တန်ဖိုးနှင့် အကျိုးစီးပွားလား၊ နာကျင်မှုအား နှစ်ခြိုက်ခြင်းလား ပြန်လည်သင့်မြတ်ရေးအား Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်မှ သုံးသပ်ခြင်း

Post By Dr. Sai Latt, On December 7, 2020

တန်ဖိုးနှင့် အကျိုးစီးပွားလား၊ နာကျင်မှုအား နှစ်ခြိုက်ခြင်းလား ပြန်လည်သင့်မြတ်ရေးအား Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်မှ သုံးသပ်ခြင်း

Abstract

ဤဆောင်းပါးတွင် လူတို့၏ နိုင်ငံရေးရွေးချယ်မှုကို “ကျေနပ်နှစ်ခြိုက်ခံစားမှု” ဆိုသည့် ရှုထောင့်မှ တင်ပြထားသည်။ လူတို့သည် လက်ရှိကြုံတွေ့နေရသည့် အကြပ်အတည်းများ တိုးတက် အောင်မြင်လာခြင်း မရှိသော်လည်း မိမိတို့ခေါင်းဆောင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆက်လက်ထောက်ခံအားပေးတတ်ကြသည်။ အကြောင်းမှာ နိုင်ငံရေးရွေးချယ်ရာတွင် လစ်ဗရယ်ဝါဒီများ ပြောသည့် Rational Choice အပေါ် အခြေခံခြင်းမဟုတ်ဘဲ မသိစိတ်ကစေ့ဆော်သည့် ကျေနပ်နှစ်ခြိုက်မှု (Enjoyment) အပေါ် အခြေခံတတ်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ လူထု၏ နိုင်ငံရေးအာသီသသည် ကျရှုံးခြင်းနှင့် သူတပါးကို နာကျင်စေလိုခြင်း (တနည်း  – နာကျင်ခြင်းကို ခံစားသည့် နိုင်ငံရေးအာသီသ ဖြစ်နေပါက) ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေး “စံနှုန်း” နှင့် တန်ဖိုးအခြေပြုနိုင်ငံရေးပြောင်းလဲမှုသည် အောင်မြင်ပါ့မလားဟု မေးစရာရှိသည်။

 

(၁) နိဒါန်း

ဤဆောင်းပါးတွင် ဆွေးနွေးထားသည့် အကြောင်းအရာမှာ လူတို့၏ နိုင်ငံရေးရွေးချယ်မှုအကြာင်းဖြစ်သည်။ Jacques Lacan နှင့် Slavoj Žižek ၏ Enjoyment အတွေးအခေါ်များကို အခြေခံပြီး “ကျေနပ်နှစ် ခြိုက်ခံစားမှု” ဆိုသည့် Psychoanalysis (စိတ်သရုပ်ခွဲခြင်း) ရှုထောင့်တခုကို တင်ပြထားသည်။ အဓိက ထောက်ပြချင်သည့်အချက်မှာ –

လူတို့သည် လက်ရှိ ကြုံတွေ့နေရသည့် နိစ္စဓူ၀ လူမှု-စီးပွားအကြပ်အတည်းများ လက်တွေ့တိုးတက်အောင်မြင်လာခြင်း မရှိသော်လည်း မိမိတို့ခေါင်းဆောင်၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံအားပေးတတ်ကြသည်။ ခေါင်းဆောင်များ၏ မစွမ်းဆောင်နိုင်မှုကို သည်းခံသည်သာမက၊ မိမိတို့၏ ဆုံးရှုံးနာကျင်မှုနှင့် သူတပါးနာကျင်မှုအပေါ် နှစ်သက်ခံစားတတ်ကြသည်။ အကြောင်းမှာ လူတို့သည် နိုင်ငံရေးရွေးချယ်ရာတွင် လစ်ဗရယ်ဝါဒီများ ထောက်ပြသည့် လက်တွေ့အကျိုးစီးပွားအတွက် ကျိုးကြောင်းဆီလျော်မှုအပေါ် အခြေခံခြင်းမဟုတ်ပါ။ မသိစိတ်က စေ့ဆော်သည့် ကျေနပ်နှစ်ခြိုက်မှု (Enjoyment) အပေါ် အခြေခံခြင်းကြောင့် ဖြစ်သည်ဟု စိတ်ပညာရှင်အချို့က ဆိုသည်။ ထိုကျေနပ်နှစ်ခြိုက်ခြင်းသည် ရိုးရိုးသာမန်မျိုး မဟုတ်ဘဲ နာကျင်ခြင်း၊ စည်းဖောက်ခြင်း၊ ကျရှုံးခြင်းစသည်တို့မှ ရရှိသည့် ဆန်းပြားသော နှစ်ခြိုက်ခြင်းမျိုးဖြစ်သည်။

သို့ရှိရာ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်တွင် ပြည်သူပါ၀င်မှု မြင့်မားရေး ဆောင်ရွက်ရာတွင် ပြည်သူတို့၏ နိုင်ငံရေးရွေးချယ်မှုသည် Rational choice ထက် Enjoyment အပေါ် မူတည်နေတတ်သည်ကို သတိပြုရမည်။ တဆက်တည်းတွင် ပြည်သူများအနေဖြင့် ဘာကို နှစ်ခြိုက်ခံစားသည် ဆိုသည်ကို နားလည်ရန်လည်း အရေးကြီးသည်။ သို့မှသာ လူထု၏ နိုင်ငံရေး အာသီသကို နားလည်မည်။ အထူးသဖြင့် ကျရှုံးခြင်းနှင့် သူတပါးကို နာကျင်စေလိုခြင်းသည် နိုင်ငံရေးပျော်ရွှင်နှစ်ခြိုက်မှု ဖြစ်နေပါက (တနည်း  – နာကျင် ခြင်းကို ခံစားသည့် နိုင်ငံရေး အာသီသ ဖြစ်နေပါက) ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တန်းတူရေး၊ တရားမျှတရေး “စံနှုန်း” နှင့် တန်ဖိုး အခြေပြု နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် အောင်မြင်ပါ့မလားဟု မေးစရာရှိသည်။ ဤစဉ်းစားချက်သည် အငြင်းပွားစရာရှိနိုင်သည်။ စိတ်သက်တောင့်သက်သာ မရှိလှသော မေးခွန်းဖြစ်နိုင်သည်။ အဖြေမရှိသော ပုစ္ဆာလည်း ဖြစ်နိုင်သည်။ သို့သော် စိတ်ဖြစ်စဉ်သည် နက်ရှိုင်းနက်မှောင်သဖြင့် နိုင်ငံရေးမေးခွန်းကို စိတ်ပိုင်းဆိုင်ရာရှုထောင့်မှ  လေးလေးနက်နက်စဉ်းစားရန် လိုအပ်သည်။

 

(၂) ပိတ်ဆို့ဝန်းရံခံရခြင်း စိတ်ခံစားချက် (Siege Mentality)

ပိတ်ဆို့ဝန်းရံခံရခြင်း စိတ်ခံစားချက် (Siege Mentality) ဆိုသည်မှာ အခြားအုပ်စု၊ လူမျိုး၊ အဖွဲ့အစည်း၊ နိုင်ငံ စသည်တို့က မိမိတို့အပေါ်  အဆိုးမြင်သည့် အကြံအစည်နှင့် ရည်ရွယ်ချက်မြင့်မားနေသည်၊ မိမိတို့ ကို ထိခိုက်နာကျင်စေလိုသည်၊ ပျက်စီးစေလိုကြသည်ဟု ယုံကြည်ခြင်းဖြစ်သည်။ လူတိုင်းမဟုတ်သည့်တိုင် ထိုအစုအဖွဲ့ထဲမှ သြဇာရှိသော လူတန်းစားအလွှာက ထိုသို့ခံစားကြခြင်းဖြစ်သည်။ မိမိတို့သည် အထီးကျန် ဖြစ်နေပြီး အကူအညီမဲ့နေသည့်အတွက် ရှိသမျှနည်းလမ်းအားလုံးသုံးပြီး မိမိကိုယ်မိမိ ကာကွယ်ရမည်ဖြစ်ကြောင်း၊ စည်းလုံးကြရန် လိုအပ်ကြောင်း ယုံကြည်ကြသည်။[i]

အလားတူသောအခေါ်အဝေါ်တခုမှာ “ထိခိုက်နစ်နာသူ ခံစားချက်” (Victim Consciousness) ဖြစ်သည်။ အစုအဖွဲ့တခုအတွင်းမှ အဖွဲ့ဝင်များက မိမိတို့သည် ခြိမ်းခြောက်မှုခံရသူများ၊ ဖိနှိပ်ခံရသူများ၊ ထိခိုက်ခံ စားရသူများဖြစ်သည်ဟု နားလည်နေကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ခံစားနားလည်မှုဖြစ်စေရန် ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ ကိုယ်ထိ လက်ရောက်ဖြစ်စေ တွေ့ကြုံထားဖူးရန် မလိုအပ်ပါ။ အဝေးတနေရာတွင် ဖြစ်ပွားသောအဖြစ်အပျက်များ၊ သမိုင်းတချိန်တွင် ဖြစ်ထားသောကိစ္စများကို မိမိတို့အုပ်စုအပေါ် ကျူးလွန်ထားခြင်းဟု နားလည်ကြသည်။​ မိသားစုအတွင်း မိဘဘိုးဘွားများက သားသမီးများအား လက်ဆင့်ကမ်းပြောပြခြင်း၊​ နိုင်ငံရေးမိန့်ခွန်းများ၊ သမိုင်းစာအုပ်များ၊ ကျောင်သင်ရိုးညွှန်းတန်းများတွင် ထည့်သွင်းဖော်ပ‌ြခြင်းမှတဆင့် ရရှိတတ်ကြသည်။ အချက်အလက် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ငါ့တို့လူမျိုးအပေါ် ချိုးဖောက်မှုဆိုသည့် အုပ်စုစိတ်ဓာတ်ကြောင့် ထိခိုက်နစ်နာသူ ခံစားချက်များကို ဖြစ်စေ သည်။[ii]

မြန်မာနိုင်ငံတွင် အမျိုးသားရေးသမားများက မွတ်စလင်များသည် မိမိတို့၏ တည်ရှိနေမှုကို ခြိမ်းခြောက်နေသည်၊ ဗုဒ္ဓဘာသာသည် မကြာခင်ပျောက်ကွယ်တော့မည့် အန္တရာယ်ရှိနေသည်ဟု ပြောဆိုကြသည်။ အချုပ်အခြာအာဏာနှင့် အမျိုးသားရေး အကျိုးစီးပွားပျက်ပြားအောင် NLD နှင့် လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူများက အနောက်နိုင်ငံများနှင့်ပူးပေါင်းပြီး လုပ်ဆောင်နေသည်ဟူသော ခံစားချက်ဖြစ်အောင် ဖန်တီးကြသည်။ NLD ရွေးကောက်ပွဲအနိုင်ရပါက အချုပ်ခြာအာဏာနှင့် လူမျိုး/ဘာသာ ပျောက်ကွယ်သွားမည်ဟုပုံဖော်ကြသည်။

လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာရေးအစုအဖွဲ့များကလည်း (အခွင့်ထူးခံလူတန်းစားများပင်လျှင်) ဗမာအစိုးရနှင့် တပ်မတော်၏ ရာသက်ပန် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်ဟု ခံစားကြသည်။

တိုင်းပြည်တွင် အင်အားအကြီးဆုံးဖြစ်သည့် တပ်မတော်ပင်လျှင် ဒီမိုကရေစီ အနိုင်ကျင့်မှုခံရသည်ဟု လည်းကောင်း၊ အတိုက်အခံများနှင့် ဒီမိုကရေစီအစုအဖွဲ့များက တပ်မတော်ကို ပြိုကွဲစေလိုသည်ဟု လည်းကောင်း၊ မိမိတို့တည်ဆောက်နေသော ပြည်ထောင်စုကို ပြိုကွဲအောင် ကြံစည်နေကြသည်ဟု လည်းကောင်း နစ်နာသူများအဖြစ်ရှုမြင်သည်။

NLD အတွက်မူ ၎င်းတို့အနေဖြင့် အစိုးရ မဖွဲ့စည်းနိုင်ပါက တိုင်းပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ပျက်ပြားသွားနိုင်သည်ဟု စိုးရိမ်ကြသည်။ USDP နှင့် မိတ်ဘက် ပါတီများသာမက ပြည် နယ်/တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်းသားပါတီများကိုပါ NLD နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ ခြိမ်းခြောက်မှုတခုအဖြစ် ခံစားနားလည်ကြသည်။

ဤနေရာတွင်ဖော်ပြချင်သည့်အချက်မှာ ဘယ်သူ့ နစ်နာသူခံစားချက်သည် ခိုင်လုံပြီး ဘယ်သူ့ နစ်နာသူခံ စားချက်သည် လက်တွေ့မကျဟု ငြင်းဆိုရန်မဟုတ်ပါ။ အုပ်စုအဖွဲ့တိုင်းက နစ်နာသူများဟု ခံစားနားလည်နေကြသည်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်သည်။

ထိုနစ်နာသူ ယုံကြည်ချက်များ ဆက်လက်တည်မြဲနေရသည့်အကြောင်းရင်းကို ဆက်လက်တင်ပြပါမည်။

 

(၃)​ အမှန်တကယ်ဖြစ်တည်မှုနှင့် စိတ်ကူးမျှော်လင့်ခြင်း

Jacques Lacan ၏ အမှန်တကယ်ဖြစ်တည်မှု (Real) ဆိုသည့်အမြင်သည် မိမိတို့ နိစ္စဓူ၀ အလွယ်တကူ သိမြင်နားလည် (သို့မဟုတ်) သိသည်ဟုထင်သည့် အဖြစ်မှန်/အမှန်တရားများ မဟုတ်ပါ။ ထို အမှန် တရားဆိုတာ၏ အပေါ်ယံ မျက်နှာပြင်အောက်တွင် ဖုံးကွယ်နေသော ခြွင်းချက်များ၊ ပျောက်ပျက် နေမှု များ၊ ဆန့်ကျင်ဘက်များ (သို့မဟုတ်) ကွင်းဆက်ပျက်နေပြီး ရှေ့နောက်မညီ ရှုပ်ပွပွေလီမှုများကို ဆိုလိုခြင်းဖြစ်သည်။[iii]

ထိုခြွင်းချက်များသည် မိမိတို့၏ သိမြင်နားလည်နိုင်စွမ်းကို မောပန်းခက်ခဲစေသည်။ ဆိုလိုသည်မှာ လူ သတ္တဝါတို့၏ အာရုံပိုင်းစွမ်းရည်အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ထိုချွင်းချက်များအားလုံး အပါအ၀င် ဘက်ပေါင်းစုံကို ပြည့်စုံစွာ စဉ်းစားနိုင်ရန် အလွန်တရာ ခက်ခဲသည်။ ထို့ကြောင့် ထိုခက်ခဲသည့်အစိတ်အပိုင်းများကို ချန်လှပ်ထားပြီး မိမိ ကိုင်တွယ်နိုင်စွမ်းရှိသလောက် အစိတ်အပိုင်းများကိုသာ ထည့်တွက်သဖြင့် မိမိတို့၏ နိစ္စဓူ၀ အမှန်တရားများသည် မပြည့်မစုံဖြစ်နေ ခြင်းဖြစ်သည်။

ထိုခြွင်းချက်များကို ထည့်သွင်းစဉ်းစားပါက မိမိတို့ သိနားလည်ပါသည်ဆိုသည့် အမှန်တရားများသည် ပျက်ဆီးသွားနိုင်သည်။ စိတ်သက်တောင့်သက်သာဖြစ်မှု ပျောက်ပျက်သွားနိုင်သည်သာမက စိတ်ပညာ ရှင်များ၏ အဆိုအရ ခြွင်းချက်များကို ကိုင်တွယ်ခြင်းသည် ကြောက်ရွံ့စရာ စိတ်ဖြစ်စဉ် ဖြစ်သွားနိုင် သည်။ မိမိသိသည်၊ နားလည်သည်၊ မှန်သည်ဟု ထင်နေသည့်အရာများသည် မသိ၊ နားမလည်၊ မမှန်ကြောင်း နားလည်သွားခြင်းအားဖြင့် မိမိဖြစ်တည်မှုသည် အခြေခံမှ ပြိုလဲနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ခြွင်းချက်များကို (မသိစိတ်တွင်းသို့ ဖိသိုက်သိုလှောင်ခြင်းဖြင့်) ရှောင်ကြဉ်ကြခြင်း ဖြစ် သည်။[iv] သို့ရှိရာ Lacan ပြောသည့် Real ဆိုသည်မှာ နိစ္စဓူ၀ အမှန်တရားတွင် ပျောက်နေသည့် အစိတ်အပိုင်းများဖြစ်သည်။ ဆန့်ကျင်ဘက်များဖြစ်သည်။ ချို့တဲ့မှု (Lacks) ဟု ဆိုပါစို့။[v]

မြန်မာနိုင်ငံတွင် လူတဦးချင်းစီအတွက်သော်လည်းကောင်း၊ အုပ်စုအဖွဲ့များအတွက်သော်လည်းကောင်း နှစ်ဆယ်စုများစွာ ခံစားရသော ပြဿနာများမှာ လူမှု-စီးပွားရေး အကြပ်အတည်းများနှင့် ထိုအကြပ်အတည်းများကို ဖြစ်စေသည့် အုပ်ချုပ်သူလူတန်းစား၊ အဖွဲ့အစည်း (Institution) နှင့် စနစ်၏ ဖိနှိပ်မှု/ အ မြတ်ထုတ်မှုဖြစ်သည်။ စနစ်ဟုဆိုလျှင် ခေတ်သစ်ကိုလိုနီကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု စသည်တို့ကို ဗဟိုမှ ချုပ်ကိုင်ဖိနှိပ်စိုးမိုးထားသော အုပ်ချုပ်ရေးလည်းပါ၀င်သည်။

သို့ရာတွင် အဆိုပါပြသနာများကို အမှန်တကယ် ဖြေရှင်းရေးသည် ပြောလျှင်သာလွယ်ပြီး လက်တွေ့ လုပ်ရန်ခက်သည်။ ဉပမာ-အင်အားအကြီးဆုံးဖြစ်သည့် တပ်မတော်ကို ပြောင်းလဲရေးသည် လက်တွေ့တွင် ခက်သည်။​ နှစ်ပေါင်းများစွာ ပျက်စီးလာသည့် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ရန်မှာလည်း မလွယ်လှပေ။ အသားကျနေသော ခေတ်သစ်ကိုလိုနီအတွေးအခေါ်နှင့် စနစ်ကို ပြောင်းလဲရန်မဆိုနှင့်၊ ခေတ်သစ်ကိုလိုနီ ဖြစ်နေကြောင်းပင် နားလည်ခြင်း (သို့မဟုတ်) လက်ခံစဉ်းစားနိုင်ခြင်းမရှိပေ။ အထူးသဖြင့် လက် နက်ကိုင်ပဋိပက္ခ၊ စီးပွားရေးအကြပ်အတည်း၊ ICJ တွင် တရားစွဲခံထားရမှု၊ လူမျိုးရေးဘာသာရေး ပြဿနာများနှင့် ကိုဗစ်-၁၉ စသည့် ပြဿနာများ တချိန်တည်း စုပြုံပေါ်ပေါက်နေသည့် နိုင်ငံရေးအခင်းအကျင်းတွင် အထက်ပါ အပြောင်းအလဲများကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် ပြုလုပ်ရန် ပို၍ ပင်မဖြစ်နိုင်ပေ။

လက်တွေ့ အကောင်အထည်ဖော်ရန် မဆိုနှင့် မည်သို့ပြုပြင်လျှင် လက်တွေ့ဖြစ်နိုင်မည်၊ လုပ်နေရင်း မမျှော်လင့်ထားသော မှားယွင်းမှုများ ဖြစ်သွားပါက မည်သို့ကိုင်တွယ်မည် စသည့် မေးခွန်းများကို စဉ်းစား ရန်၊ ဖြေဆိုရန်ပင် ခက်ခဲလှသည်။ ပြုပြင်ပြောင်းလဲရန် ခက်နေသည်ဆိုသည်ကို ၀န်ခံအသိအမှတ်ပြုရေးသည်လည်း ဆုပ်လည်းစူး စားလည်းရူး ၀န်ထုပ်၀န်ပိုးဖြစ်နေသည်။ သို့ရှိရာ ထိုအမှန်တကယ် ခက်ခဲသောကိစ္စများကို ကျော်သွားပြီး လက်တလော အချိန်အတွင်း ကိုင်တွယ်လို့ရသည့်ကိစ္စလောက်ကိုသာ ကိုင်တွယ်ခြင်း (သို့မဟုတ်) အခြားကိစ္စများသို့ လမ်းလွှဲပေးခြင်းဖြင့် အမှန်တကယ်ဖြစ်တည်မှု/ချို့တဲ့မှု အပေါ် လူသက်သာ စိတ်သက်သာရာရစေသည်။ နိစ္စဓူ၀အခြေအနေသည်လည်း ပိုနေမြဲကျားနေမြဲ ချောချောမွေ့မွေ့ ဆက်လက်စီးဆင်းနေစေတော့သည်။

ဆိုလိုသည်မှာ အမှန်တကယ်လုပ်ရန် အရေးကြီးသော်လည်း ခက်ခဲသည့်အပိုင်းအစများကို တခုချင်း ကောက်ဆက်ကာ လုပ်နေမည့်အစား ချက်ချင်းလုပ်လို့ရသည့် (သို့မဟုတ်) ဤမျှမခက်သည့် (သို့မဟုတ်) အခြားကိစ္စဘက်သို့ ဉီးတည်လိုက်ခြင်းဖြင့် (အမှန်တကယ်လုပ်ရမည့် အလုပ် မလုပ်သော်လည်း) တခုခု လုပ်နေပါသည်ဟုဖြစ်သွားသည်။ အမှန်တကယ်ဖြစ်တည်ခြင်း သို့မဟုတ် Lacan ၏ Real ဟု သတ်မှတ်နိုင်သည့် ဖိနှိပ်သောစနစ်၊ အဖွဲ့အစည်း၊ လူတန်းစားအား အခြေခံကျကျ ပြုပြင်ပြောင်းလဲ တော်လှန် ရန်ပျက်ကွက်သွားခြင်း/ကျန်ရှိနေခြင်းတို့သည် အပြောင်းအလဲလုပ်နေပါတယ်ဆိုသည့် နိစ္စဓူ၀ အရှိတရားအောက်တွင် ဖုံးကွယ်သွားသည်။

ဤဖုံးကွယ်မှုကို ဘယ်အရာက ဖြစ်မြောက်အောင်မြင်စေပါသလဲ။ စိတ်ပညာရှင်များ၏ အဆိုအရ စိတ်ကူးမျှော်လင့်ခြင်းက Real ကို ဖုံးကွယ်ပေးသည်။[vi]

ဉပမာအနေဖြင့်ပြရလျှင် ဒီမိုကရေစီအရပ်သားအစိုးရတစ်ရပ်ကို တည်ဆောက်ရန် ကြိုးစားနေခြင်း၊ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ကတိကဝတ် ပြုခြင်း၊ ငြိမ်းချမ်းရေးလုပ်ခြင်း၊ သို့မဟုတ် အမျိုးသားရေး လှုပ်ရှားခြင်း စသည့် အရာတခုခုပြုလုပ်နေခြင်းကို စိတ်ကူးမျှော်လင့်ခြင်းဟု စဉ်းစားသည်ဆိုပါစို့။​ ထို စိတ်ကူးမျှော်လင့်ခြင်းသည် Real (ဖိနှိပ်သောစနစ်၊ အဖွဲ့အစည်း၊ လူတန်းစားအား အခြေခံကျကျ ပြု ပြင်ပြောင်းလဲရန်လိုအပ်နေခြင်းနှင့် ထိုသို့ ပြောင်းလဲရန် “ပျက်ကွက်နေခြင်း”) ကို ဖုံးအုပ်ပေးလိုက်သည်။ စည်းလုံးညီညာတိုးတက်သော ဒီမိုကရေစီအခြေပြု အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် တခုခုလုပ်နေသည်ဆိုသည့်အောက်တွင် အခြေခံကျကျ ပြောင်းလဲရန် ခက်ခဲနေမှုများက မရှိသယောင် ဖြစ်သွားစေသည်။ မိမိတို့ မနိုင်မနှင်းဖြစ်နေသည်ဆိုသည့် စိုးရိမ်စရာအစား တခုခုလုပ်နေကြပါတယ်ဆိုပြီး ထွက်ပေါက်ရစေသည်။ စိတ်သက်တောင့် သက်သာ ရစေသည်။ ဆိုလိုသည်မှာ ပိုမိုကောင်းမွန် သော အနာဂတ်ဆိုသည့် မျှော်လင့်ချက်ကြောင့် လက်ရှိ ချို့တဲ့မှုများကို ပိုမိုခံနိုင်ရည်ရှိလာသည်။

သို့သော် စိတ်ကူးမျှော်လင့်ခြင်းသည် ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ အဓိကလုပ်ငန်းစဉ်မှာ အမှန် တကယ်ဖြစ်တည်မှု (Real) (ပိုမို တိတိကျကျဆိုရလျှင် Real ၏ ခြောက်လှန့်မှု) မှ လွတ်မြောက်ရေးအတွက် လမ်းလွဲတခုခုကို ပြုလုပ်လိုသည့် မသိစိတ်ဆန္ဒကို တွန်းအားပေးရန်ဖြစ်သည်။[vii]

မသိစိတ်ဆန္ဒတွန်းအား၏ ရည်ရွယ်ချက်သည်လည်း Real ကို ဖြေရှင်းရန်မဟုတ်ဘဲ စိတ်ဖြစ်စဉ် လမ်းလွဲဖို့သာ ဖြစ်သည်။ ထို့ကြောင့် ထွက်ပေါက်အမှန်ကို မတွေ့ပါ။ မှတ်တိုင်မရောက်ဘဲ ထိုမှတ်တိုင်ကိုသာ တဝဲလည်လည်ဖြင့် လည်ပတ်နေသလို ဖြစ်သည်။ မှတ်တိုင်မရောက်ဘဲ တဝဲလည်နေခြင်းသည် မအောင်မြင်ခြင်း ဖြစ်သည်။ သို့သော် ထိုမအောင်မြင်ခြင်းကပင်လျှင် သူ၏ အဓိက လုပ်ငန်းတာ၀န်ဖြစ်သည်။[viii]

အမှန်တကယ်အောင်မြင်မှုမရှိသော်လည်း တခုခုကို ဆက်လုပ်သည့် ဥပမာပြရမည်ဆိုလျှင် အမျိုးသား ရေးလှုပ်ရှားသူများသည် ပြည်သူများစား၀တ်နေရေး ကြပ်တည်းဒုက္ခရောက်စေသည့် စနစ်၏  ရက်စက်ကြမ်းကြုတ်မှုကို အဆုံးသတ်ရန် လက်တွေ့ကျသည့် ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ပါ။ သို့သော် အမျိုး ဘာသာသာသနာကို ကာကွယ်မည်ဟူသော ခေါင်းစဉ်ဖြင့် ဆက်လက်လှုပ်ရှားဆောင်ရွက်ရင်း အမုန်းတရားဖြင့် တဝဲလည်နေသည်။

အလားတူစွာပင် နိုင်ငံရေးအင်အားစုများသည် တပ်မတော်၏ပါဝါကိုထိန်းချုပ်ရန်နှင့် စနစ်/အတွေးအခေါ်၊ အုပ်ချုပ်ရေးယန္တရားများကို အခြေခံကျကျပြောင်းလဲတော်လှန်ရန်အစား ဒီမိုကရေစီရေး၊ ဖွဲ့ စည်းပုံ ပြောင်းလဲရေးတို့နှင့်ပတ်သက်သည့် မျှော်လင့်ချက်ဆန္ဒများနှင့် တ၀ဲလည်နေသည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင်လည်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း တိုင်းပြည်၏ အနာဂတ်ဖက်ဒရယ်စနစ်ဟု အာရုံထားဆွေးနွေးခဲ့သော ငြိမ်းချမ်းရေးအစည်းအဝေးများသည် Real ဟု ယူဆနိုင်သည့် လတ်တလော လူများစွာသေကြေပျက်စီးနေသော လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်သူများ၏ လုံခြုံရေး နှင့် နိစ္စဓူ၀ လူမှုစီးပွားရေး/စား၀တ်နေရေးကိစ္စများကို မဆွေးနွေးနိုင်ခဲ့ပါ။ ၂၁ ရာစု ပင်လုံညီလာခံလမ်းကြောင်း၏ ဖက်ဒရယ်အခြေခံမူဆွေးနွေးပွဲနားတွင် တဝဲလည်နေခဲ့သည်။

ဤအကြောင်းအရင်းများကြောင့်ပင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ လူနည်းစုအခွင့်အရေးများနှင့် ပတ်သက်ပြီး ပြောကြားချက်များသည် အမှန်တကယ်မူဝါဒများ၊ အစီအစဉ်များနှင့် ရလဒ်များမရှိခြင်းကို ကာကွယ်သည့်အနေဖြင့် ရည်မှန်းချက်ကို အသံကျယ်ချဲ့ထွင် ပြောဆိုသယောင် ဖြစ်နေသည်။ ထိုသို့ ကာ ကွယ်ရန်လိုအပ်နေသည်ဟု မသိစိတ်က တွန်းအားပေးသည်။ စိတ်ပညာရပ်တွင် ကာကွယ်ရေး ယန္တရား (Defense mechanism) ဟုခေါ်သည်။

ပြည်သူများ၏ လက်တွေ့ နေ့စဉ်ဘ၀ကို အမှန်တကယ်တိုးတက်စေမည့် နိုင်ငံရေးရလဒ်များမရရှိသော်လည်း ထိုပြည်သူများသည် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆက်လက်ထောက်ခံတတ်ကြသည်။ ဘာကြောင့်ပါလဲ။

 

(၄) ကျေနပ်နှစ်ခြိုက်ခံစားမှု

ပညာရှင် Jacques Lacan ၏ Jouissance နှင့် Slavoj Žižek ၏ Enjoyment အယူအဆများသည် ဤမေးခွန်းကိုစဉ်းစားရာတွင် အထောက်အကူပြုသည်။ “ကျေနပ်နှစ်ခြိုက်ခံစားမှု” ဟု ယျေဘုယျ သုံးနှုန်းပါမည်။

Lacan’s ၏ jouissance သည် ရိုးရိုးသာမန် စိတ်ကျေနပ်မှုမဟုတ်ပါ။ မှားယွင်းသော၊ အန္တရာယ်ရှိသော၊ မလုပ်အပ်ဟု တားမြစ်ထားသောအရာများကို လုပ်ခြင်းမှရရှိသော မသိစိတ်က စေ့ဆော်သည့် စိတ်လှုပ် ရှားကျေနပ်မှုမျိုးဖြစ်သည်။[ix] မိမိကိုယ်ကို နာကျင်စေမှုအပါအ၀င် နာကျင်မှုများမှ ရရှိလာသော (သမား ရိုးကျ) ပျော်ရွှင်မှုထက်သာကဲဆန်းပြားသော စိတ်ကျေနပ်မှုတမျိုးဖြစ်သည်။[x] နာကျင်မှုကို ခံစားနှစ်ခြိုက်မိခြင်းမျိုးလည်း ဟုတ်သည်။ ဥပမာ – မြန်မာပြည်တွင် လူကြိုက်များ နာမည်ကျော်ကြားသော သီချင်းအများစုမှာ အလွမ်းအဆွေးသီချင်းများ ဖြစ်သည်။ ရုပ်ရှင်ထဲတွင်လည်း ဇာတ်နာပြရခြင်းသည် သိသာမြင်သာသော အစိတ်အပိုင်းတခု ဖြစ်သည်။[xi]

နိုင်ငံရေးတွင်လည်း နာကျင်မှုကို ဂုဏ်ယူတတ်ကြသည်။ သာဓကအားဖြင့် နိုင်ငံကောင်းကျိုးအတွက် မိသားစုပြိုကွဲခြင်း၊ ထောင်ကျခြင်း၊ အသက်ပေးခဲ့ရခြင်းစသည့် နာကျင်စရာများအား  ဂုဏ်ယူသည်။ ထို စွန့်လွှတ်နာကျင်မှုများကို နိုင်ငံရေး အခြေခံအုတ်မြစ်ဟု သတ်မှတ်တတ်ကြသည်။ ထို့ကြောင့် ယခုကျရှုံး မှုသည် အနာဂတ်အောင်မြင်မှုအတွက်ဟူ၍ နားလည်ယုံကြည်ပြီးသားဖြစ်သည်။ နာကျင်မှုအား ခံစား တတ်သည့် အလေ့အထသည် အထာကျနေပြီးဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွင်း မဲဆွယ်စည်းရုံးမှုကိုလည်း သာဓကတခုအနေဖြင့် ရှုမြင်နိုင်သည်။ နိုင်ငံရေးပါတီများသည် ကိုဗစ် ကပ်ဘေးရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်ပြီး မဲဆွယ်သည်။ ပြည်သူများကလည်း ကိုယ့်ကျန်းမာရေး၊ လူထု လုံခြုံရေးအန္တရယ် ရှိတာ သိလျက် (မိမိကိုရော သူတပါးကိုရော နာကျင်စေနိုင်တာကို သိလျက်) စည်းကမ်းဖောက်ဖျက်ကာ မိမိတို့ ထောက်ခံရာပါတီအတွက် မဲဆွယ်ထွက်ကြသည်။ ထိုပါတီနှင့် ပါတီခေါင်းဆောင်များက ပေးထားသော ကတိကို အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသည်ကို သူတို့သိသည်။ သို့သော် အနာဂတ် ဆိုသည့် မျှော်လင့်ချက်အောက်တွင် ခေါင်းဆောင်များ၏ မအောင်မြင်မှုများကို သည်းခံပေးသည်သာမက စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများကိုလည်း လက်ခံပေးသည်။ မိမိတို့ခံစားရနိုင်သည့် ကိုဗစ် ကပ်ဘေးအန္တရာယ်များကိုလည်း လက်ခံပေးခဲ့သည်။

ဆောင်းပါးအစတွင် ဆွေးနွေးခဲ့သော ၀န်းရံပိတ်ဆို့မှုစိတ်ခံစားချက်နှင့် ချိတ်ဆက်ဆွေးနွေးပါမည်။

သူတပါးအကြောင်း အတင်းပြောခြင်းသည် မကောင်းသောကြောင့် မလုပ်သင့်မှန်း လူတိုင်းသိသည်။ သို့သော် နှစ်ခြိုက်ပျော်ရွှင်မှုအရသာပေးသည့်အတွက် အတင်းပြောကြသည်။[xii] မိမိအားနည်းချက်ကို ကာကွယ်လိုသောအခါ သူတပါးမကောင်းကြောင်းပြောခြင်းလည်း ဖြစ်နိုင်သည်။ သို့ရှိရာ သူတပါးအား လက်ညှိုးထိုးခြင်းသည် ကိုယ့်အားနည်းချက်အား ဖုံးကွယ်ရန်နှင့် ကိုယ့်ကိစ္စအစား တခြားအကြောင်းအရာသို့ လမ်းကြောင်းလွှဲခြင်းဖြစ်သည်။ တချိန်တည်းတွင် ထိုသို့လုပ်ခြင်းဖြင့် (သူတပါးအား နာကြင်စေခြင်း ဖြင့်) ခံစားနှစ်ခြိုက်မှုလည်း ရရှိလေသည်။ မိမိပြဿနာအရင်းကို မဖြေရှင်းဘဲ သူတပါးအား လက်ညှိုး ထိုးခြင်းကို ပိတ်ဆို့၀န်းရံခံရခြင်းစိတ်နှင့် ဆက်စပ်စဉ်းစားပါက လူမျိုးရေးမုန်းတီးမှုအခြေပြု အမျိုးသားရေးလှုပ်ရှားမှုသည် ဥပမာကောင်းတခုဖြစ်သည်။

လူမျိုးရေး မုန်းတီးမှု လှုပ်ရှားသူများသည် မိမိတို့အုပ်စုအကျိုးကိုဆောင်ရွက်နေကြောင်း သက်သေပြရန် အခြားအုပ်စုတခုခုအား ရန်သူအဖြစ်ပုံဖော်သည်။ ထိုသို့ပုံဖော်ရာတွင် ထိုအခြားအုပ်စုသည် မိမိတို့၏ ရပ်တည်မှုကိုခြောက်လှန့်နေသည်၊ မိမိတို့၏ သုခကို ခိုးယူနေသည်၊ ဖျက်ဆီးနေသည်၊ သူတို့ကြောင့် မိမိတို့အတွက် ပြည့်စုံမှုမရှိနိုင်သေးဟု ဆိုသည်။​ အမှန်မှာ ပြည့်စုံမှုမရှိခြင်း၊ အုပ်စုတွင်း စင်းလုံးချော ကွင်းဆက်ချိတ်နေမှုမရှိခြင်းတို့သည် အစကတည်းက သူ့ဟာသူ ဖြစ်နေတတ်သည် (အုပ်စုတစုအတွင်း ခြောက်ပစ်ကင်း သဲလည်းစင်အနေအထားသည် ဘယ်အုပ်စုတွင်မှ မရှိနိုင်ပါ)။ သို့သော် အခြား အုပ်စုအား လက်ညှိုးထိုးရမယ်ရှာလိုက်သောအခါ ကိုယ့်အတွင်းတွင် အလိုလိုအစကတည်းက ဖြစ်နေသည့် ပြဿနာအရင်းခံသည် အခြားအုပ်စု၏ အပြစ်အလား ဖြစ်သွားသည်။[xiii] ထိုအခြားအုပ်စုကို ကိုင်တွယ် လိုက်ပါက မိမိတို့ပြဿနာ ပြေလည်သွားမည်ဆိုသည့် စိတ်ကူးကြောင့်  (က) ပြဿနာသည် မိမိတို့ကြောင့်မဟုတ်သည့်အတွက် မိမိတို့တွင်အပြစ်မရှိဟုလည်းကောင်း၊ (ခ) ပြဿနာ မပြေလည်ပါက/ လိုချင်သည့်ရလဒ် ပေါ်မလာနေပါက မိမိတို့၏ ချို့တဲ့မှုကြောင့်မဟုတ်ဟု လည်းကောင်း စိတ်သက်သာရာ ရစေသည်။ အမှန်တကယ် ဖြစ်တည်မှု ပြဿနာသည်လည်း ဖုံးကွယ်ပြီးသားဖြစ်သွားသည်။ ထိုသို့ ဖုံး ကွယ်လိုက်မှတော့ ဖြေရှင်းစရာလည်းမလိုတော့ပေ။ မဖြေရှင်းသဖြင့် ပြဿနာသည်လည်း ရှိမြဲ ရှိနေမြဲ ဖြစ်ပြီး အမျိုးသားရေးသည်လည်း တဝဲလည်လည်ဖြစ်နေသည်။

အမျိုးသားရေးလှုပ်ရှားသူများသာ သူတပါးအားလက်ညှိုးထိုးခြင်းမဟုတ်ပါ။ မြန်မာ့လူ့အဖွဲ့အစည်းတွင် မိမိတို့၏ ပြသနာအရင်းခံများကို ဖြေရှင်းခြင်းမရှိဘဲ သူခိုးလူရိုးခြင်း၊ မြေနှိမ့်ရာလှံစိုက်ခြင်းများသည် ဓလေ့လိုဖြစ်နေသည်။ ချွင်းချက် အနေဖြင့်မဟုတ်၊ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေသည်။ အားလုံးက အားလုံး ကို လက်ညှိုးထိုးခြင်းကြောင့် လက်ညှိုးထိုးခြင်းသံသရာ ပတ်လည်ရိုက်နေသည်။ အားလုံးက ပိတ်ဆို့ ၀န်းရံခြင်းခံရသလို ခံစားကြရသည်။ မိမိတို့သာ နစ်နာသူများဟု ခံစားကြရသည်။ မိမိတို့က သူတပါးကို လက်ညှိုးထိုးနေသည့်တိုင် မိမိတို့သာ ခံစားနေရသူများဟု ထင်ကြသည်။ လက်ညှိုးထိုးရင်း အုပ်စု အဖွဲ့ တခုနှင့်တခုကြား မယုံကြည်မှုများတိုးပွားလာသည်။ သို့သော် Real ဖြစ်သည့် ပြသနာအမှန်များကို ဖြေ ရှင်းနိုင်ခြင်းမရှိပေ။

သူတပါးကို လက်ညှိုးထိုးနာကျင်အောင် ရမယ်ရှာခြင်းသည် မကောင်းမှန်း နားလည်ကြသည်။ သို့ သော် နာကျင်စေခြင်းဖြင့် နှစ်ခြိုက်ခံစားသည့် အလေ့အထကြောင့် အခြားအုပ်စုအား ရမယ်ရှာခြင်းသည် လက်ခံနိုင်စရာ ဖြစ်သွားသည်။ မသိစိတ်တွင် ကျေနပ်အားရစရာ ဖြစ်သွားတတ်လေသည်။

 

(၅)​ နိဂုံး

ပြန်ချုပ်ရလျှင် လူတို့သည် ခေါင်းဆောင်များ၊ ဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ချည်း ကပ်ရာတွင်   ပြသနာအရင်းများ မဖြေရှင်းနိုင်သော်လည်း (တနည်း – မအောင်မြင်သော်လည်း) ထိုခေါင်း ဆောင်များ၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးဖြစ်စဉ်များကို ဆက်လက် ထောက်ခံနေတတ်သည်။ အဘယ်ကြောင့်ဆိုသော်

  • ခေါင်းဆောင်များ၏ ကျရှုံးခြင်း (သို့မဟုတ်) မအောင်မြင်ခြင်းနှင့် မိမိတို့နစ်နာခြင်းတို့သည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆိုသည့် စိတ်ကူးမျှော်လင့်ချက်အတွက် ရင်းနှီးပေးဆပ်မှုဟု ခံစားနားလည်တတ်ကြသည်။
  • သူတပါးနာကျင်ခြင်းအပေါ် (မကောင်းဟု သာမန်နားလည်သော်လည်း) နှစ်ခြိုက်ခံစားတတ်ကြသည်။
  • စိတ်ကူးမျှော်လင့်ချက်ဆိုသော စိတ်ဖြစ်စဉ်သည် အမှန်တကယ် ပြဿနာများနှင့် ချို့တဲ့မှုများကို လမ်းလွဲပေး၊ ဖုံးကွယ်ပေးပြီး ပိုမိုကောင်းမွန်မည့် အနာဂတ်ဆိုသည့် မျှော်မှန်းချက်အောက်တွင် လူတို့သည် နာကျင်မှုများ၊ ချို့တဲ့မှုများကို လက်ခံနိုင်၊ နှစ် ခြိုက် ခံစားနိုင်ကြသည်။
  • နိုင်ငံရေးရွေးချယ်ရာတွင် လစ်ဗရယ်ဝါဒီများ ထောက်ပြသည့် လက်တွေ့အကျိုး စီးပွားအတွက် ကျိုးကြောင်း ဆီလျော်မှုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နာကျင်မှု၊ စည်းဖောက်မှု၊ ကျရှုံးမှု ကဲ့သို့ ဖြစ်စဉ်များမှရသော ပျော်ရွှင်နှစ်ခြိုက်မှုအပေါ် အခြေခံတတ်ခြင်း တို့ကြောင့် ဖြစ်သည်။​

ထိုကဲ့သို့သောဖြစ်စဉ်များကြောင့် ပညာရှင်အချို့က လူသားများကို ဆွဲဆောင်သည့်အရာမှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လက်တွေ့ လိုအပ်နေသောအရာများမဟုတ်ပဲ ပျော်ရွှင်မှုသုခ ဆိုသောအရာ ဖြစ်သည်ဟုဆိုသည်။[xiv] ဤရှုထောင့်မှစဉ်းစားပါက နိုင်ငံပြုပြင်ပြောင်းလဲရေးလှုပ်ရှားသူများ နှင့် အရပ်ဘက်အဖွဲ့အစည်းများသည် မိမိတို့ မဟာဗျူဟာကို အခြေခံကျကျ ပြန်လည်သုံးသပ်ရန် လိုအပ်လာမည် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်းတွင် ဒီမိုကရေစီတန်ဖိုး၊ လူ့အခွင့်အရေးတန်ဖိုး၊ တရားမျှတရေးတန်ဖိုး စသဖြင့် တန်ဖိုးအခြေပြုလှုပ်ရှားမှုများပေါ်လာသည်။ သို့သော် ပြည်သူလူထုသည် ထိုတန်ဖိုးများကို နှစ်သက် လိုက်နာရန်ထက် “ထိုတန်ဖိုးများကိုချိုးဖောက်ခြင်းနှင့် သူတပါးကို နာကျင်အောင် လုပ်ခြင်းမှ ရရှိသည့် အရသာကို ပိုမိုနှစ်သက်နေခဲ့သည် ရှိသော်” ဆိုသည့် မေးခွန်းကို စဉ်းစားရန် လိုအပ်သည်။ သက်တောင့် သက်သာမရှိလှသော မေးခွန်း၊ အပေါ်ယံကြည့်ပါက လက်တွေ့မကျသော မေးခွန်းဟုယူဆနိုင်သည်။ သို့သော် လူတဉီးချင်းစီနှင့် လူ့အဖွဲ့အစည်း၏ စိတ်ဖြစ်စဉ်သည် နက်ရှိုင်းနက်မှောင်သည်ဖြစ်၍ ထိုသက် တောင့်သက်သာမရှိလှသော မေးခွန်းသည် မေးကိုမေးရမည့် မေးခွန်းဖြစ်သည်။ အလားတူပင် အမှန်တကယ်ဖြစ်တည်မှု (Real) သို့မဟုတ် ချို့တဲ့မှုနှင့် စိတ်ကူးမျှော်လင့်မှုကို ကွဲကွဲ ပြားပြားမြင်နိုင်ရန် အရေးကြီးသည်။ မဟုတ်ပါက ခေါင်းဆောင်များနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များ၏ စိတ်ကူးမျှော်လင့်ချက်အား  လမ်းကြောင်းပြန်တည့်ပေးရမည့်အစား မိမိတို့ပါ ဆက်လက် လိုက်ပါဝဲလည်နေကြဦးမည်ဖြစ်သည်။​

 

ဒေါက်တာ စိုင်းလတ် သည် ကနေဒါနိုင်ငံ York University ရှိ အာရှလေ့လာရေးစင်တာ (YCAR) မှ Research Associate ဖြစ်သည်။

 

[i] Daniel Bar-Tal and Dikla Antebi, “Beliefs about Negative Intentions of the World: A Study of the Israeli Siege Mentality”, Political Psychology 1992 13(4): 633-645.

[ii] Johanna R. Vollhardt, “Inclusive Victim Consciousness in Advocacy, Social Movements, and Intergroup Relations: promises and Pitfalls, Social Issues and Policy Review, 2015 9(1): 89-120. 

[iii] Lionel Bailly, Lacan: Beginners Guides (London: One World Publications, 2009); Ian Kapoor, Confronting Desire: Psychoanalysis and International Development (Ithaca & London: Cornell University Press, 2020); Slavoj Žižek, How to read Lacan, (London: Granta Books, 2006).

[iv] Paul Kingsbury, “Did somebody say jouissance? On Slavoj Žižek, consumption, and nationalism,” Emotion, Space and Society, 2008 (1), 48-55.

[v] Žižek, 2006; Kapoor, 2020.

[vi] Kapoor, 2020.

[vii] Kapoor, 2020; Slavoj Žižek, 2006.

[viii] Kapoor, 2020.

[ix] Kapoor, 2020; Žižek, 2006.

[x] Kapoor 2020; Žižek 2006; Slavoj Žižek, For They Known What They Do: Enjoyment as a Political Factor, (New York: Verso, 2002).

[xi] Personal Communications with Ye Hein Aung (1 October 2020), author of the research report on discrimination in Myanmar Films “Tome Chin Mong Chin Thi Khan Par” August 2020.

[xii] Kapoor, 2020.

[xiii] Simone Clark, Social Theory, Psychoanalysis and Racism (Palgrave Macmillan, 2003).

[xiv] Todd McGowan, The End of Dissatisfaction? Jacques Lacan and the Emerging Society of Enjoyment (New York: State University, 2004).