သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်။
ဌာနချုပ် – မသိရပါ။
လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – စစ်ဆင်ရေးကွပ်ကဲရေးမှူး (အမည် – မသိရပါ)။
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (Sagaing PDF) သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာခဲ့သည့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတခု ဖြစ်သည်။ စစ်အာဏာသိမ်းမှုအပြီး စစ်ကိုင်းတိုင်းဒေသကြီးက ကျောင်းသားလူငယ်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် NLD ပါတီဝင်များသည် ကနဦးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ သို့သော် အာဏာသိမ်းတပ်ဖွဲ့၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် Sagaing PDF ကို စတင်တည်ထောင်ခဲ့သည်။
တည်ထောင်ချိန်တွင် တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားလူငယ်များ၊ CDM ဝန်ထမ်းများနှင့် အမျိုးသမီးများ အပါအဝင် အဖွဲ့ဝင် ၁၀၀ ကျော် ပါဝင်ခဲ့သည်။ တပ်ဖွဲ့၏ အခြေခံစစ်ပညာရပ်များကို KIA တပ်မဟာ-၈ ထံကနေ ကနဦးသင်ယူခဲ့ပြီး ထိုမှတဆင့် ရဲဘော်များက စစ်ကိုင်းတိုင်းအတွင်း ဆင့်ပွားသင်တန်းများ ပို့ချပေးခြင်းဖြင့် တပ်ဖွဲ့ကို တည်ဆောက်ခဲ့သည်။ ဖွဲ့စည်းစကာလတွင် Sagaing PDF သည် ရန်ပုံငွေရှာဖွေခြင်းနှင့် လက်နက်တပ်ဆင်ခြင်းတို့ကို ကိုယ်တိုင်ဆောင်ရွက်ကာ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။
ထိုကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတဝန်း၌ မြို့နယ်နှင့် ရပ်ရွာအခြေပြု ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးတပ်များသည် MOD လက်အောက်သို့ ဝင်ရောက်ကာ ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။ တချို့သည်လည်း မူရင်းဒေသအခြေစိုက် တပ်ဖွဲ့များအဖြစ်သာ သီးခြားရပ်တည်ခဲ့သည်။ ထိုအထဲတွင် Sagaing PDF လည်းပါဝင်ပြီး NUG/MOD အောက်ကို ဝင်ရောက်ခဲ့ခြင်း မရှိဘဲ သီးခြားအခြေစိုက် တပ်ဖွဲ့အဖြစ်သာ ဆက်လက်ရပ်တည်ခဲ့သည်။
သို့သော်လည်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် ကာလများတွင် စစ်ကိုင်းဒေသအတွင်း NUG/MOD လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) များ အားကောင်းလာချိန်တွင် Sagaing PDF က ရဲဘော်များသည် ထိုအဖွဲ့များနှင့် ပူးပေါင်းကာ ဒေသအုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ခဲ့ကြသည်။
ထို့နောက်တွင် Sagaing PDF အနေနှင့် စစ်ကိုင်းဒေသ၏ ပြည်သူလူထုကို အကာအကွယ်ပေးနိုင်သော တော်လှန်ရေးတပ်ဖွဲ့အဖြစ် သီးသန့်ရပ်တည်လိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစကာ သီးသန့်စစ်ရေးလှုပ်ရှားမှုများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။ လက်ရှိတွင် Sagaing PDF သည် NUG/MOD ၏ အမိန့်ပေးကွပ်ကဲမှု (COC) အောက်တွင် မရှိနေသော်လည်း NUG/PDF အဖွဲ့များနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(SAGAING-PDF)၏ တော်လှန်ရေးဦးတည်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်။
၂။ ဖယ်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ပေါက်ဖွားလာရန်။
SAGAING-PDF ၏ သစ္စာအဓိဋ္ဌာန် လေးချက်သည် အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ ငါတို့သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်နှင့် ပြည်ထောင်စုသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။
၂။ ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။
၃။ ငါတို့သည် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ပြည်သူလူထုနှင့်အတူ ရပ်တည်၍ တိုက်ပွဲဝင်ပါမည်။
၄။ ငါတို့သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ငါတို့၏အသက်ကို ပြည်သူလူထုအတွက်ပေးလှူပါမည်။
Sagaing PDF သည် စစ်ကိုင်းဒေသ လွတ်မြောက်ရေးကအစပြု၍ မြန်မာတနိုင်ငံလုံး စစ်ကျွန်စနစ်ကနေ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးကို ရေရှည်ရည်မှန်းချက်အဖြစ် ထားရှိသည်။ ထို့အပြင် မြန်မာတနိုင်ငံလုံးရှိ အဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေးအတွက် အဆုံးတိုင် တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချထားသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
Sagaing PDF သည် ဌာန ကိုးခု ဖွဲ့စည်း၍ တော်လှန်ရေးဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်သည်။ ထိုဌာနများအနက် ငါးခုမှာ အောက်ပါအတိုင်းဖြစ်သည်။
| ၁ | ကွပ်ကဲမှုဗဟိုဌာနချုပ် |
| ၂ | စစ်ဆင်ရေးဆိုင်ရာ စီမံကွပ်ကဲရေးဌာန |
| ၃ | ထောက်ပံ့ပို့ဆောင်မှုနှင့် စစ်စည်းကမ်းကြပ်မတ်ထိန်းသိမ်းရေးဌာန |
| ၄ | မဟာမိတ်နှင့် ပြည်သူ့ဆက်ဆံရေးဌာန |
| ၅ | ဗဟိုစီးပွားရေးနှင့် ရန်ပုံငွေရှာဖွေရေးဌာန |
Sagaing PDF ၏ အမြင့်ဆုံးဌာနသည် ကွပ်ကဲမှုဗဟိုဌာနချုပ် ဖြစ်သည်။ ၎င်းဌာနချုပ်သည် Sagaing PDF ၏ မူဝါဒရေးရာဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆုံးဖြတ်ချက်ချမှတ်သည်။ ဌာနချုပ်၏ ဖွဲ့စည်းပုံတွင် နာယကများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ၊ ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင်များနှင့် တပ်ရင်းမှူးများ ပါဝင်သည်။ တပ်ဖွဲ့၏ ဌာန ကိုးခုအနက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကိုမူ ‘စစ်ဆင်ရေးဆိုင်ရာ စီမံကွပ်ကဲရေးဌာန’က အဓိက ကွပ်ကဲဆောင်ရွက်သည်။ အဆိုပါဌာနတွင် တပ်ရင်းမှူးများ၊ တပ်မှူးများနှင့် ဒေသမှူးများ ပါဝင်သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
အမြဲတမ်းစုဖွဲ့မှုမရှိပါ။ Sagaing PDF သည် စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EAOs)၊ NUG လက်အောက်ခံ PDF များနှင့် စစ်ကိုင်းဒေသအခြေစိုက် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ဆင်ရေး လိုအပ်ချက်အပေါ် မူတည်သည့် ယာယီစုဖွဲ့မှု အနေအထားဖြင့် ပူးပေါင်းခြင်းရှိသည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
Sagaing PDF သည် စစ်ရေးရပ်တည်ချက်အနေဖြင့် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျခံနေရသည့် ပြည်သူလူထုကို အပြည့်အဝ အကာအကွယ်ပေးရန်နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်တွယ်သုတ်သင်ရေးကို အဓိက ဦးတည်ထားသည်။
နိုင်ငံရေးရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ အနာဂတ်သည် ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မသိရပါ။
တပ်မဟာများ
မသိရပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=61568199812282
