သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ်၊ မတ် ၂၈ ရက်။
ဌာနချုပ်/ လှုပ်ရှားဒေသ – မကွေးတိုင်း၊ ငဖဲမြို့နယ် နှင့် စေတုတ္တရာမြို့နယ်။
ထိန်းချုပ်ဒေသ – မရှိသေးပါ။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – ကိုကျော်ကိုရှိန်(စစ်ဦးစီးချုပ်)။
စစ်အာဏာသိမ်းမှုအလွန်တွင် ပေါ်ပေါက်လာသော PRA-Magway သည် မကွေးတိုင်းအတွင်းရှိ ဒေသခံများ ပါဝင်စုဖွဲ့ထားသည့် တပ်ဖွဲ့ဖြစ်သည်။ တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ကိုကျော်ကိုရှိန်သည် စစ်အာဏာ မသိမ်းခင်ကာလတွင် ဒီမိုကရေစီရေးဆိုင်ရာ အခွင့်အရေးများကို ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ကိုကျော်ကိုရှိန်နှင့် ဒေသခံလူငယ်များသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာဆန္ဒပြမှုများကို မကွေးဒေသတွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာသည့်နောက်တွင် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
PRA-Magway ကို မထူထောင်ခင်ကာလတွင် ၎င်းတို့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ထံသို့ သွားရောက်ပြီးနောက် စစ်ပညာကို သင်ယူခဲ့ကာ နေရပ်ရင်းသို့ ပြန်လာပြီး မြို့ပြပြောက်ကျား အဖြစ် စတင်ရပ်တည်ခဲ့သည်။ စစ်ကောင်စီက ဖမ်းဆီးမှုများကို တင်းကြပ်လာသည့်နောက် မြို့ပြ ပြောက်ကျားအဖြစ် ဆက်လက်ရပ်တည်နိုင်သည့် အခြေအနေ နည်းပါးလာရာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်ရန် ဆုံးဖြတ်ပြီး တောခိုခဲ့သည်။ ထို့နောက် ရက္ခိုင့်တပ်တော်(AA) အခြေစိုက်ရာ ရခိုင်ပြည်နယ်တွင်း၌လည်း တော်လှန်ရေးနှင့် စစ်ရေးဆိုင်ရာ ပညာရပ်များ ထပ်မံ သင်ယူလျက်ရှိသည်။ PRA-Magway သည် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် စေတုတ္ထရာမြို့နယ်တွင် အခြေစိုက် လှုပ်ရှား နေပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသတခုလုံး စစ်ကောင်စီလက်မှ လွတ်မြောက်သည်အထိ တိုက်ခိုက်ရန် ရည်မှန်းချက် ထားရှိ ထားသည်။
PRA-Magway ၏ ထူးခြားချက်သည် ၎င်းတို့အနေနှင့် တော်လှန်ရေးဆိုင်ရာ အခန်းကဏ္ဍတွင် စစ်ရေးတာဝန်များကိုသာ ယူလိုပြီး အခြားတော်လှန်ရေးတပ်ဖွဲ့များကဲ့သို့ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်ရန် ရည်မှန်းချက် မရှိခြင်း ဖြစ်သည်။ အဖွဲ့အစည်း၏ မူဝါဒအရ ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်သည့် နယ်မြေများတွင် အုပ်ချုပ်ရေး ယန္တရားတည်ဆောက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လုပ်ဆောင်ရန် သဘောတူထားသည်။ သို့သော် PRA-Magway သည် NUG ၏ လက်အောက်ခံ တပ်ဖွဲ့ မဟုတ်ပါ။
ရည်ရွက်ချက် ရည်မှန်းချက်
လူသား၏ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှုအပေါ် အခြေခံ၍ လွတ်လပ်မျှတပြီး တန်းတူညီမျှမှုရှိသည့် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းလာစေရန် ရည်မျှော်သည်။
ရည်မှန်းချက်များ
(၁) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အလုံးစုံချုပ်ငြိမ်းရေး။
(၂) လူသား၏ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ လွတ်လပ်မှု၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်အပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး။
(၃) နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှုနှင့် လူမှုရေးတရားမျှတမှုရှိသည့် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းလာရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စစ်ဦးစီးချုပ် ကိုကျော်ကိုရှိန်မှလွဲ၍ အခြားခေါင်းဆောင်များနှင့် ဗဟိုကော်မတီဝင်များကို တရားဝင်ထုတ်ဖော်ထားခြင်း မရှိပါ။
PRA-Magway ၏ ဗဟိုကော်မတီကို ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စစ်ဘက်ဆိုင်ရာ တာဝန်ခံ၊ နိုင်ငံရေးမှူး၊ သုတေသနာဌာနမှူး တို့ဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီက အဖွဲ့အစည်အတွက် မူဝါဒများကို ချမှတ်သည်။ ဗဟိုက ချမှတ်သည့် မူဝါဒများနှင့် လုပ်ငန်းစဥ်များကို သက်ဆိုင်ရာ ကော်မတီများက ဖော်ဆောင်ရပြီး ထိုကော်မတီများကို ဥက္ကဋ္ဌက ထိန်းကျောင်းသည်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို စစ်ဦးစီးဌာနက တာဝန်ယူပြီး ထိုဌာနတွင် စစ်ဘက်ဆိုင်ရာ တာဝန်ခံ၊ စစ်ဘက်ဆိုင်ရာ ဒုတိယတာဝန်ခံ၊ စစ်ရေးချုပ်နှင့် စစ်ထောက်ချုပ်ဟူ၍ အဆင့်ဆင့် ကွပ်ကဲမှုယူထားသည်။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၊ စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်၏ ယန္တရားများကို ဖြိုချရန် ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည့်အလျောက် စစ်ကောင်စီကို စစ်ရေးအရ တိုက်ခိုက်ရေးနှင့် လွတ်မြောက်နယ်မြေများ ရရှိရေးဟူသည့် ရည်မှန်းချက်များ ရှိသည်။
အဖွဲ့အစည်း၏ နိုင်ငံရေး ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်နိဂုံးချုပ်ပြီး လွတ်လပ်မျှတသည့် လူ့ဘောင်သစ်တရပ် ပေါ်ထွက်နိုင်ရေး ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။ သို့သော် PRA-Magway ၏ အောက်တွင် ဟောလုံစစ်ကြောင်းနှင့် မောလုံစစ်ကြောင်းဟူ၍ စစ်ကြောင်းနှစ်ခု ဖွဲ့စည်းထားသည်။ ဟောလုံနှင့် မောလုံသည် ချင်းဘာသာစကားဖြင့် မုန်းချောင်းနှင့် မန်းချောင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/PRA.Magway