သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၉၂ ခုနှစ် ဇန်နဝါရီလ။
ဌာနချုပ် – နမ့်ဆန်မြို့နယ် ။
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်အတွင်းရှိ နမ့်ခမ်းမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်နှင့် မိုင်းလုံမြို့နယ်။
ခန့်မှန်းအင်အား – ၁၀,၀၀၀ ခန့်။
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း (ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်)၊ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (ဒုတိယဥက္ကဋ္ဌ-၁၊ ဗဟိုကော်မတီဝင်)၊ ဗိုလ်ချုပ်တားခူးလန်း (ဒုတိယဥက္ကဋ္ဌ-၂၊ ဗဟိုကော်မတီဝင်)။
PSLF/TNLA သည် လက်နက်ကိုင်တပ်ဖွဲ့ မထူထောင်ခင် နိုင်ငံရေးလက်တံကို ကနဦးတည်ထောင်၍ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဌာနချုပ်နယ်မြေ မာနယ်ပလော၌ ဖွဲ့စည်းခဲ့သည်။ ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA)က စစ်အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလိုက်ချိန်၌ ဆက်ဆံရေးတာဝန်ဖြင့် KNU နယ်မြေတွင် ကျန်နေခဲ့သည့် တပ်ဖွဲ့ဝင်ဟောင်းများက PSLF ကို ပြန်ဖွဲ့စည်းခြင်း ဖြစ်သည်။
PSLF ကို ပြန်ထူထောင်သူများထဲတွင် လက်ရှိထိပ်သီးခေါင်းဆောင်များဖြစ်နေသည့် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားတို့ ပါဝင်ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းသည် PSLA တည်ရှိစဉ်က ထိုင်း-မြန်မာနယ်စပ် မာနယ်ပလော မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) တပ်ပေါင်းစုဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားသည် PSLA တွင် ကိုယ်ရေးအကူအရာရှိနှင့် ဆက်သွယ်ရေးစက်ကိုင် ရဲဘော်လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတို့သည် ထိုစဥ်က PSLA ၏ လူငယ်တာဝန်ခံများဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထားသည့် PSLF ခေါင်းဆောင်များအနေနှင့် တအာင်း(ပလောင်) လူမျိုးများတွင် လက်နက်ကိုင်တပ်ဖွဲ့ ရှိရမည်ဟူသည့် ဆုံးဖြတ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်ရေးလက်တံအဖြစ် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ကို ဖွဲ့စည်းသည်။
TNLA ကို ဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ထိုးဖောက်အခြေစိုက်ရန်အတွက် တအာင်း လူငယ် ၄၂ ဦး သည် ၂၀၁၁ ခုနှစ်တွင် KIA ထံ၌ စစ်ပညာသွားရောက်သင်ယူခဲ့သည်။ ထိုလူငယ် ၄၂ ဦးသည် KIA ထံမှ ရရှိသည့် ရိုင်ဖယ် ၂၂ လက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ရွှေလီမြစ်ကို ဖြတ်ကျော်၍ ပထမဆုံး စစ်ရေးလှုပ်ရှားမှု စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဩဂုတ်လတွင် စစ်တပ်နှင့် ပထမဆုံး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ နောက်ပိုင်း တပ်ရင်းအရေအတွက် တဖြည်းဖြည်း တိုးချဲ့လာခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်များတွင် တပ်ရင်းငါးခု အထိ ဖွဲ့စည်းနိုင်ခဲ့ ပြီးရှမ်းမြောက်ဒေသတွင် နယ်မြေ ချဲ့ထွင်ရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တပ်ရင်း ၂၁ ခု၊ တပ်မဟာ ၃ ခု အထိ တိုးချဲ့နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance) တွင် ပါဝင်လာပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ နှင့်အတူ စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ်များတွင် ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်အတူပူးတွဲကာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)ကို ၂၀၁၇ ခုနစ်အလွန်မှစ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများမှာ ၂၀၂၁ ခုနှစ်အထိ ကြာရှည်ခဲ့ကာ RCSS တပ်များ ရှမ်းမြောက်မှ ဆုတ်ခွာသွားမှ ရပ်တန့်ခဲ့သည်။ ဤကာလအတွင်း မူးယစ်ဆေးဝါး ဆန့်ကျင်ရေး မူဝါဒ တင်းကြပ်စွာကျင့်သုံးကာ ဒေသခံ ထောက်ခံမှုရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်အင်အားတိုးချဲ့ရေးနှင့် ဒေသခံ အုပ်ချုပ်ရေး အားကောင်းလာအောင် အာရုံစိုက်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း နယ်မြေများကိုထိန်းသိမ်းနိုင်ခဲ့ပြီး တပ်ဖွဲ့အင်အား ဆက်လက်တိုးချဲ့ခဲ့သည်။ တပ်မဟာခုနစ်ခုအထိ ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြို့နယ်ကိုးခု၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တခု တို့တွင်လှုပ်ရှားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင် မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ပြုလုပ်ခဲ့သည်။ စစ်ဆင်ရေးအပြီးတွင် TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေ့ါ၊ မိုင်းလုံ မြို့ ခုနစ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် စစ်ကောင်စီနှင့် TNLA အကြား ပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်မှု မရှိတော့သော်လည်း မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်တွင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည်။ ၂၀၂၄ခုနှစ် အစောပိုင်းတွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် လေးကြိမ်မြောက် ဟိုင်ဂင် (Haigeng) သဘောတူညီမှုအပြီး “စစ်ဆင်ရေး ၁၀၂၇ ပထမပိုင်း”ကို မတ်လအတွင်းရပ်တန့်ခဲ့ပါသည်။ အပစ်ရပ်သဘောတူခဲ့သော်လည်း စစ်ကောင်စီက ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်တပ်များ သိမ်းယူထားသော နယ်မြေများတွင် နေ့စဉ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည်။ ယင်းတိုက်ခိုက်မှုများက ဟိုင်ဂင်စာချုပ်အပေါ် စိန်ခေါ်မှုဖြစ်စေသဖြင့် အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်ကြောင်း TNLA အထွေထွေအတွင်းရေးမှူး တားဘုန်းကျောက်က ဇွန်လ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် ဇွန်လ ၂၅ရက်တွင် စစ်ဆင်ရေး ဒုတိယပိုင်းကို စတင်ခဲ့သည်။ စစ်ဆင်ရေးပြန်လည်စတင်ခြင်းအတွက် စစ်ကောင်စီရော TNLA ကပါ မိမိတို့ဘက်မှ ဟိုင်ဂင်သဘောတူညီချက်ကို စတင်ချိုးဖောက်ခြင်းမဟုတ်ကြောင်း အလေးပေးပြောဆိုခဲ့ ကြသည်။
“စစ်ဆင်ရေး ၁၀၂၇-ဒုတိယပိုင်း”တွင် TNLA သည် နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ၊စဉ့်ကူးနှင့် ကျောက်မဲမြို့တို့ကို ထပ်မံ သိမ်းယူထိန်းချုပ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် မြို့ပေါင်း ၁၃မြို့နှင့် မန္တလေး-မူဆယ် လမ်းပိုင်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် စစ်တပ်၏ထိုးစစ်ကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် စဉ့်ကူးမြို့တို့ကိုပါ ပြန်ပေးလိုက်ရသည်။ ဒါ့အပြင် တရုတ်၏ ကြားဝင်မှုကြောင့် ကိုးကြိမ်မြောက် ဟိုင်ဂင်အစည်းအဝေးပွဲအပြီး အပစ်ရပ်စဲရန် သဘောတူညီခဲ့ပြီးနောက် နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကိုပါ စစ်တပ်ထံ ပြန်ပေးလိုက်ရသည်။ ထို့အပြင် ညီနောင်မဟာမိတ် MNDAA နှင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြို့အုပ်ချုပ်ရေး ကိစ္စမှ စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ မတ်လ ၁၅ ရက်နေ့တွင် ကွက်ခိုင်မြို့ကို MNDAA ထံ လုံးဝလက်လွှတ်လိုက်ရပါသည်။
၂၀၂၄ ခုနှစ်တွင် TNLA သည် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ (TPCC)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တအာင်းလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တအာင်းနိုင်ငံရေး တက်ကြွလှုပ်ရှား သူများပါဝင်သည့် ဖွဲ့စည်းပုံဥပေဒကြမ်းကို တတိယမူကြမ်းအထိရေးဆွဲ ကာ ထိန်းချုပ် ထားသည့်မြို့များကို စုစည်းပြီး တအာင်းပြည်နယ်သစ်တခု တည်ထောင်ရန် ကြိုးပမ်းခဲ့သော်လည်း မြို့များကိုလက်လွှတ်ခဲ့ ရသည့်အခြေအနေများရင်ဆိုင်ခဲ့ရပြီးနောက် တအာင်း ပြည်နယ်သစ်တည်ထောင် ရေးမှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ စစ်ရေး၊ နယ်မြေနှင့် နိုင်ငံရေးအကြပ်အတည်းများ ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၆ခုနှစ် ဧပြီလတွင် ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရသစ်ကို ကြိုဆို ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
TNLA သည် ခရိုင်ငါးခုဖြင့် အုပ်ချုပ်ကြောင်း ကြေညာထားခဲ့သော်လည်း နယ်မြေဆုံးရှုံးမှုများဖြစ်ပေါ် ပြီးနောက်တွင် ခရိုင်အပြောင်းအလဲများလည်း ရှိနိုင်သေးသည်။ TNLA မှ ကြေညာထားသည့် ခရိုင် ငါးခုမှာ မူအောက်ပါအတိုင်းဖြစ်သည်။
| စဥ် | ခရိုင် | ပါဝင်သည့် ဒေသများ |
| ၁ | မန်အောင်ခရိုင် | မူဆယ်-နမ့်ခမ်း ဒေသ |
| ၂ | ရွှေလီခရိုင် (အိုမ်တမော်ဝ်) | မန်တုံ-မိုင်းဝီး ဒေသ |
| ၃ | သံလွင်ခရိုင် (အိုမ်ခုံး) | ကွတ်ခိုင်-မုံးစီး-မိုင်းဟွမ် ဒေသ |
| ၄ | လားရှိုးခရိုင် (လာဆျို) | လားရှိုး-မိုင်းယော် ဒေသ |
| ၅ | နမ့်ဆန်ခရိုင် (အိုမ်ယ်ုရ်) | နမ့်ဆန်-ကျောက်မဲ-မိုးကုတ် ဒေသ |
လက်ရှိအချိန်တွင် TNLA သည် နမ့်ခန်း၊ မန်တုန်၊ နမ္မတူ၊ နမ့်ဆန်း၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့ ၆ မြို့ကို ဆက်လက်ထိန်းသိမ်းထားသည်။ TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့များလည်း အခြေ စိုက်လှုပ်ရှားနေရာ နယ်မြေအငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်မှုများရှိနေသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
PSLF/TNLA တွင် ရည်မှန်းချက်သုံးရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဥ် သုံးရပ်ချမှတ်ထားသည်။
ရည်မှန်းချက်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ် တည်ဆောက်ရေး။
(ဂ) အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။
နိုင်ငံရေးလုပ်ငန်းစဥ်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေး။
(ခ) အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး။
(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
PSLF/TNLA ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၁ ဦးကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
| စဥ် | အမည် | ရာထူး/တာဝန် |
| ၁ | ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း | ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင် |
| ၂ | ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား | ဒုတိယဥက္ကဋ္ဌ-၁၊ ဗဟိုကော်မတီဝင် |
| ၃ | ဗိုလ်ချုပ် တားခူးလန်း | ဒုတိယဥက္ကဋ္ဌ-၂၊ ဗဟိုကော်မတီဝင် |
| ၄ | ဗိုလ်ချုပ် တားဘုန်းကျော် | အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုကော်မတီဝင် |
| ၅ | ဗိုလ်ချုပ် တားဟိုပလန် | စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင် |
| ၆ | ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း | တွဲဖက်အထွေထွေအတွင်းရေးမှူး -၁၊
ဗဟိုကော်မတီဝင် |
| ၇ | ဗိုလ်မှူးချုပ် တားဂူဇာရ် | ဗဟိုအထွေထွေ အုပ်ချုပ်ရေးဌာနမှူး၊ ဗဟိုကော်မတီဝင် |
| ၈ | ဗိုလ်မှူးကြီး တာပန်လ | တွဲဖက်အထွေထွေအတွင်းရေးမှူး -၂၊ ဗဟိုကော်မတီဝင် |
| ၉ | ဗိုလ်မှူးချုပ် တားနောရိန်း | စစ်ဦးစီးဌာန၊ ဗဟိုကော်မတီဝင် |
| ၁၀ | ဗိုလ်မှူးချုပ် တားလုမ်ကျော်မြ | အကောက်ခွန်ဌာန၊
ဗဟိုကော်မတီဝင် |
| ၁၁ | ဗိုလ်မှူးကြီး တားကုင်ခြီရ် | ရဲချုပ်၊
ဗဟိုကော်မတီဝင် |
PSLF/TNLA အောက်တွင် စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားတို့လည်ပတ်ရန် ကာကွယ်ရေး၊ အထွေထွေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ အခွန်၊ မဟာမိတ်နှင့် နိုင်ငံခြားရေးရာ၊ သတင်းနှင့်ပြန်ကြားရေး၊ ပညာရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးရာ၊ စားနပ်ရိက္ခာစီမံထောက်ပံ့ရေး၊ စိုက်ပျိုးမွေးမြူရေး၊ မြေယာနှင့် သစ်တောကာကွယ်ရေး ဟူသည့် ဌာန ၁၄ ခု ဖွဲ့စည်းထားသည်။ ထို့ပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းကော်မတီ၊ ဗဟိုစီးပွားရေးကော်မတီနှင့် စစ်ဘေးရှောင်ရေးရာ စီမံကော်မတီဟူ၍လည်း လုပ်ငန်းကော်မတီ သုံးခုရှိသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
သမ္မတဦးသိန်းစိန်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်များချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးကြရန် ဖိတ်ခေါ်ရာ TNLA ပါဝင်ခဲ့ပြီး တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement- NCA )ဆွေးနွေးပွဲများသို့ ကိုယ်စားလှယ် စေလွှတ်ခဲ့သည်။ သို့သော် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပေါ်ပေါက်လာပြီး တိုက်ခိုက်နေသည့် တပ်ဖွဲ့အသစ်ဖြစ်၍ လက်နက်စွန့်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု အစိုးရနှင့် စစ်တပ်က ပြောဆိုခဲ့သဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ဆွေးနွေးမှုများကို ရပ်တန့်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် စစ်တပ်သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ TNLA မှာ အင်အားကြီးမားလာကာ မြို့ပေါ်ရှိ တပ်မတော်၏ တပ်စခန်းများကိုပါ တိုက်ခိုက်ခဲ့သည်။ စစ်တပ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် TNLA, KIA, MNDAA နှင့် AA တို့ကို အပစ်ရပ်ဆွေးနွေးရန် ပြန်လည် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ် လေးဖွဲ့၏ ကိုယ်စားလှယ်များနှင့် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် အနည်းဆုံး ငါးကြိမ်ခန့် တွေ့ဆုံကာ ပဏာမအပစ်ရပ်စာချုပ်များ ရေးထိုးနိုင်ရန် ညှိနှိုင်းခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် တွေ့ဆုံမှုများ ရပ်တန့်သွားခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ဆက်လက်ဆွေးနွေးခြင်း မရှိတော့ပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့ကြသည်။ ထိုစစ်ဆင်ရေးအတွင်း TNLA က မြို့ခုနစ်မြို့ကို ထိန်းချုပ်မှု ရရှိခဲ့သည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဟိုင်ဂင်သဘောတူညီချက်ရရှိပြီး စစ်ဆင်ရေး ရပ်ဆိုင်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဇွန်လတွင် ‘စစ်ဆင်ရေး ၁၀၂၇’ ဒုတိယပိုင်းကို ပြန်စတင်ခဲ့ပြီး နောင်ချို၊ ကျောက်မဲ ၊ မိုးကုတ်၊ သီပေါနှင့် မိုးမိတ်မြို့တို့ကို ထပ်မံသိမ်းယူခဲ့သည်။
၂၀၂၅ခုနှစ်တွင် စစ်ကောင်စီက လေကြောင်းရော၊ မြေပြင်ထိုးစစ်ပါ အရှိန်မြှင့်လာခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့်စဉ့်ကူးမြို့တို့ကို ပြန်သိမ်းယူခဲ့သည်။ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလနှင့် အောက်တိုဘာလ တို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် တရုတ် နိုင်ငံ ကူမင်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး အပစ်ရပ်သဘောတူညီမှုရယူခဲ့သည်။ ဆွေးနွေးမှုအပြီးတွင် စစ်ကောင်စီထံ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ပါ ပြန်လွှဲပေးခဲ့သည်။
စုဖွဲ့မှု
PSLF/TNLA သည် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ (TNLA, AA, MNDAA နှင့် KIA)၊ ညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA, AA နှင့် MNDAA) တို့၏ မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
TNLA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့် လာသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ မဟာမိတ်များနှင့်အတူ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်တွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အနေနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူနေများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။ အာဏာသိမ်းစ ကနဦးကာလတွင် စစ်ကောင်စီအပေါ် ထင်ရှားသည့်သဘောထား တစုံတရာ ထုတ်မပြောခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့အသစ်များ ဖွဲ့စည်းလိုသည့် လူငယ်များကို စစ်ပညာနှင့် လက်နက်ခဲယမ်း အကူအညီများ ပေးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်း အခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့သစ်များကို အကူအညီပေးခဲ့သည်။
TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှစတင်ကာ စစ်တပ်နှင့် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာမှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ သို့သော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လူထုကို တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လာမှုကြောင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းများကို ရပ်ဆိုင်းခဲ့သည်။ ထိုအချိန်မှ စ၍ TNLA သည် စစ်ကောင်စီတပ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများပြုလုပ်ကာ နယ်မြေနှင့် မြို့အများအပြားကို စိုးမိုးနိုင်ခဲ့သည်။ သို့သော် ၂၀၂၅ ခုနှစ်တွင် စစ်ကောင််စီ၏ လေကြောင်းနှင့် မြေပြင်ထိုးစစ် အရှိန်ပြင်းလာခြင်းအပြင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုများကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အပစ်အခတ်ရပ်စဲရေး (ဟိုင်ဂင်သဘောတူညီချက်)ကို ပြုလုပ်ခဲ့ရပြီး မြို့အများအပြားကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ခဲ့ရသည်။ ၂၀၂၆ခုနှစ် ဧပြီလတွင် ဦးမင်းအောင်လှိုင် ဦးဆောင်သော အစိုးရသစ်ကို ကြိုဆိုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
TNLA ၏ လက်အောက်တွင် တပ်မဟာ-၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈နှင့် ၉ ဟူ၍ တပ်မဟာ ကိုးခုရှိပြီး ထိုတပ်မဟာများ အောက်တွင် တပ်ရင်း ၃၅ ရင်း ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: https://www.taangland.org/contact
ဧပြီ၊ ၂၀၂၆ ခုနှစ်အထိ အချက်အလက်များကို အခြေခံရေးသားထားခြင်းဖြစ်သည်။
