မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ

Post By Bertil Lintner, On September 12, 2018

မြန်မာပြည်က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြဿနာ

■ ပြဿနာ

မြန်မာအစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်တွေအကြား ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်မှ ခရီးမရောက်ရတဲ့ အကြောင်းရင်းရှိပါတယ်။ အဲဒါကတော့ ဘက်နှစ်ဖက်လုံးကြားမှာ သူတို့ ဘာလိုချင်လဲဆိုတဲ့အပေါ် အခြေခံကျကျ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ အရင် ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အစိုးရရော လက်ရှိ ဒီချုပ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရကပါ မြန်မာပြည်က လက်နက်ကိုင် တိုင်းရင်းသား အင်အားစုအားလုံးကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပထမဆုံး ရေးထိုးပြီးမှ အစီအစဉ်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တိုက်တွန်း ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထား ရပ်တည်ချက်က ပိုပြီး ရှင်းလင်းပါတယ်။ သူတို့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက် စွန့်စေချင်တယ်။ အဖွဲ့အစည်း တစ်ခုချင်းစီအနေနဲ့ နိုင်ငံရေးပါတီတွေထောင်၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်၊ ရွေးကောက်ခံခဲ့ရရင် နိုင်ငံရေးပြဿနာတွေကို လွှတ်တော်တွင်းမှာပဲ ဆွေးနွေးစေချင်တယ်။ အဲဒီမူဝါဒ သဘောထားက DDR (Disarmament, Demovilisation and Reintegration) ဖြစ်ပါတယ်။ တနည်းအားဖြင့် လက်နက်စွန့်ရေး၊ တပ်ဖျက်သိမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးမီ နိုင်ငံရေး ဆွေးနွေးမှုတွေကို စချင်တယ်။ ပိုပြီး အရေးကြီးတာက သူတို့အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖက်ဒရယ်မြန်မာပြည် တည်ဆောက်ရေးရဲ့ ကနဦးခြေလှမ်းအဖြစ် ရှုမြင်ကြပါတယ်။ အဲဒီ ဖက်ဒရယ်ပုံစံဟာ မြန်မာနိုင်ငံမှာ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းခင် ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာမသိမ်းခင် အချိန်အထိ ရှိခဲ့ပါတယ်။

မည်သို့ပင် ဆိုစေကာမူ လက်ရှိ ဒီချုပ်အစိုးရနဲ့ ၂၀၁၅ခုနှစ် မတိုင်ခင် ပြည်ခိုင်ဖြိုးအစိုးရတို့ရဲ့ ကန့်လန့်ကာနောက်ကွယ်မှာ ရှိနေတဲ့ တပ်မတော်အနေနဲ့ ဖက်ဒရယ်မူကို တိုင်းပြည်ပြိုကွဲရေးဆီသွားရာ ကနဦးခြေလှမ်းအဖြစ် ရှုမြင်တယ်။ ဒါကြောင့်လည်း တပ်မတော်က ဖက်ဒရယ်မူကို လက်မခံပါဘူး။ နိုင်ငံရေး ပြဿနာတွေကို လွှတ်တော်တွင်းမှာ ဆွေးနွေးနိုင်သော်လည်း “ပြည်ထောင်စု မပြိုကွဲရေး”ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အခြေခံမူ ခြောက်ချက်ထဲက တစ်ချက်ဖြစ်နေတယ်။ တပ်မတော်က သူတို့အနေနဲ့ ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုကို လက်ခံတယ်လို့ ဆိုတယ်။ သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ် လက္ခဏာ တွေ ပါဝင်တယ်လို့ ဆိုပြန်တယ်။ တစ်ဆက်တည်း အရေးပါတဲ့ အင်အားစုများ (stakeholders) အကုန်လုံးအနေနဲ့ အခြေခံဥပဒေရဲ့ အချို့အပိုဒ်တွေနဲ့ နောက်ဆက်တွဲ ဇယားတွေကို လူမျိုးစု ပြည်နယ်တွေ အခွင့်အလမ်း ပိုမိုရရှိစေဖို့ ပြင်ဆင် အတည်ပြုရန်ဖြစ်တယ်လို့ ဆိုတယ်။ ဒါဟာ ၂၁ ရာစု ပင်လုံညီလာခံမှာ တပ်မတော်က တင်သွင်းခဲ့တဲ့ ရပ်တည်ချက် သဘောထား ဖြစ်ပါတယ်။

သို့သော်လည်း နှစ်ပေါင်းများစွာ အကြိမ်ကြိမ် မအောင်မြင်ခဲ့တဲ့ ချဉ်းကပ်မှု၊ တောင်းဆိုမှုတွေက ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ မြန်မာနိုင်ငံရဲ့ လူမျိးစုပြဿနာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာတွေကို ချုပ်ငြိမ်းစေဖို့ ချဉ်းကပ်မှုအသစ်တွေနဲ့ အဖြေရှာဖို့ တောင်းဆိုနေတာ ထင်ရှားပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုတွေက အခုချက်ချင်း စတင်ရမှာပါ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးမှ မဟုတ်ပါဘူး။ စကားပြောဆိုဖို့ ဆန္ဒကို ထုတ်ဖော်ပြသရမယ့်အစား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုပဲ လက်မှတ်ရေးထိုးဖို့ ပြောဆိုနေတဲ့ အဲဒီအပေါ်မှာပဲ ရပ်ခံနေတာဟာ “နွားရှေ့ ထွန်ကျူး”တဲ့သဘော ဖြစ်နေပါတယ်။ ဒီသဘောထားဟာ တစ်တိုင်းပြည်လုံး မဖြစ်မနေ တကယ်လိုအပ်နေတဲ့ အရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို သယ်ဆောင်နိုင်ဖို့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

■ “တိုင်းရင်းသား လူမျိုးစု” ၁၃၅ စု ဟူသည့် ယုံမှတ်မှားချက်

စစ်အစိုးရ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရ မည်သည့်အစိုးရ ဖြစ်စေ မြန်မာနိုင်ငံလို လူမျိုးစုတွေ ကွဲပြားလွန်းတဲ့နိုင်ငံကို တကယ်ပဲ အလုပ်ဖြစ်မယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဗဟိုအစိုးရ အာဏာအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ပထမဆုံး ရင်ဆိုင်ရမှာက တိုင်းပြည်တွင်းမှာ လူမျိုးစု ဘယ်နှစ်စု ရှိတယ်ဆိုတာပါ။ အာဏာပိုင်တွေ ပြောနေသလိုမျိုး လူမျိုး ၁၃၅ မျိုးဆိုတာ မဟုတ်ပါဘူး။ အဲဒီ ယုံမှတ်မှားမှုကို နိုင်ငံခြားနဲ့ အခြား သုတေသနသမားတွေက နောက်ခံအခြေအနေကို သေသေချာချာ မစူးစမ်းမလေ့လာဘဲ လက်ခံနေကြပါတယ်။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူမှုတွေနဲ့ လေ့လာမှုတွေရဲ့ ဖော်ပြချက်တွေကိုရောပေါ့။

သုတေသနသမားအချို့က ကိုလိုနီလက်ထက် လူမျိုး ၁၃၅ မျိုးရှိတယ်လို့ စာရင်းကောက်ယူထားမှုအပေါ် ရေရာမှုနည်းတဲ့ ကိုလိုနီခေတ် မှတ်တမ်းဟောင်းတွေကို ကိုးကား ရည်ညွှန်းကြပါတယ်။ အချို့ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ကိုကားပြီး အချို့က အဲဒီဥပဒေရဲ့ နည်းဥပဒေလို့ဆိုပြီး ထပ်ကွန့်ကြပြန်တယ်။ တကယ်တော့ ဘယ်ဗြိတိသျှ မှတ်တမ်းမှာမှ လူမျိုး ၁၃၅ မျိုးလို့ မှတ်တမ်း မတင်ခဲ့ပါဘူး။

ဗြိတိသျှ ကိုလိုနီခေတ်ရဲ့ နောက်ဆုံး သန်းခေါင်းစာရင်း ကောက်ယူမှုဖြစ်တဲ့ ၁၉၃၁ ခု အိန္ဒိယသန်းခေါင်စာရင်းမှာ တရုတ်နွယ်ဖွားနဲ့ အိန္ဒိယနွယ်ဖွား အပါအဝင် လူမျိုး ၂၀ ထက် မပိုခဲ့ပါဘူး (Bennison, 1993, p. 224) ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကရော အဲဒီဥပဒေရဲ့ နည်းဥပဒေတွေကရော မကြာခဏ ဖော်ပြနေသလို လူမျိုး ၁၃၅ မျိုးလို့ မဖော်ပြထားပါဘူး။ အမှန်တကယ်က ဒီဥပဒေနဲ့ နည်းဥပဒေတွေဟာ နိုင်ငံသား အမျိုးအစားတွေကို ခွဲခြားပြဆို ထားတာပါ။ ကောဇာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ တစ်နည်း ၁၈၂၃ မတိုင်ခင် ကတည်းက နိုင်ငံအတွင်း ဘယ်လိုဒေသမျိုးမှာမဆို အခြေချနေထိုင်ခဲ့ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခို်င်၊ ရှမ်းနဲ့ လူမျိုးစုတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်တယ်။ (မြန်မာနိုင်ငံသား ဥပဒေ-၁၉၈၂)။ ဒါ့အပြင် အဲဒီရှစ်မျိုးက ပြည်သူတွေရဲ့ နိုင်ငံသား ဖြစ်တည်မှုကို ပိုမိုသေချာစေဖို့ အခြားမှီတင်း နေထိုင်သူတွေအတွက် နိုင်ငံသားနဲ့ နိုင်ငံသားဖြစ်ခွင့် စည်းမျဉ်းတွေ ဥပဒေတွေကိုလည်း ပြဌာန်းထားပါတယ်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) အုပ်ချုပ်တဲ့ ၁၉၉၀ အစောပိုင်း ကာလတွေမှာ လူမျိုး ၁၃၅ မျိုး ရှိတယ်ဆိုတာကို ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဗြိတိသျှလူမျိုး မြန်မာ့ရေးရာကျွမ်းကျင်သူ မာတင်စမစ်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး (Ethnic Groups in Burma: Development, Democracy and Human Rights) ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ဲပြီး ၁၉၉၄ ခုနှစ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ “၁၉၈၈ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကိုယ်တိုင်ကိုက လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ ရည်ညွှန်းပါတယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ အထောက်အထားနဲ့ လူမျိုးတွေရဲ့ စာရင်းကိုတော့ မဖော်ပြပါဘူး”လို့ ရေးသားထားပါတယ် (Smith, 1994. p. 14)။

ပထမဆုံး လူမျိုး ၁၃၅ မျိုး ရှိတယ်ဆိုတဲ့ တရားဝင်မှတ်တမ်းကို ၁၉၉၁ ခုနှစ် သြဂုတ် ၇ ရက်ထုတ် လုပ်သားပြည်သူ့နေစဉ် သတင်းစာမှာပါတဲ့ တပ်မတော်အရာရှိကြီးတစ်ဦး ရေးသားတဲ့ ဆောင်းပါးမှာ တွေ့နိုင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုး နေထိုင်တယ်ဆိုတဲ့ အချက်က “လူမျိုးကြီး” အယူအဆကို အခြေခံထားပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အဟန့်အတား ဖြစ်စေပါတယ်။ “လူမျိုးကြီး အခြေခံပေါ်မှာ နိုင်ငံတော်ကို စုဖွဲ့မယ်ဆိုရင် တိုင်းပြည်တွင်းက လက်နက်ကိုင် ပုန်ကန်မှုတွေကို အဆုံးသတ်တာ မဖြစ်စေနိုင်ပါဘူး။ ဒီအယူအဆဟာ လူမျိုးရေးပြဿနာတွေကို ပိုမို ဆိုးရွားစေပါလိမ့်မယ်” (တပ်မတော်အရာရှိကြီး တစ်ဦး – ၁၉၉၁၊ စာမျက်နှာ ၅)။ ၂ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က သူရဲ့ ၁၉၉၁ ခုနှစ်က မိန့်ခွန်းတစ်ခုမှာ လူမျိုး ၁၃၅ မျိုးရှိတယ်လို့ ပထမအကြိမ် ဖော်ပြပြောဆို ခဲ့ပါတယ်။

တနည်းပြောရရင် ခွဲခြားပြီး အုပ်ချုပ်တဲ့ မူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အဓိကကျတဲ့ လူမျိုးစုကြီးတွေကို လူမျိုးငယ်ကလေးတွေ အများကြီးအဖြစ် ခွဲခြားပစ်လိုက်တာပါပဲ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှု မတိုင်ခင် အချိန်အထိ လူမျိုး ၁၃၅ မျိုးစာရင်းကို တရားဝင် ပြည့်ပြည့်စုံစုံ ထုတ်ပြန်တာ တကယ်တော့ မရှိခဲ့ပါဘူး။ တကယ်တော့ လူမျိုး ၁၃၅ မျိုးဆိုတဲ့ စာရင်းက အလုပ်ဖြစ်မယ့် ဖက်ဒရယ်အခြေခံ အယူအဆနောက်ကွယ်မှာ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်တာထက် လူမျိုးစုပြည်နယ်တွေအတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူမှုက ကွဲပြားခြားနားမှုတွေ ဖြစ်ပေါ်လာအောင် အားထုတ်တာလို့ ယူဆယုံကြည်စရာ ဖြစ်ပါတယ်။ လက်တွေ့မှာ လူမျိုးစု ၂၀ နဲ့ ၃၀ ကြားမှာပဲရှိတဲ့ နိုင်ငံတစ်ခုမှာ လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ ဖန်တီးယူရတဲ့အလုပ်ဟာ တကယ်တော့ အလွန်ကြီးလေးတဲ့ အလုပ်တာဝန်တစ်ခု ဖြစ်ခဲ့မှာသေချာပါတယ်။

စာရင်းအရ ကချင်ပြည်နယ်မှာ လူမျိုးစု ၁၂ စု၊ ကယားပြည်နယ်မှာ ၉ စု၊ ကရင်ပြည်နယ်မှာ ၁၁ စု၊ ချင်းမှာ လူမျိုးစု ၅၃ စု၊ ဗမာလူမျိုးစု ၉ စု၊ မွန်ပြည်နယ်မှာ လူမျိုးစု ၁ စု၊ ရခိုင်မှာ ၇ စုနဲ့ ရှမ်းပြည်နယ်မှာ ၃၃ စု ဖြစ်ပါတယ် (Government of the Union of Myanmar, n.d.)။ ဒါပေမဲ့ စာရင်းကို သေချာကြည့်ရင် တိုင်းလောင် (သို့) ရှမ်းကြီးကို နှစ်ခါဖော်ပြထားတာ တွေ့ရတယ်။ နေရာတစ်ခုမှာ “တိုင်းလောင်”လို့ ဖော်ပြထားပြီး အခြားနေရာ တစ်ခုမှာ ရှမ်းဘာသာစကားအရ “တိုင်းလောင်”နဲ့ တစ်ထပ်တည်း အဓိပ္ပာယ်တူတဲ့ “ရှမ်းကြီး”လို့ ဖော်ပြထားပြန်ပါတယ်။ ကချင်ပြည်နယ်မှာ “ခါးခူ”ဆိုတာ သီးခြားလူမျိုးတစ်မျိုး ဖြစ်လာရတယ်။ အမှန်တကယ်တော့ “ခါးခူ”ဆိုတာ မြစ်ရဲ့အညှာမှာ နေထိုင်တဲ့သူတွေကို ခေါ်ဆိုတာဖြစ်တယ်။ ဥပမာအားဖြင့် ဧရာဝတီမြစ်အစ မေခနဲ့ မလိခဆုံရာရဲ့အထက်မှာ နေထိုင်သူတွေကို ဆိုလိုပါတယ်။ “ဂေါရီ”ဆိုတာ ဆွေမျိုးစု တစ်စုသာဖြစ်ပေမဲ့ လူမျိုးစု တစ်ခုအဖြစ် စာရင်းမှာ သီးခြားဖော်ပြထားတယ်။ ချင်းပြည်နယ်မှာ လူမျိုး ၅၃ မျိုး ရှိတယ် ဆိုတာကလည်း ချင်းလူမျိုးတွေအကြား ပြောဆိုတဲ့ ဘာသာစကား ကွဲပြားခြားနားမှုအပေါ် မူတည်ပြီး စာရင်းပြုစုထားတာပါ။ အခြားလူမျိုးတွေရဲ့ စာရင်းကလည်း အလားတူ စိတ်ကူးကို အကောင်အထည် ဖော်ထားသလိုပါပဲ။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၁ ခုနှစ်က မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဟာ အကြောင်းရင်းတစ်ခုတည်းပဲ ရှိပါတယ်။ အဲဒါကတော့ ဂဏန်းတွေပါ “တစ်” ရယ် “သုံး” ရယ် “ငါး”ရယ် ပေါင်းရင် “ကိုး” ရပါတယ်။ “ကိုး”က တပ်မတော်ရဲ့ ကံကောင်းတဲ့ နံပါတ်ပါ။ အဲဒီ “ကိုး”ဂဏန်းက စည်းလုံးညီညွတ်မှုရဲ့ သင်္ကေတဖြစ်တယ်။ အတိတ်တုန်းက အဓိကကျတဲ့ အဆုံးအဖြတ်တွေကို “ကိုး”ဂဏန်း နေ့ရက်တွေမှာ ဒါမှမဟုတ် ဂဏန်းတွေပေါင်းရင် “ကိုး”ရတဲ့ ရက်တွေမှာ ချမှတ်လေ့ရှိတယ်။ ဥပမာ “တစ်”နဲ့ “ရှစ်” ပေါင်း “ကိုး” ၊ “နှစ်” နဲ့ “ခုနစ်” ပေါင်းရင် “ကိုး” စသည်ဖြင့်ပေါ့။

၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းတော့ စက်တင်ဘာ ၁၈ ရက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ချတာ ၁၉၈၉ ခုနှစ် ဇူလိုင် ၁၈ ရက်ပါ။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတာ မေ ၂၇ ရက်ပါ။ တစ်ခါက မြန်မာနိုင်ငံမှာ ၄၅ ကျပ်တန်၊ ၉၀ ကျပ်တန် ငွေစက္ကူတွေ ရှိခဲ့ပါတယ်။

၁၉၄၈ ခုနှစ် ဗြိတိသျှတွေဆီက လွတ်လပ်ရေး ရကတည်းက ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့နိုင်ငံ ၊ လူမျိုးစုတွေ အများကြီးနဲ့ ဒီမြန်မာနိုင်ငံမှာ ညီညွတ်ရေးကို တည်ဆောက်မယ်ဆိုရင် ဒီ ဂဏန်း သချာၤဗေဒတွေ၊ အတိတ်နမိတ် အစွဲအလန်းတွေနဲ့ ကျွန်တော်တို့ တည်ဆောက်လို့ မရနိုင်ပါဘူး။

ဒီနေ့ကမ္ဘာမှာ သက်တမ်းအရှည်ဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးစုပြဿနာကို သေသေချာချာ လေးလေးနက်နက် လေ့လာမယ်ဆိုရင် တရားဝင်ထုတ်ပြန်ထားတဲ့ လူမျိုး ၁၃၅ မျိုး ဆိုတာကို သုံးလို့ မရနိုင်ပါဘူး။ ပိုပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေ လိုအပ်ပါတယ်။ ဘာကြောင့် မအောင်မြင်ခဲ့ရသလဲ ဆိုတာကိုလည်း အသေအချာ လေ့လာစူးစမ်း ရပါလိမ့်မယ်။

■ ပင်လုံစာချုပ်နဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ လူမျိုးစု ၂၀ နဲ့ ၃၀ ဆိုတဲ့ မှတ်ယူမှုကသာလျှင် ဒီနိုင်ငံကို ညီညွတ်စေပြီး၊ တကယ်ပဲ အလုပ်ဖြစ်စေနိုင်ပါလိမ့်မယ်။ အမည်နာမ တစ်ခုခုက နိုင်ငံကို ဖော်ညွှန်းသင့်တယ် ဆိုရင် အဲဒီအချက်ကပင်လျှင် အခက်အခဲတွေအဖြစ် ရောင်ပြန်ဟပ်နေပါလိမ့်မယ်။ တပ်မတော်က သမိုင်းပညာရှင်တွေနဲ့ သုတေသနသမားအချို့က Burma (သို့) ဗမာဟာ ကိုလိုနီတွေ ပေးခဲ့တဲ့အမည်လို့ ဆိုပါတယ်။ မြန်မာက ပိုပြီး မူရင်းဖြစ်တယ်။ နောက်ပြီး တိုင်းပြည်ထဲက လူမျိုးစုအားလုံးကို ကိုယ်စားပြု ခေါ်ဆိုတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီစာရေးသူတွေ လက်ခံသလို မြန်မာကို ဗမာ (Burma) လို့ အမည်ပေးတာ ဗြိတိသျှတွေ မဟုတ်ပါ။ တစ်ချိန်က ဗြိတိသျှကိုလိုနီကို အင်္ဂလိပ်လို Burma (ဘားမား)လို့ ခေါ်ဆိုခဲ့ပြီး မြန်မာလို ဗမာ(သို့) မြန်မာလို့ ခေါ်ဆိုခဲ့ပါတယ်။ ဒီစကားလုံးနှစ်ခုရဲ့ ကွဲပြားခြားနားချက်နဲ့ ပတ်သက်တဲ့ အကောင်းဆုံး ရှင်းလင်းချက်ကိုတော့ အင်္ဂလိပ်-အင်ဒီယန်း စကားပြောဝေါဟာရနဲ့ စကားရပ် အသုံးအနှုန်းများဆိုတဲ့ ဟော့ဘ်ဆန်-ဂျွန်ဆင် (Hobson-Jobson) အဘိဓာန်မှာ တွေ့နိုင်ပါတယ်။ ဒီအဘိဓာန်ဟာ သမားရိုးကျ အဘိဓာန်တစ်ခု မဟုတ်ပေမဲ့ အလွန်အသုံးဝင်တဲ့ သတင်းရင်းမြစ် ဖြစ်ပါတယ်။ ဘားမား (Burma) ဆိုသည့် အမည်နာမသည် မြန်မာလူမျိုးများ၏ အမျိုးသားရေးအမည် ဖြစ်သည်။ မရမ်(မြန်)မာမှ ဆင်းသက်လာခြင်း ဖြစ်ပြီး ယေဘုယျအားဖြင့် လေးလေးနက်နက် တရားဝင် ပြောဆိုသုံးနှုန်းခြင်း မဟုတ်လျှင် ဗမ်(ဗ)မာဟု အသံထွက်သည် (Yule, Burnell & Crooke, 1979. p 131)။

အမည်နာမ နှစ်မျိုးစလုံးကို သမိုင်းတလျှောက် သူ့နေရာနှင့်သူ သုံးစွဲခဲ့တာပါ။ ဗမာကို အရပ်သုံး စကားပြောဆိုမှုများမှာ သုံးစွဲပြီး “မြန်မာ”ဆိုတာကို တရားဝင် ရေးသားပြောဆိုသောအခါ သုံးစွဲပါတယ်။

မြန်မာစာပေ (ဘာသာ) ကော်မရှင်က တင်ပြတဲ့ Burma (ဗမာ-ဘားမား)သည် ဗမာပြည် အလယ်ပိုင်း မြေပြန့်ဒေသများတွင် နေထိုင်သူများကိုသာ ဆိုလိုပြီး၊ မြန်မာဆိုသည်မှာ ဗမာ အပါအဝင် အခြားလူမျိုးအားလုံးကို ဆိုလိုသည်ဟု ဆိုထားပါတယ်။ တစ်ခုတည်းသော မြန်မာသည် မည်သို့ဖြစ်နိုင်ပါမည်နည်း။ တရားဝင် မြန်မာ-အင်္ဂလိပ် အဘိဓာန်ကလည်း မြန်မာအက္ခရာ (ဝေါဟာရ၊ စကားလုံး) လို့သာ ဖော်ပြထားပါတယ်။ သေချာတာကတော့ Burma (ဘားမား/ဗမာ)နဲ့ မြန်မာ၊ ဗမာလူမျိုးနှင့် မြန်မာလူမျိုး အတူတူပင်ဖြစ်တာ အလွန်သေချာပါတယ်။ မြန်မာဆိုတာ ဗမာဆိုတဲ့ ဝေါဟာရထက် ပိုပြီး လက်ရှိပြည်ထောင်စုအတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုနိုင်တယ်လို့ ပြောဆိုရင် ငြင်းချက်ထုတ်နိုင်ဖို့ ဆိုတာ ခက်ပါလိမ့်မယ်။

ဗမာ – မြန်မာ ဝေါဟာရ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှု တစ်ခုဖြစ်တာ ကြာပါပြီ။ ၁၉၃၀ ပြည့်နှစ်တဝိုက်က လွတ်လပ်ရေး လှုပ်ရှားမှုတွေ အခြေတည်တော့ မျိုးချစ်လူငယ်တွေကြားမှာ တိုင်းပြည်ရဲ့ နာမည်ကို ဘယ်လိုခေါ်သင့်သလဲ ဆိုတဲ့ အချေအတင် ဆွေးနွေးမှုတစ်ရပ် ရှိခဲ့ပါတယ်။ ဗမာ-မြန်မာနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ မျိုးချစ်တွေက ဒို့မြန်မာအစည်းအရုံးလို့ မခေါ်ဆိုပဲ တို့ဗမာအစည်းအရုံးလို့ ခေါ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မျိုးချစ်တွေဟာ ဒို့ဗမာအစည်းအရုံး စတင်တည်ထောင်စဉ်က တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသား လူမျိုးအသီးသီးရဲ့ ညီညွတ်မှုကို အာရုံစိုက်ခဲ့ကြတယ်။ ဒါ့အပြင် သခင်တွေ (မြန်မာမျိုးချစ်) များက မြန်မာဆိုတာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခု၊ မြန်မာပြည်သူတွေ နေထိုင်တဲ့ ဒေသပဲ ဆိုတာကို သတိပြုမိခဲ့ကြပါတယ်။ ဒါက ဗမာပဒေသရာဇ်တွေ သူတို့နိုင်ငံကို ပေးခဲ့တဲ့ အမည်ဖြစ်ပါတယ်။ ဗမာနိုင်ငံဆိုတာ မြန်မာလူမျိုးတွေချည်း နေထိုင်တဲ့ တိုင်းပြည် မဟုတ်ဘူး။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသဖြင့် ကွဲပြားခြားနားတဲ့ လူမျိုးပေါင်းများစွာ ဒီတိုင်းပြည်မှာ နေထိုင်ကြပါတယ်။ ဒါ့ကြောင့် သခင်တွေက မြန်မာနိုင်ငံဆိုတဲ့ အသုံးအနှုန်းကို မသုံးပဲ ဗမာနိုင်ငံလို့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။ ဗမာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအားလုံးကို ဗမာလို့ခေါ်တာဟာ မှန်ကန်တဲ့ အသုံးအနှုန်း ဖြစ်ပါလိမ့်မယ် (တို့ဗမာအစည်းအရုံး၊ ၁၉၇၆၊ စာ ၂၁၅)။

ဒါကြောင့်လည်း ဒီ လွတ်လပ်ရေး ကြိုးပမ်းမှုက တို့မြန်မာအစည်းအရုံး မဟုတ်ဘဲ “တို့ဗမာအစည်းအရုံး” ဖြစ်လာတာ ဖြစ်တယ်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီထုတ် ဂါးဒီးယန်း(မြန်မာ) မှာ ကောက်ချက် ချထားတာက “မြန်မာဆိုတဲ့ ဝေါဟာရဟာ မြန်မာလူမျိုးများကိုပဲ ဆိုလိုပြီး ဗမာဆိုတာက ဌာနေလူမျိုး အားလုံးကို ဆိုတယ်”လို့ ဖော်ပြထားပါတယ်။

၁၉၈၉ ခုနှစ် မေမှာ စစ်အစိုးရက လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သခင်တွေရဲ့ အယူအဆနဲ့ ပြောင်းပြန်ဟာ အမှန်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး တိုင်းပြည်ရဲ့ အင်္ဂလိပ်လို အမည်နာမ (Burma) ကို မြန်မာလို့ ပြောင်းလဲခဲ့တယ်။ သို့သော်လည်း ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက တိုင်းပြည်ရဲ့ တရားဝင်နာမည်ကို မြန်မာနိုင်ငံအဖြစ် သုံးခဲ့တယ်။ ခါးသီးတဲ့ အမှန်တရားကတော့ ဗမာ – မြန်မာ နဲ့ တိုင်းရင်းသား လူမျိုးစုတွေကို လွှမ်းခြုံတဲ့ အသုံးအနှုန်းဝေါဟာရ၊ လက္ခဏာကို ဗြိတိသျှတွေ မြန်မာပြည်ကို ရောက်မလာခင် အချိန်ကတည်းက ဗမာဘာသာစကားမှာရော တခြား ဘာသာစကားတွေမှာပါ မတွေ့ရတာဘဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံနဲ့ သူရဲ့ နယ်နမိတ်ဟာ ဗြိတိသျှတွေ ဖန်တီးခဲ့တာဖြစ်တယ်။ အစိုးရ အဆက်ဆက်က အဲဒီ ရှုပ်ရှုပ်ထွေးထွေး အထိမ်းအမှတ်လက္ခဏာကို အမွေဆက်ခံခဲ့ပါတယ်။ အခုအချိန်ထိလည်း အားလုံးက လက်ခံတဲ့ ဘုံအမျိုးသားရေး လက္ခဏာကို ရှာဖွေဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့တရားဝင် အမည်နာမကို ပြောင်းလဲခြင်းက အပြောင်းအလဲတစ်ခု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဘုံအမျိုးသားရေးလက္ခဏာလည်း ရနိုင်လိမ့်မယ် မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ လက်ရှိ အမည်နာမ ပြောင်းလဲတာတွေအတွက် အခြားတိုင်းတာ တွက်ချက်ရမှာတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ တိုင်းပြည်ရဲ့ အမည်နာမကိုသာ ပြောင်းလဲတာ မဟုတ်ဘဲ မြို့တော်ရဲ့ အမည်ကိုလည်း (Rangoon) အင်္ဂလိပ် အသံထွက်ကနေ မြန်မာအသံထွက်အတိုင်း ရန်ကုန် (Yangon) လို့ ပြောင်းလဲခဲ့ပါတယ်။ အချို့ လူနည်းစု ဒေသတွေမှာ အမည်သစ်တွေကိုလည်း ပြောင်းလဲ မှည့်ခေါ်ခဲ့တယ်။ အဲဒါကတော့ တကယ့် အပြောင်းအလဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ဥပမာအချို့ ပေးချင်ပါတယ်။ ဆီပေါ (Hsipaw) ကနေ သီပေါ (Thibaw) အဖြစ် ပြောင်းလဲခဲ့တယ်။ စဲန်ဝီ (Hseinwi) ကနေ သိန္ဒီ (Theinli) သို့မဟုတ် သိန်လီ (Thinli) လို့ ပြောင်း တယ်။ ကဲန်းတုံ (Kengtung) ကနေ ကျိုင်းတုံ (Kyington) လို့ ပြောင်းတယ်။ မွန်းဆူ (Mong Hsu) ကနေ မိုင်းရှုး (Maing Shu) လို့ ပြောင်းတယ်။ လိုင်ခါး (Lai Hka) ကနေ လဲချား (Laycha) လို့ ပြောင်းပြန်တယ်။ ပန်တာရာ (Pangtara) ကို ပင်းတယ (Pindaya)၊ လော့ဆော့ (Lawswak) ကနေ ရပ်စောက် (Yat Sauk) လို့ ပြောင်းတယ်။ စသည်ဖြင့်ပေါ့။

ပြဿနာက မူလ ရှမ်းလို အမည်နာမတွေမှာ အဓိပ္ပာယ်အသီးသီး ရှိကြတယ်။ နာမည်သစ်တွေက မူလအမည်တွေကို ဗမာမှု ပြုထားတာဖြစ်ပြီး ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဒီအချက်က အမည်နာမ ပြောင်းလဲမှုတွေဟာ အများစု မြန်မာတွေကိုသာ ကိုယ်စားပြုတာ မဟုတ်ဘဲ အားလုံးကို ဌာနေသဘောဆောင်အောင် မူရင်းဖြစ်အောင် ကြိုးစားတာဆိုတဲ့အဆိုကို သေးသိမ်စေပါတယ်။ ဒါကို ဂုစတပ်ဖ် ဟော့မဲန်း (Gustaaj Houtman) ဆိုတဲ့ ဒတ်ချ်လူမျိုး မြန်မာရေးရာ ပညာရှင်က မြန်မာမှုပြုခြင်း (Myanmafication) လို့ အသုံးပြုခဲ့ပါတယ်။ ကွဲပြားခြားနားမှုတွေကို စုစည်းတဲ့ အဲဒီ ဗဟိုကချမှတ်တဲ့ လုပ်ငန်းစဉ်ကို လွတ်လပ်ရေးရပြီး လူမျိုးစုတွေ ကွဲပြားခြားနားတဲ့ အမျိုးသားနိုင်ငံတော် အဖြစ် ပုံဖော်ဖို့ ရည်ရွယ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရည်မှန်းချက်နဲ့ ဆက်စပ်ပေးခဲ့တယ်။ ထပ်တူပြုခဲ့တယ် (Houtman, 1999) ။ အချို့ကတော့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လူမျိုးလက္ခဏာတွေကို ဖျက်သိမ်းတာ၊ တစ်တိုင်း ပြည်လုံးကို ဗမာမှုပြုဖို့ အစီအစဉ်တကျ ကြိုးစားဆောင်ရွက်တာလို့ ဆိုပါတယ်။

၁၉၄၇ ခုနှစ် ဇန်နဝါရီတုန်းက ဗြိတိသျှ အာဏာပိုင်တွေ တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့တော့ မတူကွဲပြားခြားနားမှုတွေထဲက ညီညွတ်မှု၊ စုစည်းမှု အခြေခံ အယူအဆဟာ လက်တွေ့ အကောင်အထည် ပေါ်လာပါတယ်။ ဒီကော်မတီက များပြားလှတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တယ်။ တစ်နှစ်ခွဲလောက် အကြာမှာတော့ တိုင်းပြုပြည်ပြုလွှတ်တော်ကို လုပ်ကိုင်နိုင်ခဲ့ပြီး ဖယ်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအသစ်နဲ့ တိုင်းပြည်ကို လွတ်လပ်ရေး ကြေညာနိုင်ခဲ့ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ ဦးအောင်ဆန်းနဲ့အတူ ၁၉၄၇ ခုနှစ်မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးတော့ အုပ်ချုပ်ရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရှိစေရမယ် ဆိုတာကို မူအရ လက်ခံတယ်လို့ အတိအလင်း ဖော်ပြခဲ့တာဖြစ်တယ်။ ဒါဟာ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို ထူထောင်ဖို့ အခြေခံမူဖြစ်တယ်။ ဒါကသာလျှင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်တည်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့၊ တိုင်းပြည်တွင်းက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တစ်ခုတည်းသော ချဉ်းကပ်ဖြေရှင်းရမယ့် နည်းလမ်းဖြစ်တယ်။

၁၉၄၇ ခုနှစ် လုပ်ထုံးလုပ်နည်းတွေက ၂၀၁၆ ခုနှစ်မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒုတိအကြိမ် ပင်လုံဖြစ်စဉ်နဲ့တော့ ကွဲပြားခြားနားတယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်တယ်။ ၁၉၄၇ ခုနှစ်တုန်းက နိုင်ငံရေး ပြောဆိုဆွေးနွေးမှုတွေက ပထမဖြစ်တယ်။ ခံစားချက်တွေ၊ တောင်းဆိုမှုတွေ ကြားရပြီးမှ သဘောတူညီမှုကို ရခဲ့ပါတယ်။ နောက်ဆုံးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုတယ်။ အခုအခြေအနေမှာ တိုင်းရင်းသား ကိုယ်စားလှယ်တွေက စာချုပ်တစ်ခုကို ပထမဆုံး လက်မှတ်ထိုးရမယ်လို့ မျှော်လင့်နိုင်တယ်။ ပြီးမှ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမယ်။ ဒီဖြစ်စဉ်မှာပါဝင်တဲ့ တပ်မတော်က ဆွေးနွေးပွဲတွေ မစခင် အဖွဲ့အစည်းအသီးသီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံဖို့ တောင်းဆိုတယ်။ လူမျိုးစုခေါင်းဆောင် အတော်များများအနေနဲ့ ဒါဟာ သူတို့အနေနဲ့ ခြေချော်မကျသင့်တဲ့ ထောင်ချောက်အဖြစ် ရူမြင်ကြပါတယ်။

အဆုံးစွန်ဆုံးသော လွဲချော်မှုက ၂၀၁၁ ခုနှစ် မတ်မှာ ဦးသိန်းစိန်အစိုးရ အာဏာရလာပြီးကတည်းက ဒီဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေကို မြန်မာနိုင်ငံအနေနဲ့ ကြုံတွေ့နေရတာပါပဲ။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာကို စတင်လိုက်ပါသေးတယ်။ တိုက်ပွဲအများစုဟာ ကချင်ပြည်နယ်တွေနဲ့ မြောက်ပိုင်း ရှမ်းပြည်တွေမှာ ဖြစ်ပေါ်ခဲ့ပြီး ရခိုင်နဲ့ ကရင်ပြည်နယ်တွေမှာလည်း ကြိုကြားကြိုကြား ထိတွေ့မှုတွေ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွေမှာ တပ်မတော်က ကရင်နဲ့ ကွန်မြူနစ်အင်အားစုတွေကို ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နွှဲပြီးကတည်းက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ပြင်းပြင်းထန်ထန် မဟုတ်တော့ဘဲ အရှိန်လျော့ကျခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစု ပြဿနာတွေအကြောင်း လုံးဝမသိတဲ့ ဒါမှမဟုတ် နည်းနည်းပဲသိတဲ့ နိုင်ငံခြားက ငြိမ်းချမ်းရေး တည်ဆောက်သူတွေရဲ့ လှုပ်ရှားဆောင်ရွက်မှု ပါဝင်လာတာကလွဲလို့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူူးလို့ ထင်ရပါတယ်။ သူတို့က မြန်မာပြည်ရဲ့ တိုင်းရင်းသားလူမျိုးစု ပဋိပက္ခတွေထဲက အဓိကဇာတ်ကောင်တွေကို မြောက်အိုင်ယာလန်က အခြေအနေတွေ၊ ကိုလံဘီယာနဲ့ တောင်အာဖရိကက အခြေအနေတွေကို လေ့လာနိုင်ဖို့ ဖောဖောသီသီ ရက်ရက်ရောရော ငွေကြေးထောက်ပံ့ပေးပြီး သွားရောက် လေ့လာခိုင်းပါတယ်။ မြန်မာပြည်က ဆယ်စုနှစ်နဲ့ချီတဲ့ လူမျိုးစုနဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ လုံးဝမတူတဲ့ ဒါမှမဟုတ် နည်းနည်းပဲဆင်တဲ့ အခြားနိုင်ငံတွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာမယ့်အစား ကိုယ့်နိုင်ငံထဲက အတိတ်က ငြိမ်းချမ်းရေးကြိုးပမ်းခဲ့တဲ့ အတွေ့အကြုံတွေ၊ ဘာကြောင့် အဲဒီကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့တာလဲ၊ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို ဘာကြောင့် သယ်ဆောင်မပေးနိုင်တာလဲ ဆိုတာကို လေ့လာမယ်ဆိုရင် ပိုပြီး အကျိုးဖြစ်ထွန်းနိုင်ပါတယ်။

၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းဟာ ရွေးကောက်ခံ ဦးနုအစိုးရဆီက အာဏာကို လွှဲပြောင်းရယူပြီး တပ်မတော်က ချုပ်ကိုင်တဲ့ ကြားဖြတ်အစိုးရကို ဖွဲ့စည်းခဲ့တယ်။ အချို့သော ကွန်မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေဟာ တရားမဝင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတဲ့အပေါ် လက်နက်ချခဲ့ကြတယ်။ ဘယ်လို နိုင်ငံရေးအရ လျှော့ပေါ့မှုကိုမှ မလုပ်ကိုင်ခဲ့ပါဘူး။ တချို့က စီးပွားရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်သွားတယ်။ ၁၉၆၂ ခုနှစ် မတ်လမှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာအရပ်ရပ်ကို ချုပ်ကိုင်လိုက်တဲ့အခါ စစ်အစိုးရသစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို သေသေချာချာ ပြုလုပ်မယ်ဆိုပြီး ကတိပြုခဲ့တယ်။ ဒီဆွေးနွေးပွဲတွေကို ၁၉၆၃ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုနဲ့ နိုင်ငံရေးသူပုန် အမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ အုပ်ချုပ်သူ စစ်အစိုးရက “ပြန်လည်ထူထောင်ရေး” ဆိုတာကလွဲလို့ ဘာနိုင်ငံရေးကိုမှ ပေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ လက်နက်ချဖို့ပဲ တောင်းဆိုခဲ့တယ်။

အံသြဖွယ်မဟုတ်တဲ့ အချက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ခဲ့ပါတယ်။ အချို့ လက်နက်ကိုင်အဖွဲ့ အသစ်အဟောင်းတွေဟာ ကာကွယ်ရေးတပ်ဖွဲ့ (KKY) တွေ ဖြစ်ကုန်တယ်။ ဒါပေမယ့် ဗဟိုက အရာရှိတွေမှာ သူတို့ကိုပေးဖို့ ငွေရေးကြေးရေး မလုံလောက်ဘူး။ ဒါ့ကြောင့် ဘိန်းကုန်ကူးတဲ့ လုပ်ငန်းကို ခွင့်ပြုခဲ့ပါတယ်။ သူတို့ဘာသာသူတို့ ရပ်တည်နိုင်ဖို့ပါပဲ။ လော်စစ်ဟန် နဲ့ ကျန်းကျီဖူး (ခွန်ဆာ) တို့ဟာ အစိုးရရဲ့မိတ်ဆွေ ကာကွယ်ရေးတပ်တွေရဲ့ စစ်ဦးစီးတွေ ဖြစ်လာကြတယ်။ အကျိုးရလဒ်အဖြစ် သူတို့ဟာ အင်မတန် ထင်ရှားကျော်ကြားတဲ့ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်သူတွေ ဖြစ်လာပါတယ်။ သူတို့ကိုယ်တိုင် ဘိန်းတွေကို ထိုင်းနယ်စပ်အထိ ပို့ဆောင်ရမှာ ဖြစ်တဲ့အတွက် ရှမ်းပြည်ထဲက လက်နက်ကိုင်အဖွဲ့အချို့နဲ့ ဆက်စပ်မိတဲ့အခါ သူတို့ အဖမ်းခံခဲ့ရတယ်။

ကာကွယ်ရေးတပ်ဖွဲ့စီမံချက်ကို ၁၉၇၃ ခုနှစ် ဇန်နဝါရီမှာ ဖျက်သိမ်းခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့အစား “ပြည်သူ့စစ်”လို့ခေါ်တဲ့ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖွဲ့စည်းတယ်။ သူတို့ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေထက် အရွယ်အစား ငယ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ထိန်းချုပ်ဖို့ ပိုမိုလွယ်ကူပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ အစိုးရက သူပုန်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပါတယ်။ တရားဝင်စာရင်းအရ သူပုန် ၁၄၃၁ ယောက် လက်နက်ချခဲ့ပါတယ်။ ဒီစာရင်းဟာ ချဲ့ကားထားတာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ သို့သော်လည်း ဒီလွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ အခြေပြုတဲ့ ဝန်ကြီးချုပ်ဟောင်းဦးနု ခေါင်းဆောင်တဲ့ (ဗမာ) လက်ယာပုန်ကန် လှုပ်ရှားမှုကို အဆုံးသတ်စေခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကချင်လွတ်မြောက်ရေး တပ်မတော်တို့နဲ့ သီးခြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲတွေဟာ လအချို့ ကြာမြင့်ခဲ့တယ်။ ဒါပေမဲ့ အစိုးရက “ပြန်လည်ထူထောင်ရေး (ပြန်လည်နေရာချထားရေး)”ကို လက်နက်ချရေးနဲ့ လဲလှယ်ဖို့ ကမ်းလှမ်းခဲ့တယ်။ ပြောဖို့တောင် မလိုတဲ့အချက်ကတော့ ဒီဆွေးနွေးပွဲတွေလည်း ပျက်သွားခဲ့ရပါတယ်။

၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီးအပြီးမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော မြို့ပေါ်က အစိုးရဆန့်ကျင်သူတွေက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တခြား လူမျိုးစုလက်နက်ကိုင်တွေဆီ ရောက်လာ ဆက်စပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေဟာ မြန်မာတက်ကြွလှုပ်ရှားသူတွေကို တပ်ဆင်ပေးဖို့ လက်နက်အနည်းငယ်သာ ရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့ပေးခဲ့လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဂိုထောင်တွေထဲမှာ လက်နက်အပြည့် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အနည်းငယ်သာ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်တဲ့ ဒေသကို ရောက်သွားခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ် မတ်-ဧပြီမှာ အခြေအနေတွေ ပြောင်းလဲသွားခဲ့တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တောင်ပေါ်သား အရာရှိနဲ့ ရဲဘော်တွေက ပါတီမှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်တဲ့ ဗမာခေါင်းဆောင်မှုကို ပုန်ကန် တော်လှန်ခဲ့ကြပါတယ်။ အကျိုးဆက်ကတော့ ဗမာပြည် ကွန်မြူနစ်ပါတီဟာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ လေးခုအဖြစ် ကွဲပြားသွားပါတယ်။ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ဝသပ)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ် (မိုင်းလားအဖွဲ့-NDAA)၊ ကိုးကန့်ဒေသမှာ အခြေစိုက်တဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်ပြည်နယ်က ဒီမိုကရေစီသစ်တပ်မတော်(ကချင် NDA-K) တို့ ဖြစ်ပါတယ်။

နယ်စပ်ဒေသတွေရဲ့ အခြေအနေသစ်တွေနဲ့အတူ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ မဟာမိတ် တပ်ပေါင်းစုရဲ့ တကယ့်အ္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ သို့သော်လည်း တပ်မတော်အနေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လူမျိုးစုနဲ့ မြို့ပေါ်က အစိုးရဆန့်ကျင်သူတွေရဲ့ လျော့ရဲတဲ့ တပ်ပေါင်းစုတွေထက်စာရင် ပိုပြီး လျင်လျင်မြန်မြန်နဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး အခြေအနေသစ်တွေကို တုံ့ပြန်နိုင်ခဲ့ကြပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီကို ပုန်ကန်ခဲ့တဲ့သူတွေကို အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး အကန့်အသတ်မရှိတဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ကတိကဝတ်ပြု ပေးအပ်ခဲ့ပါတယ်။ အကျိုးဆက်က ဗမာပြည်ကွန်မြူနစ်ပါတီဟောင်းရဲ့ အင်အားစု လေးခုက အစိုးရနဲ့ ငြိမ်းချမ်းရေး ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသက ခြိမ်းခြောက်မှုတွေရဲ့ အ္တရာယ်ကို ကင်းအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်အတွက် နောက်ဆက်တွဲ အကျိုးရလဒ်တွေကတော့ ဘေးအန္တရာယ် အလွန်ကြီးတဲ့ အခြေအနေကိုရောက်ဖို့ ဖြစ်လာပါတယ်။ အရှေ့မြောက် နယ်ခြားဒေသက စီးပွားရေးလုပ်ငန်းတွေဆိုတာဟာ ဘိန်းနဲ့ ဘိန်းကနေ ချက်လုပ်တဲ့ ဘိန်းဖြူထုတ်လုပ်ရေး ဖြစ်လာပါတယ်။ ရလဒ်အနေနဲ့ အဲဒီဒေသတွေမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေဟာ ၁၉၈၈ ခုနှစ်မှာ ဟက်တာ ၁၀၃,၂၀၀ ကနေ ၁၉၉၁ ခုနှစ်မှာ ဟက်တာ ၁၆၁,၀၁၂ ဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံရဲ့ တရားဝင် စာရင်းထုတ်ပြန်မှုအရ ဒီကာလအတွင်းမှာ ဘိန်းဖြူထုတ်လုပ်မှုဟာ ၆၈ တန်ကနေ ၁၈၅ တန်အထိ မြင့်တက်သွားတယ်။ အဲဒီအထဲက ၁၈၈ ဒဿမ ၅ တန်ဟာ ပြည်ပကို တင်ပို့ဖို့ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ကျဆုံးသွားမှုနဲ့အတူ မဟာမိတ် တပ်ပေါင်းစုတွေဖွဲ့ဖို့ မအောင်မြင်ခဲ့တဲ့အတွက် ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းတွေမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့ကြီး အဖွဲ့ငယ် နှစ်ဒါဇင်လောက် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီ လက်နက်ကိုင်အုပ်စု အများအပြားဟာ သစ်ထုတ်လုပ်ရေးတွေမှာ ပါဝင်ခဲ့တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့ ကျယ်ပြန့်တဲ့ ဒေသတွေမှာ သစ်တောတွေဟာ တောပြုန်းအောင် ခုတ်ယူခံလိုက်ကြရသလို သစ်တွေကို တရုတ်သို့ တင်ပို့ရောင်းချခဲ့ကြပါတယ်။

ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ ဘာမှဖြစ်မလာခဲ့ပါဘူး။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရဲ့ တိုင်းပြည်ကို ချောက်ထဲကျစေမယ့် မူဝါဒ သဘောထားကို ဆက်လက် အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအချိန်က သဘောတူညီခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အကုန်လုံးကို စစ်အစိုးရက အကောင်အထည်ဖော်တာတော့ မဟုတ်ပါဘူး။ အမှန်တကယ်တော့ ၁၉၉၄ ခုနှစ်ကျမှ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ (ယခင် သဘောတူညီမှု အားလုံးဟာ နှုတ်ဖြင့် သဘောတူညီခြင်းသာ ဖြစ်ပါတယ်) ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ၂၀၁၁ ခုနှစ်မှာ ပြင်းထန်ရက်စက်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဲပြီး အခုထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ ရှမ်းပြည်တပ်မတော်နဲ့လည်း ကချင်တိုက်ပွဲတွေ ဖြစ်ပြီး မကြာခင်မှာပဲ ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။

ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အပါအဝင် ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေနဲ့ နည်းဗျူဟာတွေရဲ့ ဘုံတူညီချက်ကို ဆွဲယူကြည့်ရင် လူမျိုးစု လက်နက်ကိုင်တွေကို လက်နက်ချပြီး ပြန်လည် ထူထောင်ရေးလုပ်ဖို့ အစိုးရနဲ့ တပ်မတော်အနေနဲ့ တောင်းဆိုတာ ဖြစ်တယ်။ ဒီနေ့ကာလမှာ နားဝင်ချိုစေမယ့် လက်နက်ကိုင်လမ်းစဉ် စွန့်ရေး၊ လက်နက် ဖျက်သိမ်းရေး၊ တပ်များ ပြန်လည်ပေါင်းစည်းရေး (DDR) ဆိုတဲ့ အသုံးအနှုန်းကို သုံးသော်လည်း အဓိပ္ပာယ်ကတော့ လက်နက်ချရေးနဲ့ တူတူပဲဖြစ်ပါတယ်။ ဒါမှမဟုတ် လက်နက်ကိုင် သူပုန်တွေကို စီးပွားရေးလုပ်ငန်းအမျိုးမျိုး လုပ်ခွင့်ပေးပြီး ဖျက်ဆီးတဲ့နည်းနဲ့ ကျဆုံးစေတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲက တစ်ဆင့် ပြည်သူအများစုရဲ့ ထောက်ခံမှုနဲ့ လက်ရှိအစိုးရဟာ အရင်အစိုးရရဲ့ မူဝါဒအဟောင်းတွေ ဆက်လက် ကျင့်သုံးနေတာကို ဝမ်းနည်းစွာ တွေ့ရှိရတယ်။ ဒီမူဝါဒတွေမှာ ပါဝင်တာက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဒါမှမဟုတ် ဗဟိုက ဦးစီးချုပ်ကိုင်တဲ့ပုံစံ တည်ဆောက်မယ်ဆိုတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ မရဘဲ အမှန်တကယ်လည်း ငြိမ်းချမ်းရေးကို မရဘဲ တစ်နိုင်ငံလုံးလက္ခဏာလည်း မဆောင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုတာကို အဖွဲ့တိုင်းက လက်မှတ်ထိုးရမယ်လို့ တင်းခံနေတာပါပဲ။ အဲဒီအချိန်မှာပဲ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းရှင်းလင်းလင်း ပြောကြားနေတာက ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရမယ်၊ ပြည်သူ့စစ် လုပ်ချင်ရင် လုပ်လို့ရတယ်၊ လက်နက်ချ ရမယ်၊ စီးပွားရေး အခွင့်အလမ်းတွေရမယ် ဆိုတာပါပဲ။ ဒီကြားထဲမှာမှ လျှို့ဝှက်ထားဖို့ အတော်ခက်တဲ့ကိစ္စက လူသိများတဲ့ မူးယစ်ရာဇာ ပြည်သူ့စစ် ခေါင်းဆောင်တွေ ၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက် ခံရပြီး ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့် လွှတ်တော်တွေမှာ ပါဝင်နေတာ ဖြစ်တယ်။ အဲဒီအထဲက ထင်ရှားသူက ကချင်ပြည်နယ်က ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ခေါင်းဆောင် စခုန်တိန့်ရင်း ဖြစ်ပါတယ်။

နိုင်ငံတကာက အကြံဉာဏ်တွေ ရယူတာ၊ နိုင်ငံတကာ အတွေ့အကြုံတွေကို လေ့လာတာက လုံး၀ အသုံးမဝင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာတော့ မဟုတ်ပါဘူး။ သို့သော်လည်း နိုင်ငံတကာရဲ့ အကြံပြုချက်တွေကို မြန်မာငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အသုံးချတဲ့အခါ ဘယ်လိုပုံစံ ပုံဖော်မယ်ဆိုတာတွေဟာ ကျွန်တော်တို့ကို ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရဲ့ အနီးအနားကိုတောင် သယ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ပြောင်းပြန် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မယ်။ အရင်ကမရှိခဲ့တဲ့ တရားဝင်မှုနဲ့ နိုင်ငံတကာက လေးစားမှုကို တပ်မတော်ဆီပေးပြီး အခြေအနေတွေကို ပိုပြီး ဆိုးရွားစေပါလိမ့်မယ်။ ဒီလိုလုပ်ဆောင်ကြတဲ့အခါ လက်နက်ကိုင်တွေရော လက်နက်ကိုင်မထားတဲ့ တိုင်းရင်းသား အုပ်စုတွေအပြင် နိုင်ငံရေး အင်အားစုတွေကိုပါ ချနင်းရာ ရောက်ပါလိမ့်မယ်။

စီးပွားရေး အခွင့်အလမ်းတွေပေးပြီး ခြွင်းချက်မရှိ လက်နက်ချရေးနဲ့ ပြန်လည်ထူထောင်ရေး တောင်းဆိုမှုတွေကို အခြေခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်တလဲလဲ ပြုလုပ်နေမှုတွေ ရပ်တန့်သွားဖို့ဆိုရင်၊ မူလဆွေးနွေးမှုတွေနဲ့ မတူတဲ့ ချဉ်းကပ်မူမျိုးတွေနဲ့၊ လုံးဝသစ်လွင်တဲ့ ချဉ်းကပ်မှု ဆွေးနွေးမှုတွေ လိုအပ်ကြောင်း ဖော်ပြပါ အကြောင်းအချက်တွေက လူတိုင်းအတွက် သက်သေဖြစ်ပါတယ်။ အဲဒီချဉ်းကပ်မှု အသစ်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပါဝင်ဖို့ လိုအပ်ပါမယ်။ ၂၀၁၆ ခုနှစ် သြဂုတ်က နေပြည်တော်မှာ ဒီရောင်စုံတွေ ပြင်ဆင်ချယ်သထားတဲ့ ခန်းမကြီးထဲ လူမျိုးစုကိုယ်စားလှယ်တွေနဲ့ တွေ့ပြီး မိန့်ခွန်းတွေပြောတာ နားထောင်တဲ့ အခြေအနေတော့ မဟုတ်ရပါဘူး။

တိုက်ပွဲတွေလည်း ရှေ့တန်း စစ်မျက်နှာတိုင်းမှာ ရပ်ရပါလိမ့်မယ်။ အဲဒီလို အခြေအနေရှိမှသာ စစ်စစ်မှန်မှန် အပေးအယူလုပ် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်များ၊ ၁၉၆၀ ပြည့်နှစ်တွေ၊ ၁၉၇၀ ပြည့်နှစ်တွေ၊ ၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေက အခြေအနေတွေ ထပ်ပြီးလုပ်တာတော့ မဖြစ်ဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပဋိပက္ခဟာ နိုင်ငံရေး ပြဿနာဖြစ်ပြီး နိုင်ငံရေးအရ အဖြေရှာမှုကို တောင်းဆိုနေပါတယ်။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တိုင်းပြည်ကို နောက်ထပ် ဘေးအ္တရာယ်နဲ့ ကြုံအောင် တွန်းပို့တဲ့နည်းလမ်း ဖြစ်နေပါတယ်။

■ ယခင်ရှိခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေများ

၁၉၄၇ ခုနှစ် အခြေခံဥပဒေက မြန်မာနိုင်ငံဟာ ဖက်ဒရယ်ပြည်ထောင်စုလို့ ဖော်ပြမထားပါဘူး။ ထို့အတူ ပြည်နယ် တစ်ခုချင်းစီရဲ့ လက်တွေ့ကျင့်သုံးနိုင်တဲ့ အခွင့်အာဏာတွေကိုလည်း ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ဖွင့်ဆိုမထားပါ ဘူး။ ဒါ့အပြင် အငြင်းပွားဖွယ်ရာ စကားရပ်၊ သို့မဟုတ် စာပိုဒ်တစ်ခုဖြစ်တဲ့ “ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရပြီး ဆယ်နှစ်အကြာတွင် ပြည်နယ်တိုင်းသည် ပြည်ထောင်စုမှ ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိသည်” (Government of the Union of Burma, 1947, pp. 56-58) ဆိုတာလည်း ပါဝင်နေပါတယ်။ သို့သော်လည်း အခြားစာပိုဒ်တွေမှာ ကန့်သတ်ထားတာက ကရင်နဲ့ ကချင်ပြည်နယ်များမှာ ၎င်းအား ကျင့်သုံးခွင့် မရှိပေဆိုတာပါ။ ဒါကြောင့် ပြည်ထောင်စုမှ ခွဲထွက်ပိုင်ခွင့်သည် အနိမ့်ဆုံးအဆင့် သီအိုရီအရ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့အနေနဲ့ ကျင့်သုံးနိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာမဆို ၎င်းစာပုဒ်ကို လက်တွေ့ကျင့်သုံးဖို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ထည့်သွင်းထားရတဲ့ အကြောင်းက ဗမာမဟုတ်တဲ့ ပြည်သူများအကြား အဆိုပြုထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်ပူးပေါင်းလာစေရန် ရည်ရွယ်၍ အခြေအနေ အခင်းအကျင်း ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ မွန်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကိုတော့ ၁၉၇၄ ခုနှစ် မတိုင်ခင်အထိ ဖွဲ့စည်းခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာ ဒီပြည်နယ်တွေ အကျုံးဝင်ခြင်း မရှိပါဘူး။

ဒီပြဿနာတွေကို ကိုင်တွယ်ဖို့နဲ့ လူမျိုးစုပဋိပက္ခအတွက် အလုပ်ဖြစ်နိုင်တဲ့ အဖြေကိုရှာဖို့ ၁၉၆၂ ခုနှစ် အစောပိုင်းမှာ အဲဒီအချိန်က ဝန်ကြီးချုပ်ဦးနုက ဖက်ဒရယ်ရေးရာ ဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့တယ်။ အဲဒီဆွေးနွေးပွဲကို အဓိက နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်က ဘာကို အဆိုပြုမယ်ဆိုတာကတော့ မရှင်းမလင်း ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဘာဆုံးဖြတ်ချက်မှ မကျခင် မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းယူလိုက်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။ ဖက်ဒရယ်လို့ တိတိကျကျ အမည်နာမအားဖြင့် ဖော်ပြမထားသော်လည်း ဖက်ဒရယ်လက္ခဏာရှိတဲ့ အဲဒီစနစ်ဟောင်းကနေ ကနေ့တပ်မတော်က မြော်မြင်ထားတဲ့ ဗဟိုချုပ်ကိုင်မှု အားကောင်းပြီး ပြည်နယ်နဲ့ တိုင်းဒေသတွေကို ကန့်သတ်ထားတဲ့ အာဏာမျှသာပေးထားတဲ့ နိုင်ငံတော် တည်ဆောက်ရေးအဖြစ် အခွင့်ပေးခဲ့သလို ဖြစ်နေပါတယ်။ ဒီစနစ်က ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်လက်တည်ရှိနေပါတယ်။

၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ပြဌာန်းပါတယ်။ အဲဒီဖွဲ့စည်းပုံမှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့၊ ဒေသဆိုင်ရာ အုပ်ချုပ်ခွင့်တွေနဲ့ ပတ်သက်လို့ ဘာအခန်းမှ မပါဝင်ဘူး။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေ ဟာလည်းပဲ အနှစ်သာရအရ၊ ဒါမှမဟုတ် သဘာဝအရကို ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ကြားမှာ ဘာကွဲပြားမှုမှ မရှိပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ကန့်သတ်ထားတဲ့ အခွင့်အာဏာ အနည်းအပါးရှိပြီး၊ အဆုံးစွန်အာဏာကတော့ နေပြည်တော်မှာရှိတဲ့ အစိုးရနဲ့ တပ်မတော်လက်ထဲမှာ ရှိနေပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လုံး၀ အသစ်ပြန်ပြီး ရေးဆွဲရမယ်ဆိုတာကတော့ ထင်ရှားတယ်။ အကယ်၍ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုပြီး သွားချင်ရင်ပေါ့။ ဒီနေရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒကို အခြေခံအဖြစ် ယူနိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ပြုပြင်မွမ်းမံဖို့တော့ လိုအပ်ပါမယ်။ ၂၀၁၇ ခုနှစ် မြန်မာရဲ့အခြေအနေနဲ့ ၁၉၄၇ ခုနှစ် မြန်မာရဲ့အခြေအနေက မတူတော့ပါဘူး။ လူမှုရေး၊ စီးပွားရေး အခြေအနေသစ်တွေကို ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။ တိုင်းရင်းသားလူမျိုးစု အချို့ကလည်း ပြည်နယ်သစ်တွေ ဖော်ထုတ်ဖို့ တောင်းဆိုနေပါတယ်။

ဒီနေရာမှာ ပြဿနာက တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေဟာ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ တောင်းဆိုမှုတွေကို ရှင်းလင်းပီပြင်အောင် မပြောဆိုနိုင်ကြပါဘူး။ မတင်ပြနိုင်ပါဘူး။ ပြည်နယ်အရေအတွက်၊ ဘယ်ပြည်နယ်တွေ ဖြစ်တယ်ဆိုတာ၊ အာဏာကို၊ အရင်းအမြစ်တွေကို ပြည်နယ်တွေနဲ့ ပြည်ထောင်စုအစိုးရကြား ဘယ်လိုခွဲဝေကြမယ် ဆိုတာတွေဟာ ဆွေးနွေးပြီးသင့်တဲ့အရာတွေ ဖြစ်ပါတယ်။ အချို့အဖွဲ့တွေ စတင်ပြောနေတဲ့ ဖက်ဒရယ် တပ်မတော်ဟာ ဘာလဲဆိုတာ တိတိကျကျ ရှိသင့်ပါတယ်။ ဒီလိုကိစ္စရပ်တွေမှာ ရှင်းရှင်းလင်းလင်း မရှိဘဲ တပ်မတော်က ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ပြောင်းလဲလာဖို့ဆိုတာ မျှော်လင့်လို့ မရနိုင်ဘူး။ ဒါမှမဟုတ် နည်းနည်းပဲ ရပါလိမ့်မယ်။

ဖက်ဒရယ်နဲ့ ပတ်သက်လို့ ပုံစံမျိုးစုံကို တင်ပြကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီလူမျိုးစုံရှိတဲ့ မလေးရှားတောင် ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေသလို လူမျိုးကို အခြေမခံပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ အန်ဂလိုဆက်စန်ပြည်နယ်၊ အိုင်းရစ်ပြည်နယ်၊ ပိုလန်၊ မက်ဆီကန်၊ တရုတ်နဲ့ အီတာလျံပြည်နယ် ဆိုပြီး မရှိပါဘူး။ ပြည်နယ်တွေဟာ လုံးဝအားဖြင့် ပထဝီဒေသတွေကိုပဲ အခြေခံပါတယ်။ အဲဒီဒေသတွေမှာ လူမျိုးပေါင်းစုံ ရောနှော နေထိုင်ကြပါတယ်။

ကနေဒါမှာ ပြင်သစ်စကားပြော အများစုနေထိုင်တဲ့ ပြည်နယ်တစ်ခု ရှိပါတယ်။ ကွိဘက် ဖြစ်ပါတယ်။ နိုင်ငံမှာ အင်္ဂလိပ်နဲ့ ပြင်သစ် တရားဝင်ဘာသာစကား နှစ်မျိုး ရှိပါတယ်။ ၁၉၉၉ ခုနှစ် မှာ အင်းနု (Inuit) စကားပြောတဲ့ နိုင်ငံရဲ့ အနောက်မြောက် ဒေသတွေက ဒေသသစ်တခု ဖြစ်လာတယ်။ ဒါပေမဲ့ ကနေဒါကလည်း အမေရိကန်လိုပါပဲ။ နိုင်ငံကို ရွေ့ပြောင်းနေထိုင်လာကြတဲ့ လူအုပ်စုတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်နယ်ဆိုတာ မရှိပါဘူး။

မလေးရှားဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မလေးပြည်နယ်၊ တရုတ်ပြည်နယ်၊ အိန္ဒိယပြည်နယ်ဆိုတာ အဲဒီ ဖက်ဒရယ်နိုင်ငံမှာ မရှိပါဘူး။ မလေးရှားရဲ့ အဲဒီဖက်ဒရယ်စနစ်ဟာ အစဉ်အလာ မလေး ဆူလ်တန် စော်ဘွားတွေပိုင်တဲ့ နယ်မြေတွေ၊ ဗြိတိသျှ ကိုလိုနီဒေသဟောင်းတွေနဲ့ ဗြိတိသျှ ကာကွယ်စောင့်ရှောက်ရေး ဒေသဟောင်းတွေကို အခြေခံထားတာ ဖြစ်ပါတယ်။ မလေးရှားရဲ့ ပြည်နယ် ၁၃ ခုမှာ ကွဲပြားခြားနားတဲ့လူမျိုးစုတွေ နေထိုင်ကြပါတယ်။ ဒါဟာ ဖက်ဒရယ် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနဲ့ ဆင်တူပါတယ်။ ဂျာမနီဟာ ၁၉ ရာစုနှောင်းပိုင်းမှာ နဂိုမူလ ဘုရင့်နိုင်ငံဟောင်းတွေ၊ စော်ဘွားတွေရဲ့ နယ်မြေတွေကို စုစည်းပြီး တည်ထောင်ခဲ့တာ ဖြစ်တယ်။ သို့သော်လည်း ဂျာမနီဟာ အမျိုးသားနိုင်ငံတော် ဖြစ်ပြီး ဂျာမနီရဲ့ လူမျိုးဖွဲ့စည်းမှုက အခုအချိန်အထိ ဂျာမန်အများစုပဲ ဖြစ်နေပါတယ်။

ကနေဒါလူမျိုး ပညာရှင် ရော့နယ်လ်အယ်လ်၊ ဝတ်စ် (Ronald L. Watts) ရဲ့ စာအုပ် တစ်အုပ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်များကို နှိုင်းယှဉ်ခြင်းကို တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက နေပြည်တော်မှာ ၂၀၁၆ ခုနှစ် သြဂုတ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဖက်ဒရယ်စနစ်တွေကို လေ့လာဖို့အတွက် အသုံးဝင်လှတဲ့ လမ်းညွှန်ဖြစ်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံက တကယ့် အခြေအနေမှန်တွေကို လက်ခံ အသိအမှတ်ပြုနိုင်ဖို့ လေးနက်တဲ့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အခြားလူမျိုးပေါင်းစုံနေထိုင်တဲ့ ပြည်နယ်တွေထက် တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ တောင်းဆို တင်ပြချက်တွေကို လေ့လာတင်ပြဖို့ ဖြစ်ပါတယ်။

လက်တွေ့မှာ ၁၉၆၂ ခုနှစ် မတိုင်ခင် မြန်မာနိုင်ငံမှာ တည်ရှိခဲ့သလို ဘာသာစကား အခြေခံအပေါ်မှာ သို့မဟုတ် လူမျိုးအခြေခံအပေါ်မှာ ဖွဲ့စည်းတဲ့ ပြည်ထောင်စုတွေဟာ အနည်းအကျဉ်းပဲ ရှိပါတယ်။ တစ်ခုက ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်း ဖြစ်ပါတယ်။ အခြားတစ်ခုက ၁၉၉၀ ပြည့်နှစ်မှာ ပြိုကွဲသွားတဲ့ ယူဂိုဆလားဗီးယား ဖြစ်ပါတယ်။ ပြိုကွဲသွားပြီး နိုင်ငံတွင်းမှာရှိတဲ့လူမျိုးစုတွေ အချင်းချင်းကြား ခါးသီးတဲ့စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တတိယ တစ်ခုကတော့ ဘယ်လ်ဂျီယံဖြစ်တယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံမှာ အဓိကလူမျိုးစုကြီး နှစ်ခုပဲ ရှိပါတယ်။ ဒတ်ချ်စကားပြောတဲ့ ဖလန်းမစ်ချ် ပြည်သူတွေနဲ့ ပြင်သစ်စကားပြောတဲ့ ဝေါလိုနီးယား လူမျိုးတွေပဲ ဖြစ်ပါတယ်။ အရှေ့ဘက်မှာတော့ ဂျာမန်စကားပြောတဲ့ လူမျိုးငယ်တစ်ခု ရှိပါတယ်။ အဲသည်လို လူမျိုးနည်းနည်းလေး ရှိတာတောင်မှ ဘယ်လ်ဂျီယံဟာ တကယ်အလုပ်လုပ်နိုင်တဲ့ ဗဟိုအစိုးရတစ်ခု ဖွဲ့စည်းဖို့ ညီညွတ်မှုကို ထိန်းသိမ်းဖို့ ပြဿနာတွေ ကြီးကြီးမားမား ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဲဒီအထဲက အောင်မြင်တဲ့ ပုံစံတွေကို အတုယူနိုင်ပါ့မလား။ တစ်ခုပဲ ရှိနိုင်တာက အိန္ဒိယဖြစ်မယ် ထင်ပါတယ်။ အိန္ဒိယမှာ ပြည်နယ် ၂၈ ခု ရှိပြီး ပြည်ထောင်စုဒေသ ခုနစ်ခု ရှိပါတယ်။ အိန္ဒိယ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ဖက်ဒရယ်စနစ်လို့ ဖော်ပြမထားသော်လည်း တိုင်းပြည်ရဲ့ အခြေခံဖွဲ့စည်းမှုက ဖက်ဒရယ် ဖြစ်ပါတယ်။ ယင်းရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဇယားသုံးခု ရှိတယ်။ အဲဒီသုံးခုက ပြည်ထောင်စုနဲ့ ပြည်နယ်တွေကို ကိစ္စရပ်ပေါင်းများစွာမှာ ဥပဒေပြုနိုင်ဖို့ အားပေးထားပါတယ်။ ဥပမာအားဖြင့် ပြည်နယ်တိုင်းမှာ ဥပဒေပြု လွှတ်တော်တွေ ရှိတယ်။ တရားဝင် ဘာသာစကား ရှိတယ်။ ပြည်နယ်ရဲတပ်ဖွဲ့ ရှိတယ်။ ဒါပေမဲ့ ကာကွယ်ရေးကတော့ ဗဟိုအစိုးရရဲ့တာဝန်ဖြစ်ပါတယ်။ အိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ လူမျိုးစုတပ်ဖွဲ့တွေ ရှိတယ်။ ဒါပေမဲ့ ဒါဟာ ဖက်ဒရယ်တပ်မတော် မဟုတ်ဘူး။ အားလုံးက ဗဟိုအစိုးရရဲ့အောက်မှာ ရှိပါတယ်။ အခြားပုံစံတွေကတော့ အလုပ်ဖြစ်မယ် မထင်ဘူး။ စာရင်းထဲက တတိယတစ်ခုကတော့ ပြည်နယ်ဥပဒေပြုရေး အခွင့်အာဏာပြီးရင် ပြည်နယ်အသီးသီးမှာ ကိုယ်ပိုင်ဘာသာစကားတွေ ရှိနိုင်ဖို့ အခွင့်အရေးနဲ့ ပြည်ထောင်စုကရော ပြည်နယ်ကပါ ဥပဒေပြုနိုင်တဲ့ ကိစ္စရပ်တွေ ရှိတာဖြစ်တယ်။ မျှတတယ်လို့ ပြောရပါမယ်။ အိန္ဒိယမှာ လူမျိုးစုပဋိပက္ခတွေ အများကြီးရှိနေတဲ့ကြားက ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ အလုပ်ဖြစ်နေပါတယ်။ ဆိုဗီယက်ယူနီယံလို၊ ယူဂိုဆလားဗီးယားလို ပြိုကွဲမသွားဘူး၊ ဘယ်လ်ဂျီယံလိုလည်း အလုပ်မဖြစ်တဲ့စနစ် မဟုတ်ပါဘူး။

ပိုပြီးရှုပ်ထွေးစေတဲ့ အချက်တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ဘယ်တိုင်းဒေသ ဘယ်ပြည်နယ်မှာမှ လူမျိုးစုတစ်ခုတည်းက နေထိုင်တယ်ဆိုတာ မရှိဘူး။ ကချင်ပြည်နယ်မှာဆိုရင် ရှမ်းတွေနဲ့ ကချင်တွေဟာ အုပ်စုတွေ ကွဲနေတယ်။ ရှမ်းပြည်နယ်မှာလည်း ထိုနည်းအတူပဲ။ ပအို့ဝ် လက်နက်ကိုင် ပုန်ကန်မှုဟာ ၁၉၅၀ နှောင်းပိုင်းတွေမှာ ပေါ်ပေါက်ခဲ့တယ်။ အဲဒီပုန်ကန်မှုဟာ ဗဟိုအစိုးရကို ဆန့်ကျင်ခဲ့တာ မဟုတ်ဘူး။ ရှမ်းစော်ဘွားတွေရဲ့ ကြီးစိုးမှုကို ပုန်ကန်ခဲ့တာ ဖြစ်တယ်။ ရှမ်းပြည်ရဲ့ အရှေ့နဲ့ အရှေ့မြောက်ဒေသ တော်တော်များများကို ထိန်းချုပ်ထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဟာ သူ့ပြည်သူတွေအတွက် သီးခြားပြည်နယ် လိုချင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အများအပြားရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေကြားက မွန်ပြည်နယ်က မွန်လူမျိုးတွေဟာ တစ်မျိုးတည်းပဲ စုစုစည်းစည်း ရှိတယ်လို့ ယူဆရတယ်။

ဒါဆိုရင် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာ ဘယ်လိုဖြစ်မလဲ။ ၂၀၀၉ ခုနှစ်မှာ အစိုးရက သူရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချပြတော့ တိုင်းရင်းသားတော်လှန်ရေးတပ်တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် ပြောင်းလဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက အကြံဆိုး၊ အယူအဆဆိုးပါ။ နယ်စပ်ဒေသတွေရဲ့ လုံခြုံရေးကို နိုင်ငံတိုင်းလိုလိုမှာ ဗဟိုအစိုးရတွေက တာဝန်ယူကြတယ်။ မြန်မာနိုင်ငံနဲ့ကပ်လျက် အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ် နယ်စပ်ဒေသ လုံခြုံရေးကို အာသံရိုင်ဖယ်က တာဝန်ယူတယ်။ အာသံရိုင်ဖယ်ဟာ နယူးဒေလီမှာရှိတဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ အဲဒီလိုပဲ ဗဟိုကထိန်းချုပ်တဲ့ နယ်စပ်လုံခြုံရေး အစုအဖွဲ့တွေ ရှိတယ်။

တခါတရံမှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက အကူအညီပေးတယ်။ ဒါပေမဲ့ နယ်စပ်ဒေသ လုံခြုံရေးအတွက် တာဝန်မရှိပါဘူး။

တခြားတဖက်မှာလည်း နာဂပြည်နယ်၊ မဏိပူပြည်နယ်၊ မီဇူးရမ်ပြည်နယ်နဲ့ အခြား အိန္ဒိယရဲ့ ပြည်နယ်တွေမှာ သူတို့ကိုယ်တိုင် လက်နက်ကိုင်ရဲတပ်ဖွဲ့တွေ ရှိတယ်။ အဲဒီ ရဲတပ်ဖွဲ့တွေဟာ ပြည်နယ်အစိုးရတွေရဲ့ အမိန့်ပေးမှုအောက်မှာ ရှိတယ်။ အကယ်၍သာ အိန္ဒိယစနစ်ကို လက်ခံခဲ့ရင် ကချင်လွတ်မြောက်ရေးတပ်မတော် ၊ ရှမ်းပြည်တပ်မတော်တို့ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့တွေအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေကိုတော့ အမိန့်ပေးလို့ မရနိုင်ပါဘူး။ နယ်စပ်လုံခြုံရေးတပ်တွေဟာ ဓားပြအဖွဲ့တွေ၊ မှောင်ခိုကုန်သွယ် ကူးသန်းသူတွေအဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုး ကချင်ပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တပ်ဖွဲ့ ဟောင်း တစ်ခုဖြစ်တဲ့ စခုန်တိန့်ရင်းဟာ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ လက်ခံခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘိန်း၊ ဘိန်းဖြူနဲ့ လက်နက်မှောင်ခိုတွေ လုပ်တော့တာပဲ။ ၂၀၁၀ ပြည့်နှစ်မှာ အမျိုးသားလွှတ်တော်မှာ ရွေးချယ်ခံရပြီး လွှတ်တော်မှာ ထိုင်တဲ့ တစ်ဦးတည်းသော ကွန်မြူနစ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ မကောင်းသတင်းဟာ ၂၀၁၅ ခုနှစ်မှာ ပိုပြီး ကျော်ကြားလာပါတယ်။ သူ့ဒေသတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တခြားပါတီကသူတွေ အထူးသဖြင့်၊ NLD ပါတီကသူတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ (Thuta Linn, 2016)

မြန်မာအစိုးရနဲ့ တိုင်းပြည်ရဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေဟာ အလုပ်ဖြစ်နိုင်မယ့်၊ သင့်တော်မယ့် ဖက်ဒရယ်ပုံစံကို စူးစမ်းရှာဖွေသင့်တယ်။ ဖြစ်နိုင်ချေ အများဆုံး၊ အခိုင်မာဆုံး ပုံစံကတော့ အိန္ဒိယပုံစံကို လေ့လာသင့်တယ် ဆိုတာပါပဲ။ ဒီပုံစံဟာ မြန်မာပြည်ရဲ့ လက်တွေ့အခြေအနေနဲ့ အကိုက်အညီဆုံး ဖြစ်တယ်။ ဒါပေမဲ့ မြန်မာက အိန္ဒိယပုံစံကို ယူမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် ပြင်ဆင်ထားရပါမယ်။ အနိမ့်ဆုံးအဆင့် ပြဿနာတွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လွှတ်တော်မှာ အဖြေရှာကြရပါလိမ့်မယ်။ အခုလို စစ်မြေပြင်တွေမှာ အဖြေရှာတဲ့ပုံစံနဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။

Peace and Federalism in Burma

by Bertil Lintner

Myanmar’s current peace process between the government and Myanmar’s ethnic armed organizations (EAOs) is not going anywhere: The two sides are fundamentally at odds over what they hope to achieve. The government side prioritizes that the EAOs sign a nationwide ceasefire agreement (NCA), while EAOs prioritized the importance of political dialogue. More importantly, EAO leaders see the peace process as the first step towards re-establishing the federal structure Myanmar had before the military seized power in 1962 and abolished the 1947 Constitution. As the NCA process drags on, it is essential to begin discussing issues related to ethnicity and federalism as a step towards addressing Myanmar’s ongoing civil wars and becoming a functioning federal system. One is that it is necessary to establish how many ethnic groups there are in Myanmar—and there are not “135 national races”, as claimed by the authorities and some academics. This designation of 135 races is a recent construction likely of the early 1990s, and earlier documents including censuses and laws do not provide supporting evidence. Another issue that needs to be recognized and addressed is a process referred to as Burmanization, which involves replacing “unity in diversity” — which was Aung San’s vision of the country after independence— with a more ethnically streamlined nation state. The article discusses previous instances of ceasefires and negotiations between the government and EAOs and points out that their recent engagement involves the continuity of previous policies that failed to end conflicts. The conclusion assesses the relevance of a few other federal models for Myanmar. Of the many, the Indian-inspired federal system and its successes in the ethnically diverse, conflict-ridden areas of its northeast represent one worth examining.

■ စာညွှန်း

၁ ဘာတေးလ် လင့်တ်နာသည် ထင်ရှားသော သတင်းစာဆရာ တစ်ဦးဖြစ်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

၂ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာကို ၁၉၈၉ ခုနှစ်တွင် မြန်မာ့အလင်း (New Light of Myanmar) သတင်းစာအဖြစ် အမည်ပြောင်းလဲ ပေးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် Global New Light of Myanmar အဖြစ် အမည်ပြောင်းလဲ ပေးခဲ့သည်။ ယင်းသတင်းစာမှာ ၁၉၆၂ ခုနှစ်၊ စစ်အာဏာ မသိမ်းမီ ထုတ်ဝေခဲ့သော မြန်မာ့အလင်းသတင်းစာနှင့် မည်သို့မျှ သက်ဆိုင် ပတ်သက်ခြင်း မရှိပေ။ ဤအချက်သည်လည်း အာဏာပိုင်များက ဖန်တီးလိုသည့် နောက်ထပ် ယုံမှတ်မှားချက် တစ်ခုဖြစ်သည်။

■ ကျမ်းကိုးစာရင်း

မြန်မာဘာသာ

တို့ဗမာ အစည်းအရုံး (၁၉၇၆)၊ တို့ဗမာအစည်းအရုံး၏ သမိုုင်း၊ ရန်ကုန်- စာပေဗိမာန်။

တပ်မတော် အဆင့်မြင့် အရာရှိကြီးတစ်ဦး (၇ သြဂုတ်၊ ၁၉၉၁)၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ၊ စာ- ၅။

မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂)၊ လုပ်သားပြည့်သူ့နေ့စဉ်သတင်းစာ (၁၆ အောက်တို ဘာ၊ ၁၉၈၂)၊ Retrieved from Online Burma Library website: http://www.ibiblio.org/obl/docs/Citizenship%20Law.

အင်္ဂလိပ်ဘာသာ

Bennison, J. (1933). Census of India, 1931. XI, I, XI, I. Rangoon, Burma: Office of the Supdt., Government Printing and Stationery. Retrieved from Dhananjayrao Gadgil Library website: http://dspace.gipe.ac.in/xmlui/handle/10973/18976.

Government of the Union of Burma. (1947). The Constitution of the Union of Burma. Rangoon: Supdt., Govt. Print. and Stationery.

Government of the Union of Myanmar. (n.d.). “Composition of the Different Ethnic Groups under the 8 Major National Ethnic Races in Myanmar. Retrieved from Embassy of the Union of Myanmar, Brussels website: http://www.embassyofmyanmar.be/ABOUT/ethnicgroups.htm

Houtman, G. (1999). Mental culture in Burmese crisis politics: Aung San Suu Kyi and the National League for Democracy. Tokyo: Tokyo University of Foreign Studies, Institute for the Study of Languages and Cultures of Asia and Africa.

Smith, M. (1994). Ethnic groups in Burma: Development, Democracy and Human Rights. London: Anti-Slavery International. Retrieved from Online Burma library website: http://www.ibiblio.org/obl/docs3/Ethnic_Groups_in_Burma-ocr.pdf

Thuta Linn. (2016, January 11). “Election commission to reexamine allegations against Zahkung Ting Ying”. Burma News International. Retrieved from Burma News International website: http://www.bnionline.net/2015-election/kachin-state/item/1412-election-commission-to-ree_amine-allegations-against-zahkung-ting-ying.html.

Watts, R. (2008). Comparing Federal Systems. Montréal, Quebec: McGill-Queen’s University Press.

Yule, H., Burnell, A. C., & Crooke, W. (1979). Hobson-Jobson: A Glossary of Colloquial Anglo-Indian Words and Phrases, and of Kindred Terms, Etymological, Historicalç Geographical Discursive. New Delhi: Munshiram Manoharlal Publishers.

Secured By miniOrange