သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်။
ဌာနချုပ် – မသိရသေးပါ။
လှုပ်ရှားဒေသ – မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်။
ခန့်မှန်းအင်အား – ၅၀၀ နှင့်အထက်။
ခေါင်းဆောင် – ဦးခွန်မြင့်ထွန်း(PNFC ဥက္ကဋ္ဌ)၊ ခွန်မင်းသွေး(တပ်နယ်-၁ တပ်နယ်မှူး)၊ ခွန်ဝေထူး(တပ်နယ်-၂ တပ်နယ်မှူး)
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်)(PPDF-KD) သည် ပအိုးဝ်အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ၏ နိုင်ငံရေးဦးဆောင်မှု အောက်တွင် ရပ်တည်ပြီး KNLA ၏ စစ်ရေးဦးဆောင်မှုအောက်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ ဖြစ်သည်။
ခမ်းဒေါမ်ဆိုသည်မှာ ပအိုဝ်းဘာသာစကားဖြင့် မြေပြန့်ဒေသဟု အဓိပ္ပာယ်ရသည်။ စစ်အာဏာသိမ်းမှုအလွန်၌ ပေါ်ပေါက်လာသည့် ပအိုဝ်းခုခံတော်လှန်ရေးတပ်ဖွဲ့ နှစ်ဖွဲ့အနက် တဖွဲ့ဖြစ်ပြီး တဖွဲ့သည် တောင်ပေါ်ဒေသတွင် လှုပ်ရှားပြီး PPDF-KD သည် မြေပြန့်ဒေသတွင် လှုပ်ရှားသည်ဟူ၍ ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပအိုဝ်းလူငယ်များသည် KNLA ၏ တပ်မဟာ ၁ နယ်မြေထဲတွင် စစ်သင်တန်းတတ်ပြီး ၂၀၂၁ ခုနှစ် မတ် ၁၆ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့တခုအဖြစ် စတင်လှုပ်ရှားခဲ့သည်။ ထို့နောက် PNFC ၏ နိုင်ငံရေးဦးဆောင်မှုကိုခံယူကာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်(ခမ်းဒေါမ်)(PPDF-KD) အဖြစ် ဖွဲ့စည်းခဲ့သည်။
PPDF-KD သည် သုဝဏ္ဏဘူမိသထုံဒေသ တပ်နယ်-၁ နှင့် ဘားအံဒေသ တပ်နယ်-၂ ဟူ၍ တပ်နယ် နှစ်ခု သတ်မှတ်၍ လှုပ်ရှားလျက် ရှိသည်။ တပ်နယ်-၁ သည် သထုံခရိုင် KNLA ၏ တပ်မဟာ-၁ နယ်မြေအတွင်း၌ ဖြစ်ပြီး တပ်နယ်-၂ သည် ဘားအံခရိုင် KNLA ၏ တပ်မဟာ-၇ ထဲတွင် ဖြစ်သည်။ တပ်နယ် နှစ်ခုအနက် တပ်နယ်-၁ ကသာ KNLA၊ PDF တို့နှင့် ပူးတွဲ၍ စစ်ကောင်စီကို တိုက်ခိုက်နေပြီး တပ်နယ်-၂ ကမူ စစ်သင်တန်းများကို အဓိက ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
PPDF – KD ၏ အဖွဲ့အစည်း ထူထောင်ရခြင်း ရည်ရွယ်များသည် အောက်ပါအတိုင်း ဖြစ်သည်။
၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖက်ဆစ်ဝါဒစနစ်ကျင့်သုံးသော မည်သည့်အာဏာရှင်ကိုမဆို အမြစ်ပြတ် ချေမှုန်းမည်။
၂။ တိုင်းရင်းသားများအတွက် အာမခံချက်ရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးနှင့် ပအိုဝ်းတိုင်းရင်းသားများအနေနှင့် အခြားသော တိုင်းရင်းသားများနည်းတူ အမျိုးသားရေးတန်းတူခွင့် ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်။
PPDF-KD ၏ နိုင်ငံရေးရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရန်အပြင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရာတွင် ဖက်ဒရယ် တပ်မတော်၌ ပအိုဝ်းတိုင်းရင်းသား တပ်မတော် တခုအနေဖြင့် ပါဝင်ခွင့် ရရှိရေး၊ ပအိုဝ်းအမျိုးသားရေးနှင့် စပ်လျဥ်း၍ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ရေးဆွဲခွင့် ရရှိရေးတို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
PNFC ၏ ဗဟိုအလုပ်အမှုဆာင်ကော်မတီကို ကိုးဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
(၁) | ဦးခွန်မြင့်ထွန်း | ဥက္ကဋ္ဌ |
(၂) | မသိရပါ။ | ဒုတိယ ဥက္ကဋ္ဌ |
(၃) | မသိရပါ။ | အထွေထွေအတွင်းရေးမှူး |
(၄) | မသိရပါ။ | တွဲဖက်အတွင်းရေးမှူး |
(၅) | မသိရပါ။ | ဥပဒေအတိုင်ပင်ခံ |
(၆) | မသိရပါ။ | ဘဏ္ဍာရေးမှူး |
(၇) | မသိရပါ။ | စည်းရုံးရေးမှူး |
(၈) | မသိရပါ။ | ရုံးအဖွဲ့မှူး |
(၉) | မသိရပါ။ | သတင်းနှင့် ပြန်ကြားရေးမှူး |
PPDF- KD
(၁) | ခွန်မင်းသွေး | တပ်နယ်မှူး(တပ်နယ်-၁) |
(၂) | ခွန်ဝေထူး | တပ်နယ်မှူး(တပ်နယ်-၂) |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
ဘုံရန်သူဖြစ်သည့် စစ်ကောင်စီကို ပူးပေါင်း၍ တိုက်ခိုက်ရန်၊ စစ်ရေးဦးစီးမှု တခုတည်းကို ယူ၍ လှုပ်ရှားရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့သည့် “KNU သထုံခရိုင် တပ်မဟာ-၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု”၏ အဖွဲ့ဝင် ဖြစ်သည်။ ထိုတပ်ပေါင်းစုထဲတွင် PPDF-KD အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များ စုစုပေါင်း ၂၄ ဖွဲ့ ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရန် ပအိုဝ်းလူငယ်များ ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။
PPDF -KD သည် တပ်နယ်-၁ သုဝဏ္ဏဘူမိသထုံဒေသ၊ တပ်နယ်-၂ ဘားအံဒေသဟူ၍ တပ်နယ် နှစ်ခု ဖွဲ့စည်းလှုပ်ရှားသည်။ တပ်နယ်-၁ သည် KNLA တပ်မဟာ-၁ ၏ စစ်ရေးဦးစီးမှုအောက်တွင် ရှိပြီး KNLA ဦးစီးသည့် သူရိယစစ်ကြောင်းနှင့် တပင်ရွှေထီးစစ်ကြောင်းတို့တွင် တိုက်ခိုက်ရေးပိုင်း၌ ပါဝင်လှုပ်ရှားလျက်ရှိသည်။ တပ်နယ်-၂ သည် KNLA တပ်မဟာ-၇ ထဲတွင် အခြေစိုက်ပြီး တိုက်ခိုက်ရေးတပ်မဟုတ်ဘဲ စစ်ရေးဆိုင်ရာသင်တန်းများ အဓိက ပို့ချလျက် ရှိသည်။
မှတ်ချက်။ ။ PPDF-KD ၏ တပ်နယ်သည် အခြားတော်လှန်ရေးတပ်ဖွဲ့များတွင် တပ်ရင်းစုဖွဲ့မှုပုံစံနှင့် တူညီသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/paopdfkhamdom