သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ခုနှစ် မေ ၁၂ ရက်။
ဌာနချုပ် – မသိရသေးပါ။
လှုပ်ရှားဒေသ – မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောနှင့် ပေါက်မြို့နယ်။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့်အထက် ။
ခေါင်းဆောင် – ကိုမြတ်သူ (ဦးဆောင်သူ/ စစ်ဦးစီးချုပ်)။
ယောကာကွယ်ရေးတပ် (YDF)၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုမြတ်သူသည် အာဏာမသိမ်းမီကာလက ပညာရေးအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူဖြစ်ပြီး ကျောင်းဆရာအဖြစ် ဘဝကိုဖြတ်သန်းခဲ့သူ ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းချိန်တွင် ၎င်းသည် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး စစ်ကောင်စီဘက်က လူထုကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ နှိပ်စက် သတ်ဖြတ်ခြင်း၊ ပစ်ခတ်ခြင်းများ ပြုလုပ်လာသည့်နောက် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်။ ကိုမြတ်သူ အပါအဝင် ပညာရေးအသိုင်းအဝိုင်းမှ လူငယ် လေးဦးသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နယ်မြေသို့ သွား၍ အခြေခံစစ်ပညာ သင်ယူခဲ့ကြသည်။
KIA ထံမှ စစ်ပညာသင်ယူပြီးနောက် ၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် YDF ကို တည်ထောင်ခဲ့ကြသည်။ ထို့နောက် အဖွဲ့ဝင်အင်အား ကိုးဦးဖြစ်လာပြီး YDF ကို ပဲ့ကိုင်ရန် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုဦးဆောင်ကော်မတီသည် အဖွဲ့အစည်း၏ မူဝါဒများ ချမှတ်ခြင်း၊ စစ်ရေးဆိုင်ရာ ဆုံးဖြတ်မှုများနှင့် ကွပ်ကဲမှုပေးသည့် ကော်မတီဖြစ်သည်။ YDF သည် ရက္ခိုင့်တပ်တော် (AA) ၏ စစ်ရေးဦးစီးမှု အောက်တွင် ရှိသည်။
YDF သည် ယောလူမျိုးများကို ကိုယ်စားပြုသည့် တပ်ဖွဲ့ဖြစ်ပြီး သီးခြားလွတ်လပ်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့အဖြစ် ရပ်တည်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်တွင် လှုပ်ရှားခြင်း မရှိပေ။ သို့သော် NUG နှင့် နိုင်ငံရေး မဟာမိတ်အဖြစ် ရပ်တည်နေသည်။
YDF သည် KIA အပြင် ရက္ခိုင့်တပ်တော် (AA )၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ထံတွင်လည်း စစ်ပညာသင်ယူခဲ့သည်။ လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့တွင် အခြေစိုက် လှုပ်ရှားပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ၎င်းတို့ အနေနှင့် ယောဒေသတွင် အခြေစိုက်လှုပ်ရှားကာ ဒေသ လွတ်မြောက်ရေးအတွက် ဦးတည်လှုပ်ရှားလျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
အာဏာရှင် ကျဆုံးရေးသည် YDF ၏ ရည်ရွယ်ချက်ဖြစ်ပြီး တရားသောစစ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ထောင်ရေးမှာ ရည်မှန်းချက် ဖြစ်သည်။
YDF ၏ မူဝါဒ ငါးချက်သည် အောက်ပါအတိုင်းဖြစ်သည်။
၁။ မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာရှင်စနစ် အပြီးတိုင် (လုံးဝ) ပျက်သုဥ်းရေး။
၂။ မြန်မာနိုင်ငံသားများအားလုံး စီးပွားရေး၊ နိုင်ငံရေး စသည့် အခွင့်အရေးများ တန်းတူညီမျှစွာ ရရှိရေး။
၃။ ပြည်သူအားလုံး၏ ဆန္ဒနှင့် ကိုက်ညီသော ဒီမိုကရေစီ နိုင်ငံတော်သစ်တခု ပေါ်ထွန်းရေး။ (ကွန်ဖက်ဒရေးရှင်း/ ဖက်ဒရယ်/ ယူနီထရီ မည်သည့်စနစ်မဆို အများဆန္ဒနှင့် ကိုက်ညီသည့် နိုင်ငံတော် တည်ဆောက်နိုင်ရေး။)
၄။ မြန်မာနိုင်ငံအတွင်း၌ လွတ်လပ်မျှတသော လူ့အသိုင်းအဝိုင်းတခု ပေါ်ထွန်းရေး။
၅။ တော်လှန်ရေးကာလအတွင်း၌ စစ်အုပ်စု၏ လက်နက်ကိုင်ဗိုလ်ကျစိုးမိုးနေမှုများကို လက်နက်ကိုင်စွဲတော်လှန်ကာ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေး။
YDF ၏ သစ္စာအဓိဋ္ဌာန် ငါးချက်သည် အောက်ပါအတိုင်းဖြစ်သည်။
၁။ ငါတို့သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုသားများအပေါ် သစ္စာရှိရှိ အသက်ပေး ကာကွယ်သွားပါမည်။
၂။ ငါတို့သည် ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော သူရဲကောင်းများအပေါ် သစ္စာစောင့်သိပါမည်။
၃။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ပါမည်။
၄။ ငါတို့သည် ရန်သူအပေါ်၌ ဘယ်တော့မှ လက်နက်မချပါ။
၅။ ငါတို့သည် ယောဒေသကာကွယ်ရေးတပ် (YDF) က ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားပါမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
YDF ၏ ဗဟိုကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) | ကိုမြတ်သူ | စစ်ဦးစီးချုပ် |
(၂) | ကိုအားမာန် | အတွင်းရေးမှူး |
(၃) | ဘဏ္ဍာရေးမှူး | |
(၄) | ကိုမင်းမင်း | သတင်းနှင့် ပြန်ကြားရေး |
YDF ၏ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး တပ်ဖွဲ့ တည်ထောင်သူထဲတွင် ပါဝင်ခဲ့သည့် ဒုတိယ စစ်ဦးစီးချုပ် ကိုဖြိုးဝေစိုးသည် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် စစ်ကောင်စီနှင့်ဖြစ်ပွားသည့် တိုက်ပွဲ၌ ကျဆုံးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ဖြိုချရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည့်အလျောက် စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းလိုခြင်း မရှိဘဲ အာဏာရှင်ကျဆုံးရန်သာ တိုက်ခိုက်မည်ဟူသည့် စစ်ရေးရပ်တည်ချက်ရှိသည်။ နိုင်ငံရေးရည်မှန်းချက်နှင့်ပတ်သတ်၍ တိုင်းရင်းသား အားလုံး တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
တပ်မဟာများ
တပ်မဟာများ မရှိသေးပါ။ တပ်ရင်းများ ဖွဲ့စည်းထားသော်လည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/ydf.yawdefenseforce