၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များအား ဒီမိုကရေစီနှင့်ဖက်ဒရယ် ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း
Post By Sai Kyaw Nyunt, On August 6, 2019
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်)
“ကျမတို့ပါတီက ဖက်ဒရယ်ကို အရင်ဦးဆုံး ပြောခဲ့တဲ့ပါတီဖြစ်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ဖူးလေသည်။ ဤသို့ဆိုလျှင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖက်ဒရယ်မူဝါဒ ဆိုင်ရာများကို မည်မျှထည့်သွင်းကာ ပြင်ဆင်ရန် အဆိုပြုတင်သွင်းခဲ့သည်ကို သုံးသပ်ရန်လို အပ်လာပါသည်။ ဒီမိုကရေစီအသွင်းကူးပြောင်းရေး ကာလ လည်းဖြစ်သည့်အားလျော်စွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ ဖွဲ့စည်းပုံပြင် ဆင်ရန် မည်သည့် အချက်အလက်များ အဆိုပြုချက်ထားသည်ကိုပါ သုံးသပ်ရပေမည်။ အစိုးရဖြစ်နေသော အာဏာရပါတီဖြစ်သည် မဟုတ်ပါလော။ ပြည်ထောင်စုအတွင်း နေထိုင်သော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး လိုလားတောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အဆိုပြုချက်များသည် မည်မျှ အားကောင်း မောင်းသန် ဖြစ်သည်ကို စောကျောရပေမည်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှု
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျှင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ရန် အရေးကြီးအဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့ရာ တပ်မတော်က ကန့်ကွက်ခဲ့သော်လည်း ယင်းအဆိုကို မဲခွဲဆုံးဖြတ်ရာ အဆိုအောင်မြင်ခဲ့သည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် (၄၅) ဦးဖြင့် ဖွဲ့စည်းရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၁၉)ဦး၊ တပ်မတော်ကိုယ်စားလှယ် (၈) ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် (၂) ဦး၊ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် (၂)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်(၂)ဦးပါဝင်ကာ ကျန်ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော နိုင်ငံရေးပါတီများ ဖြစ်ကြသည့် တအာင်း(ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “ဝ” ဒီမိုကရက် တစ်ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ တိုမှ တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၁)ဉီးဖြင့် ဖွဲ့စည်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူပေါင်းကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ချဉ်းကပ်မှုမှာ ဖွဲ့စည်းပုံ၏ နိဒါန်းမှစတင်ကာ အခန်းအားလုံးနှင့် နောက်ဆက် တွဲဇယား (၁) မှ (၅) အထိ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်လိုသည်များကို ပူးပေါင်းကော်မတီတွင် ပါဝင်သော ပါတီ များက အဆိုပြု တင်သွင်းနိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ စ၊လယ်၊ဆုံး ပြင်ဆင်ချက်များအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်။
၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တန်ပြန်လှုပ်ရှားမှု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား တန်ပြန်သည့် နိုင်ငံရေး လှုပ်ရှားမှုအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၁) ကို ပြင်ဆင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည်ဆိုပါက ဆက်နွှယ်နေသော ပုဒ်မများကို ပါ ထည့်သွင်းစိစစ်ရန် လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ၂၁ရာစုပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၁)တွင် အရေးအကြီးဆုံးဖြစ်သည့် “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်” ဟူသည့် အချက်နှင့် ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အခြေခံမူများမှ စတင်ပြင်ဆင်မှသာ ယခု ပြင်ဆင်ရန် တင်သွင်းလာသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နှင့် ရှေ့နောက်ညီညွတ်မှုရှိမည် ဖြစ်သည်ကို လေ့လာတွေ့ ရှိရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်လုံးအပေါ် သုံးသပ်ပြင်ဆင်သည့်အခါ တွင် လည်း ယခုပြင်ဆင်ချက် တင်သွင်းခဲ့သည့် ပုဒ်မ ၂၆၁ ကိုလည်း လေ့လာသုံးသပ်နိုင်မည့် အခြေအနေရှိသည်ကို လေ့လာတွေ့ရှိရပါကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်တွင်သာ ပူးပေါင်း ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ပုဒ်မ (၂၆၁) ပြင်ဆင်ချက်အပါအဝင်၊ ပုဒ်မ ၂၄၈(ဂ)၊ ပုဒ်မ ၂၆၄(ခ)(၂)၊ ပုဒ်မ ၃၂၂(ခ)၊ ပုဒ်မ ၄၀၂ ပြင်ဆင်ချက်တို့ကို ဖြည့်စွက်ကာ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ၍ တင်သွင်းခဲ့သည်။ ပုဒ်မ ၂၆၁ သည် ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ခြင်းသက်ဆိုင်၍ ပုဒ်မ ၂၄၈ သည် ပြည်နယ်အစိုးရ ခန့်အပ်မှုနှင့် သက်ဆိုင်ကာ ပုဒ်မ ၂၆၄ သည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ နုတ်ထွက်မှုနှင့် သက်ဆိုင်သည်။ ပုဒ်မ ၃၂၂ သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် ပတ်သက်၍ ပုဒ် ၄၀၂ သည် ရွေးကောက်ပွဲကော်မရှင် နှင့် သက်ဆိုင်သည်။
ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်မှုနှင့် ပတ်သက်၍ နည်းလမ်းနှစ်သွယ် ရှိပါသည်။ ပထမနည်းလမ်းမှာ ပြည်နယ်လွှတ်တော်မှတဆင့် ရွေးကောက်တင်မြှောက်သည့် သွယ်ဝိုက်နည်းလမ်းနှင့် ဒုတိယနည်းလမ်းမှာ သက်ဆိုင် ရာပြည်နယ်သားများက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည့် နည်းလမ်းဖြစ်သည်။ ယခု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ချဉ်းကပ်သော နည်းလမ်း မှာ လွှတ်တော်ကတစ်ဆင့် ရွေးကောက်တင်မြှောက်သည့် နည်းလမ်း ဖြစ်သည်။
သက်ဆိုင်ရာပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးကောက်နိုင်သဖြင့် ကောင်းသယောင် အားသာချက်ရှိသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ၎င်းနည်းစနစ်သည် အားသာချက်မဟုတ် အားနည်းချက်သာလျှင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ခံ မဟုတ်သော ၂၅ ရာခိုင်နှုန်းအား အုပ်ချုပ်ရေး အကြီးအကဲ ရွေးချယ်မှုတွင် အာဏာပါဝါ ထပ်ဆောင်း ပေးလိုက်ရသောကြောင့် ဖြစ်သည်။ သို့ပါ၍ လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သော ၂၅ ရာခိုင်နှုန်း မရှိမှသာလျှင် အားသာချက် အဖြစ် သတ်မှတ်နိုင်ပေမည်။
ယခုလက်ရှိရှမ်းပြည်လွှတ်တော်တွင် အများဆုံးအနိုင်ရရှိထားသည်မှာ USDP ဖြစ်သည်။ ၎င်းနှင့် ရွေးကောက်ခံမဟုတ်သော တပ်မတော်ကိုယ်စားလှယ်နှင့် ပူးပေါင်းပါက လွယ်လွယ် နှင့်ပင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်နိုင်မည့်သဘော ဖြစ်နေသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေဖြင့် ပြည်နယ်တွင် မြို့ပေါင်း ၂၀ မြို့ အထက် အနိုင်ရရှိပါလည်း ရှမ်းပြည်အစိုးရ ဖွဲ့နိုင်သည့် အခြေအနေတွင် မရှိပေ။ ဖြစ်လာနိုင်ချေ ရှိသည်မှာ ရှမ်းလူမျိုးဖြစ်သော၊ ရှမ်းပါတီထဲမှ မဟုတ်သော၊ တပ်မတော်က ဖြစ်ခွင့်ပြုသောသူသာလျှင် ဝန်ကြီးချုပ် ဖြစ်လာပါမည်။ အစိုးရ ဖွဲ့နိုင်မည်။ သို့ပါ၍ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခင်းအကျင်းအောက်တွင် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်ခြင်းသည် ရှမ်းပြည်သားများ ကောင်းကျိုးဖြစ်ထွန်းစရာမရှိ၊ ဆိုးကျိုးဖြစ်ဖို့သာ ရှိသည်။ ကျန်ပြည်နယ်များအတွက်လည်း အလားတူပင် ဖြစ်သည်။
အကျဉ်းချုပ်ဆိုရပါလျှင် ယခု ပုဒ်မ ၂၆၁ ပြင်ဆင်ရန်ကြိုးပမ်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား တစ်စုံလုံးပြင်ဆင်ရန် ကြိုးစားသည့် NLD ၏ဆောင်ရွက်ချက်ကို နိုင်ငံရေးအရ တန်ပြန်သည့် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး စသည်တို့နှင့် ပတ်သက်သော အခြားပုဒ်မများကို ပြင်ဆင်ရန် တင်သွင်းလာခြင်းသည် NLD ဆက်လက်လုပ်ဆောင်မည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာကိစ္စများကို ကြိုတင်ကာကွယ်သည့် လုပ်ရပ်များသည် ဖြစ်ကြောင်းနှင့် ဗမာပါတီကြီးနှစ်ခု ဖြစ်သော NLD နှင့် USDP တို့၏ နိုင်ငံရေး အားပြိုင်မှုသာလျှင် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွင်းတွင်ပင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ သဘော ထားများကွဲလွဲကြသည်။ အချို့က ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် ဟန်ပြ သဘောသာဖြစ်၍ အင်တိုက် အားတိုက် ပြင်ဆင်ရေးတွင် အားထုတ်ရန်မလိုအပ်ဟု ဆိုသည်။ ပြင်ဆင်သည့်ဖြစ်စဉ် အစစ်အမှန်ဖြစ်စေ၊ ဟန်ပြသာ ဖြစ်သည်ဆိုစေ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အားစိုက်ကာ ဆောင်ရွက်သင့်သည်ဟု အများစုက သဘောထားရှိကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခွင့်မရှိသောကာလများတွင်ပင် ပြင်ဆင်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြရသည် မဟုတ်ပါလော။ ပြည်ထောင်စုလွှတ်တော်တွင် တရားဝင်ပြင်ဆင်ခွင့် ရရှိသော အခွင့်သာခိုက် မပြင်ဆင်လိုက်ရလျှင်ဖြင့် နောင်လာနောက်သားများ အပြစ်တင်စရာ ဖြစ်ပေ မည်။ သို့ပါ၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်အခြေခံမူ များနှင့်အညီ စ၊ လယ်၊ ဆုံး ပြင်ဆင်သောနည်းလမ်းဖြင့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းထားပြီး ဖြစ်သည်။ ဤနိုင်ငံကြီးအား ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုအဖြစ် အမှန်တကယ် တည်ထောင်လိုသောအခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ စ၊ လယ်၊ ဆုံး ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုကြီး၏ အရင်းခံ ပြဿနာများကို ဖြေရှင်းနိုင်ကာ အေးချမ်းသော နိုင်ငံအဖြစ် တည်ဆောက်နိုင်ရေး အကူအညီ၊ အထောက်အပံ့ ဖြစ်မဖြစ်ဆိုသည်မှာ ပြည်သူများက မှတ်ကျောက်တင်လိမ့်မည်ဖြစ်သည်။
၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အဆိုပြုချက်မျာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီမိုကရေစီနှင့် ပတ်သက်သည့် ဝေါဟာရပါသော ပုဒ်မဖြစ်သည့် ပုဒ်မ ၇ တွင် “စည်းကမ်းပြည့်ဝသော” ဟူသည့်စကားရပ်ကို ပယ်ဖျက်၍ “စစ်မှန်သောပါတီစုံဒီမိုကရေစီ” ဟုပြင်ဆင်ခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ “ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု အဆိုပြုခဲ့သည်။
ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပုဒ်မ ၈ ပြဋ္ဌာန်းချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်းဆောက်မည်” ဟု အဆိုပြုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်းဆောက်မည်” ဟု ပြင်ဆင်ရန် အဆိုပြုခဲ့သည်။
တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ပုဒ်မ ၆ ပြဋ္ဌာန်းချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ဆန္ဒနှင့်အညီ ဟူသော စကားရပ်ကို ဖြည့်စွက်ကာ “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ပြင်ဆင်ရန်အဆိုပြုခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
သမ္မတအရည်အချင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်ဖြစ်သော ပုဒ်မ ၅၉(ဂ) တွင် အသက်ဆိုင်ရာ ပြဋ္ဌာန်း ချက်ကို “အနည်းဆုံး အသက် ၄၅ နှစ် ပြည့်ပြီးသူ” အစား “အနည်းဆုံး အသက် ၄၀ နှစ် ပြည့်ပြီးသူ” ဟု အများသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က ပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။ နာမည် ကြီးပုဒ်မ ဖြစ်သည့် ပုဒ်မ ၅၉(စ) ကို နှစ်ပါတီစလုံးက ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။
တပ်မတော်နှင့်ဆက်စပ်သော ပုဒ်မဖြစ်သည့် လွှတ်တော်တွင် တပ်မတော်က ပါဝင်နေသောပုဒ်မ ၁၄ အား “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဉီးရေ စုစုပေါင်း၏ တစ်ဆယ့် ငါးရာခိုင်နှုန်း၊ စတုတ္တအကြိမ်သက်တမ်းတွင် ကိုယ်စားလှယ်စုစုပေါင်း၏ တစ်ဆယ်ရာခိုင်နှုန်း၊ ပဉ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ် စုစုပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” ဟူ၍ ပြင်ဆင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမို ကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
အဆိုပါပုဒ်မ ၁၄ နှင့် ဆက်စပ်ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၀၉(ခ) တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဆိုင်ရာ၊ ပုဒ်မ ၁၄၁(ခ) တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ၊ ပုဒ် ၁၆၁(ဃ) တပ်မ တော်သားတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်မှုကို သက်တမ်းတစ်ခုချင်းအလိုက် ရာခိုင်နှုန်းဖြင့် လျှော့ချသွားရန် အဆိုပြု တင်ပြခဲ့သည်။ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပြဋ္ဌာန်းချက် ပုဒ်မ ၁၀၉ အား “အောက်လွှတ်တော်ကို မြို့နယ်အပေါ်တွင် အခြေခံ၍ သော်လည်းကောင်း၊ လူဦးရေအပေါ်တွင် အခြေခံ၍ သော်လည်းကောင်း၊ ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒရှင်များက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်” ဟုလည်ကောင်း၊ ပုဒ်မ ၁၄၁ အား “အထက်လွှတ်တော်ကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အသီးသီးက အရေအတွက်တူညီစွာ ရွေးချယ် စေလွှတ် သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည်” ဟုလည်းကောင်း၊ ပုဒ်မ ၁၆၁ မှ ပုဒ်မ ၁၉၈ အထိ ပြည်နယ်လွှတ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာပြည်နယ်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်သဖြင့် “ဤပြဋ္ဌာန်းချက် များသည် သက်ဆိုင်ရာပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်သည်။ သက်ဆိုင်ရာ ပြည်နယ် များသည် ၎င်းပြည်နယ်တွင် ပြည်နယ်အဆင့် လွှတ်တော်တစ်ရပ်ဖြင့်ဖြစ်စေ၊ လွှတ်တော်နှစ်ရပ်ဖြင့်ဖြစ်စေ လွှတ်လပ်စွာ ဖွဲ့စည်းနိုင်သည်ဖြစ်ရာ ပြည်နယ်လွှတ်တော်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ ကို ဤပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းရန် မလိုအပ်ပေ” ဟူသော ကြောင်းကျိုးဖော်ပြချက်ဖြင့် အဆိုပါ ပြဋ္ဌာန်းချက်များကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
အုပ်ချုပ်ရေးတွင် ပါဝင်နေသော တပ်မတော်သားများနှင့်ပတ်သက်၍ ပုဒ် ၂၃၂(ည)(၂) ပါ ကာကွယ်ရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့အား ဝန်ကြီးအဖြစ်ခန့်အပ်သည်နှင့် “တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ် ၂၆၂(ဎ)(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ များ၏ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးအား “ခန့်အပ်တာဝန် ပေးခြင်း ခံရ သည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်း စားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၈၅(စ) ပါ တပ်မတော်သား နေပြည်တော်ကောင်စီဝင် များ သည် “တပ်မတော်မှအငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်” ဟုလည်းကောင်း ပြင်ဆင် ရန်အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ အဆိုပါပြဋ္ဌာန်းချက်များအားလုံးကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖွဲ့စည်းမှုနှင့် သက်ဆိုင်သော ပုဒ်မ ၂၀၁ နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကောင်စီဝင် ၁၁ ဦး ဖြစ်သည့်
(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတ၊
(ဂ) ဒုတိယသမ္မတ၊
(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊
(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊
(စ) တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊
(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
(ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊
(ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊
(ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊
(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး
တို့အနက် “ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ကို ကောင်စီဝင်မှပယ်ဖျက်ပြီး “ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌနှင့် အမျိုးသားလွတ်တော်ဒုဥက္ကဋ္ဌ” တို့အား ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်ကမူ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအား
(က) ပြည်ထောင်စု သမ္မတ၊
(ခ) ဒုတိယသမ္မတ၊
(ဂ) ပြည်ထောင်စုဝန်ကြီးချုပ်
(ဃ) အောက် လွှတ်တော်ဥက္ကဋ္ဌ၊
(င) အထက် လွှတ်တော်ဥက္ကဋ္ဌ၊
(စ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊
(ဆ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊
(ဇ) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊
(ဈ) ပြည်ထောင်စု ရှေ့နေချုပ်၊
(ည) ပြည်နယ်သမ္မတ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ
(ဋ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အဆိုပြု တင်ပြခဲ့သည်။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဒ်မ ၄၁၀ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့်ညှိနှိုင်းပြီး” ဟူသည့် စကားရပ်အစား “နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင် စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဖြစ်စေ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်” ဟူသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က “တိုင်းဒေသကြီး တစ်ခုတွင်ဖြစ်စေ” “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ” “သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းက တင်ပြ လျှင်သော်လည်းကောင်း” “ဥပဒေကဲ့သို့ အာဏာတည်သည့်” စသည့် စကားရပ်များကို ပယ်ဖျက်ပြီး “ပြည်နယ် တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတစ်ခုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိ ပါက ပြည်ထောင်စု သမ္မတသည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စု (သို့မဟုတ်) မြို့နယ်များ အရေးပေါ်အခြေအနေပေါ်ပါက သက်ဆိုင်ရာပြည်နယ် အကြီးအကဲ (သို့မ ဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က ကြေညာရမည်။ လိုအပ်ပါက ပြည်ထောင်စု၏ အကူအညီကို ရယူနိုင်သည်” ဟူ၍ ပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။
အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ပုဒ်မ ၄၁၆ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုရမည် ဖြစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၄၁၇ တွင် “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး” ဟူသည့်စကားရပ်ကို ပယ်ဖျက်ကာ “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို အကော်အထည်ဖော်ဆောင်ရွက်ရန် ဥပဒေ ကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေကြေညာနိုင်သည်” ဟူ၍ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့် အဖြစ် ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အစီအစဉ်ကို အကော်အထည်ဖော်ဆောင်ရွက်ရန် ဟူသောပြင်ဆင်ချက်နှင့် ညီညွတ်မှုရှိစေရန် ဆက်စပ်ပုဒ်မများဖြစ်သည့် ပုဒ်မ ၄၁၈(က)(ခ)၊ ပုဒ် ၄၂၃၊ ပုဒ်မ ၄၂၇၊ ပုဒ်မ ၄၂၈၊ ပုဒ်မ ၄၂၉၊ ပုဒ်မ ၄၃၂ တို့ကို ပြင်ဆင်ရန် အဆိုပြုခဲ့သည်။ အရေးပေါ်ကာလပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄၁၂(က)(ခ)၊ ပုဒ်မ ၄၁၃(က)(ခ)၊ ပုဒ်မ ၄၁၉၊ ပုဒ်မ ၄၂၀၊ ပုဒ်မ ၄၂၁(က)(ခ)၊ ပုဒ်မ ၄၂၂၊ ပုဒ်မ ၄၂၅၊ ပုဒ်မ ၄၂၆ နှင့် ပုဒ်မ ၄၃၁ တို့ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ပုဒ်မ ၄၁၁ အား “ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် ပြည်ထောင်စုသမ္မတသည် သက်ဆိုင်ရာပြည်နယ်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင် စုဝန်ကြီးချုပ်သို့ လွဲအပ်တာဝန်ပေးရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်၊၊ သို့ရာတွင် ဥပဒေပြုခွင့်အာဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့် ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်းမပြုရ” ဟူ၍ ပြင်ဆင်ရန်အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၄၁၂(ခ)၊ ပုဒ်မ ၄၁၃(ခ)၊ ပုဒ်မ ၄၁၅၊ ၄၁၆၊ ၄၁၇၊ ၄၁၉၊ ၄၂၀၊ ပုဒ်မ ၄၂၁(ခ)၊ ပုဒ်မ ၄၂၂၊ ၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆၊ ၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၄၃၁ နှင့် ပုဒ်မ ၄၃၂ တို့ကို ပယ်ဖျက်ရန် တင်ပြခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆(က)နှင့် (ခ) “ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်” ဟူသည့် စကားရပ်အစား “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကျော်” ဟူသောစကားရပ်ဖြင့်အစားထိုးပြင်ဆင်ရန် အဆိုပြု တင်ပြ ခဲ့သည်။ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၄၃၆ ပါ “အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ” ဟူသည့် စကားရပ် များအား ပယ်ဖျက်ကာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု အဆင့် လွှတ်တော် တစ်ရပ်ချင်းစီ၏ ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်” ဟုပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပြည်ထောင်စုအလံ ကိုပါ ပြောင်းလဲပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။
မူလအလံ
NLD ပြင်ဆင်ထားသည့်အလံ
SNLD ပြင်ဆင်ထားသည့်အလံ
အထက်ဖော်ပြပါ ပြင်ဆင်ရန် အဆိုပြုချက်များမှလွဲ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ရန် အဆိုပြုချက်များမှာ ပုဒ်မ ၃၂ တွင် “အိုမင်းမစွမ်းသူ” ဟူသောစကားရပ်အစား “သက်ကြီးရွယ်အို”၊ “မသန်မစွမ်းသူ” ဟူသော စကားရပ်အစား “မသန်စွမ်းသူ”၊ ပုဒ်မ ၅၉(ဂ) တွင် “၄၅ နှစ်” ဟူသည့်စကားရပ်အစား “၄၀ နှစ်”၊ ပုဒ်မ ၅၉(ဃ) တွင် “စစ်ရေး” ဟူသည့်စကားရပ်အစား “လုံခြုံရေး” ဟူ၍ အစားထိုးရန်၊ ပုဒ်မ ၂၂၅၊ ၂၂၆(က)(ခ) တို့တွင် “နိုင်” ဟူသည့် စကားရပ်ကို ဖြည့်စွက်ခြင်း၊ ပုဒ်မ ၂၃၂(က) တွင် “၄၀ နှစ်” ဟူသည့်စကားရပ်အစား “၃၅ နှစ်” ဟူသည့် စကားရပ်ဖြင့် အစားထိုးရန်၊ ပုဒ်မ ၃၁၉ တွင် “အခြား” ဟူသည့်စကားရပ်အစား “စစ်ဖက်ဆိုင်ရာ” ဟူ၍ အစားထိုးရန် နှင့် အခန်း(၁၄) အသွင်ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ တစ်ခန်းလုံးကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။ အသေးစိတ်ကို ပူးတွဲဖော်ပြပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ချက်ဇယားတွင် အသေးစိတ်ကြည့်ရှု လေ့လာနိုင်ပါသည်။
တင်ပြရပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ရန် အဆိုပြုတင်ပြထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များဖြစ်သည့် သမ္မတအရည်အချင်းပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၅၉ အားပြင်ဆင်ခြင်း၊ ပယ်ဖျက် ခြင်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် သဘောထားအတူတူပင် ဖြစ်သည်။ အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့ စည်းမှုကိုပြင်ဆင်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း တို့တွင်လည်း ပြင်ဆင်ချက် အနည်းငယ်ကွဲလွဲသည်မှအပ သဘောထားတူညီကြသည်ဟု ဆိုရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအခန်းတွင်မူ စဉ်းစားချက်အနည်းငယ် ကွဲပြားကြသည်။ သို့သော် ပြင်ဆင်လို သည့် သဘောထားမှာ တူညီကြသည်ကို လေ့လာတွေ့ရှိရသည်။
တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေမှုအခန်းကဏ္ဍနှင့် ပတ်သက်၍မူ သဘောထားအမြင် ကွဲလွဲသည်ကို တွေ့မြင်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တပ်မတော်အား နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာရမည့် နည်းလမ်းကို အဆိုပြုထားပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကမူ ဒီမိုကရေစီ၏ စံနှုန်းဖြစ်သော အရပ်သားများအထွဋ်အထိပ်ဖြစ်ရေးမူ (Civil Supremacy) ကို အတိအကျ ကျင့်သုံးကာ တပ်မတော်အား နိုင်ငံရေး ခေါင်းဆောင်မှုမှ ဖယ်ထုတ်ပြီး ၄င်း၏မူရင်းတာဝန် ဖြစ်သည့် ပြည်ပရန် ကာကွယ်ရေးကိုသာ ဆောင်ရွက်ရန် အဆိုပြုတင်ပြထားသည်။
အချုပ်ဆိုရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူအများ လိုလားမျှော်လင့်တောင့်တနေသော ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုကို မမြင်ရဘဲ၊ ပေးထားချက် များအပေါ်မူတည်၍ တဖြည်းဖြည်းချင်း ပြင်ဆင်သွားမည့် ချည်းကပ်မှုကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ တပ်မတော် ၏အခန်းကဏ္ဍ တဖြည်းဖြည်းချင်း လျှော့ချမည့်အစီအစဉ်ကို တပ်မတော်က လက်ခံပါမည်လား။ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းလျှော့ချလိုက်သည်နှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် အခွင့်သာသွားမည်ကို တပ်မတော်က မသိဘဲနေမည်လား။ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရယူထားသည့် အစီအစဉ်သည်လည်းကောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်း နှင့်အထက် လိုအပ်သောအချက်များသည်လည်းကောင်း မည့်သည့် အကြောင်းကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်ကို ဆက်စပ်တွေးခေါ်ကာ သတိချပ်သင့်လှပေသည်။
အဆိုပြုတင်သွင်းသော်လည်း တပ်မတော်က သဘောမတူပါက ပြင်ဆင်ရန် မဖြစ်နိုင်သောအခြေအနေ တွင် တင်ပြသော အဆိုပြုချက်များသည် သက်ဆိုင်ရာပါတီ၏ မူဝါဒကို ဖော်ပြရန်၊ ပြည်သူအများသိရှိရန် အခွင့် ကောင်းပင် မဟုတ်ပါလော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မုံရွာအောင်ရှင် မီဒီယာတွင် “ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်မှ ၄င်းတို့ ဝန်ကြီးချုပ်ရွေးချယ်ခွင့်ရရှိရေး ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအဆို NLD မတင်ခဲ့ခြင်းမှာ တိုင်းရင်းသားပါတီများက အဆိုပါကိစ္စကို ဦးဆောင်စေလို၍ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ခဲ့သည့် အဓိကအကြောင်းအရင်းတစ်ခုမှာ တိုင်းရင်းသား ပါတီများကို အသံတစ်သံ ပေးလို၍ ဖြစ်ကြောင်း” ပြောဆိုခဲ့သည့် ကိစ္စမှာ လက်ခံနိုင်ရန် ခက်ခဲသည့် အယူအဆ ဖြစ်သည်ကို တွေ့ရှိရသည်။ ပါတီတစ်ခု ၏မူဝါဒကို သက်ဆိုင်ရာပါတီကသာ တင်ပြရမည်မဟုတ်ပါလား။ ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် အရှက်ပြေ ပြောသောစကားဟုသာ ယူဆရမည် ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် စိတ်မကောင်းစရာအဖြစ်ဆုံးနှင့် စိုးရိမ်ဖွယ်အကောင်းဆုံး အချက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြင်ဆင်ရန် အဆိုပြုချက်များတွင် ဖက်ဒရယ်၏ အငွေ့အသက်ကို လုံးဝ တွေ့မြင် ရမှုမရှိခြင်းပင်ဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး၏ အဓိက သော့ချက်ဖြစ်သည့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများအပေါ် အခြေခံကာ ချဉ်းကပ် ထားသည့် ပြင်ဆင်ချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုပြုချက်တွင် တွေရှိရခြင်း မရှိပေ။ ဤသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ်တာဝန်ယူသော သုံးနှစ်ကျော်ကာလ အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့မတိုးနိုင်ခြင်းသည် အံ့သြဖွယ်ရာမဟုတ်တော့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ခိုင်မာသော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ ရှိမနေသည်ကို မြင်တွေ့လိုက် ရပေသည်။ ဤအချက်ကို နောင် တွင်မှ ထုတ်ဖော်ပြသမည်ဟု ဆိုငြားအံ့။ မည်သည့် အကြောင်းပြချက်နှင့် ယုံကြည်ရမည်နည်း။ မုံရွာအောင်ရှင် ပြောသကဲ့သိုပင် မိမိမူဝါဒများကို ဖွက်ထားကာ တိုင်းရင်းသားပါတီများ အဆိုပြုစေမည်ဟု ထပ်မံ၍ အရှက်ပြေ ပြောကြားမည်လား။ စာရေးသူ၏ လေ့လာမှုအားနည်းသည်ဟု အပြစ်ဆိုလျှင်လဲ ခံရမည်သာဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို လက်ဝယ်တွင် ရှိပါက ပေးပို့နိုင်ပါက ပေးပို့ပေးပါရန်နှင့် ထိုသို့ပေးပို့သူအား စာရေးသူမှာ များစွာအထင်ကြီးကာ ကျေးဇူးအထူးတင်ရှိမည် ဖြစ်ပါ သည်။
ပါတီသက်တမ်း နှစ်ပေါင်း (၃၀) ကျော်ရှိသော ပါတီကြီးအနေဖြင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက သော့ချက်ဖြစ်သည့် ဖက်ဒရယ်ဆိုင်ရာ သဘောထားအမြင်များကို ကြိုတင်ပြင်ဆင် ရေးဆွဲထားခြင်း မရှိပါ လျှင် လူမျိုးအရ စုံလင်ကွဲပြားလှသော ပြည်ထောင်စုကြီးတွင် ဗမာမဟုတ်သော တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးများကို ဦးဆောင်ဦးရွက်ပြုရန် မည်သို့သော မက်လုံးများပေးနိုင်ပါမည်နည်း။ တိုင်းရင်းသားများက မည်သည်ကို အားကိုးရမည်နည်း။
ဤသို့ဆိုလျှင် ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်ဆိုင်ရာ အင်္ဂါရပ်များနှင့်အညီ မည်သည့်ပါတီက အဆိုပြု တင်ပြထားပါသနည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရာတွင် မည်သို့သော ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်အင်္ဂါရပ်များကို အခြေခံကာ ပြင်ဆင်ထားသည်ကို လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ ပါတီက စွဲကိုင်ထားသော မူဝါဒများသည် ကြောင်လက်သည်းဝှက်သကဲ့သို့ သိုဝှက်ထားရမည့် အမျိုးမဟုတ်ဘဲ ပြည်သူအများ မိမိပါတီအား ယုံကြည်အားကိုးလာအောင် ပြသရမည်မဟုတ် ပါလော။ သို့ပါ၍ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအား ဒီမိုကရေစီစံနှုန်းများ၊ စံတန်ဖိုးများနှင့် ဖက်ဒရယ်အင်္ဂါရပ်များ စသည့် ပေတံဖြင့် တိုင်းတာကြပါစို့။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများ ပါပြဋ္ဌာန်းချက် ပုဒ်မ ၄၇ ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။ ပုဒ်မ ၄၇ “ဤအခန်းပါ အခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကို ထောက်၍ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကို သော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်” ဟူသည့် ပြဋ္ဌာန်းချက်တွင် နိုင်ငံတော်ဟူသည့် စကားရပ်အပေါ် အဓိပ္ပယ်ဖွင့်ဆိုမှု သည် ရှင်းလင်းမှု မရှိသည့်အပြင် ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် နိုင်ငံသားများဆိုင်ရာနင့် ပတ်သက်၍ တိကျသော အဓိပ္ပာယ် ရှင်းလင်းချက်များရှိပြီးဖြစ်သည့်အတွက် “ပုဒ်မ ၄၇ တစ်ခုလုံးကို ပယ်ဖျက်သည့်အပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော “နိုင်ငံတော်” ဟူသည့် စကားရပ်အစား “ပြည်ထောင်စု” ဟုသော စကားရပ် ကို ပြင်ဆင်သုံးစွဲရမည်” ဟု အစားထိုးပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ပါ “နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံ သောပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်” ဟူသော သဘောတူညီချက်အပေါ် အခြေခံ၍ ပြည်ထောင်စုအား ပုဒ်မ ၁ တွင် “မြန်မာဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စု သည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” ဟုလည်း ကောင်း ပုဒ်မ ၂ တွင် “ပြည်ထောင်စု ကို မြန်မာဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စု ဟု ခေါ်တွင်ရမည်” ဟူ၍လည်း ကောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။
အချုပ်အခြာအာဏာနှင့်ပတ်သက်၍ ပြည်ထောင်ချင်းလာရောက်စုပေါင်း၍ ပင်လုံစာချုပ်အရ ပြည်ထောင်စု ကိုစုပေါင်းတည်ဆောက်ခဲ့သောကြောင့် အချုပ်အခြာအာဏာသည် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွင် ရှိသည်ကို ပေါ်လွင်စေရန် ပုဒ်မ ၄ အား “အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်မှာ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ နှင့် ယင်းပြည်နယ်များရှိပြည်သူလူထု တို့ဖြစ်ကြသည်” ဟူ၍ အစားထိုးပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အတွက် ပုဒ်မ ၆(ဃ) တွင် “ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” နှင့် ပုဒ်မ ၇ တွင် “ပြည်ထောင်စု သည် ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟုပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
စုံလင်ကွဲပြားလှသည့် လူမျိုးပေါင်းစုံနေထိုင်သော ပြည်ထောင်စုကို ချစ်မြတ်နိုးတတ်သော စိတ်ဓါတ်များ ပေါ်ထွန်းလာရန် ရည်ရွယ်၍ ပုဒ်မ ၃၃ တွင် “မျိုးချစ်စိတ်ဓါတ်” ဟူသော စကားရပ်အစား “ပြည်ထောင်စုစိတ်ဓါတ်” ဟူသော စကားရပ်ဖြင့် အစားထိုးပြင်ဆင်ရန် အဆိုပြုခဲ့သည်။
ဒီမိုကရေစီစံနှုန်းများ၊ ဖက်ဒရယ်အင်္ဂါရပ်များနှင့် သက်ဆိုင်ခြင်းမရှိသော၊ ပြည်ထောင်စုအား အတူတကွ လက်တွဲ၍ တည်ဆောက်ရန် ချုပ်ဆိုခဲ့သည့် သမိုင်းဝင်ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံမူတို့နှင့် ဆန့်ကျင် သော၊ ပုဒ်မ (၆)၊ ပုဒ်ခွဲ (က)(ခ)နှင့်(ဂ) ပြဋ္ဌာန်းချက်တွင် သဘောတရားအနှစ်သာရများ ပါရှိပြီးဖြစ်သော ပုဒ်မ ၁၀ “နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည့်သည့်အခါမျှ ခွဲမထွက်ရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။
၄။ ဒီမိုကရေစီချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း
(က) အရပ်သားအထွဋ်အထိပ်ဖြစ်ခြင်းဥပဒေသ (Civil Supremacy)
ဖက်ဒရယ်စနစ်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ ပြည်သူလူထုက ရွေးကောက်တင်မြောက်သောသူများသာ နိုင်ငံရေးဦးဆောင်မှုကို ဆောင်ရွက်ရမည်ကတစ်ကြောင်း၊ အမျိုးသားနိုင်ငံရေးဆိုသော စကားရပ်တွင် အမျိုးသား ဆိုသည်မှာ မည်သူ၊ မည်သည့် လူမျိုး၊ သို့မဟုတ် နိုင်ငံအတွင်း နေထိုင်သော တိုင်းရင်းသားအားလုံးအား ရည်ညွှန်းပါ သလောဟူသည်ကို မရှင်းလင်းသောကြောင့် ပုဒ်မ ၆(စ) ပြဋ္ဌာန်းချက်ဖြစ်သည့် “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ရွေးကောက်တင်မြောက်သော ကိုယ်စားလှယ်များသာ ပြည်သူတို့အား ကိုယ်စားပြုခွင့်ရှိသည့်အတွက် ပုဒ်မ ၁၄ ပြဋ္ဌာန်းချက်ဖြစ်သည့် “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ် သည့်ဦးရေအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။
ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားသည့်ထားသည် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့၏ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်သော ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၁၇။(ခ) “ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ခရိုင် အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးစသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်” အား ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။
လက်နက်ကိုင်တပ်ဖွဲ့များသည် ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိရမည်ဟူသော ဒီမိုကရေစီမူအရ ပုဒ်မ ၂၀(ခ) အား “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို ကာကွယ်ရေးဝန်ကြီး၏ညွှန်ကြားချက်နှင့်အညီ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၀(ဂ) အား “ပြည်ထောင်စုသမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်” ဟူ၍လည်း ကောင်း ပြင်ဆင်ရန် အဆိုပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ အချိန်အခါ၊ တိုင်းပြည်၏ ဖြစ်ပေါ်ပြောင်းလဲမှု၊ ပြည်သူပြည်သားများ ၏သဘောထားဆန္ဒအရ ပြုပြင်ပြောင်းလဲရန်လိုအပ်ပါက ပြင်ဆင်ပြောင်းလဲရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်မှာ ကာကွယ်စောင့်ရှောက်ရန်မဟုတ် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ဖြစ်သည် ဟူသည့် မူဝါဒနှင့်အညီ ပုဒ်မ ၂၀(စ) “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ရန် အဓိကတာဝန် ရှိသည်” ဟူသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။
ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ပုဒ်မ ၃၉ အား “ပြည်ထောင်စုသည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။
ပြည်ထောင်စု၏အကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သောကြောင့် ပြည်ထောင်စု၏အထွဋ်အထိပ် အာဏာကို အခြား မည်သည့် ပုဂ္ဂိုလ်ကမျှ ကျင့်သုံးပိုင်ခွင့် မရှိစေရန် ပြည်ထောင်စု၏ အရေးပေါ်ကာလနှင့် ပတ်သက် သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၄၀(ခ) “တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတစ်စုတွင် ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော် သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားချက်များနှင့်အညီ တားဆီးကာကွယ် စောင့်ရှောက်ခွင့် ရှိသည်” နှင့် ၄၀(ဂ) “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံး စေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့် ရှိသည်” တို့ကို ပယ်ဖျက်ရန် အဆို ပြုတင်ပြခဲ့သည်။
ဥပဒေ၏အထက်တွင် မည်သူမျှမရှိရ၊ ကျောသားရင်သား မခွဲခြားပဲ ပြစ်မှုကျူးလွန်သူကို အရေးယူရမည် ဟူသော တရားမျှတမှုဆိုင်ရာမူဝါဒအရ ပုဒ်မ ၄၃ ပြဋ္ဌာန်းချက်ဖြစ်သည့် “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက် ကြောင်းပြန်အာဏာ သက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ကို ပယ်ဖျက်ရန် အဆိုပြုတင်ပြခဲ့သည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးသော ပြည်ထောင်စုနိုင်ငံများရှိ ရွေးကောက်ပွဲအနိုင်ရသော ပြည်သူ့ ရွေးကောက်ခံကိုယ်စားလှယ်များသာ အစိုးရဖွဲ့ခွင့်ရှိသည့်အပြင် ပြည်ထောင်စု၏အင်္ဂါစဉ်သဘောတရားကို ကျော်လွန်နေသည့် ပြဋ္ဌာန်းချက်ဖြစ်သည့် ပုဒ်မ ၂၃၂(ခ)(၂) “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီး များအဖြစ် ခန့်အပ်တာဝန်ပေးရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှသင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်”၊ ပုဒ်မ ၂၃၂(ခ)(၃) “ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန များအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်”၊ ပုဒ်မ ၂၃၄(ခ) “နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာတာဝန်များ ပေးအပ် ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူ ရမည်”၊ ပုဒ်မ ၂၃၄(ဂ) “နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ် တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်” နှင့် ပုဒ်မ ၂၃၅(ဂ)(၂) “ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်” တို့ကို ပယ်ဖျက်ရန် အဆိုပြု တင်ပြခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုပါ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေး အဆိုပြုရန် ပျက်ကွက်ခဲ့သည်။
၄။ (ခ) အခြေခံအခွင့်အရေးများ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုတွင်း စုံလင်ကွဲပြားလှသော တိုင်းရင်းသား လူမျိုးများ၏ ဘာသာစကား ဆိုင်ရာအခွင့်အရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပုဒ်မ ၂၈(ဂ) အား “အခမဲ့မသင်မနေရ မူလတန်း ပညာရေးစနစ် ဖော်ဆောင်ရမည်၊ မိခင်စကားအခြေပြု ပညာရေးစနစ်ကို ဖော်ဆောင် ရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
“ငြိမ်ဝပ်ပိပြားရေးနှင့်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးနှင့်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက် တို့နှင့်သော် လည်းကောင်း မဆန့်ကျင်လျှင်” ဟူသော စကားရပ်သည် အနက်အဓိပ္ပာယ် ကျယ်ပြန့်လွန်းခြင်း၊ သက်ဆိုင်ရာဥပဒေများတွင် သီးခြားပြဋ္ဌာန်းပြီး ဖြစ်ခြင်းတို့ကြောင့် ပုဒ်မ ၃၄ တွင် အဆိုပါစကားရပ်အား ပယ်ဖျက်ကာ “နိုင်ငံသားတိုင်းသည် ဘာသာ၊ သာသနာရေး တွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်” ဟုပြင်ဆင်ရန် အဆိုပြုတင်ပြခဲ့သည်။
နိုင်ငံသားဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းမှုရှိစေရန် ပုဒ်မ ၃၄၆ “နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့ကို ဥပဒေတွင် တိကျစွာ ရေးဆွဲပြဋ္ဌာန်းထားရမည်” ဟု ပြင်ဆင် ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
အထူးလုပ်ဆောင်ချက်အစီအစဉ် (Affirmative Action) လိုအပ်နေသူများအတွက် ပုဒ်မ ၃၅၁ တွင် “မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့်သက်ဆိုင်သည့် အထူးအခွင့်အရေး ဆိုင်ရာများ ကို ဥပဒေပြု ပြဋ္ဌာန်းထားရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
ပုဒ်မ ၃၅၄ တွင် ဝိဝါဒ ကွဲပြားကာ လိုရာအဓိပ္ပာယ်ဖော်၍ အသုံးပြုနိုင်သော “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင်” ဟူသည့်စကားရပ်အား ပယ်ဖျက်ကာ “နိုင်ငံသားတိုင်းသည် အောက်ပါ အခွင့်အရေး များကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ)တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
ပုဒ်မ ၃၇၆ တွင် “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများ ပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ် ထားရှိရန်လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး” ဟူသည့် စကားရပ်ကို ပယ်ဖျက်၍ “သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကို မျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ “နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင်” ဟူသည့်အလားတူ စကားရပ်များနှင့် ထိန်းချုပ်ထားသော ပြဋ္ဌာန်းချက်များကို ပြင်ဆင် ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။
တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်အခွင့်အရေးများကို ဖော်ဆောင်မြှင့်တင်နိုင်ရန်နှင့် စုံလင်ကွဲပြားသော တိုင်းရင်းသားများ၏ ဘာသာစကားများကို လက်ခံသည့်သဘောထားမူဝါဒနှင့် ပတ်သက်၍ ပုဒ်မ ၄၅၀ တွင် “မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာပြည်နယ်တွင် ပြည်နယ်ရှိ တိုင်းရင်းသားဘာသာစကားကို ရုံးသုံးစာ အဖြစ်ပြဋ္ဌာန်းနိုင်သည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
အဆိုပါ အခြေခံကျသော အခွင့်အရေးများ၊ တိုင်းရင်းသားအခွင့်အရေးများကိုပင်လျှင် ပြင်ဆင်ပြဋ္ဌာန်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပြုတင်ပြခဲ့ခြင်း မရှိသည့်အတွက် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ရတက်မအေးဖွယ်ပင် ဖြစ်တော့သည်။
၅။ ဖက်ဒရယ်ချောင်းကြည့်ပေါက်မှ ရှုမြင်ခြင်း
(က) ပြည်ထောင်စု ဖွဲ့စည်းမှု (Form of the State)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၉။ (က) တွင် “ရှိရင်းစွဲတိုင်း တိုင်းဒေသကြီး (၇) ခု ကို ဗမာပြည်နယ် အဖြစ်လည်း ကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ပြည်နယ် အားလုံး တို့သည် အဆင့်အတန်း တူညီ ကြသည်။” ဟူ၍ တန်းတူသော ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းရန် တင်ပြ ခဲ့သည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံစဉ်းစားကာ “ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်သားများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ရှိသည်” ဟူ၍ ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
ထို့ပြင် (၈) ပြည်နယ်မူကိုလည်းပြတ်ပြတ်သားသားတင်ပြချက်အဖြစ် ပုဒ်မ ၄၉ “ပြည်ထောင်စု ကို အောက်ပါ ပြည်နယ် (၈) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်သည်-
(က) ကချင်ပြည်နယ်၊
(ခ) ကယားပြည်နယ်၊
(ဂ) ကရင်ပြည်နယ်၊
(ဃ) ချင်းပြည်နယ်၊
(င) ဗမာပြည်နယ်
(စ) မွန်ပြည်နယ်၊
(ဆ) ရခိုင်ပြည်နယ်၊
(ဇ) ရှမ်းပြည်နယ်နှင့်
(ဈ) ပြည်ထောင်စုနယ်မြေများ။
ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် (၈) ပြည်နယ်မူ အပေါ်တွင်သာ အသေရပ်တည်နေခြင်းမဟုတ်ပေ။ ယင်းမူထက် ကောင်းမွန်သော ကြောင်းကျိုးဆီလျော်သော အဆိုပြုချက်များရှိလာပါက လက်ခံရန် အသင့်ရှိသည်ကို ပါတီခေါင်းဆောင်များက အမြဲပြောကြားနေသည်သာ ဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၊ ပင်လုံမူနှင့် ပင်လုံကတိကဝတ်တို့အပေါ်တွင် အခြေခံ၍သော်လည်းကောင်း၊ ၁၉၆၁ ခုနှစ် တောင်ကြီး မြို့တွင် ကျင်းပခဲ့သော ပြည်နယ်ပေါင်းစုံညီလာခံကြီးတွင် ဆုံးဖြတ်အတည်ပြုခဲ့သည့် ပြည်ထောင်စုစစ်စစ်မူ အပေါ်တွင်လည်းကောင်း အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ တနည်းဆိုရပါလျှင် အသက်၊ သွေး၊ ချွေးပေါင်း များစွာဖြင့် ရင်းနှီးခဲ့ရသည့် မူဝါဒများ လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် သွားလေသူသူရဲကောင်းအပေါင်းတို့၏ သမိုင်းပေးတာဝန်ကို ပခုံးပြောင်းတာဝန် ယူကာ ဆက်လက် ထမ်းဆောင်နေခြင်းပင်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုဖွဲ့စည်းပုံနှင့် ပတ်သက်၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆို ပြုတင်ပြချက်များ မရှိခဲ့ပေ။
၅။(ခ) ပြည်ထောင်စု အစိုးရပုံစံ (Form of the Government)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုအစိုးရပုံစံနှင့် ပတ်သက်၍ သမ္မတစနစ်နှင့် ဝန်ကြီးချုပ်စနစ် ပေါင်းစပ်ကျင့်သုံး သော ပုံစံ (Semi-Presidential Parliamentary System) အုပ်ချုပ်ရေးစနစ် ဖြင့် တည်ဆောက်ရန် ချဉ်းကပ်သည်။ ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်သောစနစ်တွင် ပြည်ထောင်စုဦးသျှောင် (သို့မဟုတ်) ပြည်ထောင်စုသမ္မတ ထားရှိသောစနစ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတသည် တပ်မတော်အကြီးအကဲ (သို့မဟုတ်) စစ်သေနာပတိချုပ်ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုအစိုးရကိုမူ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင် သောစနစ် (Parliamentary System) ဖြင့် ဖွဲ့စည်းသည်။ ၄င်းပုံစံကို ပြင်ဆင်ချက်ပုဒ်မ ၁၆(က) “ပြည်ထောင်စု အကြီးအကဲနှင့် တပ်မတော်အကြီးအကဲသည် ပြည်ထောင်စုသမ္မတ ဖြစ်သည်။ ပြည်ထောင်စုသမ္မတအား အထက်လွှတ်တော်က ရွေးကောက် တင်မြောက်ရမည်”၊ ပြင်ဆင်ချက်ပုဒ်မ ၁၆(ခ) “ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးအဖွဲ့ဖြင့် ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းရမည်။ ပြည်ထောင်စုဝန်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးကောက်တင်မြောက်ရမည်” အဆိုပြုချက်တို့တွင် တွေ့မြင်ရသည်။
၅။(ဂ) ပြည်ထောင်စု ဦးသျှောင် (Head of the State)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပုဒ်မ ၅၈ တွင် “ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စု ၏ဦးသျှောင်ဖြစ်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုကာ ပြည်ထောင်စုသမ္မတရွေးကောက်တင်မြှောက်သည့် နည်းလမ်းကိုပါ အောက်ဖော်ပြပါပုဒ်မ ၆၀ အတိုင်း ရွေးကောက်တင်မြှောက်ရန် အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၆၀ “ပြည်ထောင်စုသမ္မတကို အောက်ပါအတိုင်း ရွေးချယ်တင်မြောက်ရမည်။ (က)ပြည်နယ်လွှတ်တော် အသီးသီးက တစ်ပြည်နယ်လျှင် တစ်ဦးကျစီ ပေးပို့သော သမ္မတလောင်းများအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စု အထက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထောက်ခံမဲ ထက်ဝက် ကျော်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ (ခ)ကျန်ရှိသော သမ္မတလောင်းများအနက်တစ်ဦးကို ဒုတိယသမ္မတအဖြစ် ပြည်ထောင်စုအထက်လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ထောက်ခံမဲထက်ဝက်ကျော်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။ (ဂ) လွှတ်တော်(၂)ရပ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက သမ္မတလောင်းအား သက်ဆိုင်ရာပြည်နယ်အထက်လွှတ်တော်၏ အများစု ထောက်ခံမဲဖြင့် ရွေးချယ်ပေးပို့ရမည်။
ထို့အပြင် ပုဒ်မ ၆၆(က)တွင် ပြည်ထောင်စုသမ္မတနှင့် ဒုတိယသမ္မတတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုပါ ဖြည့်စွက်ပြဋ္ဌာန်းရန် အောက်ဖော်ပြပါအတိုင်းအဆိုပြုတင်ပြခဲ့သည်။ ပြည်ထောင်စုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ချုပ်တို့၏ လုပ်ပိုင်ခွင့်များကို ခွဲဝေထားခြင်းဖြစ်သည်။
၆၆။(က) ပြည်ထောင်စုသမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်
(၁) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စု အထက်လွှတ်တော်ကို တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုတပ်မတော်အပါအဝင် ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်သေနာပတိချုပ် ဖြစ်သည်၊
(၃) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းကာ ပြည်ပနိုင်ငံတစ်ခုခုအား စစ်ကြေညာခြင်း၊ စစ်ရပ်စဲခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ သို့သော် ပြည်ထောင်စုလွှတ်တော်၏သဘောတူညီချက်ကို ဦးစွာ ရယူရမည်၊
(၄) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအောက်လွှတ်တော်က ရွေးကောက်တင်မြှောက်သော ဝန်ကြီးချုပ် ကို ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်ပေးရမည်၊
(၅) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအဖြစ် အမည် စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် အတည်ပြုခန့်အပ် ပေးရမည်၊
(၆) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု ရှေ့နေချုပ်အား အတည်ပြု ခန့်အပ်ပေးရမည်၊
(၇) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများနှင့် တရားသူကြီးချုပ်တို့အား အတည်ပြု ခန့်အပ်ပေးရမည်။
(၈) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုလွှတ်တော်က သဘောတူညီချက်ရရှိပြီးဖြစ်သော ပြည်ထောင်စု စာရင်းစစ်ချုပ်အား အတည်ပြု ခန့်အပ်ပေးရမည်၊
(၉) ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော (သို့တည်းမဟုတ်) အတည်ပြုပြီးဖြစ်သည်ဟု မှတ်ယူရမည့် ဥပဒေကြမ်းအား ပြည်ထောင်စုဥပဒေတစ်ရပ်အဖြစ် လက်မှတ်ရေးထိုး၍ ပြည်ထောင်စုပြန်တမ်းတွင် ထုတ်ပြန်ကြေညာပေးရမည်၊
(၁၀) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုနှင့် စပ်လျဉ်း၍ဖြစ်စေ ပြည်သူလူထုနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စများနှင့်စပ်လျဉ်း၍ဖြစ်စေ အမှာလွှာဖြင့်သော်လည်းကောင်း၊ မိန့်ခွန်းဖြင့်သော်လည်းကောင်း ပြည်ထောင်စုအဆင့်လွှတ်တော်သို့ အကြောင်းကြားနိုင်သည်၊
(၁၁) ပြည်ထောင်စုသမ္မတသည် အခါအားလျော်စွာ ပြည်ထောင်စုတဝှမ်းလုံးရှိ ပြည်သူသို့ မိန့်ခွန်း မြွက်ကြား နိုင်သည်၊
(၁၂) ပြည်ထောင်စုသမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတည့်အလင်းပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် များမှအပ ဖြစ်သောအခြားကိစ္စရပ်များအား ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ကျော်လွန်ခြင်း မရှိစေရ၊
(၁၃) ပြည်ထောင်စုသမ္မတသည် အရေးပေါ်အခြေအနေ ကြေညာခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ထုတ်ပြန် ကြေညာ ပေးရမည်၊
(၁၄) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း ပြုနိုင်သည်၊
(၁၅) ပြည်ထောင်စုသမ္မတသည် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်၊
(၁၆) ပြည်ထောင်စုသမ္မတသည် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက် ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ ပြည်ထောင်စု သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြား တိုင်းပြည်တစ်ခုခု နှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ ပြည်ထောင်စုသမ္မတသည် မိမိ၏အရေးယူ ဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်၊
(၁၇) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည် ခေါ်ယူရန် အကြောင်းကြားခြင်းနှင့် နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်း ပြုသည်၊
(၁၈) ပြည်ထောင်စုသမ္မတသည် ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသောအပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်း ဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုရမည်၊
(၁၉) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည် ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း များကို ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ ပြုလုပ်နိုင်သည်။
(၂၀) ပြည်ထောင်စုသမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်း ကြားနိုင်သည်။
(၂၁) ပြည်ထောင်စုသမ္မတသည် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊ မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။
(၂၂) ပြည်ထောင်စုသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော် လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်း မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည် ပြည်ထောင်စု သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
(ခ) ပြည်ထောင်စုဒုတိယသမ္မတ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(၁) ပြည်ထောင်စုသမ္မတက လုပ်ငန်းတာဝန်များကို လွဲအပ်သောအခါတွင်ဖြစ်စေ၊ တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်စွမ်းမရှိတော့လျှင်ဖြစ်စေ၊ ရာထူးမှ ဖယ်ရှားခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေ ပြည်ထောင်စု ဒုတိယသမ္မတသည် သမ္မတ၏လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ခွင့် ရှိသည်။
(၂) ပြည်ထောင်စုဒုတိယသမ္မတသည် ပြည်ထောင်စုသမ္မတမှတဆင့် ပြည်ထောင်စုအထက်လွှတ်တော်ကို တာဝန်ခံရမည်။
၅။(ဃ) ပြည်ထောင်စု ဥပဒေပြုရေး (Federal Legislative)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုဥပဒေပြုရေးနှင့် ပတ်သက်၍ လွှတ်တော် နှစ်ရပ်ကျင့်သုံးသည့်ပုံစံစစ်စစ် (True Bi-Cameral System) ဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင်ရန် ချဉ်းကပ်သည်ကို တွေ့ရှိရသည်။ ပြင်ဆင်ချက် ပုဒ်မ ၇၄ တွင် “ပြည်ထောင်စုအဆင့်တွင် လွှတ်တော်ကို အာဏာတူသော လွှတ်တော်နှစ်ရပ်ဖြစ်သည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့ဖြင့် ဖွဲ့စည်းသည်” ဟု အဆိုပြုထားသည်။ ပုဒ်မ ၇၄(က) တွင် “မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍ လည်းကောင်း၊ ရွေးကောက်ပွဲများ တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် များဖြင့်ဖွဲ့စည်းသည့် အောက် လွှတ်တော်”၊ ပုဒ်မ ၇၄(ခ) တွင် “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးချယ်စေလွှတ်သည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းသည့် အထက် လွှတ်တော်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်း ရန်အဆိုပြုထားသည်ကိုတွေ့သည်။
လွှတ်တော်နှစ်ရပ်ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မရှိတော့သည့်အတွက် ပြည်ထောင်စု လွှတ်တော်နာယက၊ ဒုတိယနာယကတို့နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ဖြစ်သည့် ပုဒ်မ (၇၆) ကို ပယ်ဖျက်သည်။ လွှတ်တော်နှစ်ရပ်ပူးပေါင်းကျင်းပသည့် ပြည်ထောင်စုလွှတ်တော် မရှိတော့သည့်အတွက် ပြည်ထောင်စုလွှတ်တော် နှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များ ဖြစ်သည့် ပုဒ်မ (၇၇) မှ ပုဒ်မ (၉၄) အထိ ပြဋ္ဌာန်းချက်များအား ပယ်ဖျက်သည်။
ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၏ ထူးခြားသော ဝိသေသများ၊ ရေမြေ၊ လူဦးရေ၊ လူမျိုးနှင့်ယဉ်ကျေးမှု မတူညီသဖြင့်လည်းကောင်း၊ ပြည်နယ်၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထား ခြင်းကြောင့်လည်းကောင်း သက်ဆိုင် ရာပြည်နယ်နှင့်သင့်လျော်စေရန် ပုဒ်မ ၁၃ တွင် “ပြည်နယ်တိုင်းတွင် သက်ဆိုင်ရာပြည်နယ်၏လိုအပ်ချက်အရ ပြည်နယ်လွှတ်တော်တစ်ရပ်ဖြစ်စေ၊ ပြည်နယ် လွှတ်တော်နှစ်ရပ်ဖြစ်စေ ဖွဲ့စည်းနိုင်သည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုထားသည်ကို တွေ့ရှိရသည်။ သက်ဆိုင်ရာပြည်နယ်များ လွှတ်တော်ကို လွတ်လပ်စွာဖွဲ့စည်းနိုင်ရန်အတွက် ပြည်နယ်လွှတ်တော်နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၁၆၁ မှ ပုဒ်မ ၁၉၈ အထိ ပြဋ္ဌာန်းချက််များကို ပယ်ဖျက်ရန် အဆိုပြုတင်ပြထားသည်။ အဆိုပါပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သက်ဆိုင်ပြီး လွှတ်တော်တစ်ရပ်ဖြင့်ဖြစ်စေ၊ လွှတ်တော်နှစ်ရပ်ဖြင့်ဖြစ်စေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရန်အတွက် ပြည်နယ်လွှတ်တော်များနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းရန် မလိုအပ်ပေ။
၅။(င) ပြည်ထောင်စု အုပ်ချုပ်ရေး (Federal Executive)
ပြည်ထောင်စုအုပ်ချုပ်ရေးနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ရှင်းလင်းစွာ တင်ပြထားသည်။ ပြည်နယ်နှင့်သာသက်ဆိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အာဏာကို သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သာ ပြဋ္ဌာန်းရန်အတွက် ပုဒ်မ ၁၇ တွင် “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်” ဟူသည့်စကားရပ်ကို ပယ်ဖျက်ကာ “ပြည်ထောင်စုအုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စုနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။
ပုဒ်မ ၁၉၉(က) တွင် “ပြည်ထောင်စု အုပ်ချုပ်ရေးအကြီးအကဲသည် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုပြီး ပြည်ထောင်စုဝန်ကြီးချုပ်က စီမံအုပ်ချုပ်သော အုပ်ချုပ်ပုံစနစ်ကို ကျင့်သုံးသဖြင့် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာများ၊ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမှုဆိုင်ရာများ၊ ပြည်ထောင်စု အစိုးရသက်တမ်း၊ နုတ်ထွက်ခြင်းဆိုင်ရာများ၊ အယုံအကြည်မရှိအဆိုဆိုင်ရာများနှင့် ပြည်ထောင်စုအစိုးရ ပြန်လည် ဖွဲ့စည်းခြင်းဆိုင်ရာ အောက်ဖော်ပြပါ ပုဒ်မ ၂၀၀ ပြဋ္ဌာန်းချက်များအတိုင် ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။
ပုဒ်မ၂၀၀။(က) ပြည်ထောင်စုဝန်ကြီးချုပ်
(၁) ပြည်ထောင်စုဝန်ကြီးချုပ်အား အောက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် သောဆန္ဒမဲဖြင့် ရွေးကောက်တင်မြောက်ကာ ပြည်ထောင်စုသမ္မတက ခန့်အပ်ရမည်။
(၂) ပြည်ထောင်စုဝန်ကြီးချုပ်သည် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ရမည့်နေ့တွင် အသက် ၄၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ) ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း
(၁) ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီးအဖွဲ့ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်း ရမည်။ ပြည်ထောင်စုအစိုးရတွင်အောက်ပါ ပုဂ္ဂိုလ်များပါဝင်သည်။
(ကက) ပြည်ထောင်စုဝန်ကြီးချုပ်၊
(ခခ) ပြည်ထောင်စုဝန်ကြီးများ၊
(ဂဂ) ပြည်ထောင်စုရှေ့နေချုပ်၊
(၂) ပြည်ထောင်စုဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သူဖြစ်စေ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ် သူများ အား ဝန်ကြီးအဖြစ်ခန့်အပ်သော အရေအတွက်သည် ဝန်ကြီးစုစုပေါင်း အရေအတွက်၏ သုံးပုံတစ်ပုံ ထက် ကျော်လွန်ခြင်း မရှိစေရ၊ ပြည်ထောင်စုဝန်ကြီးများကို အောက်လွှတ်တော်၏ သဘောတူညီမှု ဖြင့် ပြည်ထောင်စုသမ္မတက အတည်ပြုပေးရမည်။
(၃) ပြည်ထောင်စုအစိုးရသည် အောက်လွှတ်တော်အား အဖွဲ့လိုက် စုပေါင်းတာဝန်ခံ ရမည်၊
(၄) ပြည်ထောင်စုဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရကို တာဝန်ခံရမည်၊
(ဂ) ပြည်ထောင်စုအစိုးရသက်တမ်း
ပြည်ထောင်စုအစိုးရ၏သက်တမ်းသည် အောက်လွှတ်တော်၏သက်တမ်းအတိုင်း ဖြစ်သည်။
(ဃ) နုတ်ထွက်ခြင်း
(၁) ပြည်ထောင်စုဝန်ကြီးချုပ်သည် မိမိ၏သဘောဆန္ဒအရ ပြည်ထောင်စုသမ္မတထံသို့ နုတ်ထွက်လွှာ ပေးပို့၍ ပြည်ထောင်စုဝန်ကြီးအဖြစ်မှ နုတ်ထွက်နိုင်သည်၊
(၂) ပြည်ထောင်စုဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်လျှင် ဝန်ကြီးအဖွဲ့ဝန်ကြီးများအားလုံးသည် ရာထူးမှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(၃) ပြည်ထောင်စုဝန်ကြီးတစ်ဦးသည် မိမိသဘောဆန္ဒအလျောက် မိမိနုတ်ထွက်လွှာကို ပြည်ထောင်စု ဝန်ကြီးချုပ်မှတဆင့် ပြည်ထောင်စု သမ္မတထံသို့ ပေးပို့ကာ တာဝန်မှ နုတ်ထွက်နိုင်သည်။
(င) အယုံအကြည်မရှိအဆို
(၁) ပြည်ထောင်စုအစိုးရ ဖွဲ့စည်းတာဝန်ယူကြပြီးနောက် (၁၈) လအတွင်း အစိုးရတစ်ဖွဲ့လုံးကိုဖြစ်စေ၊ အစိုးရအဖွဲ့ဝင်တစ်ဦးကိုဖြစ်စေ အယုံအကြည်မရှိအဆို တင်သွင်းခွင့် မရှိစေရ၊
(၂) အယုံအကြည်မရှိအဆို တင်သွင်းခံရသူသည် ပြည်ထောင်စုဝန်ကြီးဖြစ်ပါက အောက်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် အတည်ပြုလျှင် အစိုးရအဖွဲ့ဝင်ဝန်ကြီး တာဝန်မှ နုတ်ထွက်ပေးရမည်၊
(၃) အယုံအကြည်မရှိအဆို တင်သွင်းခံရသူသည် ပြည်ထောင်စုဝန်ကြီးချုပ် သို့မဟုတ် ပြည်ထောင်စု အစိုးရအဖွဲ့ တစ်ဖွဲ့လုံးဖြစ်ပါက အောက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံနှစ်ပုံ အတည်ပြုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ တစ်ဖွဲ့လုံး တာဝန်မှ နုတ်ထွက်ပေးရမည်၊
(စ) ပြည်ထောင်စုအစိုးရပြန်လည်ဖွဲ့စည်းဖြင်း
(၁) ပြည်ထောင်စုဝန်ကြီးချုပ်က မိမိသဘောဆန္ဒအရ နုတ်ထွက်သည်ဖြစ်စေ၊ အယုံအကြည်မရှိအဆို တင်သွင်းခြင်းကြောင့်ဖြစ်စေ ပြည်ထောင်စုအစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရပါက ရက်ပေါင်း (၃၀) အတွင်း ပြည်ထောင်စုဝန်ကြီးချုပ်အသစ်ကို အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ကာ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည် ဖွဲ့စည်းရမည်။
(၂) အဆိုပါ ရက်ပေါင်း (၃၀) အတွင်း အစိုးရမဖွဲ့နိုင်ပါက ပြည်ထောင်စုအား စီမံအုပ်ချုပ်ရန် ပြည်ထောင်စုသမ္မတက ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းပေးရမည်။
(၃) ကြားဖြတ်အစိုးရဖွဲ့ပြီး ရက်ပေါင်း (၆၀) မကျော်လွန်စေပဲ အောက်လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲကို ကျင်းပရမည်။
ပြည်ထောင်စုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့၏ လုပ်ပိုင်ခွင့်များကို ခွဲဝေသည့်အနေဖြင့် ပုဒ်မ ၂၀၄၊ ပုဒ်မ ၂၀၅၊ ပုဒ်မ ၂၀၆၊ ပုဒ်မ ၂၀၇၊ ပုဒ်မ ၂၀၉၊ ပုဒ်မ ၂၁၁၊ ပုဒ်မ ၂၁၂၊ ပုဒ်မ ၂၁၃၊ ပုဒ်မ ၂၁၄၊ ပုဒ်မ ၂၁၅ တို့အား ပြည်ထောင်စုသမ္မတ လုပ်ပိုင်ခွင့်အောက်သို့ ပြောင်းရွေ့၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အား လေးစားတန်ဖိုးထားသည့်အတွက် ပုဒ်မ ၂၄၇။(က) တွင် “သက်ဆိုင်ရာပြည်နယ်များသည် မိမိပြည်နယ်၏ ထူးခြားသည့် ဝိဒေသအရ ပြည်နယ်အကြီးအကဲ (Governor) စနစ်ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်စနစ်ကို လည်းကောင်း ကျင့်သုံးနိုင်သည်။ ပြည်နယ် အကြီးအကဲစနစ်ကျင့်သုံးလျှင် အုပ်ချုပ်ရေးအကြီးအမှူးကို ပြည်နယ်သမ္မတ ဟူ၍လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်စနစ် ကျင့်သုံးလျှင် အုပ်ချုပ်ရေးအကြီးအမှူးကို ပြည်နယ်ဝန်ကြီးချုပ် ဟူ၍ လည်းကောင်း ခေါ်ဝေါ်ရမည်” ပြဋ္ဌာန်းရန် အဆိုပြုကာ သက်ဆိုင်ရာပြည်နယ်နှင့် ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးစေရန် ရည်ရွယ်သည်။ ထို့နောက် ပြည်နယ် သမ္မတ သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၂၆၁ အား အောက်ပါအတိုင်း ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။ ပုဒ်မ ၂၆၁(ခ) “ဝန်ကြီးချုပ်စနစ်ကျင့်သုံးသောပြည်နယ် ဖြစ်ပါက ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်-
(၁) သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက သတ်မှတ်ထားသည့် အရည်အချင်း များနှင့်ပြည့်စုံသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊
(၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်သို့ ပေးပို့လျက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော်သော ဆန္ဒမဲဖြင့် ခန့်အပ်အတည်ပြုရမည်။ လွှတ်တော် နှစ်ရပ်ကျင့်သုံးသည့် ပြည်နယ်ဖြစ်ပါက ပြည်နယ် အောက်လွှတ်တော်သို့ ပေးပို့ကာ ခန့်အပ် အတည်ပြုရမည်။
(ဂ) ပြည်နယ်အကြီးအကဲစနစ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက ပြည်နယ်သမ္မတအဖြစ်ခန့်အပ်တာဝန်ပေးရန်-
(၁) ပြည်နယ်အတွင်းတွင် ပြည်နယ်သမ္မတရွေးကောက်ပွဲကို ကျင်းပရမည်။
(၂) ပြည်နယ်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်နယ်သမ္မတလောင်းများထဲမှ ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများ၏ အများဆုံးဆန္ဒမဲ ရရှိသူအား ပြည်နယ်သမ္မတ အဖြစ် တင်မြှောက်ရမည်။
(၃) ပြည်နယ်သမ္မတအား သက်ဆိုင်ရာပြည်နယ်လွှတ်တော်တွင် အတည်ပြုပေးရမည်။
ပြည်နယ်ဝန်ကြီးများခန့်ထားမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်စနစ်ကျင့်သုံးသောပြည်နယ်အတွက် ပုဒ်မ ၂၆၂(က) တွင် “ဝန်ကြီးချုပ်စနစ်ကျင့်သုံးသော ပြည်နယ်ဖြစ်ပါက ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စား လှယ် များထဲမှဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပြည်နယ်လွှတ်တော်အရည်အချင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များအား ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်နိုင်သည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ပြည်နယ်ဝန်ကြီးအရေအတွက်သည် ပြည်နယ်ဝန်ကြီးအရေအတွက်၏ သုံးပုံးတစ်ပုံ အထက်မရှိစေရ” ဟူ၍လည်း ကောင်း၊ ပြည်နယ်အကြီးအကဲ(သို့) ပြည်နယ်သမ္မတ ကျင့်သုံးသည့်ပြည်နယ်အတွက် ပုဒ်မ ၂၆၂(ဃ) တွင် “ပြည်နယ်အကြီးအကဲစနစ် ကျင့်သုံးသောပြည်နယ်ဖြစ်ပါက ပြည်နယ်သမ္မတသည် ပြည်နယ်အစိုးရအဖွဲ့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူ ရမည်။ ဝန်ကြီးဖြစ်ရန် သတ်မှတ် ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်နယ်လွှတ်တော်သည် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပါက ပြည်နယ်ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်” ဟူ၍ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
၅(စ) ပြည်ထောင်စု တရားစီရင်ရေး (Federal Judiciary)
ပြည်ထောင်စုတရားစီရင်ရေးနှင့် ပတ်သက်၍ ပုဒ်မ ၁၈(ခ) တွင် “ပြည်ထောင်စုတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၁၈ (ဃ) တွင် “ပြည်နယ်တိုင်းတွင် ပြည်နယ်တရား လွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်” ဟူ၍ အဆိုပြုထားသည်။ ထူခြားမှုအဖြစ် စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် ပတ်သက်သည့် ပုဒ်မ ၃၁၉ တွင် “ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများသည် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကိုသာ စီရင်ပိုင်ခွင့်ရှိသည်။ တပ်မတော်သားတစ်ဦးသည် အရပ်ဖက် ဆိုင်ရာ ပြစ်မှုများ ကျူးလွန်ပါက အရပ်ဖက်ဆိုင်ရာ ဥပဒေဖြင့် တရားစီရင်ရမည်” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုကာ တပ်မတော်သားများအား အရပ်ဖက်ဥပဒေနှင့်ပါ တရားစီရင်နိုင်ရန် ရည်ရွယ်သည်။
ပြည်ထောင်စုတရားစီရင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်ချက်များပြားခြင်းမရှိသည်ကို တွေ့မြင့်ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း ပြင်ဆင်ရန် အဆိုပြုထားခြင်းမရှိပေ။
၅။(ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး (Constitutional Court)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စု ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းအကြားတွင်သော် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက် သည့် အငြင်းပွားမှု များကို ကိုယ်တွယ် ဖြေရှင်းရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းရန် ပုဒ်မ ၁၈(က) တွင် “ပြည်ထောင်စု ၏ တရားစီရင်ရေး အာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်နယ်တရား လွှတ်တော် နှင့် ကိုယ်ပိုအုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါ အဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးကို သီးခြားဖွဲ့စည်းရမည်” ဟူ၍ ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြသည်။ ပုဒ်မ ၄၆ တွင်လည်း ခုံရုံးတစ်ရုံးဟူသော စကားရပ်အား တရားရုံးဟူသော စကားရပ်ဖြင့် အစားထိုးကာ “… ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေကအပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ကို ဖွဲ့စည်းရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။ ယာယီ ဆန်သော ခုံရုံးဖွဲ့စည်းမှုမှ ပိုမိုခိုင်မာသော တရားရုံး ဖွဲ့စည်းမှု အဖြစ်ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးများဖွဲ့စည်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၃၂၀ တွင် “ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို ပြည်နယ်အသီးသီးက တစ်ဦးကျစီ စေလွှတ်သော တရားသူကြီးများဖြင့် ဖွဲ့စည်းရမည်။ ၄င်းတို့ ထဲမှ တစ်ဦးကို ဥက္ကဋ္ဌ အဖြစ် အချင်းချင်း ရွေးကောင်တင်မြှောက် ရမည်” ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုပြီး ခန့်အပ်ရန်အတွက် ပုဒ်မ ၃၂၁ တွင် “ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ အမည်များကို ပြည်ထောင်စု အထက်လွှတ်တော်တွင် တင်သွင်းအတည်ပြု ချက် ရယူ၍ ပြည်ထောင်စုသမ္မတက ခန့်အပ် ပေးရမည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုသည်။
၅။ (ဇ) အာဏာပိုင်းခြားခြင်းနှင့် အာဏာခွဲဝေခြင်း (Seperation of Power and Division of Powers)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ်သည် အာဏာပိုင်းခြားခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၁၁(က) တွင် “ပြည်ထောင်စု အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်” ဟု အဆိုပြုတင်ပြ၍ အာဏာခွဲဝေခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၁၁(ခ) တွင် “ထိုသို့ပိုင်းခြားထားသည့် ပြည်ထောင်စု အာဏာသုံးရပ်ကို ပြည်ထောင်စုနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်” ဟု ပြဋ္ဌာန်းရန်အဆိုပြု၍ ပုဒ်မခွဲငယ် (၁)၊ (၂)၊(၃) တို့အား ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုသည်။ “ (၁) ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာ နှင့် ထပ်တူပြု အာဏာများကို သတ်မှတ်ပြဌာန်းရမည်။ (၂) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး၏ ဘုံအကျိုး စီးပွားအတွက် ကျင့်သုံးရန် လိုအပ်သောအခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့အပ်နှင်းသည်။ (၃) ပြည်ထောင်စု အာဏာ၊ ပြည်နယ်အာဏာနှင့် ထပ်တူပြုအာဏာများတွင် ထည့်သွင်းဖော်ပြထား ခြင်းမရှိသည့် ကြွင်းကျန်နေသည့် အာဏာများသည် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ရှိသည်” ဟူ၍ အာဏာခွဲဝေမှုကို တိကျစွာ ပြဋ္ဌာန်းနိုင်ရန် ရည်ရွယ်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းထဲမှ အောက် ဖော်ပြပါ ပြဋ္ဌာန်းချက်များအား ဇယား(၃) ထပ်တူဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ ပြဋ္ဌာန်းရန် အဆိုပြုသည်။
၁။(ဂ) ဇီဝနှင့်ဓာတုစသည့်လက်နက်များ အပါအဝင် လက်နက်ခဲယမ်းမီး ကျောက်များနှင့် ပေါက်ကွဲစေ တတ်သည့် ပစ္စည်းများ၊
( ဇ ) ဝင်ငွေခွန်၊
(ဈ) ကုန်သွယ်လုပ်ငန်းခွန်၊
(ည) တံဆိပ်ခေါင်းခွန်၊
(ဋ) အကောက်ခွန်၊
(ဍ) အခွန်အယူခံခြင်း၊
၆။(က) ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ပြည်ထောင်စု ဥပဒေအရ ဘေးအန္တရာယ် ဖြစ်လောက်အောင် လောင်ကျွမ်း စေတတ်သည်ဟု သတ်မှတ် ထားသော အခြားအရည်အခဲ စသည်များ၊
(ဂ) သတ္တုများ၊ သတ္တုတွင်းများ၊ သတ္တုတွင်း အလုပ်သမားဘေးကင်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် ပြန်လည် ပြုပြင်တည်ဆောက်ရေး၊
(ဃ) ကျောက်မျက်ရတနာ၊
(င) ပုလဲ၊
(စ) သစ်တော၊
၇။(ခ) စက်မှုဇုန်များ၊
(စ) မူပိုင်ခွင့်များ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ စက်မှုဆိုင်ရာဒီဇိုင်းများ စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများ။
၈။(င) ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းကြီးများ၊
(ဆ) သင်္ဘောတည်ဆောက်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေး၊
(ည) ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊
(ဍ) စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးများ၊
(ဎ) ရုပ်မြင်သံကြား၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အသံလွှင့်အသံဖမ်းလုပ်ငန်းနှင့်အလားတူ ဆက်သွယ်ရေး များ၊ အိမ်ရာနှင့် အဆောက်အအုံများ။
၉။(ထ) လူမှုဖူလုံရေး၊
(ပ) မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ရေး။
(ဆ) အကျဉ်းထောင်၊
(ဇ) နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊
(ဈ) သန်းခေါင်စာရင်း၊
(ည) နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း၊ ရုပ်သိမ်းခြင်း၊ နိုင်ငံသားစိစစ်ရေး နှင့် မှတ်ပုံတင်လုပ်ငန်း၊
(ဋ) ဘွဲ့ထူး၊ ဂုဏ်ထူး။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာရင်းထဲမှ အောက် ဖော်ပြပါ ပြဋ္ဌာန်းချက်များအား ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုသည်။
၄။(ဂ) သမဝါယမ၊
(ဃ) ကော်ပိုရေးရှင်း၊ ဘုတ်အဖွဲ့၊ လုပ်ငန်း၊ ကုမ္ပဏီ၊ အစုစပ်၊
(စ) ဟိုတယ်နှင့်တည်းခိုခန်း၊
(ဆ) ခရီးသွားလာရေးလုပ်ငန်း။
၅။(က) မြေယာစီမံခန့်ခွဲမှု၊
(ခ) မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်ခြင်း၊
(ဂ) ကြေးတိုင်နှင့် မြေစာရင်း၊
(ဃ) မြေတိုင်း၊
(ဆ) စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၊
(ဇ) စက်မှုလယ်ယာ၊
(ဈ) စိုက်ပျိုးရေးသုတေသန၊
(ည) ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်ရေး၊
(ဋ) ပင်လယ်ငါးလုပ်ငန်း၊
၉။(ခ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံစသည့်သင်တန်းများနှင့် အဆင့်မြင့်ပညာအခြားအဖွဲ့အစည်းများ
(ဃ) ကိုယ်ပိုင်ကျောင်းများနှင့် သင်တန်းများ၊
(င) အမျိုးသား ပြည်သူ့ အားကစား၊
(စ) အမျိုးသား ပြည်သူ့ ကျန်းမာရေး၊
(ဆ) တိုင်းရင်းဆေးပညာနှင့် တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးတိုးတက်ရေး၊
(ဇ) ကုသိုလ်ဖြစ်ဆေးရုံများနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့်ဆေးခန်းများ၊
(ည) ကြက်ခြေနီအသင်း၊
(ဎ) မီးသတ်တပ်ဖွဲ့၊
(ဏ) အလုပ်လုပ်ချိန်၊ နားချိန်၊ အလုပ်ပိတ်ရက်များနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး၊
(ဒ) အလုပ်သမားအဖွဲ့အစည်းများ၊
(န) စာပေ၊ သဘင်၊ ဂီတ၊ ရိုးရာပန်း၊ ရုပ်ရှင်၊ ဗီဒီယို၊
၁၀။(က) အထွေထွေအုပ်ချုပ်ရေး၊
(ခ) ရွာမြေ၊ မြို့မြေ စီမံခန့်ခွဲရေး၊
(ဂ) အိမ်ငှား၊ မြေငှား၊
(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါး၊
(စ) အသင်းအဖွဲ့များ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းတွင် ပြည်နယ်၏ လုပ်ပိုင်ခွင့်ကို ချုပ်ထိန်းထားသော “ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ” ဟူသည့် စကားရပ်ပါသော ပြဋ္ဌာန်းချက်များတွင် အဆိုပါ စကားရပ်ကို ပယ်ဖျက်၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။ ပြည်ထောင်စုဥပဒေပြုစာရင်းမှ ပြည်နယ်ဥပဒေပြုစာရှင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုထားသည့် ပြဋ္ဌာန်းချက်များအား ပြင်ဆင်ချက်အချို့ ဖြင့် ဇယား(၂) တွင် ပြဋ္ဌာန်းရန် အဆိုပြုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း ကို ပယ်ဖျက်၍ ထပ်တူ ဥပဒေပြုစာရင်းဖြင့်အစားထိုးပြဋ္ဌာန်းသည်။ အဆိုပါဇယားသည် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းရမည်ဖြစ်သည်။ ပြည်ထောင်စုဥပဒေ ပြုစာရင်းမှ ထပ်တူ ဥပဒေပြုစာရင်းသို့ ပြောင်းရွေ့ပြဋ္ဌာန်းရန် အဆိုပြုထားသည့် ပြဋ္ဌာန်းချက်များအား ဇယား(၃၀) တွင်ပြဋ္ဌာန်းရန် အဆိုပြုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဇယား(၅) ပြည်နယ်များကကောက်ခံရမည့်အခွန်အခများ တွင် ပြည်နယ်၏လုပ်ပိုင်ခွင့်ကို ချုပ်ထိန်းထားသော “ပြည်ထောင်စုက ပြဌာန်းသည့်ဥပဒေနှင့်အညီ” ဟူသည့် စကားရပ်ပါသော ပြဋ္ဌာန်းချက်များတွင် အဆိုပါ စကားရပ်ကို ပယ်ဖျက်၍ ပြဋ္ဌာန်းရန် အဆိုပြုသည်။ထို့အပြင် ပုဒ်မ ၄၀ “အထက်ဖော်ပြပါအခွန်အခများအပြင် ဇယား(၂) ပြည်နယ်ဥပဒေပြုစာရင်းပါ ကျန်ရှိသော လုပ်ငန်းများ၊ ကိစ္စရပ်များမှ ရရှိမည့် အခွန်အခများ”၊ ပုဒ်မ ၄၁ “ဇယား(၃) ထပ်တူ ဥပဒေပြုစာရင်းပါ လုပ်ငန်းများ၊ ကိစ္စရပ်များမှ ပြည်ထောင်စုနှင့် ပြည်နယ် ဘဏ္ဍာခွဲဝေမှုမှ ရရှိမည့် အခွန်အခများ” နှင့် ပုဒ်မ ၄၂ “ပြည်နယ်ရှိ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက်၊ လေထု အတွင်းတွင် ရှိသော သဘာဝသယံဇာတဆိုင်ရာ လုပ်ငန်းမှ ရရှိမည့် အခွန်အခများ” တို့ကို ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြု တင်ပြခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အာဏာခွဲဝေရေးတွင် ဖက်ဒရယ်စနစ်နှင့်အညီ ပြည်နယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိကာ ပြည်နယ်များအားကောင်းမောင်းသန်ဖြစ်ရေးကိစ္စနှင့် ပတ်သက်သည့် အဆိုပြုချက်များကို တင်ပြခဲ့ခြင်းမရှိပေ။
၅။(ဈ) ဘဏ္ဍာရေးနှင့်သဘာဝသယံဇာတ
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် စီးပွားရေးအင်အားစုများက လက်ဝါးကြီးအုပ်ထားမှုမှ ကာကွယ်ရန်နှင့် ပြည်သူအား အကျိုးပြုသည့်၊ ပြည်သူအများ လုပ်ပိုင်ခွင့်ရှိသည့် အခင်းအကျင်း ပေါ်ပေါက်လာရေးနှင့်သဘာဝသယံဇာတဆိုင်ရာလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ရေးရည်ရွယ်၍ ပုဒ်မ ၁၂(ခ) တွင် ပါဝင်သော “စီးပွားရေးအင်အားစုများက ထူတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ” ဟူသော စကားရပ်ကို ပယ်ဖျက်၍ “နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း စသည်တို့နှင့် သက်ဆိုင်သောဥပဒေများကို ပြဋ္ဌာန်းရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
သက်ဆိုင်ရာပြည်နယ်တွင် နေထိုင်ကြသော ပြည်နယ်သားများသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင် များဖြစ်သည်ဟူသော သဘောတရားအပေါ် အခြေခံ၍ ပုဒ်မ ၃၇ အား “ပြည်ထောင်စု ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်မှာ သက်ဆိုင်ရာ ပြည်နယ်တွင် နေထိုင်ကြသော ပြည်နယ်သားများ ဖြစ်သည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။
ဘဏ္ဍာရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းမှုတွင် အချုပ်အခြာ၏ မူရင်းပိုင်ရှင်ဖြစ်သော ပြည်နယ်များ၏ အခန်းကဏ္ဍကို အသိ အမှတ်ပြုခြင်း၊ တန်းတူညီမျှစွာ စီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်များမှ တစ်ဦးစီ စေလွှတ်သောကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းစေရန် ပုဒ်မ ၂၂၉ (က) တွင် “ ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) ပြည်ထောင်စုဝန်ကြီးချုပ် – ဥက္ကဋ္ဌ
(၂) ပြည်ထောင်စုရှေ့နေချုပ် – အဖွဲ့ဝင်
(၃) ပြည်ထောင်စုစာရင်းစစ်ချုပ် – အဖွဲ့ဝင်
(၄) ပြည်နယ်များမှတစ်ဦးစီစေလွှတ်သော ပြည်နယ်ကိုယ်စားလှယ်များ- အဖွဲ့ဝင်များ
(၅) ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး – အတွင်းရေးမှူး” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန်အဆိုပြု တင်ပြခဲ့သည်။
ပြည်ထောင်စု၏ဘဏ္ဍာငွေများကို ပြည်နယ်များသို့ သာတူညီမျှစွာခွဲဝေပေးခြင်းမျာ ဆောင်ရွက်ရန် ပုဒ်မ ၂၃၀ (ဃ) တွင် “ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သာတူညီမျှစွာခွဲဝေပေးခြင်း၊ သင့်တင့် လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့်ချေးငွေများ ထုတ်ချေး ခြင်းတို့ပါဝင်သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု အဆင့် လွှတ်တော် နှစ်ရပ် သို့ တင်ပြနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ်ထံသို့ ထောက်ခံတင်ပြရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။
၅။(ည) အစိုးရအချင်းချင်းကြား ဆက်ဆံရေး (Inter Governmental Relation-IGR)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြားတွင် သော်လည်းကောင်း ပြည်နယ်အစိုးရအချင်းချင်းအကြားတွင်သော်လည်းကောင်း ဆက်ဆံရေးကောင်းမွန်ရန်နှင့် လုပ်ငန်းများကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ပုဒ်မ ၂၂၅ တွင် “ပြည်ထောင်စု အစိုးရသည် လုပ်ငန်းလိုအပ်ချက်အရ ပြည်နယ်တစ်ခုနှင့်ဖြစ်စေ၊ ပြည်နယ်များဖြင့်ဖြစ်စေ လုပ်ငန်းများကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် ကဏ္ဍအလိုက်ပူးပေါင်း ကောင်မတီများ ဖွဲ့စည်းနိုင်သည်။ ထိုကော်မတီ၏ သက်တမ်းနှင် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည်” ဟူ၍ အသစ် ပြဋ္ဌာန်းရန် တင်ပြခဲ့သည်။
၅။(ဋ) ဖက်ဒရယ်ကာကွယ်ရေးနှင့် လုံခြုံရေး (Federal Defence and Security)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ပုဒ်မ ၂၀(က) အား “တပ်မတော်ကို တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်အဖြစ် ဖွဲ့စည်းရမည်” ဟုလည်းကောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် အရပ်သားအစိုးရ၏ ထိန်းကွပ်မှုအောက်တွင် ရှိရမည် ဟူသော ဒီမိုကရေစီ စံနှုန်းအရ ပုဒ်မ ၂၀ (ခ) အား “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို ကာကွယ်ရေးဝန်ကြီး၏ညွှန်ကြားချက်နှင့် အညီ စီမံခန့်ခွဲစီရင်ဆောင်ရွက်ရမည်” ဟု လည်းကောင်း၊ ပြည်ထောင်စုကာကွယ်ရေးတွင် ပြည်သူများ၏ အခန်းကဏ္ဍကို ဖော်ပြရန်အတွက် ပုဒ်မ ၂၀(ဃ) တွင် “ပြည်ထောင်စုလုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ခွင့်ရှိသည်” နှင့် ပုဒ်မ ၂၀(င) တွင် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်း တာဝန်ရှိသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် တင်ပြခဲ့သည်။
ပြည်ထောင်စုတပ်မတော်၏ တာဝန်ခံမှု၊ တာဝန်ယူမှုအား အာမခံနိုင်ရန် ကာကွယ်ရေးနှင့် လုံခြုံရေး၏ အသုံးစရိတ်အား လွှတ်တော်သို့တင်ပြ အစီရင်ခံရန်အတွက် ပုဒ် ၁၀၃(ဂ) တွင် “ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသုံးစရိတ်အပါအဝင် အခြားအသုံး စရိတ်များ အတွက်ကိုမူ ပြည်ထောင်စု အောက် လွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်၊ ပြည်ထောင်စု အောက်လွှတ်တော်က အတည်ပြုပါက ပြည်ထောင်စုအထက်လွှတ်တော်သို့ ဆက်လက်ပေးပို့ကာ ဆုံးဖြတ်အတည်ပြုချက်ကို ရယူရမည်” ဟု ဖြည့်စွက်ပြဋ္ဌာန်းရန် အဆိုပြုတင်ပြသည်။
လူသားလုံခြုံရေးကို ဦးတည်သည့် မူဝါဒ ကျင့်သုံးရန်အတွက် ပုဒ်မ ၃၃၇ တွင် “ပြည်ထောင်စု၏ လုံခြုံရေး တပ်ဖွဲ့များသည် ပြည်ထောင်စု၏ နယ်နိမိတ်တွင်းနေထိုင်သူများ၊ နယ်နိမိတ်ပြင်ပ ရောက်နိုင်ငံသူနိုင်ငံသားများ၏ လုံခြုံရေး၊ တန်းတူအခွင့်အရေး၊ တရားမျှတရေးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။ ပြည်ထောင်စု၏ လုံခြုံရေးမူဝါဒသည် ကမ္ဘာတဝှမ်း လူသားများ၏ လူမှုလုံခြုံရေးကို ဦးတည်သော မူဝါဒဖြစ်သည်” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုတင်ပြခဲ့သည်။ဆက်လက်၍ ပုဒ်မ ၃၃၈ တွင် ပြည်ထောင်စု၏လုံခြုံရေးဆိုင်ရာ အခြေခံမူများကို အောက်ပါ အတိုင်း အသစ်ထည့်သွင်းပြဋ္ဌာန်းရန် အဆိုပြုခဲ့သည်။
၃၃၈။(က) ပြည်ထောင်စုအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် မည်သည့်အခြေအနေတွင်မဆို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသော အရပ်ဘက်အစိုးရ၏ ကွပ်ကဲမှုနှင့်အုပ်ချုပ်မှု အောက်တွင်သာ ရှိရမည်ဖြစ်ပြီး ပြည်ထောင်စု၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်းရေး ဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်၏ ထိန်းကျောင်းကွပ်ကဲမှုကို လေးစားလိုက်နာခံယူရမည်။
(ခ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဌာန်းထားသော ဥပဒေများ အား လေးစားလိုက်နာရမည်။
(ဂ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ ပြဌာန်းထားသော လူအခွင့်အရေးဆိုင်ရာ နှင့် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ စံချိန်၊ စံညွှန်းများကို လေးစားလိုက်နာ ရမည်။
(ဃ) ပြည်ထောင်စု၏ လုံခြုံရေးမဟာဗျုဟာချမှတ်ရာတွင် စစ်ရေးဆိုင်ရာလုံခြုံမှုအပြင် စီးပွားရေးဆိုင်ရာ လုံခြုံမှု၊ လူမှုရေးဆိုင်ရာလုံခြုံမှု၊ နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊ သဘာဝပတ်ဝန်းကျင်၊ သဘာ၀ အရင်း အမြစ်နှင့် စွမ်းအင်လုံခြုံမှု စသည်တို့ ထည့်သွင်းစဉ်းစားသော လူသားလုံခြုံရေး ရှု့ထောင့်မှ ချဉ်းကပ် ရမည်။
(င) ပြည်ထောင်စု၏ လုံခြုံရေးမူဝါဒများကို ချမှတ်ရာတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်၊ ကိုယ်ပိုင် လက္ခဏာနှင့် စုပေါင်းအခွင့်အရေးများကို မထိခိုက်စေရ။
(စ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များ၏ ဖွဲ့စည်းပုံတွင် သက်ဆိုင်ရာ ပြည်နယ်အလိုက်၊ ဒေသအလိုက်၊ လူမျိုးအလိုက်ခွဲခြား ကန့်သတ်မှုမရှိစေပဲ တန်းတူအခွင့်အရေးရှိရမည်။
(ဆ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များသည် မည်သည့်နိုင်ငံရေးပါတီ (သို့) ပုဂ္ဂိုလ် (သို့) လူတစ်စု (သို့) လူမျိုးတစ်မျိုး၏ လွှမ်းမိုး သြဇာခံမဖြစ်စေရ။
(ဇ) ပြည်ထောင်စု၏ လုံခြုံရေးတပ်ဖွဲ့များ ရာထူးတာဝန်ခန့်အပ်ရာတွင် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ လိင်ကွဲပြားမှုအပေါ်အခြေတည်၍ ခွဲခြားဆက်ဆံမှု မရှိစေရ။
(စျ) ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားကို တည်ဆောက်ရာတွင် သင့်လျော်မည့် အင်အား အရွယ်အစား၊ ဘဏ္ဍာငွေကြေးတတ်နိုင်မှု၊ လိုက်လျော ညီထွေရှိမည့် ဖွဲ့စည်းမှုပုံစံနှင့် တာဝန်ခံမှု စသည့်မူများကို အခြေခံရမည်။
(ည) ပြည်ထောင်စု၏ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ အသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က စိစစ်အတည်ပြုပေးရမည်။ သုံးစွဲမှုဆိုင်ရာ ရှင်းတမ်းအား လွှတ်တော်သို့ ပြန်လည်ရှင်းလင်းတင်ပြ ရမည်။
(ဋ) မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများအပါအဝင် လုံခြုံရေးဝန်ထမ်းများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများအပါအဝင် လုံခြုံရေးဝန်ထမ်းများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်းရမည်။
ပြည်ထောင်စုကာကွယ်ရေးဆိုင်ရာအခြေခံမူများ၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနှင် ပြည်ထောင်စု တပ်မတော်ဆိုင်ရာများကိုလည်း ပုဒ်မ ၃၃၉ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းရန် အဆိုပြုထားသည်။
၃၃၉။(က) ပြည်ထောင်စုတပ်မတော်၏ အဓိကတာဝန်သည် ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်သည်။
(ခ) ပြည်ထောင်စုတပ်မတော်သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထား သည့် ဥပဒေများ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် လွှတ်တော် များ၏ ပြဌာန်းဥပဒေများကို လေးစားလိုက်နာရမည်။
(ဂ) ပြည်ထောင်စုတခုလုံး၏ စုစုပေါင်းအမြဲတမ်းစစ်အင်အားသည် ပြည်ထောင်စုလူဦးရေ၏ (ဝ.၅%) ထက် ကျော်လွန်ခြင်းမရှိစေရ။ လိုအပ်သည့်အချိန်တွင် အင်အားဖြည့်တင်းနိုင်ရန် အရံတပ်ဖွဲ့များ ထားရှိနိုင်သည်။
(ဃ) ပြည်ထောင်စုတပ်မတော်စစ်ဦးစီးများအဖွဲ့ကို ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန၏လက် အောက်တွင် ဖွဲ့စည်းထားရှိရမည်။ စစ်ဦးစီးများအဖွဲ့ကို ပြည်နယ်အသီးသီးမှ စေလွှတ်သော စစ်ဦးစီး မှူးများဖြင့် ဖွဲ့စည်းရမည်။ စစ်ဦးစီးများထဲမှ တစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ်က ခန့်အပ်ရမည်။
(င) ပြည်ထောင်စုတပ်မတော်တွင် လိုအပ်ချက်နှင့်အညီ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့ကို သီးခြားစီ ခွဲ၍ ဖွဲ့စည်းရမည်။
(စ) ပြည်ထောင်စု တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အတွက် သီးခြားသော စစ်တက္ကသိုလ် များ ဖွဲ့စည်းတည်ထောင်ရမည်။ ယင်းတက္ကသိုလ်များတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များမှ အချိုးကျ တက်ရောက်သင်ကြားခွင့် ရှိစေရမည်။
(ဆ) စစ်ပညာလေ့ကျင့်သင်ကြားပိုချရေး သင်တန်းကျောင်း အသီးသီးအတွက် စစ်ဘက်ဆိုင်ရာဘာသာ ရပ်များအပြင် ဒီမိုကရေစီအခြေခံကျင့်စဉ်များ၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ နိုင်ငံတကာ၏ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာဥပဒေများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် အခြားလိုအပ်သောဘာသာရပ်များကို သင်ရိုးညွှန်းတမ်းများ ပြုစု ၍ ရေးဆွဲပြဋ္ဌာန်းပေးရမည်။
(ဇ) ပြည်ထောင်စုတပ်များအား ပြည်နယ်များတွင် နေရာချထားရန်လိုအပ်ပါက ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီသာ ပြုလုပ်ရမည်။
ပြည်ထောင်စုတွင် နိုင်ငံသားများ ဘေးအန္တရယ်ကျရောက်ချိန်တွင် ပြည်သူများအာ ကူညီနိုင်ရန်အတွက် ပုဒ်မ ၃၄၁ တွင် “ပြည်ထောင်စုနှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် ပြည်ထောင်စု သမ္မတသည် တပ်မတော် နှင့် ပြည်နယ်လုံခြုံရေးတပ်တို့ အား ကူညီဆောင်ရွက် ရန်တာဝန်ပေးအပ် နိုင်သည်” ဟု ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။
တပ်မတော်ကာကွယ်းရေးဦးစီးချုပ် ခန့်အပ်အတည်ပြုရန်အတွက် ပုဒ်မ ၃၄၂ တွင် “ပြည်ထောင်စုဝန်ကြီး ချုပ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရာတွင် ပြည်ထောင်စုသမ္မတ၏ အတည်ပြုချက် ကို ရယူရမည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုထားသည်။
တပ်မတော်သားများအား တရားစီရင်ရေးနှင့် ပတ်သက်၍ ပုဒ်မ ၃၄၃ တွင် “စစ်ဘက်တရားစီရင်ရာတွင် (က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊ (ခ) တပ်မတော်သားများသည် အရပ်ဘက်ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက အရပ်ဘက် ဥပဒေဖြင့် စီရင်နိုင်ရန် အရပ်ဘက် တရားစီရင်ရေးသို့ လွဲအပ်ပေးရမည်။ (ဂ) တပ်မတော်သားများသည်သည် စစ်ဘက်ဆိုင်ရာဥပဒေများနှင့် အရပ်ဘက်ဆိုင်ရာ ဥပဒေများကို လေးစား လိုက်နာရမည်” ဟုပြင်ဆင် ပြဋ္ဌာန်းရန် အဆိုပြုသည်။
ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပုဒ်မ ၃၄၄တွင် “(က)ပြည်ထောင်စုရဲတပ်ဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ကို သီးခြားဖွဲ့စည်းရမည်။ ပြည်ထောင်စုရဲတပ်ဖွဲ့ များသည် ပြည်ထောင်စုအစိုးရ၏ စီမံကွပ်ကဲမှု အောက်တွင်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့များသည် သက်ဆိုင်ရာ ပြည်နယ် အစိုးရ၏ စီမံကွပ်ကဲမှုအောင်တွင် ရှိရမည်။ (ခ)ပြည်သူ့ရဲတပ်ဖွဲ့များသည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရန် တာဝန် ရှိသည်။
(ဂ)ပြည်နယ်၏လိုအပ်ချက်အရ ပြည်နယ်လုံခြုံရေးတပ်များကို ဖွဲ့စည်းနိုင်သည်။ ယင်းလုံခြုံရေးတပ်များသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ စီမံကွပ်ကဲမှုအောက်တွင် ရှိရမည်။ (ဃ)စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး အဖွဲ့ အစည်းဖြစ်စေ၊ အရပ်ဘက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်စေ သက်ဆိုင်ရာအစိုးရ၏ စီမံကွပ်ကဲမှုအောက် တွင်သာ ရှိရမည်။” ဟူ၍ ပြဋ္ဌာန်းရန် အဆိုပြုထားသည်။
၅။(ဌ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ဖွဲ့စည်းပုံ (State Constitution)
ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနှင့်ပတ်သက်၍ ပုဒ်မ ၉(က) တွင် “တိုင်းဒေသကြီး(၇)ခုကို ဗမာပြည်နယ် အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ် မှတ်သည်။ ပြည်နယ်အားလုံးတို့သည် အဆင့်အတန်းတူညီ ကြသည်။ ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ် သားများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ရှိသည်” ဟူ၍ ပြင်ဆင်ပြဋ္ဌာန်းရန် အဆိုပြုသည်။
၅။(ဎ) ဒေသန္တရအစိုးရ (Local Government)
ဒေသန္တရအစိုးရနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် ပတ်သက် သည့်ပြဋ္ဌာန်းချက်များဖြစ်သည့် ပုဒ်မ ၂၇၅ မှ ပုဒ်မ ၂၈၃ အထိအား ပယ်ဖျက်ရန် အဆိုပြုသည်။ ဒေသန္တရာအစိုးရ ဆိုင်ရာပြဋ္ဌာန်းချက်များအား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် သီးခြားအဆိုပြုတင်ပြမည် ဖြစ်ပါ သည်။
၆။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အဆိုပြုချက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနနှင့်ဝန်ကြီးများကို သတ်မှတ်ခန့်အပ်ခြင်းနှင့်ဆိုင်သော ပုဒ်မ ၂၄၈(ဂ)(၁) နှင့် ပုဒ်မ ၂၄၈(ဂ)(၂)၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၆၁(ခ)(၁)၊ ပုဒ်မ ၂၆၁(ခ)(၂)၊ ပုဒ်မ ၂၆၁(ဂ)၊ ပုဒ်မ ၂၆၁(ဃ) နှင့် ပုဒ်မ ၂၆၁(င)၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး ရာထူးမှနုတ်ထွက်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မ ၂၆၄(ခ)(၁)၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏လုပ်ငန်းတာဝန်များနှင့်သက်ဆိုင်သည့် ပုဒ်မ ၃၂၂ နှင့် ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည့် ပုဒ်မ ၄၀၂ တို့ကို ပြင်ဆင်ရန် အဆိုပြုသည်။ အဆိုပါပုဒ်မ (၁၀) ခုအား ပြင်ဆင်ရန်ဟုသာ အစီရင်ခံစာတွင် ဖော်ပြထားပြီး မည်သို့ပြင်ဆင်မည်ဟူသော အကြံပြုချက်ကို မတွေ့ရှိရပေ။ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရန် မူကြမ်းတင်စဉ်က တင်ပြခဲ့ပြီးဖြစ်၍ ယခုအစီရင်ခံစာတွင် ထပ်မံ ဖော်ပြခြင်း မပြုတော့သည်လား သို့တည်းမဟုတ် “ပြင်ဆင်ရန်” ဟုသာ အဆိုပြုပြီး မည်သို့ပြင်ဆင်မည်ကို အဆိုပြုထားခြင်း မရှိသည်လား အတတ်မပြောနိုင်ပေ။ သို့သော် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အစီရင်ခံစာတွင်မူ မည်သို့ပြင်ဆင်မည်ဟူသော အဆိုပြုချက်ကို မတွေ့ ရှိရပေ။
၇။ ခြုံငုံသုံးသပ်ချက်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုအတွက် ကြိုးပမ်းချက်များ၊ အဆိုပြုတင်ပြချက်များကို သုံးသပ် ရပါလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၎င်းတို့လိုလားပြီး ၎င်းတို့အတွက် အသုံးကျသော ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များကိုသာ ပြင်ဆင်ရန်ကြိုးပမ်းသည်ကို တွေ့ရှိရသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ခံကတုတ် ကျင်းအဖြစ်ထား၍ မိမိပါတီအတွက် အကျိုးရှိမည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်သည့် သဘောကိုသာတွေ့ရှိ ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းချက်ကို တန်ပြန်သော လှုပ်ရှားမှုသာလျှင် ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီနှင့် အခြား တိုင်းရင်းသားပါတီများ၏ အဆိုပြုချက်များမှာ ရှမ်းတိုင်းရင်းသား များဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အနည်းငယ်သာ ကွဲပြားမှုရှိသည်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရင်ခုန်သံခြင်း တူသည်ဟူ၍ပင် ပြောဆို၍ ရပေ သည်။ ဦးတည်ချက်၊ ရည်ရည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ချင်း တူညီကြသည်မဟုတ်ပါလော။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် စတင်ကြိုးပမ်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ ၄င်း၏ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်တွင် ပေးခဲ့သော ရွေးကောက်ပွဲ ကတိကဝတ်ကို ဖော်ဆောင်ရန် ကြိုးစားသည်ဟု ပြည်သူများထင်မြင်လာအောင် လုပ်ဆောင်သော ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် တင်ကြိုမဲဆွယ်စည်းရုံးသည့် လှုပ်ရှားမှု သာ လျှင်ဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းချက် မအောင်မြင်ပါလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးစားပါသော်လည်း သဘောမတူ ကန့်ကွက်သည့် အဖွဲ့အစည်း ရှိသော ကြောင့် ပြင်ဆင်ရေး မအောင်မြင်ပါကြောင်း ပြောကာ ၂၀၂၀ အတွက် ပြည်သူတို့၏ မျက်ရည်ကို ချူသည့် လုပ်ဆောင်ချက်သာဖြစ်သည်ဟုလည်း သုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော် ဟူသည့် အဖွဲ့အစည်းနှစ်ရပ်စလုံး သဘောတူသော ပြဋ္ဌာန်းချက်များကိုသာလျှင် ပြင်ဆင်နိုင်မည်မှာ နိုင်ငံရေး ကကြီး၊ ခခွေး လေ့လာသူအဆင့်ပင်လျှင် သိရှိပြီးကိစ္စ ဖြစ်ပေသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဘေးထွက်ဆိုးကျိုးများ ရှိပါသလားဟု မေးစရာရှိပါသည်။ တပ်မတော် ကိုယ်စားလှယ်တစ်ဦးကမူ အချက်အလက်ပေါင်း ၃၇၀၀ ကျော် ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် အန္တရာယ်ရှိသည် ဟုဆိုသည်။ အမှန်စင်စစ် မည်သည့်အန္တရာယ်မှမရှိ။ ယခင်အစိုးရလက်ထက် လွှတ်တော်သက်တမ်းတွင် ယခုထက် များပြားသော ဖွဲ့စည်းပုံပြင်ဆင်ရန် အဆိုပြုချက်များကို တင်သွင်းကာ လွှတ်တော်တွင် ဖြတ်သန်းခဲ့သော ဖြစ်စဉ် ရှိဖူးပြီးသားပင် ဖြစ်သည်။ ကြောက်တတ်သူကို ခြောက်သည့် ခြောက်လုံးဟုသာ ဆိုရမည်ဖြစ်သည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရန် ကြိုးပမ်းမှုသည် သာမန်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျိုးအမြတ်ရရှိသည်ဟု မြင်ကြ သော်လည်း အမှန်စင်စစ် ဤသို့ မဖြစ်ပေ။ “ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ” ဟူသည့် ရှေးစကား ကဲ့သို့ဖြစ်နေပေတော့သည့်။
နှစ်ပေါင်း(၃၀)ကျော် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား မျှော်လင့်ချက်ကြီးစွာ ထားရှိခဲ့ကြသည်။ ဤပါတီကြီးအနိုင်ရကာ အစိုးရဖြစ်လျှင်ဖြင့် နဂါးနီသီချင်းကဲ့သို့ အရာ ရာအားလုံးအဆင်ပြေပြီဟု အိပ်မက်ခဲ့ကြသည်။ တိုင်းရင်းသားအပေါင်းတို့သည်လည်း ကျဆုံးလေပြီးသော ခေါင်းဆောင်များ ထုဆစ်ခဲ့သည် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်နိုင်ကြတော့မည်ဟု အိပ်မက်ရင်း ဘဝအမောများ၊ ဒုက္ခ ဒုက္ခများကို မျော်လင့်ချက်ဖြင့် ကျောကော့ကာ ရင်ဆိုင်ခဲ့ကြပေ၏။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးပူးပေါင်းကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်ပြခဲ့သော အဆိုပြုချက်များတွင် ပုဒ်မ ၈ “နိုင်ငံတော် ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် ဖြင့် ဖွဲ့စည်း တည်ဆောက်သည်” ဟူသော ပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန်မှ လွဲ၍ အခြားသော အဆိုပြုချက်များတွင် တိုင်းရင်းသားများ မျှော်လင့်တောင့်တနေသည့် ဖက်ဒရယ်အင်္ဂါရပ်များ ခိုင်မာအားကောင်းလာရေး ပြင်ဆင် ထားသည့် ပြဋ္ဌာန်းချက်များကို တွေ့ရှိရခြင်းမရှိပေ။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေသော၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာတွင် ဦးဆောင်ဦးရွက် ပြုလုပ်နေသော အစိုးရဖြစ်နေသည့် အနိုင်ရပါတီက တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်သည် ဖက်ဒရယ်ရနံ့ပင် မသင်း ပါသောကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို မည်သို့မည်ပုံ ဖော်ဆောင်မည်ဆိုသည်ကို မေးခွန်းထုတ် စရာပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောဆိုခဲ့သော “ကျမတို့ပါတီက ဖက်ဒရယ်ကို အရင်ဆုံး ပြောခဲ့တာပါ” ဟူသော စကားသည် လေတွင် လွင့်ပျောက်သွားပြီလား၍ စဉ်းစားဆင်ခြင်စရာ ဖြစ်လာပေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုပြုချက်သည် အဓိကအားဖြင့် (၁) သမ္မတအရည်အချင်း အတွက် ပုဒ် ၅၉ အား ပြင်ဆင်ခြင်း၊ (၂) တပ်မတော်၏ အခန်းကဏ္ဍကို လွှတ်တော်အခင်းအကျင်းမှ တဖြည်းဖြည်း နုတ်ထွက်စေခြင်း၊ (၃) ပုဒ်မ ၂၀၁ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကော်စီ၏ ဖွဲ့စည်းမှုကို ပြင်ဆင်ခြင်း၊ (၄) အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ဆိုင်ရာ အာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှလည်းကောင်း၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေး ကောင်စီထံမှ လည်းကောင်း နိုင်ငံတော်သမ္မတထံသို့ လွဲပြောင်းရယူရန် ပြင်ဆင်ခြင်းနှင့် (၅) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ အား ပြင်ဆင်ခြင်း စသည့် တို့ကိုသာ အရေးကြီးသော ပြင်ဆင်ချက်များအဖြစ်တွေ့မြင်ရသည်။ ဤသို့ဆိုလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စိတ်အားထက်သန်မှု ရှိပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာ တော့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၄င်းတို့ပါတီအား အတိုက်အခံပါတီဟူ၍ ကြွေးကျော် နေသည်မှာ ကိန်းဂဏာန်းများအရ မှားယွင်းနေကြောင်းကို တွေ့ရှိရသည်။ အမှန်စင် စစ် ဤနိုင်ငံတွင် အတိုက်အခံ အစစ်ဟူ၍ မရှိပါ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲရလဒ်များ အားလုံးပေါင်းကာ တွက်ချက်ပါက ရွေးကောက်ခံမဟုတ်သော တပ်မတော်သားများက (၂၅) ရာခိုင်နှုန်း၊ သောင်ပြိုကမ်းပြိုနိုင်ပါသည်ဟုဆိုသော အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်က (၅၈) ရာနှုန်းကျော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၆) ရာခိုင်နှုန်းကျော်၊ ဗမာမဟုတ်သော တိုင်းရင်းသားပါတီများ အားလုံးပေါင်းပါက (၉) ရာခိုင်နှုန်းကျော်နှင့် လစ်လပ်မဲဆန္ဒနယ်က (၁) ရာခိုင်နှုန်း နီးပါးရှိပါသည်။ သို့ပါ၍ ပြည်ထောင်စုလွှတ်တော်တွင် (၆) ရာခိုင်နှုန်းသာ ရရှိသောပါတီသည် မည်သို့လျှင် အတိုက်အခံ ဖြစ်နိုင်ပါအံ့နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လွှတ်တော်တွင် စတင် အဆိုပြုတင်သွင်း လိုလျှင် အနည်းဆုံး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းလိုအပ်သည် မဟုတ်ပါ လော။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုတင်သွင်းနိုင်ခြင်းမှာ တပ်မတော် ကိုယ်စားလှယ်များ၏ ဆန္ဒမဲအား တောင်းခံရရှိထား၍ မဟုတ်ပါလော။ သို့ပါ၍ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီသည် အတိုက်အခံပါတီစစ်စစ် မမည်ပေ။
သို့ဆိုလျှင် (၂၅) ရာခိုင်နှုန်း ကိုင်ထားသော ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သည် အတိုက်အခံ ဖြစ်ပါသလော။ ထိုသို့လည်းမဖြစ်ပါ။ တပ်မတော်ကိုယ်စားလှယ်များသည် ရွေးကောက်ခံကိုယ်စားလှယ်များမဟုတ် သည့်အပြင် ရွေးကောက်ခံရေး ယှဉ်ပြိုင်ရန်လည်း မလိုအပ်သောကြောင့် ဖြစ်သည်။ တပ်မတော်အနေဖြင့် “ကတွက် ပေါက်တွင် စောင့်နေသော ဗျိုင်းကဲ့သို့” ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိလာမည့် ပါတီများထဲမှ သင့်မြတ် သည့်ပါတီနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်ရေးကြိုးပမ်းရန်သာ လိုအပ်ပေသည်။ ဤသို့ဆိုလျှင် တပ်မတော်သည် မည့်သည့်ပါတီများနှင့် လက်တွဲပါမည်နည်း။ ရွေးကောက်ပွဲမတိုင်မီ ကာလတွင် တပ်မတော်အနေဖြင့် မည်သည့် ပါတီများနှင့်လက်တွဲမည်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသမည် မဟုတ်ပေ။ ထုတ်ဖော်ပြသသည်ထား။ အဆိုပါ ပါတီများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၅ ရာခိုင်နှုန်း (သို့) ၁၀ ရာခိုင်နှုန်း အောက်သာအနိုင်ရပါက တပ်မတော် အနေဖြင့် အဆိုပါ ပါတီများနှင့် လက်တွဲပါမည်လော။ အပိုင် (၂၅) ရာခိုင်နှုန်း ကိုကိုင်ထားသော တပ်မတော်အနေ ဖြင့် ၄င်းအစိုးရဖွဲ့နိုင်ရေး မဲဆန္ဒ အနိုင်ရရှိမှုများသော ပါတီများနှင့်သာ လက်တွဲသွားရန် ဖြစ်နိုင်ချေ ပိုများပေသည်။
ယခုမြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများသည် အာဏာပါဝါအထိုင်ပေါ်တွင် စဉ်းစားသည့် နိုင်ငံရေးပါတီများ သာများပေသည်။ အာဏာနိုင်ငံရေးကို စဉ်းစားသဖြင့် အနီးဆုံးကာလတွင် အစိုးရဖြစ်ရေးကိုသာ စဉ်းစားကာ ပါတီ တည်ဆောက်ရေးအပိုင်း၊ ပြည်သူလူထုအတွက် စဉ်းစားသည့်အပိုင်း နည်းပါးလာသည်ကို တွေ့ရှိရသည်။ ပါတီ အင်စတီကျူးရှင်းများ အားကောင်းမောင်းသန် ဖြစ်လာရေးအတွက် မည့်သည့်ပါတီက ကြိုးပမ်းနေပါသနည်း။ အများကြိုက်နိုင်ငံရေး (ဝါ) ဆယ်လီနိုင်ငံရေးအစား မူဝါဒအခြေပြုနိုင်ငံရေး၊ မူဝါဒအခြေပြုပါတီဖြစ်ရန် မည်သည့် ပါတီများက ကြိုးပမ်းနေပါသနည်း။ နိုင်ငံတကာနိုင်ငံရေးတွင် ပြောဆိုနေကြသော ပါတီပလက်ဖောင်း (Party Platform) ဟူသည်ကို သိရှိသော နိုင်ငံရေးပါတီခေါင်းဆောင်များ ဦးရေ မည်မျှရှိပါသနည်း။ အများပြည်သူ အကြိုက် ပေါ်ပင်စကားပြောဆိုကာ စည်းရုံးသည့်အစား မူဝါဒအခြေခံစည်းရုံးရေးလုပ်ဆောင်နေသည့်ပါတီ မည်မျှ ရှိပါ သနည်း။ တွေးကြည့်လျှင်ဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ရင်လေးစရာအတိပင်ဖြစ်သည်။ ရွေးကောက်ပွဲ နီးလာ သောအခါ ပြည်သူလူထုသဘောကျအောင် အလိမ်အညာ တန်ဆာဆင်ကာ ပြောဆိုစည်းရုံး၊ ရွေးကောက်ပွဲ အောင်နိုင်ပြီးသည့် အခါ ပြည်သူလူထုအား “ဖုတ်လေသည့်ငပိ ရှိသည်ဟုပင်မထင်သော” ပါတီများ ဒုနှင့်ဒေး ရှိနေသေးသည့် အနာဂတ် မြန်မာ့နိုင်ငံရေးသည် “ ရေမှာရေးသည့် အရုပ်မထင်သလို” မယ်မယ်ရရ ဘာမျှဖြစ်လာမည် မဟုတ်ပေ။
သို့ပါ၍ လူငယ်နှင့် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို အလေးထားသော မူဝါဒအပေါ်တွင် အခြေခံ သောပါတီများပေါ်ပေါက်လာလျှင်သော်လည်းကောင်း၊ ရှိပြီးသားပါတီများက မိမိတို့၏ အင်စတီကျူးရှင်းကို အားကောင်းမောင်းသန်လာရေး တည်ဆောက်ကာ ပြည်ထောင်စု၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြပါရန် တိုက်တွန်းလိုက်ရပါတော့သည်။
စိုင်းကျော်ညွန့်
စိုင်းကျော်ညွန့်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်ပါသည်။
SNLD ပါတီသည် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီမှတဆင့်) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန်အတွက် လေ့လာတွေ့ရှိချက် ၁၁၁၂ ချက်ဖြင့် အများဆုံး ထောက်ပြထားသော ပါတီဖြစ်ပါသည်။
နောက်ဆက်တွဲ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်
၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်