalist) အရမ်းဆန်လွန်းပါတယ်။ တကယ်လက်တွေ့မှာ အခြေခံဥပဒေကို အသက်သွင်းပြီး လည်ပတ်တဲ့နေရာမှာ ဖက်ဒရယ် စံနှုန်းတွေနဲ့ မညီဘူးဆိုရင်လည်း ဖက်ဒရယ်ဖြစ်တယ်လို့ ပြောလို့ရမှာ မဟုတ်ပါဘူး။ ဒါကိုလည်း အထူး သတိပြုသင့်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောခဲ့သလို ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်မဆန်တဲ့ ဝိသေသ လက္ခဏာတွေ ပါဝင်နေတယ် ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ လိုပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်ရာထူးကို တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က မရွေးချယ်နိုင်ဘဲ သမ္မတက တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကနေ ဝန်ကြီးချုပ်ကို ရွေးချယ်ခန့်ထားနိုင်တာမျိုးတွေ၊ ဝန်ကြီးချုပ်တွေကို ဖယ်ရှားနိုင်တဲ့ အာဏာကိုလည်း သမ္မတဆီမှာ အပ်နှင်းထားတာမျိုးတွေ၊ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတွေကို မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိနိုင်တဲ့ အစိုးရ အင်စတီကျူးရှင်းပုံစံမျိုး မဟုတ်ဘဲ ဒေသအစိုးရ အားလုံးကို ပုံစံတူ အင်စတီကျူးရှင်းတွေအဖြစ် တင်းကြပ်စွာ ဖွဲ့စည်းထားတာမျိုးတွေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ မဟုတ်ပါဘူး။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်တဲ့ နေရာမှာ ဖက်ဒရယ်ဆန်တဲ့ အချက်တွေကိုပဲ ပုံသဏ္ဍာန်ထုတ်နှုတ်ပြပြီး ဖက်ဒရယ်မဆန်တဲ့ အချက်တွေ၊ အတားအဆီးတွေကို ချန်လှပ်ထားမယ်ဆိုရင် ဘယ်လိုမှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောရရင် တပ်မတော်အနေနဲ့ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဖက်ဒရယ် ဝိသေသလက္ခဏာတွေ ပါဝင်နေတယ်ဆိုတဲ့ ရပ်ခံမှုကနေပြီးတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေကိုအားလုံးကို ချဉ်းကပ် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာလည်း အခြေခံဥပဒေက ပြဿနာအစိတ်အပိုင်း တစ်ခုအနေနဲ့ကို ရှိနေတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာခဲ့သူ အခြေခံဥပဒေပညာရှင် ရက်စ်ဂိုင်း (Yash Ghai) က “မှားယွင်းနေတဲ့ မူဝါဒတွေ၊ အဆောက်အအုံတွေကနေ တဆင့် ပိုမို ဒီမိုကရေစီဆန်ပြီး တန်းတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရာမှာ အခက်အခဲတွေ တွေ့အောင် အခြေခံ ဥပဒေထဲမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်း ပြဌာန်းထားချက်တွေ ရှိပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ် (Ghai, 2008)။ အဲဒီ အခြေခံဥပဒေကြီးကိုသာ တရားသေ ဆက်လက်ကိုင်စွဲထားပြီး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကို ဆက်လက် ပုံဖော်နေမယ် ဆိုရင်တော့ ရှေ့လျှောက် ဖြစ်ထွန်းတိုးတက်မှုတွေ ဆက်ဖြစ်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။ အဲဒီလိုပဲ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို တရားဝင် ပုံဖော်ပေးထားတဲ့ ကြေညာချက် ဖြစ်နေတဲ့အတွက် သူ့ရဲ့ နိုင်ငံရေး အိုင်ဒီယော်လော်ဂျီကို မပြောင်းဘဲ အခြေခံဥပဒေကို ပြောင်းဖို့ စဉ်းစားတာဟာ လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကိုလည်း မေးခွန်းထုတ်စရာ ရှိနေပါတယ်။

Understanding the Military’s Concept of Federalism through the 2008 Constitution Framework

by Ko Ye

The conceptualization of the term “federalism” is varied in Myanmar. The word ‘Union’ is used to describe ‘Pyi-Daung-Su’, which may also mean ‘federal’ in Myanmar language. At the “Federal Conference” held in Yangon in 1962, ethnic leaders widely discussed the principle of a “genuine federal state”. However, the military viewed this as a step towards the disintegration of the Union, and staged a coup afterward. Under military rule, the discussion of federalism in Myanmar became silent. During the on-going peace process, the military began to accept the word-federalism and stated that the 2008 Constitution contains federal characteristics. The author argues that the fundamental flaw of the charter is not because of its form but because of the absence of a social contract made with ethnic minorities. Being a coercive contract enforced by the military, the public, including the ethnic minorities, continue to view the 2008 Constitution as non-federal.

■ စာညွှန်း

၁ ကိုရဲသည် တကောင်းအင်စတီကျု၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို အထူးပြု လေ့လာနေသူ ဖြစ်သည်။

၂ ပြည်ထောင်စုစစ်စစ် (ဖက်ဒရယ်) မူစာတမ်းကို ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးစဝ်ခွန်ချိုက တင်သွင်းခဲ့ပြီး ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းအထူးဝိသေသတိုင်း ကိုယ်စားလှယ် ကပ္ပတိန်မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့်(တောင်ကြီး)နှင့် ကယားဦးစိန်တို့က ထောက်ခံဆွေးနွေးခဲ့ကြသည် (၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) (၁၉၉၁)၊ စာ -၁၃၉ မှ ၁၆၆)။

၃ ၁၉၆၃ခုနှစ် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်အာဏာသိမ်း ခေါင်ဆောင်၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက “ပြည်ထောင်စုအားနည်းရေး၊ ပြိုပျက်ရေးကို မနားမနေ ဆောင်ရွက်နေတဲ့ အတွင်းအပြင် အင်အားစုတို့ရဲ့ အခွင့်ရတိုင်း၊ အခွင့်မရရင်လဲ ရအောင်ကြံဖန်ပြီး ရေနွေးဖျောမှုတို့ကြောင့်၊ အညှောင့်အတက် ထွက်စ ပြည်ထောင်စု စည်းလုံးရေး သစ်ပင်ကလေးမှာ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက (ဖက်ဒရယ်ဆွေးနွေးပွဲကို ရည်ညွှန်း) လုံးလုံး ဇီဝိန်ချုပ်ရတော့မလို ဖြစ်ခဲ့ရပါတယ်။ ဒီစည်းလုံးမှု အပင်ကလေး ဇီဝိန်ချုပ်ရင် ပြည်ထောင်စုလည်း လုံး၀ ပြိုကွဲပျက်စီးတော့မှာ မြင်တဲ့အတွက် တော်လှန်ရေးကို ဆင်နွှဲပြီး တော်လှန်ရေးကောင်စီက အခြေအနေကို ဝင်ထိန်းခဲ့ခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ်၊ ၁၉၆၄၊ စာ – ၁၄)။

၄ မြန်မာ့နိုင်ငံရေး လောကမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေအတွက် နိုင်ငံရေးအရ ဆွဲဆောင်မှုရှိတဲ့ စကားလုံးဖြစ်ပေမယ့် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ ၉၃ ပါတီ၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မှတ်ပုံတင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၄၃ ပါတီ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၉၁ ပါတီမှာ ဖက်ဒရယ်၊ ဖက်ဒရယ်အမည်ခံယူခဲ့တဲ့ ပါတီ လုံးဝမရှိခဲ့တာကို တွေ့ရပါတယ်။

၅ ဥပမာ – ၁၉၉၁ ခုနှစ်၊ ဇွန် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၏ အမျိုးသား စည်းလုံးညီညွတ်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်း၍ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်နှင့် ၁၉၉၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က အမျိုးသားညွန့်ပေါင်းအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုတို့ လက်မှတ်ရေးထိုးခဲ့သော “မာနယ်ပလောစာချုပ်၊ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်”တို့ကိုကြည့်ပါ (မာနယ်ပလောစာချုပ်၊ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်၊ ၃၁၊ ဇူလိုင်၊ ၁၉၉၂)။

၆ စာရေးသူ၏ လေ့လာချက်အရ တပ်မတော် စစ်ဥပဒေချုပ်ရုံးမှ ဖက်ဒရယ်နှင့် ပတ်သက်သော သဘောတရားများ၊ စာတမ်းများကို စုဆောင်းပြုစု လေ့လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

၇ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံမှာ တပ်မတော်မှ စာတမ်း စုစုပေါင်း (၁၀) စောင် တင်ပြခဲ့ပြီး အထက်ဖော်ပြပါ အချက်တွေကိုတော့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကနေ ပြန်လည်ထုတ်နှုတ် တင်ပြထားတာ ဖြစ်ပါတယ်။

■ ကျမ်းကိုးစာရင်း

မြန်မာဘာသာ

၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) (၁၉၉၁)၊

တက္ကသိုလ်များ စာပုံနှိပ်တိုက်၊ စာ -၁၃၄ မှ ၁၆၆။။

ဆလိုင်းလျန်မှုန်းဆာခေါင်း၊ (၂၀၁၅)၊ ဖက်ဒရယ်စနစ်၏အင်္ဂါရပ်များ၊

တိုင်းရင်းသားလူမျိုးများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စု၊ စာ – ၁၃၄။

ပြည်ထောင်စု မြန်မာနိူင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ် (Federal) မူအရဖြင့် ပြင်ဆင်ရေးဆွဲရေးအတွက် ရေးဆွဲတင်ပြသော ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ချုပ်မှ စာတမ်း၊ တပ်မတော်မော်ကွန်းတိုက်၊ စာတွဲအမှတ် DR-၂၉၃၅

မာနယ်ပလောစာချုပ်၊ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေးသဘောတူညီချက် ( ၃၁၊ ဇူလိုင်၊ ၁၉၉၂)၊

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ပါတီစည်းရုံးရေး ဗဟိုကော်မတီဌာနချုပ် (၁၉၆၄)၊

တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ အမြင်နှင့် ခံယူချက်၊ စာပေဗိမာန် ပုံနှိပ်တိုက်၊ စာ – ၁၄။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ၊ ဖက်ဒရယ်စနစ်၏ သဘောသဘာဝများ၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် တိုင်းရင်းသားများ၏ တန်းတူအခွင့်အရေးများအပေါ် လေ့လာသုံးသပ် ဆွေးနွေးတင်ပြခြင်း” အဖွဲ့(၁)၊ စာ ၂ မှ ၃။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ တပ်မတော်မှ တင်ပြချက်များအား အကျဉ်းချုံး တင်ပြခြင်း၊ စာ – ၄။

တပ်မတော်ကိုယ်စားလှယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ (စက်တင်ဘာ၊ ၂၀၁၆)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများမှ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အာဏာခွဲေ၀ ကျင့်သုံးခြင်းတို့အား ဆွေးနွေးတင်ပြခြင်း၊ စာ – ၃။

တိုင်းပြည်ပြုလွှတ်တော် စာတွဲ ၁၊ အစည်းအဝေး အမှတ် ၅(၁၉၄၇)၊ မြန်မာနိုင်ငံတော်အစိုးရ စာပုံနှိပ်တိုက်၊ စာ ၁၂၆ – ၁၄၂။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် နိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံတော်သမ္မတ အခန်းများနှင့် စပ်လျဉ်း၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပြုချက်များ (၁၉၉၅)၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်မည့် နိုင်ငံတော်၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံတော်အကြီးအကဲ အခန်းများနှင့် စပ်လျဉ်း၍ အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံ ကိုယ်စားလှယ် အစုအဖွဲ့များက တင်သွင်းသော အကြံပြုချက် စာတမ်းများ၊ အမျိုးသားညီလာခံ စုံညီအစည်းအဝေး၊ စာ – ၅၁၈။

သန်းလွင်ထွန်း (၂၀၁၄)၊ ကြီးလေးကြီးနှင့် တွေ့ဆုံခြင်း၊ ဗွီအိုအေ၊ စာ – ၄၈ မှ ၄၉။

လေ့လာသူတစ်ဦး (၁၀ သြဂုတ်၊၂၀၁၆ မှ ၁၄ သြဂုတ်၊ ၂၀၁၆ )၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသလက္ခဏာများ၊ မြဝတီသတင်းစာ။

ဟံသာဝတီသတင်းစာ၊ ၁၀-မတ်-၁၉၆၂။

အခန်း(၁)၊ အပိုဒ်(၆၊ စ) နိုင်ငံတော် အခြေခံမူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)။

အခြေခံမူများ၊ ၁(က)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၂၀၁၅)။

အောင်စောဦး (၁၉၉၈)၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲမှတ်တမ်း၊ လွတ်လပ်ရေးရွှေရတု၊ စာ – ၄၈၄ မှ ၄၈၆။

ဦးအုန်းဖေ (၁၉၈၄)၊ ပင်လုံစစ်တမ်း၊ စံပယ်ဦး စာပုံနှိပ်တိုက်၊ စာ – ၁၆၉။

အင်္ဂလိပ်ဘာသာ

Aung Naing Oo. (2014, 21 August). Peace, Compromise and Federalism, Mizzima Business Weekly, 34 (3).

Doorn, J. (1971), Ideology and the Military, On Military Ideology. Rotterdam: Rotterdam University Press. XVIII.

Brand, M. (2012). “A Bird in the hand&.The Federal Pattern of Myanmar’s 2008 Constitution”. Unpublished paper.

Edrisinha, R. (2014), Bingham Centre Myanmar Project: Federalism in Asia (Report). Bingham Centre for the Rule of Law.

Eleven Media. (2015, 2 July). Exxlusive Interview with Commander-in-Chief of Defence Services Min Aung Hlaing.SHOULD PREFERABLY BE UNDER THE NAME OF THE JOURNALIST IF THERE IS ONE.

Ghai, Y. (2008). The 2008 Myanmar Constitution: Analysis and Assessment.

Hnin Yi (2014), The Political Role of the Military in Myanmar, RCAPS Working paper series, RDP 13003, 8.

Min Aung Hlaing. (2016, 6 May). Excerpts from the meeting with local media that reflect the stance and actions of the Tatmadaw. Facebook post from Senior-General Min Aung Hlaings facebook page.

Min Zin. (13 September). Why Peace is still a Tough Sell, The Irrawaddy.

Myawaddy (2016, 9 November). Senior General Min Aung Hlaing holds discussion at European Union Committee Meeting.

Steinberg, D. (2015, 26 February). Myanmar Grapples with Federalism, Nikkei Asian Review.

Watts, R. (2008). Comparing Federal Systems, Third Edition. Montreal/Kingston: McGill-Queen’s University Press.