သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်။
ဌာနချုပ် – အတိအကျမသိရပါ။
လှုပ်ရှားဒေသ – ရခိုင်ရိုးမနှင့်ဆက်စပ်နေသော မကွေးတိုင်းတောင်ဘက်ခြမ်း၊ ဧရာဝတီ မြစ်အနောက်ဘက်ခြမ်းနှင့် ပဲခူးရိုးမ။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့်အထက်။
ခေါင်းဆောင် – စစ်ရေးတာဝန်ခံ (အမည်မသိရပါ)
ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) သည် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ PIA ကို ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) အဖွဲ့ဝင်များ၊ အဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများအပါအဝင် စုစုပေါင်း ဦးဆောင်သူ ၁၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
စစ်အာဏာသိမ်းပြီးကာလ အစောပိုင်းတွင် အဆိုပါ လူငယ်ခေါင်းဆောင်များသည် မြို့ပေါ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ သို့သော် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုပြင်းထန်လာသောအခါ ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေး လမ်းစဥ်တခုတည်းထက် လက်နက်ကိုင်တော်လှန်ရေးဖြင့်သာလျှင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည်ဟု နားလည်ခဲ့ကြသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များထံ ဆက်သွယ်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် PIA တည်ထောင်သူ ရဲဘော်များသည် ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေသို့ သွားရောက် စစ်ပညာသင်ယူခဲ့ကြသည်။ PIA ၏ ပထမဦးဆုံးသော အခြေခံစစ်ပညာသင်တန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ပြီးဆုံးခဲ့သည်။
ထို့နောက်၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ကို တရားဝင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ PIA ရဲဘော်များသည် အခြေခံစစ်သင်တန်း အပတ်စဉ်-၁ နှင့် ၂ ကို AA ထံကနေ တိုက်ရိုက်သင်ယူခဲ့ပြီး အပတ်စဉ်-၃ ကစတင်ကာ အခြေခံစစ်ပညာကို ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးခဲ့သည်။ တန်းမြင့်သင်တန်းများ၊ အကြပ်သင်တန်းများနှင့် စစ်ဦးစီးသင်တန်းများကို AA ထံကနေ ဆက်လက်လေ့လာသင်ယူသည်။
၂၀၂၂ ခုနှစ်တွင် PIA သည် စစ်ရေးအင်အား ဖြည့်တင်းရန်လိုအပ်သည့် မကွေးတိုင်းတောင်ဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ ဖွဲ့စည်းစတွင် မကွေးတိုင်းအတွင်းသာ စစ်ရေးလှုပ်ရှားမှုများရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ကရင်နီဒေသတွင်ပါ ဖြန့်ကြက်လှုပ်ရှားခဲ့သည်။ အာရက္ခဒေသအတွင်း ပြုလုပ်သည့် စစ်ဆင်ရေးများတွင်လည်း ပါဝင်ခဲ့သည်။ မဟာမိတ်များနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများအဖြစ် ကရင်နီဒေသအတွင်း ‘၁၁၁၁ စစ်ဆင်ရေး’နှင့် ရှမ်းမြောက်ဒေသ ‘၁၀၂၇ စစ်ဆင်ရေး’ဒုတိယလှိုင်းတွင် ပါဝင်ခဲ့သည်။ ထို့အပြင် NUG အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးပူးတွဲဖော်ဆောင်မှုများရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
PIO/PIA ၏ အခြေခံမူဝါဒ ငါးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး။
၂။ ပြည်သူ့လွတ်မြောက်ရေး။
၃။ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး။
၄။ ငြိမ်းချမ်းရေး။
၅။ လူမှုဘဝတရားမျှတရေး။
PIO?PIA ၏ စစ်ရေးရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
PIA သည် တော်လှန်ရေးပြီးဆုံးချိန်တွင် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍကို အားဖြည့်ပေးနိုင်သည့် ကာကွယ်ရေးယူနစ်တခုဖြစ်လာနိုင်ရန် ရည်မှန်းချက်ရှိသည်။ ထို့အပြင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းလွတ်မြောက်ရေးမှသည် တော်လှန်ရေးထိန်းချုပ်ဒေသ ကျယ်ပြန့်လာပြီး တနိုင်ငံလုံးလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို ဦးတည်ထားသည်။
PIO/PIA ၏ နိုင်ငံရေးရည်မှန်းချက်မှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်သည့် အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်လာရန် ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၏ ဖွဲ့စည်းပုံတွင် ဗဟိုကော်မတီသည် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။ ဗဟိုကော်မတီက နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် လုပ်ငန်းစဉ်များကို တာဝန်ယူကွပ်ကဲသည်။ ဗဟိုကော်မတီကို ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းများ၊ CDM ဝန်ထမ်းများဖြင့် အဓိက ဖွဲ့စည်းထားသည်။ ။
PIO/PIA ၏ ဗဟိုကော်မတီတွင် တဦးတည်းအာဏာချုပ်ကိုင်သည့် ခေါင်းဆောင်မှုပုံစံကို မကျင့်သုံးဘဲ စုပေါင်းခေါင်းဆောင်မှုပုံစံဖြင့် လည်ပတ်သည်။ ထို့ကြောင့် ကော်မတီတွင် အမြင့်ဆုံးခေါင်းဆောင်ဟူ၍ သီးသန့် ရာထူးသတ်မှတ်ထားခြင်းမရှိပေ။ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အရေးကြီးဆုံးဖြတ်ချက်များကို ဗဟိုကော်မတီဝင်အားလုံး၏ ဘုံသဘောတူညီချက်ဖြင့် စုပေါင်းဆုံးဖြတ် အကောင်အထည်ဖော်သည်။
PIO/PIA ၏ ဗဟိုကော်မတီဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
| အမည် | တာဝန် |
| ကိုမိုးနေလ | ဗဟိုကော်မတီအဖွဲ့ဝင် |
| ကိုညီညီအောင် | ဗဟိုကော်မတီအဖွဲ့ဝင် |
| ကိုမင်းကျော် | ဗဟိုကော်မတီအဖွဲ့ဝင်/ ပြန်ကြားရေးတာဝန်ခံ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် သုံးရက်တာ ညီလာခံကျင်းပကာ အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုတပ်ပေါင်းစုတွင် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIA) အပြင် အခြားသောအဖွဲ့များဖြစ်သည့် 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ပါဝင်သည်
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
PIO/PIA ၏ နိုင်ငံရေးရပ်တည်ချက်မှာ ဗမာလူမျိုးကြီးဝါဒ၊ စစ်ခရိုနီလက်ဝါးကြီးအုပ် စီးပွားရေးစနစ်နှင့် ပဒေသရာဇ်အတွေးအခေါ်များကို ဆန့်ကျင်၍ အဖိနှိပ်ခံပြည်သူလူထုနှင့် တသားတည်း ရပ်တည်ခြင်းဖြစ်သည်။ PIO/PIA ၏ အခြေခံမူဝါဒ ငါးချက်ကို အကောင်အထည်ဖော်ရေး၊ ပြည်သူလူထု စားဝတ်နေရေး ဖူလုံရေးနှင့် ထိုကတဆင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်လိုသည်။
ထို့အပြင် PIO/PIA သည် စစ်အစိုးရ၊ စစ်အုပ်စုနှင့် စစ်ဗျူရိုကရက်ယန္တရားဟူသည့် စစ်သုံးစစ်တိုက်ဖျက်ရေးလမ်းစဥ်ကိုလက်ခံသည်။ PIO/PIA ၏ ရပ်တည်ချက်နှင့် မူဝါဒများနှင့် ကိုက်ညီသည့် မည်သည့်တော်လှန်ရေးအင်အားစုများနှင့်မဆို ပူးပေါင်း၍ စစ်ရေးဆောင်ရွက်မည်ဟူသည့် ရပ်တည်ချက်ရှိသည်။
တပ်မဟာများ
PIO/PIA တွင် တပ်မဟာဟူ၍ ဖွဲ့စည်းထားခြင်းမရှိဘဲ တပ်ရင်းအဖြစ်သာ လှုပ်ရှားသည်။ တပ်ရင်းအရေအတွက် အတိအကျကိုမူ မသိရပါ။ PIA ၏ ဖွဲ့စည်းပုံအရ တပ်ရင်း တရင်းလျှင် တပ်ခွဲ နှစ်ခွဲပါဝင်သည်။ ထိုတပ်ရင်းများကို ဗျူဟာအဆင့်က ကွပ်ကဲသည်။
