သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်။
ဌာနချုပ်- ပန်ဆန်း(ပန်ခမ်း)မြို့။
လှုပ်ရှားဒေသ – ပန်ဆန်း(ပန်ခမ်း)၊ မိုင်းမော၊ မိုင်းမ၊ ပန်ဝေ၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်၊ မက်မန်း၊ တန့်ယန်း ၊ မိုင်းကိုင်၊ ရပ်စောက်၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းပန်နှင့် မိုင်းယောင်းမြို့နယ်များ။
ခန့်မှန်းအင်အား – ၄၅,၀၀၀ ခန့်။
ခေါင်းဆောင် – ဦးပေါက်ယိုချန်(ဥက္ကဋ္ဌ)၊ ဦးကျောက်ကော်အန်း(ဒုတိယ ဥက္ကဋ္ဌ)၊ ပေါက်အိုက်ခမ်း (ဒုတိယ အထွေထွေအတွင်းရေးမှူး) ၊ ဦးကျောက်ကျုံးတန်း(စစ်ဦးစီးချုပ်)။
UWSA သည် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်သည်။ UWSA ကို မတည်ထောင်ခင်က ‘ဝ’တပ်မှူးများဖြစ်သည့် ဦးကျောက်ညီလိုင်နှင့် ဦးပေါက်ယူချန်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)၏ လက်အောက်မှ တပ်မှူးများ ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ပန်ဆန်းရှိ ဗကပဌာနချုပ်ကို ပုန်ကန်အာဏာသိမ်းလိုက်ပြီး UWSA ကို တည်ထောင်လိုက်ခြင်း ဖြစ်သည်။
UWSA ကို တည်ထောင်ပြီးနောက်တွင် ‘ဝ’ခေါင်းဆောင်များမှာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့သည်။ စစ်အစိုးရက UWSA လှုပ်ရှားသည့် နယ်မြေကို ရှမ်းပြည်နယ်အထူးဒေသ-၂ အဖြစ် သတ်မှတ်ပေးခဲ့ပြီး ထိုအချိန်မှစ၍ ‘ဝ’ခေါင်းဆောင်များသည် ၎င်းတို့၏ ဒေသအတွင်း ဗဟိုအစိုးရ၏ စွက်ဖက်မှုမရှိသည့် အုပ်ချုပ်ရေးယန္တရားကို စတင် ထူထောင်ခဲ့သည်။ ‘ဝ’ဒေသကို ပြည်နယ်အဆင့်သို့ တရားဝင်တိုးမြှင့်သတ်မှတ်ပေးရန် ဆွေးနွေးခဲ့သော်လည်း စစ်အစိုးရအဆက်ဆက်က သဘောတူခဲ့ခြင်း မရှိပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း-၂၊ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ၏ ပုဒ်မ ၅၆ (စ) တွင် ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ်တို့ကို ခရိုင် နှစ်ခုခွဲကာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပြည်နယ်သစ်များ လွယ်လင့်တကူ ပေါ်ပေါက်မလာနိုင်ရေးကိုလည်း အရံအတားများစွာ ထည့်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်းမှ ဟိုပန်၏ နယ်မြေ တစိတ်တဒေသနှင့် မက်မန်းမြို့နယ်၏ နယ်မြေတစိတ်တဒေသကိုသာ အစိုးရနှင့် စစ်တပ်က ထိန်းချုပ်နိုင်ပြီး ကျန်နယ်မြေအားလုံးသည် UWSA ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ သို့သော် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) ဦးဆောင်သည့် ‘စစ်ဆင်ရေး ၁၀၂၇’ တွင် ဟိုပန်မြို့နယ်တခုလုံးကို 3BHA က သိမ်းယူပြီး မဟာမိတ် UWSA ကို လွှဲပြောင်းပေးခဲ့သည်။
ဟိုပန်မြို့နယ်အတွင်း ဟိုပန်နှင့် ပန်လုံမြို့တို့ ပါဝင်သည်။ ထိုဒေသတခုလုံးကို UWSA က သွေးထွက်သံယိုတိုက်ခိုင်ရခြင်း မရှိဘဲ ရရှိလိုက်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် အစိုးရထံမှ အုပ်ချုပ်ရေးကို တရားဝင်လွှဲပြောင်းယူကြောင်း အခမ်းအနားတရပ်ပြုလုပ်ခဲ့သည်။ ဟိုပန်ကိုလည်း UWSA ၏ ခရိုင်မြို့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
UWSP/UWSA ၏ အုပ်ချုပ်မှုအောက်တွင် ‘ဝ’မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသဟူ၍ ဖွဲ့စည်းထားသည်။ မြောက်ပိုင်းဒေသထဲတွင် မိုင်းလင်း(ဝိန်းကောင်)ခရိုင်၊ မိုင်းမောခရိုင်၊ မိုင်းပေါက်ခရိုင်၊ ဟိုပန်ခရိုင်ဟူ၍ ခရိုင်လေးခု၊ ပန်ဆန်း(ပန်ခမ်း)နှင့် နမ့်တစ်တို့ကို အထူးမြို့နယ်နှစ်ခုအဖြစ် ဖွဲ့စည်းကာ အုပ်ချုပ်လျက် ရှိသည်။ ထိုဒေသများတွင် ခန့်မှန်းခြေ လူဦးရေငါးသိန်းခွဲ နေထိုင်သည်။
UWSA ထိန်းချုပ်သည့် မြောက်ပိုင်းနယ်မြေတကြောသည် တရုတ်နိုင်ငံ၏ နယ်နိမိတ်နှင့် ဆက်စပ်နေရာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း(BRI)အတွက် ‘ဝ’ဒေသသည်လည်း အရေးပါသည့် အစိတ်အပိုင်း ဖြစ်သည်။ UWSA ၏ နမ့်တစ်အထူးမြို့နယ်သည် တရုတ်နိုင်ငံ၏ စီးပွားရေးဇုန်တခု ဆောက်ရန် လျာထားချက်ထဲတွင် ပါဝင်သည့် နေရာဖြစ်သည်။
မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ ဟွေအော်နှင့် ပုံပါကျင်ဒေသတို့အတွင်း၌လည်း မြို့နယ်ခုနစ်မြို့နယ် သတ်မှတ်ကာ နယ်မြေထိန်းချုပ်ထားပြီး ထိုဒေသများကို ဝတောင်ပိုင်းဒေသ သို့မဟုတ် ၁၇၁ စစ်ဒေသဟု ခေါ်ဆိုသည်။ ယင်းနယ်မြေများတွင် ခန့်မှန်းခြေ လူဦးရေ တသိန်းနှင့်အထက် နေထိုင်သည်။
ထိုဒေသအားလုံးနှင့် ‘ဝ’တပ်ဖွဲ့ကို UWSP ဗဟိုကော်မတီက မူဝါဒများချမှတ်၍ ကွပ်ကဲအုပ်ချုပ်သည်။ ‘ဝ’ဒေသတခုလုံးတွင် အာဏာအမြင့်ဆုံးဖြစ်သည့် UWSP ၌ အမြဲတမ်းဗဟိုကော်မတီနှင့် လုပ်ငန်းဗဟိုကော်မတီဟူ၍ ဖွဲ့စည်းထားကာ ထိုကော်မတီများက မူဝါဒရေးရာများကို ချမှတ်သည်။ နိုင်ငံ၏ ဗဟိုအစိုးရနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒတို့သည် ‘ဝ’ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးထားခြင်း မရှိပေ။ သို့သော် UWSP က ၎င်းတို့ ဒေသကို ‘ဝပြည်နယ်’ဟုသာ သုံးနှုန်းသည်။ ဒေသကိုအုပ်ချုပ်သည့် အုပ်ချုပ်ရေးအဖွဲ့အစည်းကိုလည်း ‘ဝ’ပြည်နယ် ပြည်သူ့အစိုးရဟူ၍သာ ခေါ်ဝေါ်သည်။
‘ဝ’ပြည်နယ် ပြည်သူ့အစိုးရ၏ လက်အောက်တွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ သတင်းမီဒီယာ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့်လယ်ယာကဏ္ဍ၊ သစ်တော၊ သတ္တု၊ သာသနာရေးနှင့် ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ရသည့် ရဲဌာန စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။
UWSA အနေနှင့် အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေရှာဖွေရာ၌ မြောက်ပိုင်းဒေသတွင် မြေရှားနှင့် ခဲမဖြူ သတ္တုများကို တူးဖော်ရောင်းချခြင်း၊ ဒေသတွင်း ကာစီနိုရုံများ၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ တောင်ပိုင်းဒေသတွင် ရာဘာစိုက်ပျိုးကာ မဲခေါင်မြစ်ကမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း စသည်တို့ကို လုပ်ဆောင်သည်။ ဘဏ္ဍာရေးအရ အတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်သည်။
သို့သော် ‘ဝ’ဒေသတွင်း ဟိုတယ်လုပ်ငန်းများတွင် အခြေစိုက်ထားသည့် လုပ်ငန်းများမှာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများ၏ လူသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အွန်လိုင်းအခြေပြု လိမ်လည်သည့် ကျားဖြန်နှင့် လူကုန်ကူးလုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိခဲ့သည်။ တရုတ်နိုင်ငံက ထိုလုပ်ငန်းများကို ဖြိုခွင်းရန် ၂၀၂၃ ခုနှစ်တွင် လုပ်ဆောင်ခဲ့သည်။ UWSA ၏ ဒုတိယစစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကို တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် အောက်တိုဘာပထမပတ်တွင် ဖမ်းဆီးခဲ့သလို UWSA အနေနှင့်လည်း ၎င်းတို့ဒေသအတွင်းရှိ ကျားဖြန်အဖွဲ့များကို ဖမ်းဆီးကာ တရုတ်နိုင်ငံသားများကို ပြန်လွဲပြောင်း ပေးနေရဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
အချက်အလက်များ မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
UWSP
စဥ် | အမည် | ရာထူး/ တာဝန် |
၁ | ဦးပေါက်ယိုချန် | အထွေထွေအတွင်းရေးမှူး (အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင်) |
၂ | ဦးပေါက်အိုက်ခမ်း | ဒုတိယအထွေထွေအတွင်းရေးမှူး (အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင်) |
၃ | ဦးကျောက်ကျုံးတန်း | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
၄ | ဦးကျောက်ကော်အန်း | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
၅ | ဦးပေါက်ယိုလျံ | အမြဲတမ်း ဗဟိုနိုင်ငံရေး ဦးဆောင် ကော်မတီဝင် |
‘ဝ’ပြည်နယ် ပြည်သူ့အစိုးရ
စဥ် | အမည် | ရာထူး/ တာဝန် |
၁ | ဦးပေါက်ယိုချန် | ဥက္ကဋ္ဌ |
၂ | ဦးပေါက်ယိုလျံ | ဒုတိယဥက္ကဋ္ဌ |
၃ | ဦးကျောက်ကော်အန်း | ဒုတိယဥက္ကဋ္ဌ |
UWSA
စဥ် | အမည် | ရာထူး/ တာဝန် |
၁ | ဦးပေါက်ယိုချန် | တပ်မှူးချုပ် |
၂ | ဦးကျောက်ကျုံးတန်း | ဒုတိယတပ်မှူးချုပ်နှင့် စစ်ဦးစီးချုပ် |
၃ | ဦးပေါက်အိုက်ချန် | ဒုတိယတပ်မှူးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
UWSP သည် ၁၉၈၉ ခုနှစ် မေ ၁၈ ရက်တွင် နဝတအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ်ကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ကိုလည်းကောင်း ချုပ်ဆိုခဲ့သည်။
စုဖွဲ့မှု
UWSP သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(Federal Political Negotiation and Consultative Committee – FPNCC)၏ ဥက္ကဋ္ဌ ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
UWSP/UWSA သည် စစ်တပ်က အာဏာသိမ်းမှုနှင့်ပတ်သက်၍ ဝေဖန်ခြင်းနှင့် ရပ်တည်ချက်ကို တစုံတရာ ထုတ်ဖော်ပြခြင်းမရှိပါ။ သို့သော် NLD အစိုးရလက်ထက်တွင် ညှိနှိုင်းနေဆဲဖြစ်သည့် အပစ်ရပ်စာချုပ်ဆိုင်ရာကိစ္စနှင့် နိုင်ငံရေးကိစ္စရပ်များဆိုင်ရာ တရားဝင်ဆွေးနွေးမှုများကို ရပ်ဆိုင်းထားသည်။
အာဏာသိမ်းပြီးနောက် စစ်တပ်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီနှင့် အမှတ်-၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်အေးတို့နှင့် နှစ်ဖက်ထိန်းချုပ်နယ်စပ်ဖြစ်သည့် မက်မန်းဆိုင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဧပြီ ၇ ရက်တွင် တွေ့ဆုံခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီက နေပြည်တော်တွင်ပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ကိုယ်စားလှယ်စေလွှတ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း UWSA သည် ၎င်း၏ မြောက်ပိုင်းမဟာမိတ်တပ်များကို စစ်ရေးအရ အကူအညီပေးကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်များ ဆုတ်ခွာသွားရန် တိုက်ခိုက်ရာတွင် ပါဝင်ကူညီခဲ့သည်။
UWSA နှင့် SSPP ကြား ဆက်သွယ်ထားသည့် မဟာမိတ်နယ်မြေများကို လုံခြုံရေးပိုတောင့်တင်းစေရန် ဆောင်ရွက်ခဲ့သည်။ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်းသုံးခုကို နောက်ဆုတ်ရန် စစ်ကောင်စီက ပြောဆိုခဲ့ရာတွင်လည်း UWSA သည် SSPP နှင့်အတူ ရှေ့တန်းတပ်စခန်းများကို အသင့်အနေအထား ပြင်ဆင်ခဲ့သည် ။
တဖက်တွင် စစ်ရေးအရ ပွတ်တိုက်မှုများရှိသော်လည်း UWSA သည် စစ်ကောင်စီ၏ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရန် ဖိတ်ခေါ်မှုများကို လက်ခံကာ နေပြည်တော်၌ သွားရောက်တွေ့ဆုံခြင်းများ ရှိခဲ့သည်။ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် တိုးမြှင့်ပေးရန်ကိုလည်း ဆွေးနွေးပွဲများတွင် တောင်းဆိုခဲ့သည်။ စစ်ကောင်စီကလည်း နောင်တွင် ရွေးကောက်ပွဲကျင်းပပြီး၍ လွှတ်တော်ပေါ်လာသည့်အခါ ယင်းကိစ္စကို ‘ဝ’ဘက်မှ ရပ်တည်၍ ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်။
‘စစ်ဆင်ရေး ၁၀၂၇’ ဒုတိယပိုင်းကာလ ၂၀၂၄ ခုနှစ် ဇူလိုင်ဒုတိယပတ်အတွင်းက UWSA တပ်များသည် လုံခြုံရေးယူပေးရန်ဟူသည့် အကြောင်းပြချက်ဖြင့် တန့်ယန်းမြို့အတွင်း ဝင်ရောက်တပ်စွဲခဲ့သည်မှာ ယနေ့ထိ ဖြစ်သည်။ တန့်ယန်းမြို့အတွင်း တပ်စွဲရန် စစ်ကောင်စီက ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဆက်ဆံရေးရုံးများ
ရှမ်းပြည်နယ်အတွင်း လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားသည်။
တပ်မဟာများ
ဗဟိုဌာနချုပ် အခြေစိုက်သည့် မြန်မာ-တရုတ်နယ်စပ် ‘ဝ’မြောက်ပိုင်းဒေသတွင် တပ်မဟာ-၃၁၈၊ တပ်မဟာ-၄၁၈၊ တပ်မဟာ-၄၆၈ နှင့် တပ်မဟာ-၆၁၈ ဟူ၍ တပ်မဟာလေးခုနှင့် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော ‘ဝ’တောင်ပိုင်း ၁၇၁ စစ်ဒေသတွင် တပ်မဟာ-၂၄၈၊ တပ်မဟာ-၅၁၈၊ တပ်မဟာ-၇၇၁၊ တပ်မဟာ-၇၇၅ နှင့် တပ်မဟာ-၇၇၈ ဟူ၍ တပ်မဟာငါးခု ရှိသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် သံလွင်အနောက်ခြမ်းလုံခြုံရေး ၇၀၁ တပ်ဖွဲ့ဟူ၍ အသစ်ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : https://www.facebook.com/WaStateTV2011318/
Phone : ဦးညီရန်း (လားရှိုးမြို့ ဆက်ဆံရေးရုံး၏ တာဝန်ခံ) – 09402710399 (viber)
Wechat ID -n015433