UPDJC လုပ်ငန်းတာဝန်များ

တာဝန်နှင့် လုပ်ပိုင်ခွင့်များ

က။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရမည်။

ခ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်အား NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၆၀)အတွင်း ရေးဆွဲရန် တာဝန်ရှိသည်။

ဂ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆွေးနွေးပွဲများကို NCAလက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၉၀)အတွင်း စတင်ကျင်းပရန် တာဝန်ရှိသည်။

ဃ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သည် နိုင်ငံရေးဆွေးနွေးပွဲ များမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်။

င။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အနေနှင့် မဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ အခက်အခဲများ ရှိလာပါက တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူ ရမည်။

စ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်ပါက ကော်မတီဝင် ကိုယ်စားလှယ်များ ဖြည့်စွက်ခန့်အပ်ခြင်းနှင့် ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)သို့ တင်ပြ၍ အတည်ပြုချက်ရယူကာ ဆောင်ရွက်နိုင်သည်။

ဆ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သည် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုအပ်သည့် ဆပ်ကော်မတီများ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် လုပ်ငန်းအထောက်အကူပြု အဖွဲ့များကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်နှင့် ဝတ္တရားများကို ချမှတ်ပေးရမည်။

ဇ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ အတွင်းရေးမှူးများသည် အစည်းအဝေးတစ်ခုနှင့် တစ်ခုကြားကာလတွင် ဆက်သွယ် ဆောင်ရွက်ရန်နှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းများကို ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည်။

အစည်းအဝေးကျင်းပခြင်း

က။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)စုံညီအစည်းအဝေးကို (၂)လ တစ်ကြိမ်ကျင်းပသွားရမည်။

ခ။ လိုအပ်ပါက ကြားကာလတွင်လည်း အစည်းအဝေးကျင်းပရန် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

အစည်းအဝေးအထမြောက်ခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသည် ကိုယ်စားပြုတက်ရောက်ခွင့် ရှိသည့် အစုအဖွဲ့တစ်ခုချင်းစီမှ ၇၅%တက်ရောက်ပါက အစည်းအဝေးအထမြောက်သည်။

အစည်းအဝေး ဆုံးဖြတ်ချက်ချခြင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သည် လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် အစည်းအဝေးတက်ရောက်လာသော နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီမှ အစုအဖွဲ့ တစ်ခုချင်းစီမှ အနည်းဆုံး ၅၀% အထက်ထောက်ခံမဲရ၍ တက်ရောက်လာသူ စုစုပေါင်း၏ ထောက်ခံမဲသုံးပုံနှစ်ပုံနှင့် ဆုံးဖြတ်နိုင်သည်။

အထွေထွေ

က။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)သည် NCAတွင် ပါဝင်သော သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲများ အဆင့်ဆင့်ကျင်းပခြင်းနှင့် စပ်လျဉ်း၍ လိုအပ်ပါက စည်းမျဉ်းစည်းကမ်းများ၊ ကြော်ငြာစာများ၊ လုပ်ထုံံးလုပ်နည်းများအား ကော်မတီဝင်ကိုယ်စားလှယ်များနှင့် အခြားကော်မတီဝင်များ သိရှိနိုင်ရန် အတွက်ထုတ်ပြန်နိုင်သည်။

ခ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် ရုံးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကြော်ငြာစာများ၊ လမ်းညွှန်ချက်များနှင့် အသိပေးစာများထုတ်ပြန်နိုင်သည်။

ဂ။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏တာဝန်နှင့် လုပ်ပိုင်ခွင့် များကို JICM၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ် (ဇ)အရ JICMအစည်းအဝေးများတွင် ပြင်ဆင်ဖြည့်စွက်နိုင်သည်။