၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၃ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

Post By ISP Admin, On August 20, 2020

၂၁ ရာစုပင်လုံ ရီပို့ကတ် (21 UPC Report Card) အပိုင်း ၃                            NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သနည်း

ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ(Actors)

အကဲဖြတ်အမှတ်ပေးရလဒ်

ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်ကို နားလည်လိုပါက ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများ အစရှိသဖြင့် (Actors) များ၏ အခန်းကဏ္ဍကို သိရှိထားသင့်ပါသည်။ ယခု ဖော်ပြချက်သည် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှုအတွင်း ပါဝင်ပတ်သက်သူ အစုအဖွဲ့များအပေါ် အမှတ်ပေးအကဲဖြတ်ထားခြင်း ဖြစ်သည်။ ထိုသို့ အကဲဖြတ်အမှတ်ပေးရာတွင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၊ သတင်းစာဆရာများ၊ စုစုပေါင်း ၁၇ ဦး၏ သဘောထားစစ်တမ်းဖြေဆိုမှု၊ သီးခြားဆွေးနွေးမှုများအပေါ် အခြေခံ၍ ISP Peace Desk က အကဲဖြတ်အမှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ အမှတ်ပေးရာတွင် ၀ – ၄၀ အထိကို လမ်းလွဲအခြေအနေ၊ ၄၀ – ၇၀ ကို လမ်းကြောင်းမှန် အခြေအနေနှင့် ၇၀ – ၁၀၀ ကို ရလဒ်ကောင်း အခြေအနေအဖြစ် သတ်မှတ်ပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများအစရှိသဖြင့် (Actors) များ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရာ၌ ၁၈ မှတ်သာ ရရှိခဲ့သည့်အတွက် အားရဖွယ်မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

အသေးစိတ်ရလဒ်များ

ယခုကဏ္ဍအတွက် ပထမဆုံးစစ်တမ်းမေးခွန်းအဖြစ် “တပ်မတော်၏ တဖတ်သက်အပစ်ရပ် ကြေညာချက်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု” အပေါ် သုံးသပ်ပေးရန် စစ်တမ်းမေးခွန်းမေးမြန်းခဲ့ရာ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၂၄ ရာခိုင်နှုန်းက အဆင်ပြေ ကြောင်း၊ ၁၈ ရာခိုင်နှုန်းက လုံးဝအဆင်မပြေကြောင်း၊ ၅ ဒသမ ၅ ရာခိုင်နှုန်းက အနည်း ငယ် အဆင်ပြေကြောင်းနှင့် ကြားနေအဖြစ် ကျန် ၅ ဒသမ ၅ ရာခိုင်နှုန်းက သဘောထား မှတ်ချက်ပြု ခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေးအကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၃၀ မှတ် ဖြစ်ပြီး လမ်းလွဲ အခြေအနေတွင်ရှိနေသည်ဟု သတ်မှတ်ပါသည်။

ဒုတိယစစ်တမ်းမေးခွန်းအဖြစ် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အင်အား ချိန်ခွင်လျှာချိန်ညှိမှုများက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု(ဥပမာ- FPNCC ပေါ်ပေါက် လာခြင်း၊ UNFC ရပ်ဆိုင်းလိုက်ခြင်း၊ NCA-S EAOs ဆွေးနွေးပွဲများ အတွင်း KNU နှင့် RCSS တို့၏ အခင်းအကျင်းများ)” အပေါ်သုံးသပ်အမှတ်ပေးရန် မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းက ကြားနေ၊ ၂၉ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၁၂ ရာခိုင်နှုန်းစီက အနည်းငယ် အဆင် မပြေကြောင်း၊ ကျန် ၁၂ ရာခိုင်နှုန်းက လုံးဝအဆင်မပြေကြောင်းနှင့် အနည်းငယ် အဆင်ပြေ ကြောင်း အဖြစ် ၁၂ ရာခိုင်နှုန်းကလည်းကောင်း သဘောထား မှတ်ချက်ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ်သုံးသပ်မှုရမှတ်မှာ ၁၂ မှတ်ဖြစ်ပြီး လမ်းလွဲ အခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်ပါသည်။

နောက်ဆုံးစစ်တမ်းမေးခွန်းအဖြစ် “မြောက်ပိုင်းမဟာမိတ်အဖွဲ့များအပေါ် တရုတ်နိုင်ငံ၏ လွှမ်းမိုးလာမှုက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်နေမှု” အပေါ် သုံးသပ်အမှတ်ပေးရန် မေးမြန်းခဲ့ရာ ဖြေဆိုသူ ဦးရေ စုစုပေါင်း၏ ၄၁ ရာခိုင်နှုန်းက အဆင်မပြေကြောင်း၊ ၂၉ ရာခိုင်နှုန်းက လုံးဝ အဆင်မပြေကြောင်း၊ ၁၂ ရာခိုင်နှုန်းက အနည်းငယ် အဆင်မပြေကြောင်း၊ ၆ ရာခိုင်နှုန်းက အတိုင်းအတာတခုအထိ အဆင်ပြေကြောင်း၊ ကျန် ၆ ရာခိုင်နှုန်းက အဆင်ပြေကြောင်းနှင့် ကြားနေ အဖြစ် ၆ ရာခိုင်နှုန်းကလည်းကောင်း အသီးသီး သဘောထားမှတ်ချက် ပြုခဲ့ကြသည်။ ISP Peace Desk ၏ အမှတ်ပေး အကဲဖြတ် သုံးသပ်မှုရမှတ်မှာ ၁၂ မှတ်ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေ သည်ဟု သတ်မှတ်ပါသည်။

သို့ဖြစ်ရာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများ အစရှိသဖြင့် (Actors) များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ လေ့လာ သုံးသပ်သူများ၊ သတင်းစာ ဆရာများ၏ သဘောထား စစ်တမ်းဖြေဆိုမှု၊ သီးခြား ဆွေးနွေးမှုများအပေါ် အခြေခံ၍ ISP Peace Desk၏ အကဲဖြတ်အမှတ်ပေးမှုအရ စုစုပေါင်း ပျမ်းမျှရမှတ် ၁၈ မှတ် ဖြစ်ပြီး လမ်းလွဲအခြေအနေတွင် ရှိနေသည်ဟု သတ်မှတ်နိုင်ကာ အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

နောက်ခံအကြောင်းအရင်း

ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် နိုင်ငံများ အစရှိသဖြင့် (Actors) များ၏ အကျိုးသက်ရောက်မှုများက အားရဖွယ် မရှိခဲ့ဘဲ ငြိမ်းချမ်းရေး အတွက် ကောင်းမွန်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိကြောင်းကို ပေါ်လွင်စေသည့် နောက်ခံ အကြောင်းအရင်းများ ရှိနေပြီး ထိုအချက်များအား ယခုအပိုင်းတွင် ဖော်ပြပါမည်။

ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ(Actors)

ပြည်တွင်းစစ် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် NLD အစိုးရလက်ထက် ကြိုးပမ်းမှု များကို နားလည်နိုင်ရန် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများ အစရှိသဖြင့် (Actors) များ ၏ အခန်းကဏ္ဍကိုလည်း ဖော်ပြပေးရန် လိုအပ်သည်။ ထို့ကြောင့် ယခုသုံးသပ်မှုတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်းမှ အရေးပါသော အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်နက်ကိုင်အစုအဖွဲ့များနှင့် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုတို့ကို အကျဉ်းချုပ် သုံးသပ်ပြသွားမည် ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းမှ အရေးပါသော အရပ်ဘက်နှင့် စစ်ဘက် ခေါင်းဆောင်များ

ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် အရေးကြီးသည့်ဆုံးဖြတ်ချက်၊ မူဝါဒများကို ချမှတ်နိုင်သည့် လူပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍမှာလည်း အရေးပါလှသည်။ သို့ဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပေါ် ချဉ်းကပ် သုံးသပ်ပြသွားမည်ဖြစ်ပါသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရအာဏာရချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးဆောင်ခဲ့ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)တို့ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် UPDJC အစည်းအဝေးများကို (၁၃) ကြိမ်မြောက်မှ စတင်၍ (၁၇) ကြိမ်မြောက်အစည်းအဝေးအထိ အစည်းအဝေး (၅) ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ခြင်းမရှိပေ။ ထို့အပြင် ယခုကျင်းပနေသည့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မတိုင်မီ ကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် UPDJC အစည်းအဝေးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အစည်းအဝေးအပြီးထိ မနေခဲ့ဘဲ မိန့်ခွန်းပြောပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယင်းအခြေအနေများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းထက် အရေးကြီးသော လုပ်ငန်းများ ရှိနေ၍ မတက်ရောက်ခြင်းလော (သို့မဟုတ်) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အားလျော့စိတ်ပျက်သွား၍လော ဟူသော မေးခွန်းများ ထွက်ပေါ်လာစေခဲ့သည်။

ထို့အပြင် ၂၀၂၀၊ ဧပြီ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့် ရိက္ခာပြတ်လပ်မှု ကြုံနေရသည့် ပလက်ဝမြို့သို့ ဆန်ရိက္ခာများ ပို့ဆောင်နိုင်သည့်အပေါ် ရခိုင်၊ ချင်း ပြည်နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်သည့် တပ်မတော်သားများအား အသိအမှတ်ပြု ချီးကျူး ဂုဏ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ချက်အပေါ်တွင်လည်း ထောက်ပြမှုများ ရှိခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်တွင် AA အဖွဲ့ကိုသာ ထောက်ပြထားပြီး တပ်မတော်ဘက်ကို ထောက်ပြမှု မရှိခဲ့ခြင်းအတွက် ချင်းအဖွဲ့အစည်းအချို့မှ ဝေဖန်ခဲ့ကြသည်။ သို့ဖြစ်၍ NLD အစိုးရ တက်လာချိန်တွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြသည့် တိုင်းရင်းသားများအတွက် မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာခဲ့ကြောင်း သုံးသပ်ရမည်ဖြစ်သည်။

အလားတူ စစ်ဘက်ဆိုင်ရာ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း NCA စာချုပ်ပါ သဘောတူညီချက်များကို လိုက်နာမှုနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့များ အပေါ် အလေးထားမှု မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။ KNU နယ်မြေ ဖာပွန်ခရိုင်အတွင်း တပ်မတော်၏ လမ်းဖောက်မှုကြောင့် နှစ်ဖက်တင်းမာမှုများ ဖြစ်ပေါ်နေ ခြင်းကို မရပ်တန့်သကဲ့သို့ တပ်နေရာ ချထားရေးကြောင့် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားနေမှုကို လည်း မဖြေရှင်းခြင်းများက အဆိုပါဝေဖန်မှု ကို အားကောင်းစေခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ၂၀၂၀ အတွင်း ပြည်သူများအတွက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့မှု မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာရခြင်းမှာ တပ်မတော်ဘက်က မပျက်ကွက်ခဲ့ဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သဘောထားကြောင့်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ခြင်းကလည်း ထောက်ပြစရာ ဖြစ်ခဲ့သည်။

ထို့အပြင် ရုရှားသတင်းဌာနနှင့် တွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်ချုပ်ရေး အတွေ့ အကြုံများစွာ ရှိပြီး၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်လာချိန်တွင် ပြည်သူများ၏ ဆန္ဒကို မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့မှု၊ နိုင်ငံရေးပါတီ ၃၀ ကျော်နှင့် တွေ့ဆုံခဲ့မှုတို့ကလည်း ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်အပေါ် သုံးသပ်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဖွင့်မိန့်ခွန်းတွင် ငြိမ်းချမ်းရေးမရခြင်း၏ အဓိက အချက် ၃ ချက်အဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါတွင် မရိုးသားမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြား လုပ်ငန်းစဉ်များနှင့် တွဲဆက်ထားလိုမှု၊ တိကျ ပြတ်သားသည့် အခြေခံမူအပေါ်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်မှု အားနည်းခြင်းတို့ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ယင်းပြောကြားမှုမှာ ပြင်းထန်ပြီး လက်တွေ့အခြေအနေနှင့် ကွဲလွဲနေကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဝေဖန်ခဲ့ကြသည်။

ထိုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသော ခေါင်းဆောင်နှစ်ဦး၏ သဘောထားအမြင် မတူညီမှုများကလည်း ၂၀၂၀ အလွန် အကောင် အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် သက်ရောက်မှု ကြီးမားနေသည်ဟု ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြသည်။

တပ်မတော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးကဏ္ဍများတွင် အပြည့်အ၀ချုပ်ကိုင်ခွင့်ရထားသည့် တပ်မတော်အနေဖြင့် ယခုအစိုးရသက်တမ်းတွင် အပစ်ရပ်ကြေညာမှု ငါးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ပထမလေးကြိမ် ကြေညာမှု၌ စစ်ရေးတင်းမာမှု ကြီးထွားနေသည့် ရခိုင်နှင့် ပလက်၀ဒေသတို့ မပါဝင်ဘဲ စစ်တိုင်းငါးခုသာ ကြေညာခဲ့သကဲ့သို့ ပဉ္စမအကြိမ် ကြေညာမှုတွင်လည်း AA အဖွဲ့ လှုပ်ရှားရာ ဒေသများကို ချန်လှပ်ခဲ့၍ ဝေဖန်မှုများ ရှိခဲ့သည်။

ထို့အပြင် အပစ်ရပ်ထားသည့်ကာလအတွင်း တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်မသွားခဲ့ဘဲ ၂၀၁၉ တနှစ်လုံးတွင် အပစ်ရပ် စစ်တိုင်းငါးခု၌ တိုက်ပွဲ ၃၄၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ အထူးသဖြင့် တပ်မတော်နှင့် AA အဖွဲ့အကြား ရခိုင်ပြည်နယ်(မြောက်ပိုင်း) နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးဖြစ်ခဲ့သည်။

NCA လက်မှတ်ထိုးအဖွဲ့များဖြစ်သည့် KNU၊ RCSS/SSA၊ NMSP/MNLA အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး NCA စာချုပ်ပါ အချက်များကို ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သည်။ ထို့ပြင် အရပ်သားသေဆုံးမှုနှင့် ပတ်သက်၍ တပ်မတော်အပေါ် ကျောက်မဲမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့တွင် ဒေသခံ ထောင်နှင့်ချီ၍ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

တပ်မတော်က ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အကြို ပြုလုပ်သည့်ဆွေးနွေးပွဲများကို ဟန့်တားခဲ့မှုနှင့် NCA ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့က ပြုလုပ်မည့် အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး စစ်သံမှူးမှ တားဆီးခဲ့မှုတို့မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တပ်မတော်၏ သဘောထားကို မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

(၁) KNU နှင့် RCSS/SSA

NCA လက်မှတ်ထိုးအဖွဲ့များအနက် အင်အားအကြီးဆုံးနှင့် ဦးဆောင်သူများ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က ၂၀၁၈ နှစ်ကုန်ပိုင်းမှ စ၍ ငြိမ်းချမ်းရေးဆိုင်ရာအစည်းအဝေးများတွင် ပါဝင်မှုရပ်ဆိုင်းခဲ့ခြင်းကြောင့် NLD အစိုးရလက်ထက် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ကာလရှည်ရပ်ဆိုင်းခဲ့ရသည်။

ယင်းနောက် ၂၀၁၉ မေလအတွင်း ပြုလုပ်ခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့၏ PPST အစည်းအဝေးတွင် KNU က PPST ကို ဖျက်သိမ်း၍ အပစ်ရပ်လက်မှတ်မထိုးသည့် အဖွဲ့များပါ ပါဝင်နိုင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတိုင်ပင်ခံ အစည်းအဝေး(PPCM) ဖွဲ့စည်းရန် အဆိုပြုခဲ့သကဲ့သို့ PPST မှ နုတ်ထွက်ရန် လည်း စာတင်ခဲ့သည်။ သို့ရာတွင် ဇူလိုင်လတွင် ပြုလုပ်ခဲ့သည့် KNU ဗဟိုကော်မတီ အစည်းအဝေး တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပြန်လည်ပါဝင်ရန်နှင့် PPST တွင် ဆက်နေရန် ဆုံးဖြတ်ခဲ့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်ခဲ့သည်။

အဆိုပါကာလအတွင်း အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် KNU နှင့် ၉ ကြိမ်၊ RCSS/SSA နှင့် ၇ ကြိမ် အလွတ်သဘော တွေ့ဆုံမှုများ ပြုလုပ်ခဲ့ရသည်။ ယင်းနောက် ၂၀၂၀ ဇန်နဝါရီ ၈ ရက်တွင် ယင်းနှစ်ဖွဲ့လုံး ပြန်လည် ပါဝင်လာသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူညီချက် ပူးတွဲအကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေး (JICM) ကို ကျင်းပနိုင်ခဲ့ပြီး အလွတ်သဘော မဟုတ်သည့် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ခဲ့သည်။

(၂) FPNCC ပေါ်ပေါက်လာခြင်းနှင့် UNFC ရပ်ဆိုင်းသွားမှု

၂၀၁၉ သြဂုတ်လဆန်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)ရဲ့အရေးပေါ်ကောင်စီဝင်အစည်းအဝေးအပြီးတွင် အဖွဲ့ရဲ့လုပ်ငန်းစဉ် အချို့ကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၁ ဖေဖော်ဝါရီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး NCA ရေးဆွဲရာတွင် အခရာကျခဲ့သည့် UNFC သည် KNU ၊ CNF ၊ PNLO/PNLA ၊ KIO/KIA ၊ PSLF/TNLA ၊ MNTJP/MNDAA နှင့် WNO အဖွဲ့များ နုတ်ထွက်မှုနှင့်အတူ ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

နုတ်ထွက်သွားသည့် အဖွဲ့များအနက် NCA လက်မှတ်ထိုးခဲ့သည့် အဖွဲ့များမှလွဲ၍ KIO/KIA အပါအဝင် ကျန်အဖွဲ့များမှာ UWSP/UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဖွဲ့စည်းမှုတွင် ဝင်ရောက်သွားခဲ့ကြသည်။ ထို့ပြင် FPNCC တွင် ပါဝင်နေသည့် SSPP/SSA ကလည်း UNFC မှာထွက်ခွင့်ပြုရန် ထပ်မံတောင်းဆိုခဲ့ခြင်းကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အင်အားမှာ တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်အင်အားစု၏ ၈၀ ရာခိုင်နှုန်းခန့် ရှိသွားခဲ့သည်။

နိုင်ငံရေးဩဇာကြီးမားသည့် UNFC ရပ်ဆိုင်းမှုမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သက်ရောက်မှု ကြီးမားခဲ့ပြီး နိုင်ငံရေးဘောင်ကျဉ်း၍ စစ်ဘောင်ကျယ်လာမည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ် လာခဲ့သည်။ မြောက်ပိုင်းအဖွဲ့များ၏ ဆွေးနွေးမှုလမ်းကြောင်းမှာ အစိုးရ၊ တပ်မတော်တို့၏ NCA ပုံစံကို လက်မခံထားသည့်အပြင် AA၊ TNLA နှင့် MNDAA အဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေခြင်းတို့ကြောင့် UNFC မရှိတော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လက်နက်ကိုင်ပဋိပက္ခကို ဦးတည်သွားမည်ဟု ငြိမ်းချမ်းရေးလေ့လာသူများက သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

(၃) ULA/ AA အဖွဲ့ အင်အားကြီးထွားလာခြင်း

ရခိုင်ပြည်သူများအား ကာကွယ်ရန်၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လွတ်လပ်ရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်များဖြင့် ထူထောင်ထားသည်ဟု ဆိုသော AA အဖွဲ့ကို ၂၀၀၉ က KIO/KIA ဌာနချုပ် လိုင်ဇာတွင် စတင်တည်ထောင်ခဲ့သည်။

အင်အားဆယ်ဂဏန်းခန့်ဖြင့် အစပြုခဲ့သည့် AA အဖွဲ့မှာ အင်အားစုဆောင်းခဲ့ပြီးနောက် ၂၀၁၉ ဇန်နဝါရီ ၄ ရက်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့် ရဲစခန်းလေးခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် စစ်မျက်နှာဖွင့်ခဲ့သည်။

လက်ရှိအချိန်တွင် အင်အားသောင်းဂဏန်းအထိ ရှိလာပြီဟု ခန့်မှန်းနေကြသည့် AA အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀ဒေသတို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် စစ်ရှောင်ဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိသွား ခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာခဲ့သည်။ တပ်မတော်ဘက်ကလည်း အပစ်ရပ်ကြေညာမှုများတွင် AA အဖွဲ့ လှုပ်ရှားရာဒေသများကို ချန်ထားခဲ့ပြီး ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

၎င်းတို့ကို ဆန့်ကျင်သည့် ဒေသခံတိုင်းရင်းသားများနှင့် ရခိုင်ပြည်နယ်သို့ လာရောက်အလုပ်လုပ် သည့် အခြား တိုင်းရင်းသားများကိုပါ သတ်ဖြတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့၍ AA အဖွဲ့၏ ရခိုင်အမျိုးသားရေးဝါဒီ ရက္ခိတလမ်းစဉ်အပေါ် ဝေဖန်မှုများ ရှိလာသော်လည်း ဒေသခံအများစု၏ ထောက်ခံမှုရရှိထားသည်ဟု သုံးသပ်မှုများ ရှိနေသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သော်လည်း အပစ်ရပ်လက်မှတ်ထိုးရန် သဘောတူညီမှု မရသေးဘဲ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် အစိုးရက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။ ထို့ပြင် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်း အဝေးကိုလည်း AA အဖွဲ့ကို မဖိတ်ကြားရန် အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် AA အဖွဲ့ပါဝင်သည့် FPNCC ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြ၍ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုများမှာလည်း အရေးပါသော နေရာတွင် ရှိနေသည်။ သို့ရာတွင် မြန်မာအစိုးရများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်၌ နိုင်ငံတကာ၏ ပါဝင်မှုအခန်းကဏ္ဍအပေါ် ကန့်သတ်မှုများ ရှိနေသည်။ အထူးသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် နိုင်ငံတကာမှ အစုအဖွဲ့များကို ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းနေရာ(Mediation) တွင် ပါဝင်ခွင့်မပြုဘဲ ငြိမ်းချမ်းရေးအကျိုးဆောင်သောနေရာ (Facilitation))တွင်သာ ပါဝင်ခွင့်ပြု ထား သည်။ ဥပမာအားဖြင့် မြောက်ပိုင်းအဖွဲ့များက အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရန် အပစ် အခတ်ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့တွင် တရုတ်နိုင်ငံ ပါဝင်ရေးအဆိုပြုမှုကို ပယ်ချခဲ့မှုမှာ ထင်ရှား ခဲ့သည်။

ထို့အပြင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်ပ အကူအညီ အထောက်အပံ့များ၊ ငွေကြေးများ ရယူရာတွင် NRPC ကို ဦးစွာတင်ပြ၍ ခွင့်ပြုချက် တောင်းခံရန် လိုအပ်ကြောင်း အစိုးရ၏ အကြောင်းကြားခဲ့မှုမှာလည်း ဝေဖန်စရာဖြစ်ခဲ့သည်။

ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံး UWSP/UWSA အဖွဲ့၊ တပ်မတော်နှင့် စစ်ရေးတင်းမာမှုအမြင့်ဆုံးဖြစ်နေသည့် AA၊ TNLA နှင့် MNDAA အဖွဲ့များနှင့် အနီးကပ်ဆက်ဆံရေးရှိနေသည့် တရုတ်နိုင်ငံ၏ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လွှမ်းမိုးမှု ကြီးမား ခဲ့သည်။ အထူးသဖြင့် NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား အဖွဲ့ များထက် မြောက်ပိုင်းအဖွဲ့များအပေါ် အာရုံစိုက်လာခြင်းကြောင့် မြောက်ပိုင်းအဖွဲ့များနှင့် နီးစပ်သည့် ဆက်ဆံရေးရှိသော တရုတ်နိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွှမ်းမိုးမှု ကြီးမားလာခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် AA အဖွဲ့အပါအဝင်မြောက်ပိုင်းအဖွဲ့များက ၂၀၁၈ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ၂၁ ပင်လုံတတိယအကြိမ်မြောက်အစည်းအဝေးကို တရုတ်နိုင်ငံမှ စင်းလုံးငှားလေယာဉ်ဖြင့် တက်ရောက်ခဲ့ခြင်း၊ ကျိုင်းတုံ၌ ပြုလုပ်သည့် အစိုးရနှင့် အပစ်ရပ် ဆွေးနွေးပွဲကို မြောက်ပိုင်းလေးဖွဲ့က တရုတ်ရဲအစောင့်အရှောက်ဖြင့် တက်ရောက်ခဲ့ခြင်းများက ယင်းအချက်ကို အားကောင်းစေပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ပေးနေသကဲ့သို့ မြောက် ပိုင်း လက်နက်ကိုင်အဖွဲ့များ ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများမှာလည်း တရုတ်နိုင်ငံမှ အများဆုံး ဖြစ်နေသည်။ ယင်းအခြေအနေများက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ မီးစတဖက် ရေမှုတ် တဖက် ပေါ်လစီအဖြစ် ဝေဖန်မှုများ ရှိနေပါသည်။ သို့ရာတွင် တပ်မတော်နှင့် စစ်ရေး တင်းမာမှု ရှိနေသည့် လက်နက်ကိုင်အဖွဲ့များအပေါ် တရုတ်အထူး ကိုယ်စားလှယ်က သီးသန့် တွေ့ဆုံမှုများ ရှိနေခြင်း၊ အဆိုပါအဖွဲ့များနှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တရုတ် နိုင်ငံက ကြားဝင်ဆက်သွယ်ပေးနေခြင်းများကလည်း တရုတ်နိုင်ငံ၏ ပေါ်လစီအပေါ် ဝေဖန်မှုများ ပိုမို အားကောင်းလာစေခဲ့သည်။ ယခုကျင်းပသည့် ပင်လုံညီလာခံကို မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့အားလုံး မတက်ရောက်ခြင်းမှာ တရုတ်အစိုးရအဖွဲ့က ဖိအားပေး မတိုက်တွန်းခဲ့ခြင်းကြောင့်ဟူ၍ လည်း သုံးသပ်မှုများ ထွက်ပေါ်လာပါသည်။

တရုတ်နိုင်ငံကဲ့သို့ပင် ဂျပန်နိုင်ငံနှင့် ကုလသမဂ္ဂတို့ကလည်း အထူးကိုယ်စားလှယ်မှတဆင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွင်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်ရာ အခန်းကဏ္ဍများမှာ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများအခြေစိုက်ရာ သက်ဆိုင်ရာ နယ်မြေဒေသများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖော်ဆောင်ပေးခြင်း အပြင် NCA စာချုပ် လက်မှတ်မရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီပေးရန် ဆန္ဒရှိနေသည့် အခင်း အကျင်းတွင် ဖြစ်သည်။ တဆက်တည်းမှာပင် မြန်မာနိုင်ငံ၏ ပထဝီအနေ အထားအရ တည်ရှိပုံမှာ တရုတ်-ဂျပန် စီးပွားရေးပြိုင်ဆိုင်မှု၏ အချက်အချာဖြစ်သော အရှေ့တောင် အာရှ၏ ဗဟိုနေရာတွေ ရှိနေခြင်း အချက်ကလည်း ဆက်စပ် ဆင်ခြင်စရာ ဖြစ်သည်။

သို့ရာတွင် ယခုကျင်းပနေသည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အစိုးရက တရုတ်၊ ဂျပန်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်များကို ဖိတ်ကြားမှု မရှိခဲ့ခြင်းမှာလည်း ထူးခြားမှု ဖြစ်ခဲ့သည်။
သို့ဖြစ်၍ USDP အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်တွင် ကုလသမဂ္ဂ (UN) နှင့် အမေရိ ကန် အစရှိသော အနောက်အုပ်စုများ၏ ပါဝင်ပတ်သက်မှုကို ထင်ရှားစွာ မြင်တွေ့ရသည့်တိုင် NLD အစိုးရ လက်ထက်တွင် တရုတ်၏ လွှမ်းမိုးမှုက ပိုမိုကြီးမားလာခဲ့ပြီး UN နှင့် အမေရိကန် အစရှိသော အနောက် အုပ်စုများ၏ အာရုံစိုက်မှုအားလျော့သွားခဲ့ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

အယူဆမှတ်စု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရ လက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု၏ အထင်ကရ ပြယုဂ်တခုဖြစ်သော ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထ အစည်းအဝေး) ကို ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်၌ စတင် ပြုလုပ်နေပြီဖြစ်သည်။

NLD အစိုးရသည် ရွေးကောက်ပွဲဝင်ချိန်ကပင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို နံပါတ်တစ် ဦးစားပေးအနေဖြင့် ပြုလုပ်ရန် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြခဲ့သည်။ အသေးစိတ်အနေဖြင့် လုပ်ဆောင်မည်ဆိုသော အချက်ခြောက်ချက် ထားရှိခဲ့ပါသည်။ ထိုအတူ အစိုးရဖြစ်ချိန်တွင်လည်း ငြိမ်းချမ်းရေးကို အဓိကလုပ်ငန်းစဉ်တခုဖြင့် သဘောထား၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်နိုင်ရန်အထိ အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုကို လွှတ်တော် တွင်းမှာသာ ဆောင်ရွက်ခဲ့ပါသည်။ NCA သဘောတူညီချက်အရ ရှိခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၁ ရာစုပင်လုံ- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟု NLD အစိုးရလက်ထက်တွင် အမည် ပြောင်းလဲခဲ့ပြီး “၂၁ ရာစုပင်လုံမှ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသို့” ဟူသည့် ဆောင်ပုဒ်ကိုလည်း ချမှတ်ခဲ့သည်။ ယင်းအပြင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ခြောက်ကြိမ်ပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ အခြေခံမူများချမှတ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်ကို လွှတ်တော်၌ အတည်ပြုနိုင်ရန် အားထုတ်ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ မျှော်မှန်းချက်များအတိုင်း ဖြစ်မလာခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ယခုပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (စတုတ္ထအစည်းအဝေး) သည် NLD အစိုးရ တာဝန်ယူသည့် ငါးနှစ်သက်တမ်းကာလအတွင်း နောက်ဆုံးပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံ ဖြစ်ပါသည်။ ထို့ကြောင့် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု မည်မျှ ခရီးပေါက်ခဲ့သည်ဆိုခြင်းအား လည်ပြန်ကြည့်ရန် လိုအပ်မည် ဖြစ်ပါသည်။

ISP Peace Desk အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်များကို လေ့လာရာတွင် ရှုမြင်ချက် လေးရပ်ကို အခြေခံပြီး ပိုင်းခြားလေ့လာ ဆန်းစစ်မှုများ ပြုလုပ်လေ့ရှိပါသည်။ ရှုမြင်ချက် လေးရပ်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ပြုလုပ်နေချိန်၌ ဖြစ်ပေါ်ခဲ့သည့် ဆက်စပ်အခြေအနေများ (Contexts)၊ တည်ဆောက်ပုံ ဒီဇိုင်း (Design)၊ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ (Actors) နှင့် လုပ်ငန်းစဉ်များ (Process) တို့ ဖြစ်ကြပြီး၊ ထိုအချက်များကို အခြေခံ၍ ပိုင်းခြားလေ့လာဆန်းစစ်မှု (Analysis) ကို ပြုလုပ်ခြင်း ဖြစ်သည်။

ယခု NLD အစိုးရလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကို ပြန်လည် သုံးသပ်ရာ၌လည်း အထက်ပါ ရှုမြင်ချက်လေးရပ်ကို အခြေခံ၍ ပိုင်းခြား လေ့လာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်။

ယခု ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ နိုင်ငံများ(Actors)ကို အပိုင်း – ၃ အနေဖြင့် ထပ်မံဖော်ပြခြင်းဖြစ်ပြီး၊ ကျန်ရှိသော အပိုင်းများကို ဆက်လက်ဖော်ပြသွားပါမည်။