ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

Post By Dr. Sai Latt On September 13, 2018

ငြိမ်းချမ်းရေးအား ကျော်တက်ခြင်း၊ ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား

Photo-MMIdolFB

(၁)

ဤဆောင်းပါးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြင်ပ ကိစ္စများဖြစ်သည့် ရုပ်ရှင်အကယ်ဒမီ၊ မြန်မာအိုင်ဒေါနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားပြဿနာ ရှုထောင့်များမှ ချဉ်းကပ်ထားသည်။ အခြားသုံးသပ်သူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အခင်းအကျင်း၊ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်၊ ဆွေးနွေးပွဲတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖော်မှုနှင့် လက်နက်ကိုင် တိုက်ပွဲများကို နိုင်ငံရေး ရှုထောင့်များမှ တင်ပြထားကြပြီး ဖြစ်သောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို Pop Culture ရှုထောင့်မှ တင်ပြရန် ရုပ်ရှင်၊ ဂီတ၊ အနုပညာကဏ္ဍနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတား ကိစ္စကဲ့သို့သော Identity အခြေပြု ဖြစ်စဉ်ကို ရွေးချယ် လေ့လာထားခြင်း ဖြစ်သည်။

အဓိက တင်ပြလိုသည့် အချက်မှာ –

ငြိမ်းချမ်းရေးဟု ဆိုရာတွင် မတူအုပ်စုများအကြား ပြန်လည် သင့်မြတ်ရေး (Reconciliation) သည် အဓိက သော့ချက် ဖြစ်သည်။ ပြန်လည် သင့်မြတ်ရေးသည် ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ၊ လူမှုစီးပွား အနိမ့်အမြင့်၊ ပဋိပက္ခ ခံစားကြုံတွေ့ရမှုနှင့် နေရာဒေသ မတူညီသည့် လူအုပ်စုများအကြား ယုံကြည်မှု၊ နားလည်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု တည်ဆောက်နိုင်ရေးပေါ်တွင် မူတည်သည်။ နိုင်ငံရေး ခေါင်းဆောင်များ အကြားသာမက ပြည်သူများအကြား နားလည် ယုံကြည်ရန် အရေးကြီးသည်။

သို့သော် တံခါးပိတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခန်းမများထဲတွင် ယုံကြည် နားလည်မှု တည်ဆောက်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များ ဘာတွေ ဆွေးနွေးနေကြသည်ကို ပြည်သူအများစုက မသိ။ ရလဒ်များကလည်း ပြည်သူ အများစုအပေါ် လွှမ်းမိုးမှု မရှိသေးပေ။ ထို နိုင်ငံရေးဆွေးနွေးပွဲများ ဘယ်ခရီးရောက်နေသည် မသိသည့်အချိန်တွင် တိုင်းပြည်အနှံ့ အောက်ခြေ ပြည်သူအထိ ပေါက်ရောက်သည့် မြန်မာ့ရုပ်ရှင်၊ ဂီတ၊ အနုပညာ ကဏ္ဍများတွင် ယဉ်ကျေးမှု မတူသည့်အပေါ် ခွဲခြားသည့်ဓလေ့ (Racism)၊ သည်းမခံတတ်သည့်ဓလေ့ (Intolerance)၊ ကျား-မ ခွဲခြားဖိနှိပ်မှုကို တွန်းအားပေးသည့် အတွေးအခေါ် (Sexism)၊ ကိုယ်နှင့် မတူသူများ၊ ကိုယ့် သဘောထားနှင့် မတိုက်ဆိုင်သူများ၊ အားနည်း ထိခိုက်ခံရနိုင်ဖွယ် ရှိသူများကို ချိုးနှိမ်သည့် ဓလေ့ကိုသာ တွန်းအားပေးနေသည်။ စာနာ ဖေးမရေးနှင့် ကွဲပြားခြားနားချက်များကို ညှိနှိုင်းရေးထက် ငါနှင့်မတူ ငါ့ရန်သူဝါဒကိုသာ တွန်းအားပေးလျက် ရှိသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံရေး ခန်းမများအတွင်းက ယုံကြည်မှု တည်ဆောက်ရေး အရှိန်မရခင် လူ့အဖွဲ့အစည်း နယ်ပယ်တွင်းက အကွဲအပြဲသံများ ပိုကျယ်လောင်လာသည်။

ပြည်သူများအကြား အကွဲအပြဲများက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျော်တက်သွားသည့် အနေအထား ဖြစ်နေသည်။ သို့ဖြစ်ရာ လက်နက်ကိုင် ပဋိပက္ခများ မဖြေရှင်းနိုင်မီကာလတွင် လူမှုအသိုင်းအဝိုင်းအကြား အကွဲအပြဲသစ်များ ပိုမို မဖြစ်လာရေးအတွက် Inter-ethnic ရေးရာ ကိစ္စများ၊ လူမျိုးရေး၊ Sexism စသည့် ပြဿနာများကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစိတ်အပိုင်းများအဖြစ် အလေးထား ဆောင်ရွက်ရမည်။

(၂)

■ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်

ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်သည့် လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် ခြောက်နှစ်တာ ရှိသွားပြီ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၁၄ ဖွဲ့နှင့် အစိုးရအကြား နှစ်ဖက် သဘောတူ စာချုပ်များ၊ EAO ရှစ်ဖွဲနှင့် အစိုးရတို့အကြား တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) များကို ချုပ်ဆိုထားပြီး ဖြစ်သည်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် (၅ နေရာ) တွင် ဖွဲ့စည်းထားပြီး ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) ဦးဆောင်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ခြောက်နေရာနှင့် ပြည်ထောင်စုအဆင့် ညီလာခံ သုံးကြိမ် ကျင်းပပြီး ဖြစ်သည်။

သို့သော် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ပထမဆုံး ပြည်ထောင်စုစာချုပ် အစိတ်အပိုင်းတစ်ရပ်ကို ၂၀၁၇ ခုနှစ် မေလက ချုပ်ဆိုခဲ့သော်လည်း စာချုပ်ပါ အချက်အများစုမှာ အသစ်များ မဟုတ်ပေ။ ၂၀၁၇ ခုနှစ် ဇွန်နှင့် ဇူလိုင်လများတွင် ကျင်းပသည့် EAO အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ သုံးသပ် အစည်းအဝေးများက ပြည်ထောင်စု ညီလာခံသည် ခရီးတွင်သင့်သလောက် မတွင်ဘဲ ရှိနေသည်ကို ညွှန်ပြနေသည်။ ပြည်သူအများစု၏ ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကလည်း ကျဆင်းလာနေသည်။ သို့သော် အနုအပညာကဏ္ဍပါ Racism ၊ Intolerance ၊ Sexism များကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သည်။

(၃)

■ အုတ်ကြားမြက်ပေါက်နှင့် ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲကို ၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည်။ မြန်မာအမျိုးသမီးများအား လူကုန်ကူးမှုရန်မှ ကာကွယ်ရေးကိစ္စကို လူမျိုးရေး ရှုထောင့်မှ တင်ပြခဲ့သည့် အုတ်ကြားမြက်ပေါက် ဇာတ်ကားအား အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများ ပေးအပ်ခဲ့သည်။ နေတိုး (ရွှေအုတ်)၊ ထွန်းထွန်း (သကြား)၊ နေမင်း (မြတ်)နှင့် သက်မွန်မြင့် (ပေါက်ပေါက်)တို့ ပါဝင် သရုပ်ဆောင်ထားသည့် အုတ်ကြားမြက်ပေါက် ဇာတ်ကားသည် Racism နှင့် Sexism များဖြင့် ဖုံးလွမ်းနေသည်။

မိသားစုပြဿနာ ကိုယ်စီကြောင့် လမ်းပေါ် ရောက်နေသည့် လူငယ် အမျိုးသား သုံးဦးနှင့် လူငယ် အမျိုးသမီးတစ်ဦးအကြောင်း ဖြစ်သည်။ လူငယ် အမျိုးသားသုံးဦးမှာ အချုပ်ထဲတွင် ဆုံမိကြပြီး ပေါက်ပေါက်နှင့် ပါရာဒိုက်စ် ဟိုတယ်တွင် ဆုံမိကြသည်။ ပါရာဒိုက်စ်သည် နိုင်ငံခြားသားများအား ဖျော်ဖြေသည့် ဟိုတယ်ဖြစ်သည်။ ပေါက်ပေါက်သည် ထိုဟိုတယ်တွင် အလုပ်လုပ်ပြီး လူကုန်ကူးမှုဂိုဏ်းကို ဖော်ထုတ်နေသည့် Undercover agent လည်း ဖြစ်သည်။

အုတ်ကြားမြက်ပေါက် ဇာတ်လမ်းတွင် မြန်မာအမျိုးသမီးများအား နိုင်ငံခြားသား (ထိုင်း၊ တရုတ်)က အမြတ်ထုတ်နေကြောင်း၊ မြန်မာအချို့က ထိုနိုင်ငံခြားသားများနှင့် ပူးပေါင်း၍ အမြတ်ထုတ်နေကြောင်းနှင့် ထိုသို့သော မြန်မာများသည် အသားထဲက လောက်ဖြစ်ကြောင်း တင်ပြထားသည်။ လူမျိုးခြားများသည် မြန်မာအမျိုးသမီးများကို အမြတ်ထုတ်သည်သာမက မြန်မာတို့၏ အိမ်ကို သိမ်းပိုက်နေကြောင်း၊ ဧည့်သည်က အိမ်ရှင်၏ အိမ်ကို အပိုင်သိမ်းကြောင်း ပုံဖော်သည့် ဇာတ်ကွက်များ၊ လူမျိုးခွဲခြားရေးဝါဒကို တွန်းအားပေးသည့် အတွေးအခေါ်များ ပါဝင်သည်။ အုတ်ကြားမြက်ပေါက် ရုပ်ရှင်သည် လူမှုစီးပွားရေး (Socio-economic) ပြဿနာကို လူမျိုးရေး အခြေခံဖြင့် ချဉ်းကပ် တင်ပြထားသော ရုပ်ရှင်ဖြစ်သည်။

လူမျိုးရေးဆန်သော ရုပ်ရှင်အား အကယ်ဒမီဆု သုံးဆု ပေးခဲ့ခြင်းသည် လူမျိုးရေးဆန်သော အတွေးအခေါ်အား တရားဝင် အားပေးအားမြှောက် ပြုလိုက်ခြင်း ဖြစ်သည်။

အုတ်ကြားမြက်ပေါက် ရုပ်ရှင်အား ၂၀၁၆ ခုနှစ်တွင်း ရုံတင်ပြသစဉ်နှင့် အကယ်ဒမီဆု ရရှိပြီးသော အချိန်များတွင် သတင်းမီဒီယာများတွင် လည်းကောင်း၊ အင်တာနက် ကွန်ရက်များတွင် လည်းကောင်း ရုပ်ရှင်ထောက်ခံသူနှင့် မထောက်ခံသူများအကြား ဟိုးလေးတကျော် အပြန်အလှန် ရေးသားမှုများ တွေ့ခဲ့ကြရသည်။

(၄)

■ မြန်မာအိုင်ဒေါနှင့် ငါနှင့်မတူ ငါ့ရန်သူ

ဒုတိယအကြိမ်မြောက် မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ကို အကယ်ဒမီ ဆုပေးပွဲအပြီး ရက်အနည်းအတွင်း ၂၀၁၇ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည်။ နောက်ဆုံး ကျန်သည့် သူနှစ်ဦးမှာ သားငယ်နှင့် ဘီလီလမင်းအေး ဖြစ်သည်။ သားငယ်အား ရခိုင်တိုင်းရင်းသားဟု သိကြပြီး ဘီလီအား ရှမ်းပြည်သူဟု သိကြသည်။ သားငယ်၏ ပရိသတ် ပိုများပြီး ဘီလီကိုတော့ သိသိသာသာ ဝေဖန်မှုများစွာ ရှိခဲ့သည်။ ဝေဖန်သည်ထက် ဆဲဆိုကြသည်ဟု ဆိုလျှင် ပိုမှန်မည်။ ဘီလီသည် သီချင်းထက် အလှပြပြီး မဲဆွယ်ကြောင်း၊ မနာလိုစိတ်ကြီးကြောင်း အပါအဝင် မဖွယ်မရာ စကားလုံးများ သုံးကာ ဆဲဆိုကြသည်။

အနိုင်ရရှိသွားသည့် သားငယ်သည်လည်း လူမျိုးရေး အခြေခံဖြင့် လည်းကောင်း၊ ခန္ဓာကိုယ်ကြောင့် လည်းကောင်း လှောင်ပြောင်ခံရသည်။ ဘီလီပရိသတ် တစ်ဦးက ဘီလီသည် ရိုးသားသည့် တောင်ပေါ်သူ ဖြစ်ကြောင်း၊ တောင်ပေါ်သူ၊ တောင်ပေါ်သားများသည် ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ကို တိုင်းတစ်ပါးသားထံသို့ ရောင်းစားထားခြင်း မရှိကြောင်း လူမှုရေးကွန်ရက်တွင် ရေးသားသည်။ “ရွှေ” ဂက်စ်နှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ရခိုင်တွေကသာ တရုတ်ကို ရောင်းထားသည်ဟု စောင်းပြောခြင်း ဖြစ်သည်။ သားငယ်သည် ရခိုင်ဟု ဆိုသော်လည်း ပြင်ဦးလွင်မြို့တွင် အကြော်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဖြစ်သည်။ အင်တာနက်ကွန်ရက်တွင် လပေါင်းများစွာ အပြန်အလှန် ရေးသားနေသည့် ကိစ္စများအပြင် မည်သူ အနိုင်ရရှိမည်ကို မကြေညာမီ နှစ်မိနစ်ခန့်အချိန်သည် စဉ်းစားစရာ အချက်ဖြစ်သည်။ သားငယ်နှင့် ဘီလီတို့ နှစ်ဦး စင်မြင့်ပေါ်တွင် ရင်ခုန်စွာ စောင့်မျှော်နေစဉ် ပရိသတ်များက ခန်းမတစ်ခုလုံး ညံသွားအောင် သားငယ် အမည်အော်ကာ အားပေးနေကြသည်။ ကိုယ်အားပေးသည့်လူ အနိုင်ရစေချင်ကြသည်မှာ မထူးဆန်းသော်လည်း ကိုယ်အားမပေးသည့် (တစ်နည်းအားဖြင့် အားပေးသူ နည်းသည့်) အမျိုးသမီးငယ် တစ်ဦးအား ညှာတာသောအားဖြင့် ဖြေသိမ့်မှုပေးရာကျသည့် အပြုအမူမျိုး မပြသင့်ဘူးလား ဟု စဉ်းစားမိသည်။

လူမျိုးရေး၊ ခန္ဓာကိုယ်နှင့် Sexist စကားလုံးများဖြင့် ခွဲခြားဆက်ဆံ ဆဲဆိုဝေဖန် ပြီးသည့်အပြင် ကိုယ်ထောက်ခံသည့် လူအား အပြတ်အသတ် အနိုင်ရစေခြင်း၊ ကိုယ် မထောက်ခံသည့် လူအား အလဲထိုး အပြတ်အသတ် ကျရှုံးစေလိုခြင်း စိတ်ဓာတ်သည် အိုင်ဒေါပြိုင်ပွဲမှာမှ မဟုတ် နိုင်ငံရေး နယ်ပယ်တွင်လည်း ဒီလိုပဲလားဟု နိုင်ငံရေးမေးခွန်း ထုတ်ရမည်။ လူအများစုသည် ရှုံးနှိမ့်ခြေများသူ၊ Vulnerable ဖြစ်သူများကို ကာကွယ်ရမည့်အစား ချေမွလိုကြပါက ဤသို့သော စိတ်ဓာတ်သည် နိုင်ငံရေးတွင် မည်သို့ အကျိုးသက်ရောက်နိုင်မည်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။ ကိုယ့်ဆန့်ကျင်ဘက်လူ၏ အခွင့်အရေးကို ကိုယ်က ကာကွယ်ပေးခြင်းဖြင့်သာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးကို အမှန်တကယ် ကာကွယ်နိုင်မည်ဖြစ်ရာ ကိုယ်နှင့် မတူသည့် လူကို အပြတ်အသတ် ကျရှုံးစေလိုခြင်း စိတ်ဓာတ်သည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်နိုင်မည် မဟုတ်ပါ။

မြန်မာအိုင်ဒေါမှသည် နိုင်ငံရေးသင်ခန်းစာ ရယူရန်များ ရှိသည်။ ထိုအကြောင်းအရာများမှာ မြန်မာ့ လူ့အဖွဲ့အစည်းသည် အသေးအဖွဲကိစ္စကြောင့် အကွဲအပြဲ ဖြစ်နိုင်ကြောင်းနှင့် နားလည် သည်းခံ စိတ်ဓာတ် ပျောက်ပြီး ခွဲခြားမှု၊ မုန်းတီးမှုသို့ အလွယ်တကူ ဦးတည်သွားတတ်ကြောင်း ဖြစ်သည်။

(၅)

■ ဗိုလ်ချုပ်အောင်ဆန်းတံတားနှင့် အိမ်ရှင်-ဧည့်သည် ပြဿနာ

ဖျော်ဖြေရေးကဏ္ဍနှင့် ပတ်သက်ပြီး အင်တာနက် ကွန်ရက်ပေါ်တွင် စကားစစ်ထိုးနေကြသည့်အချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံတံတား အမည်ပေးရေးနှင့် ပတ်သက်ပြီး ယဉ်ကျေးမှု အခြေပြုကိစ္စ ပေါ်လာသည်။ ပြည်ထောင်စုအစိုးရ ရံပုံငွေဖြင့် တည်ဆောက်သည့် တံတားကို မူလက သံလွင်-ချောင်းဆုံတံတားဟု အမည်ပေးရန် ရှိသော်လည်း အစိုးရက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ဆုံးဖြတ် လိုက်သောအခါ မွန်တိုင်းရင်းသားများ သာမက အခြား တိုင်းရင်းသားများပါ ဆန့်ကျင်ကြသည်။ မွန်တိုင်းရင်းသားများက မွန်ပြည်နယ်ရှိ ထိုတံတားကို မွန်အမှတ်သင်္ကေတ ဖြစ်စေလိုသည်။ သို့သော် အစိုးရ၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် ဒေသခံများက မြန်မာအစိုးရ ဆောင်ရွက်ချက်ကို မဟာဗမာလူမျိုးကြီးဝါဒ လုပ်ရပ်ဟု ယူဆတော့သည်။

ဒေသခံ ပြည်သူများ အကြားတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်ကို ထောက်ခံသည့် အုပ်စုနှင့် ဆန့်ကျင်သည့် အုပ်စု နှစ်စုဖြစ်သွားစေသည်။ လူမှုရေးကွန်ရက်တွင် ဆန့်ကျင်ခြင်းသာမက အပြင်တွင် ဆန္ဒပြပွဲများ ဖြစ်လာသည်။

မွန်ပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်အချို့အဆိုအရ တံတားအမည်ပေးရေး ကိစ္စကြောင့် ပြည်နယ်တွင်းရှိ ယခင် အတူလက်တွဲ အလုပ်လုပ်သည့် အဖွဲ့များအကြား မျက်နှာချင်း မဆိုင်လိုသည့် အနေအထား ရောက်ရှိသည်အထိ ဖြစ်ခဲ့ကြောင်းသိရသည်။ ဗိုလ်ချုပ်အောင်ဆန်းအမည် သုံးခြင်းကို ကန့်ကွက် သော တိုင်းရင်းသားများအား အမြင်ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒီများဟု ယူဆသူများ ရှိသကဲ့သို့ ထိုအမည်ကို လက်ခံသူများအား လူနည်းစု အခွင့်အရေး မလိုလားသည့် လူမျိုးကြီးဝါဒီများ ဖြစ်ကြောင်း ယူဆသည့် အဆင့်ထိ ရောက်ရှိသွားသည်။ တံတားတိုတစ်စင်း အမည်ပေးရေး ကိစ္စမှသည် လူမျိုးရေးကိစ္စ ဖြစ်သွားခြင်း ဖြစ်သည်။

တံတားအမည်ပေးရေးကိစ္စ ရေချိန်မြင့်နေချိန်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရောက်လာသည်။ မွန်ပါတီအချို့အတွက် စည်းရုံးရာတွင် အချို့က “အိမ်ရှင်-ဧည့်သည်” အတွေးအခေါ်ကို တင်သွင်းလာသည်။ ဥပမာ- Facebook ပေါ်တွင် ဖြန့်ချိသော ကမ်ပိန်းပုံ တစ်ခုတွင် “အိမ်ရှင်သာလျှင် အိမ်ပြင်နိုင်မည်၊ တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ဖို့ မိမိတို့၏ တိုင်းရင်းသားပါတီကို မဲပေးစို့” စာသားများ တွေ့ရသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရသည့် အခြေအနေတွင် တိုင်းရင်းသားများ ဤသို့ အမြင်ရှိနေခြင်းကို အပြစ်တင်၍ မရပါ။ သို့သော် သတိပြုရန် လိုအပ်သည်မှာ “အိမ်ရှင်-ဧည့်သည်” အတွေးအခေါ်သည် ရခိုင်ပြည်နယ် ပြဿနာမှ စလာသည့် လူမျိုးရေး အတွေးအခေါ်ဖြစ်ပြီး ယခုအခါ မွန်ပြည်နယ်သို့ ကူးစက်လာခြင်း ဖြစ်သည်။ မွန်တိုင်းရင်းသားများသည် တန်းတူအခွင့်အရေး ရရှိထိုက်သည် ဖြစ်သော်လည်း အိမ်ရှင်-ဧည့်သည် အတွေးအခေါ်သည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ မွန်ပြည်နယ်ရှိ ဗမာများကို ဧည့်သည်ဟု ဆိုပါက ဗမာဒေသဟု ယူဆသည့် တိုင်းဒေသကြီးတွင် အခြေချ နေထိုင်သည့် မွန်(နှင့် အခြား) တိုင်းရင်းသားများကိုလည်း ထိုတိုင်းဒေသကြီးမှ ဒေသခံများက ဧည့်သည်များဟု သတ်မှတ်မည်သာ ဖြစ်သည်။

(၆)

■ ရှမ်းပြည်နယ် ဆွေးနွေးပွဲနှင့် “ဧည့်သည်ဖြစ်သွားသည့် အိမ်ရှင်”

ရခိုင်ပြည်နယ် ပြဿနာမှ စလာသည့် အိမ်ရှင်-ဧည့်သည် လူမျိုးရေး အတွေးအခေါ်သည် မွန်ပြည်နယ်သာမက ရှမ်းပြည်နယ်သို့လည်း ကူးစက်သွားသည်။

ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကြီးမြို့တွင် ပြည်နယ်အစိုးရ ဦးစီး၍ ကျင်းပခဲ့သည်။ ဒေသခံ အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ညှိနှိုင်း တိုင်ပင်ခြင်း မရှိဘဲ အလျင်စလို စီစဉ်ခြင်း၊ ဗိုင်ဗာနှင့် ဖုန်းများမှ တစ်ဆင့် ဖိတ်ကြားခြင်း၊ ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ အစည်းအဝေးကို နှစ်ရက် သုံးရက်အတွင်း ဖိတ်ကာ ဆွေးနွေးခိုင်းခြင်း၊ ရှမ်းတိုင်းရင်းသား ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပခွင့် မပေးသော်လည်း အစိုးရကတော့ ပြည်နယ်တစ်ခုလုံး အတိုင်းအတာ ကျင်းပပြီး ဒေသခံ ပါတီနှင့် ကိုယ်စားလှယ်များကို ဧည့်သည်သဖွယ် ဖိတ်ကြားခြင်း၊ ငြိမ်းချမ်းရေး ကိစ္စများကို အစဉ်တစိုက် ဆောင်ရွက်လာခဲ့သာ အဖွဲ့များအား ဖိတ်ကြားခြင်း မရှိသော်လည်း ပြည်ထောင်စုအဆင့်မှ အစိုးရ ကိုယ်စားလှယ်များက ရှမ်းပြည် နိုင်ငံရေးဆွေးနွေးပွဲကို လာရောက် ဖွင့်လှစ်ခြင်းတို့ကြောင့် ဒေသခံများက သူတို့သည် အိမ်ရှင် ဖြစ်သော်လည်း ဗမာအစိုးရ လုပ်ရပ်ကြောင့် ဧည့်သည်သဖွယ် ပြောင်းပြန် ဖြစ်သွားကြောင်း ဆိုကြသည်။

နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေးကိစ္စများ ရှုပ်ထွေးသည့် ရှမ်းပြည်နယ်တွင် အိမ်ရှင်-ဧည့်သည် ကဲ့သို့သော အတွေးအခေါ်များ ပေါ်ပျူလာ ဖြစ်လာပါက ပြည်နယ်တွင်းတွင် အိမ်ရှင်-ဧည့်သည် လူမျိုးရေး လက်ညှိုးညွှန်မှု သံသရာသာ ပတ်လည်ရိုက်နေမည် ဖြစ်သည်။

(၇)

■ နိဂုံး

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပဋိပက္ခဟု ဆိုလျှင် မြန်မာအစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား လက်နက်ကိုင် တိုက်ပွဲများကို ပြေးမြင်ကြသည်။ ငြိမ်းချမ်းရေးဟု ဆိုလျှင် နိုင်ငံရေး ခန်းမကြီးများထဲမှ ဆွေးနွေးပွဲများနှင့် အစည်းအဝေးများကို မြင်ကြသည်။ သို့ဖြစ်ရာ လက်နက်ကိုင် တိုက်ပွဲများနှင့် ငြိမ်းချမ်းရေး ခန်းမများထဲမှ ကိစ္စများ မဟုတ်သော်လည်း ပြည်သူတို့၏ လူမှုစီးပွားရေးနှင့် နိစ္စဓူ၀ အေးဆေး ချမ်းငြိမ်းရေးအတွက် အရေးကြီးသည့် ကိစ္စများအား အလေးပေး စောင့်ကြည့်ထိန်းသိမ်းရန် အားနည်းလျက် ရှိသည်။

ယခုလက်ရှိ အနေအထားတွင် တံခါးပိတ် နိုင်ငံရေး ခန်းမများထဲမှ ယုံကြည် နားလည်မှု တည်ဆောက်ရေး၊ တန်းတူညီမျှရေး၊ တရားမျှရေး ဆွေးနွေးချက်များသည် မည်သည့် အတိုင်းအတာရောက်ပြီး မည်မျှအထိ ရောက်သည်ကို မသိရသေးသကဲ့သို့ ပြည်သူ စိတ်ဝင်စားမှုကလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ သို့သော် ပြည်သူလူထု၏ မျက်စေ့နှင့် နားဖြစ်သည့် ရုပ်ရှင်နယ်ပယ်က မတူကွဲပြား အုပ်စုများအကြား ယုံကြည် နားလည်မှု တည်ဆောက်ရေး၊ သီးခံတတ်ရေး၊ အားနွဲ့သူ အားကူရေး စိတ်ဓာတ်နှင့်ဓလေ့ ပြုစုပျိုးထောင်ရေးအတွက် အထောက်အကူ မဖြစ်ဘဲ ယဉ်ကျေးမှု မတူသူများအား လူမျိုးရေးရန် မျက်မှန်စိမ်းဖြင့် ကြည့်ရန်သာ လမ်းပြပေးနေသည်။ တိတ်တခိုး မဟုတ်၊ ဟိုးလေးတစ်ကျော် နိုင်ငံသိ၊ ကမ္ဘာသိ ဖြစ်သည်။

မြန်မာအိုင်ဒေါ ကဲ့သို့ တစ်တိုင်းပြည်လုံး အုတ်အုတ်ကျက်ကျက် ဖြစ်စေသည့် ပြိုင်ပွဲတွင်လည်း ပရိသတ်များက ကိုယ် မထောက်ခံသည့်လူ (ကိုယ့်ပြိုင်ဘက်) ကို အမြစ်ပြတ် အလဲထိုးလိုခြင်း ဓလေ့ကိုသာ ပြသခဲ့သည်။

ထိုနည်းတူ မွန်ပြည်နယ်တွင် တံတားအမည် ပေးသည့်ကိစ္စဖြင့် မတူအုပ်စုများအကြား သဘောထား ကွဲပြီး လူမျိုးရေး လှုပ်ရှားမှု၏ စကားလုံးနှင့် စိတ်ဓာတ်ဖြစ်သော အိမ်ရှင်-ဧည့်သည် ကိစ္စကို ကြားကြရသည်။ ရှမ်းပြည်နယ်တွင်လည်း ထိုနည်းတူစွာပင်။ အချုပ်ဆိုရလျှင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက ယုံကြည်မှု မတည်ဆောက်နိုင်ခင် ငြိမ်းချမ်းရေးခန်းမပြင်ပ လူမှုအသိုင်းအဝိုင်းများ အကြားတွင် အကွဲအပြဲသစ်များ၊ လူမျိုးရေး ခွဲခြားခြင်းများ၊ Sexism နှင့် ငါနှင့်မတူ ငါ့ရန်သူ စိတ်ဓာတ်များ ပိုမို ကျယ်လောင်လာနေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ထုံးစံတွင် ပြဿနာတစ်ခု ဖြေရှင်းပါမှ ထိုပြသနာသည် မပြေလည်ဘဲ နောက်ပြဿနာအသစ် တစ်ခုသာ ထပ်ရလာတတ်သည်။ သို့ရှိရာ ယခု ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခ မဖြေရှင်းနိုင်မီ လူမှုအသိုင်းအဝိုင်းအကြား အကွဲအပြဲသစ်များ ဤမျှထက် ပိုမဖြစ်ရေးအတွက် Formal process ဖြစ်သည့် ပြည်ထောင်စု ညီလာခံ၊ အမျိုးသားအဆင့် ဆွေးနွေးပွဲ၊ JMC နှင့် UPDJC စသည့် ကိစ္စများအပြင် Inter-ethnic ရေးရာကိစ္စများ၊ လူမျိုးရေး၊ Sexism စသည့် ကိစ္စများကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်၏ အစိတ်အပိုင်းများအဖြစ် အလေးထား ဆောင်ရွက်ရမည် ဖြစ်သည်။

The problem perspective: Myanmar Film Academy Award, Myanmar Idol and Gen. Aung San bridge take over Peace

By Dr. Sai Latt

The author takes an unconventional and innovative approach to examine identity-based politics in Myanmar by drawing on the lens of pop culture to unravel several puzzles.

The author argues that the key to supporting peace is ‘reconciliation’ that encompasses groups diverse in terms of religion, socio-economic classes, regions and ethnicities and supports the promotion of understanding, trust, and justice among these groups. Current efforts involve discussions among elites in closed-door meetings. This process excludes participation by ordinary people, but the decisions reached in these meetings have far-reaching impacts upon their lives. Meanwhile, popular culture manifest in popular films, music, and the arts promotes racism, intolerance, sexism and discrimination that empowers dominant groups and negatively impacts others. The widening ‘divisions among general population’ could lead to a situation where sectarian issues “hijack” the peace-talks.

The author expresses his concerns through an examination of several events not usually linked to the analysis of identity politics. These include the selection by the 2016 Myanmar Film Academy of a film, which promotes racism and sexism; analysis of “infighting” among fans of a popular TV program ‘Myanmar Idol’ on social media that includes racist, sexist and body-shaming comments; and lastly, a split among communities over the naming of a newly constructed bridge in Mon State to honor the late national hero, Gen. Aung San, that failed to take into account local voices and produced a racially charged political issue.