သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် ဇူလိုင် ၅ ရက်။
ဌာနချုပ် –
လှုပ်ရှားဒေသ – ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မော်လိုက်မြို့နယ်နှင့် အင်းတော်မြို့နယ်။
ခန့်မှန်းအင်အား – ၁၀၀၀ နှင့်အထက်။
ခေါင်းဆောင် – စဝ်သန်းမြင့် (ဥက္ကဋ္ဌ) ၊ ဦးခွန်အောင် (ဒုတိယဥက္ကဋ္ဌ)၊ စဝ်တန်းဖ (အတွင်းရေးမှူး)။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီလူမျိုး အများစုနေထိုင်သော စစ်ကိုင်းတိုင်းမြောက်ပိုင်းကိုအခြေပြု၍ စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင်တို့က စတင် ဖွဲ့စည်းခဲ့သည်။ SNA သည် ရှမ်းနီလက်နက်ကိုင်တော်လှန်မှုတွင် ဒုတိယမြောက် ပေါ်ပေါက်လာသည့် တပ်ဖွဲ့ဖြစ်သည်။ ရှမ်းနီလူမျိုးများ၏ လက်နက်ကိုင်တော်လှန်ရေးနှင့် အမျိုးသားရေးလှုပ်ရှားမှု အစဦးသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) လက်အောက်မှ စတင်ခဲ့သည်။ အမျိုးသားရေးလှုပ်ရှားမှုကို လက်နက်ကိုင်တပ်ဖွဲ့အနေဖြင့် လုပ်ဆောင်ရန် အဓိက ရည်ရွယ်ရခြင်းမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်းရာ၌ နယ်နိမိတ်သတ်မှတ်ရာတွင် ရှမ်းနီနယ်များကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း ထည့်သွင်းခံရခြင်းကြောင့်ဟူသည့် နယ်မြေဆိုင်ရာ မကျေနပ်ချက်ကြောင့်ဖြစ်သည်။ ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရှမ်းနီလူမျိုးများကို ဖိနှိပ်ခြင်းများ ပြုလုပ်သည်ကို တန်ပြန်တိုက်ခိုက်ရန်၊ ရှမ်းနီလူမျိုးများကို အကာအကွယ်ပေးရန်ဟူသည့် ရည်ရွယ်ချက်လည်း ရှိခဲ့သည်။
၁၉၇၇ ခုနှစ်က ရှမ်းနီလူငယ်များဖြစ်သည့် စိုင်းခမ်းလွိုင်နှင့် ကိုအောင်ထွန်းတို့ ဦးဆောင်သည့် လူငယ်တစုက ရှမ်းနီတပ်ဖွဲ့တခု ဖွဲ့နိုင်ရေးအတွက် စစ်သင်တန်းနှင့် လက်နက်ခဲယမ်း အထောက်အပံ့ရနိုင်ရန် ရှာဖွေခဲ့သည်။ ကနဦးတွင် ရှမ်းနီလူငယ်များ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) ကို ချဥ်းကပ်ခဲ့သည်။ ထို့နောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)နှင့် အဆက်အသွယ်ရပြီး ဗကပ၏ မြောက်ပိုင်းဗျူရိုလက်အောက်တွင် ရှမ်းနီတပ်ဖွဲ့ အမှတ်-၇၇၁၀ အဖြစ် ဖွဲ့စည်းခဲ့သည်။ အမှတ်-၇၇၁၀ မှာ ၁၉၇၇ ခုနှစ် အောက်တိုဘာလကို အစွဲပြု၍ တပ်ရင်းနံပါတ် ပေးခဲ့ခြင်းဖြစ်သည်။ ဗကပ လက်အောက်တွင် လှုပ်ရှားစဥ် တပ်မတော်နှင့်သာ တိုက်နေရပြီး အခြားအမျိုးသားရေးလှုပ်ရှားမှုများ ဦးစားပေး မလုပ်ရခြင်း၊ KIA ကိုလည်း မတိုက်ခိုက်ရခြင်းတို့အပေါ် သဘောထားကွဲလွဲမှုများဖြစ်လာပြီး ရှမ်းနီတပ်ဖွဲ့ ၇၇၁၀ တပ်ရင်းကို ဖျက်သိမ်းခဲ့သည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် စဝ်မိန်းလျှန်းနှင့် စဝ်ခွန်အောင်တို့က ရှမ်းနီအမျိုးသားရေးလှုပ်ရှားမှုကို ပြန်လည်စတင်နိုင်ရန်အတွက်ဟူ၍ ရှမ်းနီအမျိုးသား တပ်မတော် (SNA)ကို ပြန်လည်ဖွဲ့စည်း ခဲ့သည်။ သို့သော် SNA တပ်ဖွဲ့များ၏ လှုပ်ရှားမှုများမှာ နစ်မြုပ်နေခဲ့ပြီး ၂၀၁၅ ခုနှစ်မှ လှုပ်ရှားမှုများ ထင်သာမြင်သာ ပြန်ရှိလာခဲ့သည်။
SNA သည် ကချင်ပြည်နယ်တွင်း နေထိုင်ကြသည့် ရှမ်းမျိုးနွယ်ဝင် တိုင်းနေ (ခေါ်) အထက်ရှမ်း၊ တိုင်းမောဝ် (ခေါ်) မောဝ်ရှမ်း၊ တိုင်းလုံ (ခေါ်) ရှမ်းကြီး၊ တိုင်းခမ်းတီး (ခေါ်) ခမ်းတီးရှမ်း၊ တိုင်းဆာ (ခေါ်) မိုင်းသာရှမ်း၊ တိုင်းကဒူး (ခေါ်) ရှမ်းကဒူး၊ တိုင်းကနန်း (ခေါ်) ရှမ်းကနန်း၊ တိုင်းခွမ်း (ခေါ်) မိုင်းခွမ်းရှမ်း၊ တိုင်းနိုင်း/တိုင်းလိုင်/တိုင်းလျဲန် (ခေါ်) ရှမ်းနီ တို့ကို ကိုယ်စားပြုဖွဲ့စည်းသည်ဟု ဆိုသည်။ SNA ၏ အဓိက နိုင်ငံရေးရည်မှန်းချက်သည် စစ်ကိုင်းတိုင်းအတွင်းမှ ကလေး၊ ခန္တီး၊ မော်လိုက်၊ ကသာနှင့် တမူးဟူသည့် ခရိုင်ငါးခု၊ ကချင်ပြည်နယ်တွင်းမှ ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်းဟူသည့် ခရိုင်သုံးခုနှင့် မိုးကောင်းမြို့နယ်တို့ကို ပေါင်းစည်းပြီး ရှမ်းနီပြည်နယ် တည်ထောင်လိုခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တပ်မဟာသုံးခုကိုဖွဲ့စည်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် တပ်မဟာတခု ထပ်မံတိုးချဲ့ ဖွဲ့စည်းသဖြင့် တပ်မဟာလေးခု ဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် SNA ကို ရှမ်းနီအမျိုးသားများတပ်ဦး (Shanni Nationalities Front-SNF) အဖြစ် အမည်ပြောင်းလဲလိုက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်များတွင် အမည်ဟောင်း SNA ကိုသာ ပြန်လည်သုံးစွဲနေသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းချိန်တွင် SNA က ဟုမ္မလင်းမြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်များကို အခြေခံစစ်သင်တန်းပေးခဲ့သည်။
၂၀၂၁ ခုနှစ် မေလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းရာ ဒေသခံကာကွယ်ရေးတပ်များသည် မြို့နယ်အခြေစိုက် PDF များဖြစ်လာခဲ့သည်။ စစ်ကိုင်းတိုင်းတွင် MOD နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့၏ ပူးတွဲစစ်ဦးစီးမှုဖွဲ့စည်းရာ PDF နှင့် KIA သည် ပူးတွဲလှုပ်ရှားသည့် မဟာမိတ်ဖြစ်လာသည်။ ထို့နောက် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများများ၌ စစ်ကောင်စီနှင့် SNA တို့က တဖက်၊ KIA နှင့် PDF တို့က တဖက် ပူးတွဲလှုပ်ရှားမှုများ ရှိခဲ့သည်။ ဟုမ္မလင်း၊ မော်လိုက်၊ ခန္တီးနှင့် တမူး တို့တွင် နှစ်ဖက်တပ်များ ဒေသတွင်း အပြန်အလှန်ဖမ်းဆီးခြင်းနှင့် ရွှေတွင်းများကို ငွေကြေး ကောက်ခံခြင်းများအပေါ် အငြင်းပွားမှုများရှိနေဆဲ ဖြစ်သည်။ ထို့ပြင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ဖားကန့်မြို့နယ်နှင့် ဟုမ္မလင်း မြို့နယ်တို့တွင် KIA၊ PDF တို့နှင့် ဆက်စပ်သည်ဟူ၍ စွပ်စွဲဖမ်းဆီးခံရသူများကို SNA က အစုလိုက်သတ်ဖြတ်ခြင်းများ ကျူးလွန်သည်ဟု ၎င်းတို့၏အချုပ်ခန်းများအတွင်းမှ လွတ်မြောက်လာသူများက ပြောဆိုခဲ့သည်။ သို့သော် မဟုတ်မှန်ကြောင်း SNA က သတင်းမီဒီယာများကို ငြင်းဆိုထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
SNA ၏ အဖွဲ့အစည်း၏ စစ်ရေးနှင့် နိုင်ငံရေးမူဝါဒများအတွက် အခြေခံမူငါးချက်နှင့် ရည်မှန်းချက် ငါးချက်တို့ကို ချမှတ်ထားသည်။
SNA ၏ အခြေခံမူငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ရှမ်းနီပြည်နယ် ရရှိရေး။
(၂) မူးယစ်ဆေးဝါး တိုက်ဖျက်ရေး။
(၃) စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာရေး။
(၄) မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွင်းရှိ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး။
(၅) ရှမ်းမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်ရေး။
SNA ၏ ရည်မှန်းချက် ငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင်အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေမှုများကို ကာကွယ်သွားမည်။
(၂) မူးယစ်ဆေးဝါး အန္တရာယ်များကို ကာကွယ်သွားမည်။
(၃) ဒေသတွင်းရှိ ပြည်သူလူထုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူနေမှု ဘဝမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်။
(၄) ဒေသတွင်းရှိ သဘာဝပတ်ဝန်းကျင်များကို ကာကွယ်၊ တားဆီး၊ ထိန်းသိမ်း၊ စောင့်ရှောက်သွားမည်။
(၅) တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အခြားသော တိုင်းရင်းသားများနှင့် လက်တွဲ ဆောင်ရွက်သွားမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
SNA ၏ ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
စဥ် | အမည် | တာဝန် |
၁ | စဝ်သန်းမြင့် | ဥက္ကဋ္ဌ |
၂ | ဦးခွန်အောင် | ဒုတိယဥက္ကဋ္ဌ |
၃ | စဝ်တန်းဖ | အတွင်းရေးမှူး |
၄ | ဗိုလ်မှူးချုပ်ဆေစိုင်းထွန်း | စစ်ဦးစီးချုပ် |
၅ | ဗိုလ်မှူးကြီးစိုင်းအောင်မိန်း | ပြန်ကြားရေးတာဝန်ခံ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
၂၀၁၅ ခုနှစ်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် ပါဝင် လက်မှတ်ရေးထိုးခွင့်ရရန် အစိုးရနှင့် ညှိနှိုင်းခဲ့သော်လည်း ပါဝင်ခွင့် မရခဲ့ပေ။ NCA အရ ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ပေးရန်လည်း ၂၀၁၆ ခုနှစ်တွင် အစိုးရနှင့် တပ်မတော်ထံ SNA စာပို့ခဲ့ရာ နှစ်ဖက်လုံးက အကြောင်းမပြန်ခဲ့ပါ။ ၂၀၂၁ အာဏာသိမ်းမှုအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက် နေပြည်တော်အထိ သွားရောက်ကာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုအနေဖြင့် ပါဝင်ခွင့်ရရန် စစ်ကောင်စီအား ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ပြည်သူ့စစ်အနေဖြင့်သာ ဖွဲ့စည်းရပ်တည်ရန် အကြောင်းပြန်ခြင်း ခံခဲ့ရသည်။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအစောပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကို လေ့ကျင့် သင်ကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီနှင့်ပူးပေါင်းကာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များကို တိုက်ခိုက်လျက်ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာလေးခု ဖွဲ့စည်းထားသည်။
စဉ် | တပ်မဟာအမည် | လှုပ်ရှားဒေသ |
၁ | တပ်မဟာ-၆၁၄ | ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်။ |
၂ | တပ်မဟာ-၇၅၃ | ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်။ |
၃ | တပ်မဟာ-၈၉၁ | တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မော်လိုက်မြို့နယ်။ |
၄ | တပ်မဟာ-၉၇၂ | မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်။ |
ဆက်သွယ်နိုင်သည့်လိပ်စာ
Phone : ဗိုလ်မှူးကြီး စိုင်းအောင်မိန်း – +959 421682955
Facebook: https://www.facebook.com/profile.php?id=100083374300656