ငြိမ်းချမ်းရေးတည်ဆောက်ထိန်းသိမ်းမှုနှင့် အတွေးစများ

Post By Dr.Hein Paing Htoo Chit, On December 30, 2020

ငြိမ်းချမ်းရေးတည်ဆောက်ထိန်းသိမ်းမှုနှင့် အတွေးစများ

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတာ လူတိုင်း လိုလားတောင့်တနေတဲ့ အရာတခုဖြစ်ကြောင်း စာဖတ်သူအားလုံး ယေဘုယျသဘောတူကြမှာပါ။ ဒါပေမယ့် “ငြိမ်းချမ်းရေးဆိုတာ ဘာလဲ”ဆိုတဲ့အပေါ် အမြင်တွေကွဲပြားခြားနားမှု အတော်လေး ရှိနေကြတာဟာလည်း အမှန်တရားပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံပဲလားဆိုတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုတွေများစွာ ရှိခဲ့တာတောင်မှ ဒီနေ့ကမ္ဘာမှာ လူသားအားလုံးရဲ့ လုံခြုံမှုနဲ့ ငြိမ်းချမ်းရေးဟာ အားစိုက်ဖို့ လိုအပ်နေဆဲပါပဲ။ Institute of Economics and Peace (IEP)ရဲ့ သုတေသနအရ ၂၀၁၆ မှာ ကမ္ဘာ့ပဋိပက္ခများရဲ့ ကုန်ကျစရိတ်ဟာ လူတယောက်အတွက် တရက်ကို စတာလင်ပေါင် လေးပေါင်ကျော် ဆုံးရှုံးမှုနဲ့ ညီမျှတယ်လို့ တွေ့ရပါတယ်။

မနှစ်က နိုင်ငံတကာအဖွဲ့တခုနဲ့ ပေါင်းလုပ်ဖြစ်တဲ့ သုတေသနအတွက် ရွာတရွာမှာ အစုဖွဲ့လိုက် ဆွေးနွေးတာလေး လုပ်ဖြစ်ပါတယ်။ အဲ့သည်မှာ အန်တီကြီးတစ်ယောက်က ငယ်ငယ်က အကြောင်းတွေ ပြောရင်း ချွေးစေးတွေ ပြန်လာလို့ ခဏနားရပါတယ်။ ပြီးတော့မှ သူငယ်ငယ်က သူ့ဦးလေးကို သူ့အနောက်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတာမို့ စိတ်ဒဏ်ရာရှိတာ သိရတယ်။

နှစ်ပေါင်းများစွာ အကြမ်းဖက်မှုတွေ၊ ပြဿနာတွေနဲ့ အသားကျခဲ့တဲ့ နိုင်ငံတွေဟာ ပဋိပက္ခသံသရာမှာ လည်နေတတ်ပါတယ်။ ၂၀၁၈ က အနောက် အာဖရိကနိုင်ငံတွေကို အခြေပြုပြီးလုပ်ခဲ့တဲ့ သုတေသနတခုက နိုင်ငံတော်ရဲ့ အာဏာပိုင်အစုဖွဲ့တွေဟာ အာဏာကို မမျှမတ သုံးစွဲပြီး ရပိုင်ခွင့်တွေကို ချိုးဖောက်တယ်ဆိုတဲ့ ခံစားချက်၊ ဒါမှမဟုတ် အမြင်တွေရှိခြင်းဟာ လူငယ်တွေ အစွန်းရောက်အဖွဲ့တွေထဲကို ဝင်ရောက်စေဖို့ စဉ်းစားမှုရဲ့ ပထမနေရာမှာ ရှိတယ်လို့ဆိုပါတယ်။

အကြမ်းဖက်မှုဆိုတာ သမမျှတမှုများကို ဖျက်ဆီးခြင်းလို့ ယျေဘုယျ ဆိုလိုပါတယ်။ အကြမ်းဖက်မှုဟာ ဘက်စုံလှိုက်စားသွားတတ်တဲ့ သဘောလည်းရှိပါတယ်။ နမူနာပြောရရင် အကြမ်းဖက်မှုများဟာ လူတွေ ဒဏ်ရာရ၊ သေကျေ အနာတရ ဖြစ်ရုံတင်မကဘဲ ကူးစက်ရောဂါတွေနဲ့ စိတ်ကျန်းမာရေးပြဿနာတွေအထိ ဖြစ်စေပြီး ဒီကနေ ကျန်းမာရေးစနစ်ရဲ့ မျှခြေကို တိုက်ရိုက်ထိခိုက်စေတတ်ပါတယ်။ တခြားစီးပွားရေးနဲ့ လူမှုရေးမျှခြေများကိုလည်း ထိခိုက်စေပါတယ်။

အကြမ်းဖက်မှုများဟာ ပဋိပက္ခများကြောင့် ဖြစ်ရပေမယ့် ပဋိပက္ခဖြစ်တိုင်း အကြမ်းဖက်မှုတွေ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးဆိုင်ရာ ပဋိပက္ခများဟာ ရှောင်လွှဲမရတဲ့ သဘာဝဖြစ်ကြောင်း ငြိမ်းချမ်းရေးတည်ဆောက်သူများက မကြာခဏပြောတတ်ပါတယ်။ အကြမ်းဖက်လာတယ်၊ အကြမ်းဖက်ပြီးဖြေရှင်းလာတယ်ဆိုရင်တော့ ဒါဟာမျှခြေကို ပျက်စီးစေတာမို့ မငြိမ်းချမ်းမှုတွေ ဖြစ်လာပါတော့တယ်။

မငြိမ်းချမ်းမှုတွေကို လေ့လာပြီး အဖြေရှာတဲ့အခါ အကြမ်းဖက်မှုတွေအကြောင်းကို ပိုမိုနားလည်ဖို့လိုအပ်ပါတယ်။ အကြမ်းဖက်မှုဆိုတာမှာ လူကို ဖြစ်စေ၊ ပိုင်ဆိုင်မှုတခုကို ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စနစ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ သိမ်ငယ်မှု၊ ပျက်စီးမှု ဖြစ်စေဖို့ ရည်ရွယ်လို့ ပြုလုပ်တာမျိုးကို ဆိုလိုပါတယ်။ သဘောမတူမှုတွေကနေ အကြမ်းဖက်မှုတွေ ပေါ်ပေါက်တတ်ပါတယ်။ ရံဖန်ရံခါမှာတော့ ဘာဖြစ်လို့ မငြိမ်းချမ်းဖြစ်နေရသလဲ၊ အကြမ်းဖက်မှုတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အခြေခံအကြောင်းတရားများကိုတောင်မှ အချင်းချင်းသဘောတူညီမှု မရကြတာမျိုး ဖြစ်တတ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခများကို ဘာသာရပ်တခုအနေနဲ့ လေ့လာဖို့ ဖြစ်လာစေခဲ့တဲ့ ပဓာနဦးဆောင်သူတဦးဖြစ်တဲ့ Prof. Johan Galtung က အကြမ်းဖက်မှုများကို လေ့လာတဲ့အခါ သုံးမျိုးခွဲခြမ်းစိတ်ဖြာပြီး နားလည်နိုင်တယ်လို့ ဆိုပါတယ်။

ပထမဆုံးအမျိုးအစားဖြစ်တဲ့ တိုက်ရိုက်အကြမ်းဖက်မှုဟာ သိသာပြီး လူတွေအနေနဲ့ မြင်လွယ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ လက်နက်နဲ့ပဋိပက္ခ ဖြစ်လာခဲ့တာဖြစ်တဲ့အတွက် တိုက်ရိုက်ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်ခံရမှုတွေ အနည်းနဲ့အများ သက်ရောက်ခြင်း ခံခဲ့ရသူတွေ များလွန်းလှပါတယ်။ တိုက်ပွဲတွေကို တိုက်ရိုက်ခံစားရတဲ့သူတွေရှိသလို တိမ်းရှောင်ရခြင်းများကြောင့် ဖြစ်ပေါ်တဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်း များပြားပါတယ်။ ဒီထက် ပိုပြီးသေးငယ်တဲ့ပုံစံနဲ့ တိုက်ရိုက်အကြမ်းဖက်မှုများကိုတော့ ရန်ပွဲများ၊ အိမ်တွင်းအကြမ်းဖက်မှုများအနေနဲ့ တွေ့ရမှာပါ။

ဒုတိယတမျိုးဖြစ်တဲ့ ဖွဲ့စည်းလည်ပတ်မှုဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်ဆင်ရခက်ခဲပါတယ်။ ဥပဒေမှာ ပါဝင်နေတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ကျားမနဲ့ ဂျန်ဒါဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ၊ အသားရောင် လူမျိုးစုများကို ခွဲခြားဆက်ဆံမှုတွေ၊ အသက်ရွယ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေဟာ လူ့အသိုင်း အဝိုင်းဖွဲ့စည်းလည်ပတ်မှုစနစ်ထိကို မြုပ်ဝင်နေတဲ့ ချိုးဖောက်မှုတွေကို မီးမောင်းထိုးပြနိုင်ပါတယ်။ ဥပမာ တိုင်းရင်းသားဒေသများက ကျောင်းတွေမှာ ကလေးတွေဟာ သူတို့မပြောတဲ့ ဘာသာစကား အခြေပြုပြီး စာသင်ခံရလို့ နားမလည်ဘဲ စိတ်ညစ်ပြီး ကျောင်းထွက်သွားတာ တွေ့ရလေ့ရှိခြင်းမျိုးဟာ ဒီထဲမှာ ပါဝင်ပါတယ်။

တတိယပိုင်းအားဖြင့် ယဉ်ကျေးမှုထဲ နစ်ဝင်နေတဲ့ အကြမ်းဖက်မှုဟာ မြင်ရခက်ပြီး ပိုသိမ်မွေ့သလို၊ ရိုက်ခတ်မှုဒဏ်ကို ခံစားရသူတွေကိုယ်တိုင်ကတောင် သတိမပြုမိ ဖြစ်တတ်ပါတယ်။ ဘာသာစကားအရ အကြမ်းဖက်မှု (Violence) လို့ ဆိုသော်လည်း တကယ်သိသာခြင်းမျိုး မရှိလှဘဲ အပေါ်ပြောခဲ့တဲ့ အကြမ်းဖက်မှုနှစ်မျိုးကို ဘောင်ဝင်အောင် လုပ်ဆောင်ပေးတာမျိုး ဖြစ်ပါတယ်။ ပညာရေးနဲ့ လွတ်လပ်မှုအားနည်းတဲ့အခါ လူ့သဘာဝကြောင့်၊ ယဉ်ကျေးမှုအရ စသည်ဖြင့် လက်ညှိုးထိုးပြပြီး ယဉ်ကျေးမှုတွင်း အကြမ်းဖက်မှု ပြုလေ့ရှိတယ်လို့လည်း အချို့ပညာရှင်များက ဆိုကြပါတယ်။

Galtung ရဲ့ အယူအဆမှာတော့ ဖွဲ့စည်းလည်ပတ်ပုံနဲ့ ယဉ်ကျေးမှုအားဖြင့် မြုပ်နေတဲ့ အကြမ်းဖက်မှုများကနေ တိုက်ရိုက် ရုပ်ပိုင်းစိတ်ပိုင်းကို အကြမ်းဖက်မှုတွေ အဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီရှုထောင့်ကနေ ဘာလို့များငြိမ်းချမ်းရေးရဖို့ကြာနေသလဲဆိုတာမျိုး တွေးသင့်ပါတယ်။ ကျနော်တို့မှာ ရှိနေတဲ့ ချိုးဖောက်မှုတွေဟာ ဘယ်လို ဖွဲ့စည်းပုံတွေ၊ ယဉ်ကျေးမှုတွေမှာ မြုပ်နေတဲ့ မငြိမ်းချမ်းမှုလဲဆိုတာ အဖြေရှာရမှာပါ။

ငြိမ်းချမ်းတဲ့ လူ့အသိုင်းဝိုင်းကို တည်ဆောက်ရာမှာ တိုက်ရိုက်ထိခိုက်မှုတွေနောက်ကို ကျော်လွန်ပြီး ကြည့်ရမှာပါ။ တိုက်ရိုက်ထိခိုက်မှုတွေ ရပ်တန့်ရေးကို ကိုင်တွယ်တာဟာ လူတွေနဲ့ ပိုရင်းနှီးပါတယ်။ သူ့ကို Negative peace လို့ ပညာရပ်ပိုင်းက သုံးစွဲပါတယ်။ နောက်တခုအနေနဲ့ ဖွံ့ဖြိုးအောင်တည်ဆောက်ရတဲ့ ငြိမ်းချမ်းရေးကိုတော့ Positive peace လို့ပြောပါတယ်။ လွယ်အောင်ပြောရရင် တည်ဆောက်ခြင်းအားဖြင့် ဖန်တီးတဲ့ငြိမ်းချမ်းရေးနဲ့ ရပ်စဲတုန့်ဆိုင်းခြင်းအားဖြင့်ဖန်တီးရတဲ့ ငြိမ်းချမ်းရေးလို့လည်း ခွဲခြားသတ်မှတ်လို့ရပါတယ်။ နှစ်မျိုးလုံးကို လိုအပ်ပါတယ်။

တိုက်ရိုက်ထိခိုက်မှုတွေကို ရပ်တန့်ခြင်းအားဖြင့် ဖန်တီးယူတဲ့ ငြိမ်းချမ်းရေးအတွက် ဥပမာတွေကတော့ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ကြိုးစားမှုတွေမှာ မြင်ရပါလိမ့်မယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လို ပုံစံမျိုးလို လူသားတွေအပေါ်မှာ တိုက်ရိုက်ဖြစ်ပေါ်နေတဲ့ ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်ခံရမှုတွေကို တားဆီးမှုဟာ ဒီသဘာဝမျိုးဖြစ်ပါတယ်။

တပြိုင်တည်းမှာ တည်ဆောက်ယူခြင်းအားဖြင့် ဖြစ်တည်လာမယ့် Positive peace ကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခများကို လေ့လာတဲ့ဘာသာရပ်မှာတော့ တိုက်ရိုက်ရုပ်ပိုင်းကိုထိခိုက်မှုတွေ ရပ်တန့်သွားရင်တောင်မှ ပဋိပက္ခပြန်ဖြစ်နိုင်ချေ ရှိနေတာမို့ Peacekeeping လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်းကို တွဲဖက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ကမ္ဘာ့ဘဏ်နဲ့ IEP တို့က တိုင်းတာတဲ့ ထောက်တိုင် ၈ ခုကို အကျဉ်းသဘော ထည့်သွင်းဆွေးနွေးသွားဖို့ ရည်ရွယ်ပါတယ်။

ပထမထောက်တိုင်ကတော့ ကောင်းမွန်စွာအသက်ဝင်နေတဲ့ အစိုးရ ဖြစ်ပါတယ်။ ဒီထောက်တိုင်မှာတော့ အစိုးရတရပ် ဘယ်လောက်အထိ ထိရောက်စွာ လည်ပတ်နိုင်တယ်ဆိုတာတွေ၊ ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်လောက်အထိ ထိရောက်စွာ တုန့်ပြန်သလဲဆိုတာတွေ ပါဝင်ပါတယ်။ တရားဥပဒေစိုးမိုးမှုနဲ့ တာဝန်ခံမှုကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒုတိယထောက်တိုင်ကတော့ အရင်းမြစ်များကို မျှတမှုရှိစွာနဲ့ လိုအပ်မှုအခြေပြုပြီး ရရှိယူငင်နိုင်မှုပဲ ဖြစ်ပါတယ်။ ဒေသအလိုက်၊ လူမျိုးအလိုက်၊ အစုဖွဲ့အလိုက်မှာ မရတဲ့နေရာမရဖြစ်နေတဲ့ ရင်းမြစ်ခွဲဝေမှုများဟာ ပဋိပက္ခဖြစ်စေပါတယ်။ ရင်းမြစ်လို့ဆိုတဲ့အခါ မြေယာ၊ သယံဇာတကနေ ကျန်းမာရေးဆိုင်ရာရင်းမြစ်များနဲ့ တရားရေးဆိုင်ရာမျှတခြင်းများလည်း ပါဝင်ပါတယ်။ ရင်းမြစ်ခွဲဝေမျှတမှုအားနည်းခြင်းနဲ့ ဒေသဖွံ့ဖြိုးရေးနောက်ကျများကိုယ်တိုင်က ငြိမ်းချမ်းရေးကို ထိခိုက်ပါတယ်။

တတိယထောက်တိုင်ကတော့ သတင်းအချက်လက်များရဲ့ လွတ်လပ်စွာစီးဆင်းနိုင်မှုပါ။ ဒီမှာတော့ မီဒီယာတွေရဲ့ လွတ်လပ်စွာတည်ရှိမှုတွေပါသလို၊ အင်တာနက်အပါဝင် မီဒီယာမျိုးစုံ ရနိုင်မှု၊ လွတ်လပ်စွာဖော်ထုတ်နိုင်မှုတွေ ပါဝင်ပါတယ်။ သတင်းအချက်လက်များ လွတ်လပ်စွာစီးဆင်းမှုဟာ ဒီမိုကရေစီအတွက်လည်း အရေးပါလှပါတယ်။

စတုတ္ထထောက်တိုင်ကတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ သမမျှတစွာ၊ ရင်းနှီးစွာပေါင်းသင်းနိုင်ခြင်း ဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေကစလို့ မြို့ချင်း၊ ပြည်နယ်ချင်း၊ ဒေသချင်း၊ နိုင်ငံချင်း ဘယ်လောက်ထိကောင်းမွန်တဲ့ ချစ်ကြည်ရင်းနှီးမှုရှိလဲ ဆိုတာကို နှိုင်းယှဉ်နိုင်သလို တခြားနယ်ကလူတွေ၊ တခြားတိုင်းပြည်ကလူတွေကို ဘယ်လိုမြင်သလဲဆိုတာလည်း ငြိမ်းချမ်းမှုနဲ့ သက်ဆိုင်တဲ့အချက်ပါပဲ။

ပဉ္စမကတော့ လူသားများရဲ့စွမ်းရည်ဖွံ့ဖြိုးမှုပါပဲ။ အခြေခံပညာနဲ့ ခေတ်မီပညာရပ်များကို သင်ယူခွင့်တွေ ရှိရသလိုပဲ၊ ပညာပြန်လည်အသုံးချနိုင်ဖို့အတွက် တည်ရှိနေတဲ့စနစ်တွေရဲ့အင်အားဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ပညာရေးကို ပိုမိုရင်းနှီးမြှုပ်နှံတဲ့အခါ လက်တွေ့အသုံးချနိုင်မယ့် သက်မွေးပညာများကိုပါ တိုးတက်စေဖို့ ရှေ့ရှုရမှာပါ။

ဆဋ္ဌမကတော့ သူတစ်ပါးရပိုင်ခွင့်များကို လေးစားသမှုရှိတာဖြစ်ပါတယ်။ လူတိုင်းမှာရှိတဲ့ လူ့အခွင့်အရေးများကို ဘယ်လောက်ထိ လက်ခံပေးနိုင်သလဲဆိုတာ ငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်။ လွတ်လပ်စွာ သွားလာခွင့်၊ ပြောဆိုခွင့်တွေ မရှိပဲ ငြိမ်းချမ်းရေးမရှိသလို၊ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လှုပ်ရှားမှုတွေ အရှိန်ရမှာ မဟုတ်ပါဘူး။

သတ္တမကတော့ အဂတိတရားကင်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တချို့နေရာတွေမှာ တိုးတက်မှုရှိလာတာတွေရှိသလို ပိုကောင်းအောင် လုပ်လို့ရတာတွေအများကြီး ရှိပါသေးတယ်။ အဂတိတရားဟာ ပိုက်ဆံယူတာတင်မကဘဲ ရာထူးဌာနကို အလွဲသုံးစားလုပ်တာ၊ ကြောက်ရွံ့စေတဲ့ အကြောင်းကို အသုံးချတာ၊ မလိုဘဲ အချိန်ဆွဲတာ အားလုံးပါဝင်ပါတယ်။

အဋ္ဌမက လုပ်သာကိုင်သာတဲ့ စီးပွားရေးပတ်ဝန်းကျင် ရှိတာပါ။ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးဟာ အပြန်လှန်သက်ရောက်မှု ရှိကြပါတယ်။ စနစ်ကျပြီး အားလုံးပါဝင်နိုင်မယ့် စီးပွားရေးပတ်ဝန်းကျင်ကောင်းနဲ့ လက်ဝါးကြီးအုပ်မှုမရှိတဲ့ လွတ်လပ်သောဈေးကွက်များဟာ ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်စေပါတယ်။ ဒေသစုံမှာ ဒီလိုလုပ်သာကိုင်သာတဲ့ စီးပွားရေးဝန်းကျင်တွေ ဖန်တီးဖို့လိုပါတယ်။

အချုပ်အားဖြင့် ပြန်ပြောရမယ်ဆိုရင်တော့ “ငြိမ်းချမ်းရေးသမား”လို့ ပြောလိုက်တဲ့အခါမှာ တိုက်ရိုက်ဖြစ်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်တားဆီးဖို့ လုပ်ဆောင်နေသူများကော၊ တည်ဆောက်ယူရတဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူ အရပ်ရပ် ပါဝင်တယ်လို့ အသိမှတ်ပြုရမှာပါ။ အဆုံးသတ်ပြန်ကြည့်လိုက်ရင်တော့ ကျနော်တို့ရဲ့ အသိုက်မြုံများကို မျှတသင့်လျော်စွာ ဂုဏ်သိက္ခာနဲ့အညီ ဖွံ့ဖြိုးဖြစ်တည်စေဖို့ဟာ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်ပါလိမ့်မယ်လို့ ယူဆမိပါတယ်။

 

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာဟိန်းပိုင်ထူးချစ်သည် SEED for Myanmar ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ဆေးတက္ကသိုလ် (မကွေး) မှဘွဲ့ရရှိခဲ့ပြီး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်နှင့် Concord ဆေးရုံကြီး ဓာတ်မှန်ဌာနတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းသော ပထမဆုံး Student Exchange Scholarship လေ့လာရေး သွားရောက်ခဲ့သည်။ ၂၀၂၀ တွင် Quantic School of Business and Technology, Class of September 2020 မှ MBA စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ရရှိပါသည်။ အရောက်ပေါက်နည်းသော အစွန်ဖျားဒေသများတွင် ဆေးကုခြင်းနှင့် အခြား ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ နှစ်ကုန်တွင် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျာမနီနိုင်ငံ Konrad Adenauer School of Young Politicians (၂၀၁၈) နိုင်ငံရေးသင်တန်းကျောင်းသားဟောင်းလည်း ဖြစ်သည်။

အမေရိကန်သံအမတ်လူငယ်ကောင်စီအဖွဲ့တွင် ၂၀၁၈-၂၀၁၉ ထိ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ National Enlightenment Institute ဒါရိုက်တာအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ မွန်ပြည်နယ်ငြိမ်းချမ်းရေးမီဒီယာရပ်ဝန်းတွင်လည်း ကော်မတီအဖွဲ့ဝင်အဖြစ်သလို နိုင်ငံတကာအဖွဲ့စည်းများတွင် အလွတ်တန်းပညာရှင်အဖြစ်လည်းကောင်း သုတေသနများ၊ စီမံကိန်းများနှင့် ဟောပြောမှုများလည်း ပြုလုပ်ခဲ့ပါသည်။ လူငယ်များအား ခေါင်းဆောင်မှု၊ နိုင်ငံရေးနှင့် စီးပွားရေးသင်တန်းပေးခြင်းများကို ပြုလုပ်နိုင်ခဲ့ပါသည်။ ဩစတြေးလျ၊ အမေရိကန်၊ ဂျာမနီနိုင်ငံများ၊ အာရှနှင့် အာဆီယံနိုင်ငံများတွင် ပြုလုပ်သော လူငယ်လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့သည်။