သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၂ ခုနှစ် ဧပြီ ၁၅ရက်။
ဌာနချုပ် – မသိရသေးပါ။
လှုပ်ရှားဒေသ – ရှမ်း-ကယား နယ်စပ်။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ဗိုလ်မှူးဆကီ (တပ်နယ်မှူး)။
ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအကြားတွင် အခြေစိုက်လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)(PNDF-KK)သည် စစ်အာဏာသိမ်းပြီး နောက် ပေါ်ပေါက်လာသည့် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့အနက်မှ တဖွဲ့ဖြစ်သည်။ ခမ်းကောင်ဆိုသည်မှာ ပအိုဝ်းဘာသာစကားအရ တောင်ပေါ်ဟု အဓိပ္ပာယ်ရသည်။ စစ်အာဏာသိမ်းပြီးနောက် ပအိုဝ်းလက်နက်ကိုင်နှစ်ဖွဲ့ အသစ်ထူထောင်ကြရာ တဖွဲ့က မြေပြန့် ၊ တဖွဲ့က တောင်ပေါ်တွင် လှုပ်ရှားသည်ဟူ၍ ကွဲပြားစေရန် သတ်မှတ်ထားသည့် အမည်နာမ တခုလည်း ဖြစ်သည်။ PNDF-KK ကို ဦးဆောင်သူအများစုသည် လူငယ်များဖြစ်သည်။ စစ်အာဏာစသိမ်းစဥ်က အကြမ်းမဖက်ဆန္ဒပြမှုများတွင် ဦးဆောင်ခဲ့ကြပြီး စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် မြေအောက်လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။ မြို့ပေါ် မြေအောက်လှုပ်ရှားသူများကို ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးခြင်း၊ လှုပ်ရှားရခက်ခဲလာသည့် အခြေအနေများနှင့် ရင်ဆိုင်ရသည့်နောက်တွင် ၎င်းတို့သည် မြို့ပေါ်တွင် မလှုပ်ရှားတော့ဘဲ တောခို၍ လက်နက်ကိုင်ရန် ဆုံးဖြတ်ခဲ့သူများ ဖြစ်သည်။ ထိုပအိုဝ်းလူငယ်များသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များထံတွင် အခြေခံစစ်ပညာကို သင်ယူခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်တွင် PNDF-KK ကို ထူထောင်ခဲ့သည်။ PNDF-KK သည် စစ်ရေးလှုပ်ရှားမှုများကို ကရင်နီတပ်မတော် (KA)၏ စစ်ရေးဦးဆောင်မှုအောက်မှ လုပ်ဆောင်သည်။ နိုင်ငံရေးအပိုင်းတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ၏ ဦးဆောင်မှုအောက်မှ ရပ်တည်လျက် ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
PNDF – KK တွင် အဖွဲ့အစည်း၏ မူ၊ ဝါဒနှင့် လုပ်ငန်းစဥ်များဟူ၍ သီးခြားစီချမှတ် ထားသည်။
မူလေးချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့သည် ပအိုဝ်းလူမျိုးတို့၏ အမျိုးသားရေးကို အခြေမခံ သည့် လူထုလွတ်မြောက်ရေး၊ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးမူ ဖြစ်သည်။
၂။ စစ်အာဏာရှင်စနစ်အပါအဝင် ဖိနှိပ်ချုပ်ချယ်မှုစနစ်အားလုံးကို တော်လှန်ဖျက်သိမ်းပြီး ပြည်တွင်းစစ်ရပ်စဲကာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ပြီး ဒီမိုကရေစီကျင့်စဥ်နှင့်အညီ သာယာဝပြော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူဖြစ်သည်။
၃။ ရန်သူနှင့် စေ့စပ်ဆွေးနွေးပြီး လက်နက်ချအညံ့ခံခြင်းကို ပြတ်သားစွာဆန့်ကျင်သည်။
၄။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို စွန့်လွှတ်ပြီး မဟာလူမျိုးကြီးဝါဒကို ကိုယ်စားပြုသော ရန်သူစစ်အုပ်စု၏ လက်ကိုင်တုတ်အဖြစ်အသုံးချခံရသည့် အဖွဲ့အစည်း များကို လုံးဝလက်မခံဘဲ ရန်သူစစ်အုပ်စုကဲ့သို့ သဘောထားပြီး ဆန့်ကျင် တော်လှန်သည်။
ဝါဒနှစ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့သည် မဟာလူမျိုးကြီးဝါဒ၊ ကျဥ်းမြောင်းသော အမျိုးသားရေးဝါဒ၊ ဗိုလ်ကျစိုးမျိုးရေးဝါဒ၊ လူမျိုးရေးခွဲခြားရေး၊ အသားအရောင်ခွဲခြားရေး၊ ဘာသာအယူဝါဒ၊ လိင်ခွဲခြားရေးစသော ခွဲခြားရေးဝါဒအမျိုးမျိုးကို ဆန့်ကျင်သည်။
၂။ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့သည် တန်းတူရေးနှင့် တရားမျှတရေးဝါဒ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးဝါဒကို လက်ခံကျင့်သုံးသည်။ လုပ်ငန်းစဥ် ခြောက်ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ လူထုလွတ်မြောက်ရေးအတွက် ကျစ်လစ်ခိုင်မာသော တော်လှန်ရေးအင်အားစုတရပ် ထူထောင်ရန်။
၂။ ပြည်ထောင်စုအတွင်းရှိ တောင်တန်း၊ ပြည်မ မကျန်စေဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တန်းတူရေး၊ သာတူညီမျှရေးအပေါ် အခြေခံပြီး တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ရန်။
၃။ တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ တန်းတူရေး၊ သာတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး။
၄။ လူထုလွတ်မြောက်ရေးအတွက် တော်လှန်နေသော တိုင်းရင်းသားလူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများနှင့် ဒေသအသီးသီးရှိ တော်လှန်ရေး အင်အားစုများနှင့်သော်လည်းကောင်း စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်သွားရန်။
၅။ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသော ရဟန်းသံဃာ တော်များ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များ၊ အခြားအသီးသီးသော အသင်းအဖွဲ့များ၊ အင်အားစု များနှင့် ညီညွတ်စွာလက်တွဲဆောင်ရွက်သွားရန်။
၆။ လူထုကို ဖိနှိပ်အုပ်ချုပ်နေသည့် ဖက်ဆစ်အာဏာရှင်နှင့် ဖက်ဆစ်အာဏာရှင်၏ ထောက်တိုင်များကို အမြစ်ဖြတ်ချေမှုန်းရန်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
PNFC ၏ ဗဟိုအလုပ်အမှုဆာင်ကော်မတီကို ကိုးဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
၁ | ဦးခွန်မြင့်ထွန်း | ဥက္ကဋ္ဌ |
၂ | မသိရပါ။ | ဒုတိယ ဥက္ကဋ္ဌ |
၃ | မသိရပါ။ | အထွေထွေအတွင်းရေးမှူး |
၄ | မသိရပါ။ | တွဲဖက်အတွင်းရေးမှူး |
၅ | မသိရပါ။ | ဥပဒေအတိုင်ပင်ခံ |
၆ | မသိရပါ။ | ဘဏ္ဍာရေးမှူး |
၇ | မသိရပါ။ | စည်းရုံးရေးမှူး |
၈ | မသိရပါ။ | ရုံးအဖွဲ့မှူး |
၉ | မသိရပါ။ | သတင်းနှင့် ပြန်ကြားရေးမှူး |
PNDF- KK
၁ | ဗိုလ်မှူးဆကီ | တပ်နယ်မှူး – တပ်နယ် (၃) |
၂ | ခွန်ဘင်ဂျမင် | ပြောရေးဆိုခွင့်ရှိသူ |
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။
PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင်ရှိသည့် ပအိုဝ်းလက်နက်ကိုင် နှစ်ဖွဲ့သည် တပ်နယ်-၁၊ ၂ နှင့် ၃ ဟူ၍ သတ်မှတ် လှုပ်ရှားလျက်ရှိသည်။ ထိုထဲတွင် တပ်နယ်-၃ သည် PNDF-KK ၏ တပ်နယ် ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/PNDFKK