သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၅ ခုနှစ် မေ ၂၄ ရက်။
ဌာနချုပ် – မသိရပါ။
လှုပ်ရှားဒေသ – မွန်ပြည်နယ် မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – နိုင်ဇေယျ(ဥက္ကဋ္ဌ)၊ နိုင်လယီကောင်း (ဒုတိယဥက္ကဋ္ဌ) နိုင်ဗညားလယ် (အတွင်းရေးမှူး)။
ရာမညမွန်တပ်တော် (RMA)သည် မွန်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးသုံးဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLF) တို့ တစုတည်း တတပ်တည်းအဖြစ် ပူးပေါင်းတည်ထောင်ထားသည့် တပ်ဖွဲ့ ဖြစ်သည်။ NMSP-AD သည် အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ၎င်း၏ မိခင် တပ်ရင်းဖြစ်ပြီး မွန်ပြည်နယ်တွင်း သက်တမ်းအရှည်ဆုံး တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) ထံကနေ ခွဲထွက်လာသည့် တပ်ဖွဲ့ဖြစ်သည်။ MLA သည် စစ်အာဏာသိမ်းမှုအလွန်ကာလ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထံကနေ စစ်ပညာသင်ယူကာ တည်ထောင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ MLF သည် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်ရှိ မွန်လူငယ်များဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့သည့်တပ်ဖွဲ့ ဖြစ်သည်။
ထိုသုံးဖွဲ့ တစုတည်းအဖြစ် မပေါင်းစည်းခင် NMSP-AD နှင့် MLA သည် အခြားမွန်တော်လှန်ရေးတပ်များ ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)တို့နှင့်အတူ ရာမညစစ်ကြောင်းဟူ၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်။ ထိုစစ်ကြောင်းစုဖွဲ့မှုကို သက်တမ်းလေးလ သတ်မှတ်ခဲ့ပြီး အဓိက ရည်ရွယ်ချက်မှာ အာဏာသိမ်းစစ်တပ်ကို ပူးပေါင်းစစ်ဆင်ရေး ဖြစ်ခဲ့သည်။ သက်တမ်းလေးလပြည့်သည့်နောက် လေးဖွဲ့ စုဖွဲ့မှုကို ရပ်တန့်ခဲ့သော်လည်း NMS-AD နှင့် MLA က စစ်ရေး-နိုင်ငံရေးတို့တွင် တပေါင်းတည်း ဆက်လက်ရပ်တည်ရန် သဘောတူခဲ့ပြီး ရာမညမွန်တပ်တော် (RMA) ကို ၂၀၂၅ ခုနှစ် မေ ၂၄ ရက်တွင် တည်ထောင်ခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် MLF က RMA တွင် ထပ်မံပူးပေါင်းခဲ့သည်။
တပ်ပေါင်းစုအဖြစ် RMA ကို အဓိက စုဖွဲ့ရခြင်း၏ ရည်ရွယ်ချက်သည် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်များအားလုံးကို ကွပ်ကဲမှုစနစ် တခုတည်းဖြင့် စုစည်း၍ စစ်ကောင်စီကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန် ဖြစ်သည်။ RMA တွင် မတူသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ စုစည်းပါဝင်သော်လည်း NMSP (AD) က အဓိကဦးဆောင်မှု ပြုသည်။ ယခင် NMSP (AD)တွင် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သည့် ဗိုလ်မှူးချုပ် စလွန်းထောက RMA ၏ စစ််ဦးစီးချုပ်အဖြစ် ဆက်တာဝန်ယူထားသည်။ RMA ၌ နိုင်ငံရေးစစ်ရေးကော်မတီသည် အာဏာအမြင့်ဆုံး ဖြစ်သည်။ ထိုကော်မတီ၏ ခေါင်းဆောင်များသည် ယခင် NMSP (AD) က ခေါင်းဆောင်များပင် ဖြစ်သည်။ RMA၏ အောက်တွင် စစ်ဒေသ ငါးခုဖွဲ့စည်းထားသည်။ ထို့ပြင် RMA ၏ နိုင်ငံရေးလက်တံကိုလည်း NMSP (AD)ကပင် ဆက်ဦးဆောင်သည်။ ယခင် NMSP (AD) အမည်ကိုသာ နိုင်ငံရေးလက်တံ/RMA ၏ ပါတီအဖြစ် ဆက်အသုံးပြုလျက်ရှိသည်။ RMA ၏ နိုင်ငံရေးလက်တံ NMSP(AD) ၏ ဥက္ကဋ္ဌသည် ယခင် NMSP(AD) ၏ ဥက္ကဋ္ဌ နိုင်ဇေယျ ဖြစ်သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးသည် RMA ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
RMA ၏ စစ်ရေး-နိုင်ငံရေးမူဝါဒများကို ချမှတ်သည့် နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီကို ကော်မတီဝင်ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။ ထိုကိုးဦးသည် ယခင်သုံးဖွဲ့မစုဖွဲ့မီ နှစ်ဖွဲ့ စတင်စုဖွဲ့ခဲ့သည့် NMSP (AD) နှင့် MLA တို့ နှစ်ဖွဲ့ပူးပေါင်းဖွဲ့စည်းထားသည့် နိုင်ငံရေးစစ်ရေးကော်မတီ အဖွဲ့ဝင် ၂၆ ဦးထဲက ပြန်ရွေးချယ်ထားခြင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/တာဝန် |
| ၁ | နိုင်ဇေယျ | ဥက္ကဋ္ဌ |
| ၂ | နိုင်လယီကောင်း | ဒုတိယဥက္ကဋ္ဌ |
| ၃ | နိုင်ဗညားလယ် | အတွင်းရေးမှူး |
| ၄ | နိုင်ကောင်းစကား | ပြောရေးဆိုခွင့်ရှိသူ |
RMA ၏ စစ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ခုနစ်ဦးဖြင့် စစ်ကော်မတီတရပ်ကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့ဝင်များအနက် ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဥ် | အမည် | ရာထူး/တာဝန် |
| ၁ | ဗိုလ်မှူးချုပ် စလွန်းထော | စစ်ဦးစီးချုပ် |
| ၂ | ဗိုလ်မှူးကြီး စိုးဝင်း | ဒုတိယစစ်ဦးစီးချုပ်-၁ |
| ၃ | ဗိုလ်မှူးကြီး ကျည်ဆံ | ဒုစစ်ဦးစီးချုပ်-၂ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
RMA သည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်နည်းဖြင့် တိုက်ခိုက်ဖြိုဖျက်ရန်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်နိုင်ငံတော်သစ် ပေါ်ပေါက်ရေး၊ မွန်ပြည်ဖက်ဒရယ်အစိုးရ တရပ်ပေါ်ပေါက်ရေး၊ မွန်တို့၏ ကံကြမ္မာကို မွန်တို့ ဆုံးဖြတ်ခွင့်ရရှိရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ရပ်တည်လှုပ်ရှားနေသည့် NMSP (AD) ၊ MLA နှင့် MLF တို့ ပူးပေါင်း ဖွဲ့စည်းထားသည့် တပ်ဖွဲ့ဖြစ်သည်။ RMA ၏ နိုင်ငံရေး-စစ်ရေးရပ်တည်ချက်သည်လည်း စစ်အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော မွန်ပြည်ပေါ်ထွန်းရေး ဖြစ်သည်။
တပ်မဟာများ
RMA အောက်တွင် စစ်ဒေသငါးခု ဖွဲ့စည်းကာ လှုပ်ရှားလျက်ရှိသည်။ ထိုစစ်ဒေသ ငါးခုသည် RMA တပ်ဖွဲ့များ လှုပ်ရှားနေသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ်များကို ၎င်းတို့၏ သတ်မှတ်ချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စစ်အာဏာမသိမ်းခင်ကာလအထိ တည်ရှိခဲ့သည့် ပြည်ထောင်စုအစိုးရနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်သတ်မှတ်ချက်များ၊ စုဖွဲ့မှုများနှင့် ကွဲပြားမှု ရှိပါသည်။
| စစ်ဒေသ-၁ | မော်လမြိုင်ခရိုင် | ကြာအင်းဆိပ်ကြီးမြို့နယ် |
| စစ်ဒေသ-၂ | သထုံခရိုင် | ကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် |
| စစ်ဒေသ-၃ | ထားဝယ်ခရိုင် | ရေးမြို့နယ်(တောင်ပိုင်း)နှင့် ရေဖြူမြို့နယ် |
| စစ်ဒေသ-၄ | မော်လမြိုင်ခရိုင် | ရေးမြို့နယ်(မြောက်ပိုင်း)နှင့် သံဖြူဇရပ်မြို့နယ် |
| စစ်ဒေသ-၅ | မော်လမြိုင်ခရိုင် | မုဒုံမြို့နယ် |
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/NMSPADINFO
Email: [email protected]
