JMC State ၏ လုပ်ပိုင်ခွင့်များ

တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေးမှ အတည်ပြုထားသော ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ လုပ်ငန်းဆိုင်ရာ အခြေခံမှုများနှင့် ကွဲလွဲခြင်း မရှိစေဘဲ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်မည့် နယ်နိမိတ်ကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ တင်ပြ အတည်ပြုချက်ရယူကာ သတ်မှတ်ပေးရမည်။

၂။ လက်မှတ်ရေးထိုးထားသော နှစ်ဖက်အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ပါ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် သက်ဆိုင်သောအချက်များကို ချိုးဖောက်မှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ မဆုံးဖြတ်နိုင်သည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။

၃။ နှစ်ဘက် တိုက်ရိုက် ထိတွေ့ ရင်ဆိုင်မှုရှိသော နေရာများတွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် တပ်စခန်း များ၏ အရေအတွက် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ အစီရင်ခံစာများ ရေးသား တင်ပြရမည်။

၄။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် ပါဝင်သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ focal point များကို အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ တစ်ခုစီတွင် စိစစ်အတည်ပြုရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းကာ သင့်လျော်သည့် လုပ်ငန်းလမ်းညွှန် များကို ရေးဆွဲချမှတ်၍ သက်ဆိုင်ရာဒေသသို့ စေလွှတ် အကောင်အထည်ဖော် ဆောင်ရွက်စေရမည်။ စိစစ်အတည်ပြုရေး အဖွဲ့များသည် ကနဦး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ယန္တရားအဖြစ် တာဝန်ယူ အကောင်အထည်ဖော်သွားရမည်။

၅။ ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ တင်ပြလာသော ရပ်ကွက်/ကျေးရွာများမှ စောင့်ကြည့်ရေး လုပ်ငန်းများ လုပ်ဆောင်မည့် နှစ်ဖက်လက်ခံသည့်ဒေသခံများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ အတည်ပြုပေးရမည်။

၆။ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ (IDPs) နှင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည် များအား ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံ၍ လူ့ဂုဏ်သိက္ခာနှင့်အညီ ဖြစ်စေရန် ပူးတွဲညှိနှိုင်း ဆောင်ရွက်ပေးရမည်။

၇။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအတွင်း မည်သည့်ဒေသမဆို ကော်မတီဝင်များ၏ သဘောတူညီ ချက်ဖြင့် အစည်းအဝေး ပြုလုပ်ခွင့်ရှိသည်။

၈။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ စိစစ် အတည်ပြုရေးအဖွဲ့များ၏ အကောင်အထည်ဖော်ဆောင်မှုအတွက် မည်သည့်အဖွဲ့အစည်းဘက်ကမှ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ တားမြစ်ခြင်း နှောင့်နှေးစေခြင်း၊ ကန့်သတ်ခြင်း စသည့် အပြုအမူများ မရှိစေရန် ဆောင်ရွက်ပေးရမည်။

၉။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတို့၏ နှစ်စဉ်ခန့်မှန်း အသုံး စရိတ်ကို စိစစ်တွက်ချက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီသို့ တင်ပြတောင်းခံရမည်။

၁ဝ။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်ရေးရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတွင် လုပ်ငန်းလိုအပ်ချက်အရ နှစ်ဘက်လက်ခံနိုင်သော နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များကို နည်းပညာ အကြံပေး အထောက်အကူများအဖြစ် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိခိုက်ခြင်းသော်လည်းကောင်း၊ NCA အကောင်အထည်ဖော်ဆောင်မှုကို ထိခိုက်ခြင်းသော်လည်းကောင်း မရှိစေဘဲ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသို့ ကြိုတင် တင်ပြတောင်းခံနိုင်သည်။