သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မတ် ၃၀ ရက် ။
ဌာနချုပ် – တီးတိန်မြို့နယ်။
လှုပ်ရှားဒေသ – ချင်းပြည်နယ် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ချင်းညီနောင် (CB)လှုပ်ရှားဒေသများ (ဖလမ်း၊ မတူပီ၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်)၊ အထက်ချင်းတွင်းဒေသ (ကလေး-ကဘော်ဒေသ)။
ခန့်မှန်းအင်အား – ၈၀၀ နှင့်အထက် ။
ခေါင်းဆောင် – ဂိဒေါင်ကိမ်( (စစ်ဦးစီးချုပ်) ။
ဇိုမျိုးနွယ်စုကိုအခြေပြု၍ တည်ထောင်ထားသည့် ဇိုမီးဖက်ဒရယ်အစည်းအရုံး/ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ဇိုလဲန်း (ZFU/PDF-Zoland) သည် ၂၀၂၁ စစ်အာဏာသိမ်းမှုအလွန်တွင် ကျောင်းသားလူငယ်များ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူများ ပူးပေါင်းကာ ပေါ်ပေါက်လာခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်သည်။ ဇိုတို့သည် ချင်းမျိုးနွယ်စု ၅၃ စုအနက် တခုအပါအဝင်ဖြစ်ပြီး ချင်းပြည်နယ် မြောက်ပိုင်းရှိ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့အပြင် စစ်ကိုင်းတိုင်း ကလေး-ကဘော်ဒေသတို့တွင် အများဆုံး ပျံ့နှံ့နေထိုင်ကြသည်။ စစ်အာဏာသိမ်းစကာလတွင် ချင်းပြည်နယ်တဝန်း၌ အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားမှုများတွင် ဇိုမျိုးနွယ်စုများလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ရိုက်နှက်ဖြိုခွင်းမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပြီးသည့်နောက်တွင် လက်နက်ကိုင်တပ် တည်ထောင်၍ တော်လှန်ရန် စုဖွဲ့ခဲ့ကြခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် မတ် ၃၀ ရက်တွင် စတင်တည်ထောင်ချိန်က ဇိုမီးဖက်ဒရယ်အစည်းအရုံး/ဇိုမီးဖက်ဒရယ်တပ်မတော် (ZFU/ZFA) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဝင် ဇိုမီးရွေးကောက်ခံကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပရှိ ဇိုမီးလူမျိုးများ၊ ကျောင်းသားသမဂ္ဂများ၊ လူငယ်များ၊ CDM ဆရာဝန်များ/ ကျောင်းဆရာများ၊ ပညာရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ခဲ့သည်။ စတင်ဖွဲ့စည်းစဥ်က ကိုယ်စားလှယ်စုစုပေါင်း ၁၃ ဦး ပါဝင်သည့် ညှိနှိုင်းရေးကော်မတီတရပ်ဖွဲ့စည်းပြီး အဖွဲ့အစည်းကို စတင်လည်ပတ်စေသည်။ ထိုညှိနှိုင်းရေး ကော်မတီတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်းထားသော တီးတိန်၊ တွန်းဇံနှင့် ကလေးမြို့နယ်ရှိ သပိတ်ကော်မတီများက ကိုယ်စားလှယ်များနှင့် ပြည်တွင်းပြည်ပရှိ ဇိုမီးပညာရှင်များ ပါဝင်ပြီး တမြို့နယ်လျှင် အနည်းဆုံး ကိုယ်စားလှယ်နှစ်ဦးစီဖြင့် ဖွဲ့စည်းသည်။
ZFU စတင်တည်ထောင်စတွင် တပ်မတော်တရပ်အနေဖြင့် တည်ဆောက်ရန် အင်အား အလုံအလောက်မရှိခဲ့ပေ။ ထို့ကြောင့် ဇိုမီးဖက်ဒရယ်တပ်မတော်အဖြစ် သီးခြားရပ်တည်နေရာမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း (PDF-Zoland)ဟူသည့် အမည်ပြောင်းကာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လမ်းညွန်မှုအောက် ဝင်ခဲ့သည်။ အမည်ပြောင်းရာတွင် နိုင်ငံရေးလက်တံအမည်ကို ပြောင်းလဲခဲ့ခြင်းမ ရှိဘဲ စစ်ရေးလက်တံအမည်ကိုသာ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ PDF-Zoland ဖွဲ့စည်းချိန်တွင် မျိုးနွယ်စုချင်းတူသော်လည်း တပ်ဖွဲ့ချင်းကွဲပြားမှုကြောင့် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နှင့် PDF-Zoland တို့အကြား ပဋိပက္ခများ စတင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန် ၁၆ရက်တွင် PDF-Zoland ၏ စစ်သင်တန်းနေရာကို ZRA က ဝင်ရောက် ဖျက်ဆီးခဲ့သည်။ ထိုအခြေအနေများကြောင့် PDF-Zoland က သီးခြား စစ်သင်တန်း မပြုလုပ်တော့ဘဲ ချင်းအမျိုးသားတပ်မတော် (CNF/CNA) ထံတွင် အပတ်စဥ်-၁ ကို တတ်ရောက်ခဲ့သည်။ ထို့ပြင် အခြေခံစစ်ပညာသင်ယူပြီးသူများကို မွမ်းမံသင်တန်းများတက်ရောက်ရန်အတွက်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်များထံ စေလွှတ်ခဲ့သည်။
PDF-Zoland သည် ၂၀၂၁ ခုနှစ် ဧပြီ ၁၃ ရက်တွင် ပေါ်ပေါက်ခဲ့သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို နိုင်ငံရေးဦးဆောင်မှုအဖွဲ့အဖြစ် လက်ခံခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ချင်းခုခံတော်လှန်ရေးတပ်များက စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် ချင်းလက်နက်ကိုင် ၁၈ ဖွဲ့ စုစည်းပြီး ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို ဖွဲ့စည်းခဲ့ရာတွင်လည်း ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ် ဧပြီ ၂၁ နှင့် ၂၂ တို့တွင် ပထမဆုံးအကြိမ် ညီလာခံကျင်းပခဲ့ပြီး ထိုညီလာခံကတဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ဗဟိုကော်မတီတွင် ဗဟိုကော်မတီဝင် ၃၂ ဦး ပါဝင်သည်။ ZFU အောက်တွင် ကာကွယ်ရေးဌာန၊ ဘဏ္ဍာရေးနှင့် ရန်ပုံငွေရှာဖွေရေးဌာန၊ ပြင်ပဆက်ဆံရေးဌာန၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ပညာရေးနှင့် ကျန်းမာရေးဌာန၊ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးဌာန၊ သပိတ်နှင့် CDM ဌာန၊ မူဝါဒရေးဆွဲရေးနှင့် သုတေသနဌာန၊ ပြည်ထဲရေးဌာန၊ ပြည်သူ့ရဲဌာနနှင့် တရားရေးဌာနဟူသည့် ဌာန ၁၁ ခုကို ဖွဲ့စည်းလည်ပတ်နေသည်။
ZFU သည် တွန်းဇံမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရား တည်ဆောက်ထားပြီး ၎င်းထိန်းချုပ်ရာ ကျေးရွာများအတွင် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော် ဒေသလုံခြုံရေးအရဟူ၍ ကျေးရွာအမည်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။ ထို့ပြင် PDF-Zolandသည် ကျေးရွာများအပြင် ချင်းပြည်နယ်အတွင်း ဒုတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကနေဒီတောင်နှင့် တီးတိန်မြို့နယ်အတွင်းရှိ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့်ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (Self determination) ရရှိပြီး အရပ်သားအုပ်ချုပ်မှု (Cilician supremacy) နှင့်အညီ ဦးဆောင်ကာ တန်းတူညီမျှမှု (Equality) နှင့် ပျော်ရွှင်ကျေနပ်မှု (Happiness) များကို ရရှိခံစား၍ ပြီးပြည်စုံသော ရှင်သန်ခွင့် ရရှိနိုင်ရေးသည် PDF- Zoland ၏ မျှော်မှန်းချက် ဖြစ်သည်။
အဖဘုရားသခင်သည် လူသားအားလုံးအပေါ် တန်းတူညီမျှပေးသနားတော်မူသည့် ရှင်သန်နေထိုင်ခွင့် (Right to live)၊ လွတ်လပ်မှု (Liberty)နှင့် အချုပ်အခြာအာဏာ (Sovereignty) စသည့် ကောင်းချီးမင်္ဂလာများကို ခံယူစောင့်ထိန်းလျက် တရားဥပဒေစိုးမိုးရေး (Rule of Law) တို့ဖြင့် ပြည်တွင်းပြည်ပ စစ်ရေးပဋိပက္ခ ရန်အသွယ်သွယ်မှ မိမိတို့ တိုင်းဒေသနှင့် လူမျိုးအား ကာကွယ်စောင့်ရှာက်ရေးသည် PDF- Zoland ၏ ရည်မှန်းချက်ဖြစ်သည်။
PDF – Zoland ၏ ရပ်တည်ချက် ခုနစ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အဖဘုရားဖန်ဆင်းထားသော လူ့ဇီဝအသက်ကို တန်ဖိုးထားသည်။
၂။ လူသားအချင်းချင်း လက်နက်အားကိုဖြင့် ခြိမ်းခြောက်ခြင်း၊ ခြောက်လှန့်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်းတို့အား လုံးဝ (လုံးဝ) လက်မခံနိုင်ပါ။
၃။ ဇိုးမီးလူမျိုးများအတွင်း ခွဲခြားဆက်ဆံခြင်း၊ မတရားပြုမူခြင်း၊ မတူကွဲပြားမှုအကြောင်းပြကာ စိတ်ဝမ်းကွဲခြင်းတို့အား ယခုစစ်အာဏာရှင်တော်လှန်ရေးနှင့်အတူ တိုက်ထုတ်သွားမည်။
၄။ ဇိုမီးလူမျိုးများအနေနှင့် မိမိတို့လွတ်လပ်ရေးအတွက် မိမိတို့ဇိုမီးလူမျိုးတို့ကိုယ်တိုင် မဆုတ်မနစ် ကြိုးစားစွမ်းဆောင်နိုင်ရမည်။ သူတပါးလက်ဖြင့် မြွေဖမ်းလိုသော အခွင့်ရေးသမားများ မဖြစ်စေရ။
၅။ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးကို လိုလား၍ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ လွှမ်းမိုးမှုမှမရှိစေဘဲ အာဏာရှင်မှန်သမျှကို တော်လှန်ဆန့်ကျင်သူဖြစ်ရမည်။ ဇိုမီးလူမျိုးများနှင့် အခြားလူမျိုးများအတွင်း အာဏာရှင်စနစ် လုံးဝအလိုမရှိ လက်မခံစေရ။
၆။ အာဏာရှင်စနစ် တိုက်ထုတ်ရာတွင် လူတိုင်းလုပ်ဆောင်နိုင်သည့် တာဝန်ဝတ္တရားကိုယ်စီ ရှိကြရာ မိမိတို့တတ်နိုင်သည့် ကဏ္ဍအသီးသီးမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပါဝင်ရမည်ဖြစ်သည်။
၇။ ဤအရေးတော်ပုံအောင်မြင်နိုင်ရန်အတွက် မိမိတို့လုပ်ဆောင်နိုင်သည့် တာဝန်ဝတ္တရားနှင့်အညီ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှတို့ဖြင့် အစွမ်းကုန်တိုက်ထုတ် တွန်းလှန်သွားမည်ဖြစ်သည်။
PDF – Zoland ၏ သစ္စာအဓိဋ္ဌာန် နှစ်ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဆာလံကျမ်း ၂၀:၄-၅
၁။ ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍ အကြံအစည်တော်ရှိသမျှကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။
၂။ ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် အကျွန်ုပ်တို့သည် ဝမ်းမြောက်၍ အကျွန်ုပ်တို့ ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော် မူပါစေသော။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဇိုမီးဖက်ဒရယ်အစည်းအရုံး ZFU
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ပါကျုံး | ဥက္ကဋ္ဌ |
၂ | ဒေါက်တာကဲန်တွန် | ဒုတိယဥက္ကဋ္ဌ-၁ |
၃ | ဒေါက်တာဖီးလစ် | ဒုတိယဥက္ကဋ္ဌ-၂ |
၄ | ရောဘတ် | အထွေထွေအတွင်းရေးမှူး |
၅ | ဝီလျံမာန် | တွဲဖက်အတွင်းရေးမှူး- ၁ |
၆ | အမ်မီလီယာ | တွဲဖက်အတွင်းရေးမှူး-၂ |
ပြည်သူ့ကာကွယ်ရေးတပ် – ဇိုလဲန်း
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဂိဒေါင်ကိမ် | စစ်ဦးစီးချုပ် |
၂ | – | ဒုတိယစစ်ဦးချုပ် |
၃ | ဂျိုးဆက် | အမှတ်-၁ တပ်ရင်းမှူး |
၄ | ရှမ်နိုး | အမှတ်-၂ တပ်ရင်းမှူး |
၅ | ကိမ်းတောင် | အမှတ်-၃ တပ်ရင်းမှူး |
၆ | ကျင့်ပီး | အမှတ်-၄ တပ်ရင်းမှူး |
၇ | ဗားရ်အာ | အမှတ်-၅ တပ်ရင်းမှူး |
စုဖွဲ့မှု
ချင်းညီနောင် (CB)၏ အဖွဲ့ဝင်ဖြစ်ပြီး CB ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းသည်။ CB စတင်ဖွဲ့စည်းချိန်တွင် ပါဝင်သော အဖွဲ့သုံးဖွဲ့တွင် PDF-Zoland လည်း အပါအဝင်ဖြစ်သည်။ ချင်းညီနောင်တွင် အဖွဲ့ဝင်အဖြစ် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (MRLC/CDF-Mindat)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF)၊ ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် (CDF-Kanpetlet) နှင့် ချင်းကာကွယ်ရေးတပ်-မတူပီ (MRO/CDF-Matupi) တို့ ပါဝင်သည်။
CNDF သည် ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ၏ အဖွဲ့ဝင်ဟောင်းဖြစ်သည်။ CJDC ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖျက်သိမ်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
တန်းတူညီမျှမှုကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီသစ်တည်ဆောက်ရေးနှင့် တည်ဆောက်ရာတွင်
တနိုင်ငံလုံးရှိ တိုင်းရင်းသားညီအစ်ကိုအဖွဲ့အစည်းအားလုံးနှင့် လက်တွဲဆောင်ရွက်ရေးသည် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၏ နိုင်ငံရေးတည်ချက်ဖြစ်သည်။ မည်သည့်အာဏာရှင်မဆို အမြစ်ဖြတ်ချေမှုန်းရန် ရရာလက်နက်ကိုင်ဆွဲပြီး တော်လှန်တိုက်ပွဲဝင်ရေးသည် ပြည်သူ့ကာကွယ်ရေး တပ်မတော်-ဇိုလဲန်း (PDF- Zoland) ၏ စစ်ရေးရပ်တည်ချက်ဖြစ်သည်။
တပ်မဟာများ
PDF-Zoland ကို တပ်ရင်း ငါးရင်းဖြင့် ဖွဲ့စည်းထားသည်။ တပ်မဟာများဖွဲ့စည်းထားခြင်းမရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://web.facebook.com/zolandpdf
Website : https://zomifederalunion.org/
Email: [email protected]