သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ။
ဌာနချုပ် – ကဒူးကြီးဒေသ၊ မောက်မယ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်ဒေသများ။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ဗိုလ်မှူးကြီး ခွန်သူရိန်(ဥက္ကဋ္ဌ)၊ ခွန်ထွန်းတင် (ဒုတိယဥက္ကဋ္ဌ-၁)၊ ဗိုလ်မှူးချုပ် ခွန်ကျော်ထင် (ဒုတိယဥက္ကဌ-၂)။
၂၀၀၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်၌ ပအိုဝ်းအမျိုးသားညီလာခံကို ကျင်းပကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA ကို တည်ထောင်ခဲ့သည်။ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ခွဲထွက်ကာ နအဖအစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့သော ဗိုလ်မှူးကြီး ခွန်ထိဆောင်၊ ခွန်သူရိန်တို့၏ တပ်များနှင့် PNO/PNA ၏ နိုင်ငံတကာနှင့် မဟာမိတ်ဆက်ဆံရေးတာဝန်ခံဖြစ်သူ ဗိုလ်မှူးခွန်ဥက္ကာ၏ တပ်များက ယင်းညီလာခံတွင် PNLO/PNLA ကို ပူးပေါင်းဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။ PNO/PNLA တွင် ဗိိုလ်မှူးကြီး ခွန်ဥက္ကာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တလျှောက် ထိုင်း-မြန်မာနယ်စပ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်၏ သံလွင်မြစ်အရှေ့ဘက်ကမ်းတို့တွင် လှုပ်ရှားခဲ့သည်။
၂၀၁၂ ခုနှစ် အသွင်ကူးပြောင်းရေးအစိုးရသစ်လက်ထက်၌ သမ္မတဦးသိန်းစိန်က တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် ဖိတ်ခေါ်ရာ PNLO/PNLA သည် ရပ်တည်ချက်သုံးချက်ဖြင့် ပါဝင်ဆွေးနွေးခဲ့သည်။ ထိုရပ်တည်ချက်များမှာ (၁) ဗမာအပါအဝင် ဘဝတူညီနောင်တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်ရေးကို အစဉ်အမြဲ အလေးထားလျက် ပြည်ထောင်စုကနေ ခွဲထွက်ရေးမူကို လုံးဝအားပေးမည်မဟုတ်၊ (၂) နယ်တွင်းအုပ်ချုပ်ရေး၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရာနှုန်းပြည့် ရှိစေရမည်နှင့် (၃) တန်းတူရည်တူ ဖက်ဒရယ်မူဖြင့် ပြည်ထောင်စုကို ထူထောင်နိုင်သည့် အချိန်အခါတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်မှ တော်လှန်ရေးပြီးပြည့်စုံမည်ဟူ၍ ဖြစ်သည်။ PNLO သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ် မတ်တွင် ပြည်ထောင်စုအဆင့်ဟူ၍ အပစ်အခတ်ရပ်စဲရေးစာချုပ်နှစ်စောင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။
NCA အရ နောက်ဆက်တွဲ ကျင်းပသည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် PNLO က တစိုက်မတ်မတ် တတ်ရောက်ဆွေးနွေးခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရနှစ်ဆက်စလုံးတွင် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဟူသည့် မူပေါ် ရပ်တည်၍ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ကျင့်သုံးမည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အထွေထွေ စသည့် ကဏ္ဍများတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအလွန်ကာလအထိ PNLO က စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဒေသတည်ငြိမ်ရေး၊ လူသားချင်းစာနာမှုအထောက်အပံ့များ ကူညီနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။ ထိုစဉ်က PNLO ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်းက ရာထူးကနေ နုတ်ထွက်ပြီး စစ်ကောင်စီကို ပြန်တော်လှန်ရန် ‘ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ’ (PNFC) ကို ဖွဲ့စည်းခဲ့သည်။
PNFC တွင် ဦးခွန်မြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နောင်တွင် PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်သို့ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သစ်နှစ်ဖွဲ့က ဝင်ရောက်ခဲ့သည်။ PNFC ၏ တပ်များက ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်ကောင်စီကို တိုက်ခိုက်နေချိန် PNLO က ယခင် NCA မူကိုသာ ဆက်လက်ဆုပ်ကိုင်ခဲ့သည်။ စစ်ကောင်စီနှင့် တိုက်ခိုက်ခြင်းမပြုဘဲ ရှမ်းတောင်နှင့် ကယားဒေသများက တိုက်ပွဲဒဏ်ကြောင့် တိမ်းရှောင်လာသည့် အရပ်သားများကိုသာ အာဆီယံ၏ လူသားချင်းစာနာမှုအကူအညီများ ရရှိရန် တဆင့်ခံကူညီပေးခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကယားပြည်နယ်နှင့် ရှမ်း-ကယား နယ်စပ်တွင် ကရင်နီဒေသတွင်းက လက်နက်ကိုင်တပ်များက ‘၁၁၁၁ စစ်ဆင်ရေး’ကို စတင်ခဲ့သည်။ စစ်ဆင်ရေးစတင်ချိန်တွင်လည်း PNLO က ဒေသလုံခြုံရေးနှင့် စစ်ရှောင်ပြည်သူများ ထောက်ပံ့ရေးကိုသာ လုပ်ဆောင်ခဲ့သည်။ တဖက်တွင် PNLO/PNLA အတွင်း ထိပ်သီးခေါင်းဆောင်တချို့က ကရင်နီတပ်များအတွက် လက်နက်ခဲယမ်း သယ်ယူထောက်ပို့ပေးခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကရင်နီဒေသသို့ ပို့ဆောင်ရန် လက်နက်ငယ်နှင့် ရှော့တိုက်ဒုံးများ ၆၀၀ ကျော် သယ်ဆောင်လာသည့် PNLO ယာဉ်တန်းကို ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် စံဖူးရွာတွင် စစ်ကောင်စီက တားဆီးစစ်ဆေးရာက ပြဿနာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ လက်နက်ခဲယမ်းများ မီးလောင်ပြီး စံဖူးကျေးရွာလည်း မီးလောင်ခဲ့သည်။ ထိုပြဿနာဖြစ်ပြီးနောက်တွင် PNLO/PNLA တွင်း နှစ်ခြမ်းကွဲပြီး ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့က စေ့စပ်ညှိနှိုင်းမှု ဆက်မလုပ်ဘဲ စစ်ကောင်စီကို ပြန်တိုက်ခိုက်မည်ဟူ၍ ရပ်တည်ခဲ့သည်။ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက စစ်ကောင်စီနှင့် တိုက်ခိုက်ခြင်းသည် PNLO အနေနှင့် NCA ကို ဆန့်ကျင်နေသည့်အတွက် အဖွဲ့ကနေ နုတ်ထွက်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီးနောက် ဗိုလ်မှူးကြီးခွန်ဥက္ကာအပါအဝင် တွဲဖက်အတွင်းရေးမှူး-၁ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက်အတွင်းရေးမှူး-၂ နန်းယဉ်ယဉ်စိုးတို့သုံးဦးက PNLO-NCA-S ကို ဖွဲ့စည်းပြီး PNLO ကို ထိန်းသိမ်းကြောင်း အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။
ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့က လက်ရှိ PNLO/PNLA ကို ပြန်လည်ဖွဲ့စည်းပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်နေသည့် အဖွဲ့သည် တရားမဝင်ကြောင်း ကြေညာခဲ့သည်။ လက်ရှိတွင် ဗိုလ်ချုပ်ခွန်သူရိန် ဦးဆောင်နေသည့် PNLO/PNLA သည် ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်ဒေသတို့တွင် လှုပ်ရှားပြီး စစ်ကောင်စီကို တိုက်ခိုက်လျက် ရှိသည်။
NCA လမ်းကြောင်းကို ဆက်လက်ကိုင်ဆွဲထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခုနစ်ဖွဲ့ပါဝင်သည့် 7 EAOs Alliance အဖွဲ့အစည်းအဝေးကို ၂၀၂၅ ခုနစ် ဇန်နဝါရီလအတွင်း ဗိုလ်မှုးကြီး ခွန်ဥက္ကာက PNLO ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။ ယင်းကို ဗိုလ်မှူးကြီး ခွန်သူရိန်ဦးဆောင်သော PNLO က ဗိုလ်မှူးကြီးခွန်ဥက္ကာကို PNLO ဖွဲ့စည်းပုံအရ တရားဝင်ထုတ်ပယ်ပြီးဖြစ်၍ ယင်းအစည်းအဝေးနှင့် PNLO မသက်ဆိုင်ကြောင်း ကြေညာခဲ့သည်။ ဗိုလ်မှူးကြီးခွန်ဥက္ကာလည်း ၎င်းက ဦးဆောင်နာယကတဦးအနေဖြင့် PNLO ဖွဲ့စည်းပုံနှင့်အညီ အဖွဲ့ကိုဆက်လက်ထိန်းကျောင်းနေခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်မည့် ဗိုလ်မှုးကြီး ခွန်ဥက္ကာဦးစီးသော PNLO နှင့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသော ဗိုလ်မှူးကြီးခွန်သူရိန်ဦးဆောင်သည့် PNLO နှစ်ဖွဲ့ကြားတွင် တရားဝင်မှု၊ အမည်အခေါ်အဝေါ်စသည့် သရုပ်လက္ခဏာအရေးနှင့်ပတ်သက်၍ ဆက်လက်အငြင်းပွားနေဆဲဖြစ်သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ နိုင်ငံရေးဦးတည်ချက် ငါးရပ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
(၁) မဟာလူမျိူးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဆန့်ကျင်တိုက်ဖျက်ရေး။
(၂) စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး။
(၃) အမျိုးသားဒီမိုကရေစီကို ဖော်ဆောင်ရေး။
(၄) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး။
(၅) ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဗဟိုအလုပ်မှုဆောင်ကော်မတီ အထူးအစည်းအဝေးကို ကျင်းပ၍ ခေါင်းဆောင်မှုကို အသစ်ပြောင်းလဲခဲ့သည်။ နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာကို ထုတ်ပယ်ပြီး ကြီးငါးကြီးဟူသော ခေါင်းဆောင် ငါးဦးကို ရွေးကောက်ကာ PNLO ၏ အမြင့်ဆုံးအာဏာပိုင်များအဖြစ် တာဝန်ပေးခဲ့သည်။ ၎င်းတို့မှာ –
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁ | ဗိုလ်ချုပ်ခွန်သူရိန် | ဥက္ကဋ္ဌ |
| ၂ | ခွန်ထွန်းတင် | ဒုတိယဥက္ကဋ္ဌ-၁ |
| ၃ | ဗိုလ်မှူးချုပ်ခွန်ကျော်ထင် | ဒုတိယဥက္ကဋ္ဌ-၂ |
| ၄ | ဗိုလ်မှူးကြီးခွန်အောင်မန်း | အထွေထွေအတွင်းရေးမှူး |
| ၅ | ဗိုလ်မှူးကြီးခွန်အာဠာရ | ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနကြီးမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ် ဩဂုတ် ၂၅ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၃ ခုနှစ် မတ် ၂၃ ရက်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) – ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်။
စုဖွဲ့မှု
PNLO သည် NCA လက်မှတ်ရေးထိုးထာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST-Peace Process Steering Team)တွင် ပါဝင်သည်။ သို့သော် ၂၀၂၄ ခုနစ် ဇန်နဝါရီလအတွင်း NCA လမ်းကြောင်းကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည်ကိုင်စွဲကြောင်း ကြေညာပြီးနောက် PPST လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်း မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
PNLO ပါဝင်သည့် PPST သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သော်လည်း PNLO အနေနှင့်မူ စစ်တပ်က အာဏာသိမ်းမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ထို့အပြင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဖော်ဆောင်မှု ကော်မတီ (NSPNC) နှင့် ဆက်လက်ဆွေးနွေးခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ ဆွေးနွေးမှု ရပ်ဆိုင်းပြီး စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်လျက် ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
အချက်အလက်များ မရနိုင်သေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100094690671402
Phone : ဗိုလ်မှူးကြီး ခွန်အောင်မန်း – +959672694585 (signal)
မှတ်ချက်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ အမည်နာမ၊ အလံနှင့် အခေါ်အဝေါ် စသည်တို့မှာ မိမိတို့ အဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ခွန်သူရိန်နှင့် ခွန်ဥက္ကာတို့ နှစ်ဖက်ကြား အငြင်းပွားနေဆဲဖြစ်သည်။
ဧပြီ၊ ၂၀၂၆ ခုနှစ်အထိ အချက်အလက်များကို အခြေခံရေးသားထားခြင်းဖြစ်သည်။
