သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၉၂ ခုနှစ် ဇန်နဝါရီလ။
ဌာနချုပ် – နမ့်ဆန်မြို့နယ် ။
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူ၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်နှင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့နယ်။
ခန့်မှန်းအင်အား – ၁၀,၀၀၀ ခန့်။
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း (ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်)၊ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား (ဒုတိယဥက္ကဋ္ဌ-၁၊ ဗဟိုကော်မတီဝင်)၊ ဗိုလ်ချုပ်တားခူးလန်း (ဒုတိယဥက္ကဋ္ဌ-၂၊ ဗဟိုကော်မတီဝင်)။
PSLF/TNLA သည် လက်နက်ကိုင်တပ်ဖွဲ့ မထူထောင်ခင် နိုင်ငံရေးလက်တံကို ကနဦးတည်ထောင်၍ ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ကို ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဌာနချုပ်နယ်မြေ မာနယ်ပလော၌ ဖွဲ့စည်းခဲ့သည်။ ယခင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA)က စစ်အစိုးရထံ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလိုက်ချိန်၌ ဆက်ဆံရေးတာဝန်ဖြင့် KNU နယ်မြေတွင် ကျန်နေခဲ့သည့် တပ်ဖွဲ့ဝင်ဟောင်းများက PSLF ကို ပြန်ဖွဲ့စည်းခြင်း ဖြစ်သည်။
PSLF ကို ပြန်ထူထောင်သူများထဲတွင် လက်ရှိထိပ်သီးခေါင်းဆောင်များဖြစ်နေသည့် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားတို့ ပါဝင်ဦးဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းသည် PSLA တည်ရှိစဉ်က ထိုင်း-မြန်မာနယ်စပ် မာနယ်ပလော DAB တပ်ပေါင်းစုဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားသည် PSLA တွင် ကိုယ်ရေးအကူအရာရှိနဲ့ ဆက်သွယ်ရေးစက်ကိုင် ရဲဘော်လူငယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းတို့သည် ထိုစဥ်က PSLA၏ လူငယ်တာဝန်ခံများဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထားသည့် PSLF ခေါင်းဆောင်များအနေနှင့် တအန်း(ပလောင်) လူမျိုးများတွင် လက်နက်ကိုင် တပ်ဖွဲ့ ရှိရမည်ဟူသည့် ဆုံးဖြတ်ချက်ဖြင့် ၂၀၀၉ ခုနှစ်တွင် စစ်ရေးလက်တံအဖြစ် တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)ကို ဖွဲ့စည်းသည်။
TNLA ကို ဖွဲ့စည်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ထိုးဖောက်အခြေစိုက်ရန်အတွက် တအန်းလူငယ် ၄၂ ဦး သည် ၂၀၁၁ ခုနှစ်တွင် KIA ထံ၌ စစ်ပညာသွားရောက်သင်ယူခဲ့သည်။ ထိုလူငယ် ၄၂ ဦးသည် KIA ထံမှ ရရှိသည့် ရိုင်ဖယ် ၂၂ လက်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လှုပ်ရှား ခဲ့သည်။ ယခုအခါ တပ်မဟာ ခုနစ်ခုအထိ ဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြို့နယ် ကိုးခု၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တခုတို့တွင် လှုပ်ရှားနေသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ပြုလုပ်ခဲ့သည်။ စစ်ဆင်ရေးအပြီးတွင် TNLA က နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းငေ့ါ၊ မိုင်းလုံ မြို့ ခုနစ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် စစ်ကောင်စီနှင့် TNLA အကြား ပဋိပက္ခများ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်သည် ၎င်းတို့ထိန်းချုပ်မှု မရှိတော့သော်လည်း မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို ၂၀၂၄ ခုနှစ် မတ် ၄ ရက်တွင် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့သည်။ TNLA သည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များကို စုစည်းပြီး တအန်းပြည်နယ်သစ်တခု တည်ထောင်ရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကြမ်းကို ရေးဆွဲလျက်ရှိသည်။ အဆိုပါ ဖွဲ့စည်းပုံဥပဒေကြမ်းကို တတိယမူကြမ်းအထိ အချောသတ်ထားပြီး ထိုဥပဒေရေးဆွဲမှုအဆင့်ဆင့်တွင် TNLA အပါအဝင် တအန်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ(TPCC)၊ တအန်းနိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ တအန်းလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တအန်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ကြောင်း ကြေညာထားသည်။
လက်ရှိတွင် TNLA ထိန်းချုပ်ထားသည့် ဒေသများကို ခရိုင်ငါးခုခွဲ၍ အုပ်ချုပ်နေသည်။
စဥ် | ခရိုင် | ပါဝင်သည့် ဒေသများ |
၁ | မန်အောင်ခရိုင် | မူဆယ်-နမ့်ခမ်း ဒေသ |
၂ | ရွှေလီခရိုင် (အိုမ်တမော်ဝ်) | မန်တုံ-မိုင်းဝီး ဒေသ |
၃ | သံလွင်ခရိုင် (အိုမ်ခုံး) | ကွတ်ခိုင်-မုံးစီး-မိုင်းဟွမ် ဒေသ |
၄ | လားရှိုးခရိုင် (လာဆျို) | လားရှိုး-မိုင်းယော် ဒေသ |
၅ | နမ့်ဆန်ခရိုင် (အိုမ်ယ်ုရ်) | နမ့်ဆန်-ကျောက်မဲ-မိုးကုတ် ဒေသ |
TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) တပ်ဖွဲ့များလည်း အခြေစိုက်လှုပ်ရှားနေရာ နယ်မြေအငြင်းပွားမှုများ၊ ပဋိပက္ခဖြစ်မှုများရှိနေသည်။
ရည်ရွက်ချက် ရည်မှန်းချက်
PSLF/TNLA တွင် ရည်မှန်းချက်သုံးရပ်နှင့် နိုင်ငံရေးလုပ်ငန်းစဥ် သုံးရပ်ချမှတ်ထားသည်။
ရည်မှန်းချက်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) တအန်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး။
(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအန်းပြည်နယ် တည်ဆောက်ရေး။
(ဂ) အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး။
နိုင်ငံရေးလုပ်ငန်းစဥ်သုံးရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
(က) အမျိုးသားလွတ်မြောက်ရေးနှင့် ပြည်နယ်ရရှိရေး။
(ခ) အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး။
(ဂ) နိုင်ငံရေးအဖွဲ့အစည်း တည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
PSLF/TNLA ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကော်မတီကို အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၁ ဦးကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။
စဉ် | အမည် | ရာထူး | တာဝန် |
၁ | တားအိုက်ဘုန်း | ဗိုလ်ချုပ်ကြီး | ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင် |
၂ | တားဂျုတ်ဂျား | ဒုတိယဗိုလ်ချုပ်ကြီး | ဒုတိယဥက္ကဋ္ဌ-၁၊ ဗဟိုကော်မတီဝင် |
၃ | တားခူးလန်း | ဗိုလ်ချုပ် | ဒုတိယဥက္ကဋ္ဌ-၂၊ ဗဟိုကော်မတီဝင် |
၄ | တားဘုန်းကျော် | ဗိုလ်ချုပ် | အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟိုကော်မတီဝင် |
၅ | တားဟိုပလန် | ဗိုလ်ချုပ် | စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင် |
၆ | တားအိုမ်တမာဝ်း | ဗိုလ်မှူးချုပ် | တွဲဖက်အထွေထွေအတွင်းရေးမှူး -၁၊ ဗဟိုကော်မတီဝင် |
၇ | တားဂူဇာရ် | ဗိုလ်မှူးချုပ် | ဗဟိုအထွေထွေ အုပ်ချုပ်ရေးဌာနမှူး၊ ဗဟိုကော်မတီဝင် |
၈ | တာပန်လ | ဗိုလ်မှူးကြီး | တွဲဖက်အထွေထွေအတွင်းရေးမှူး -၂၊ ဗဟိုကော်မတီဝင် |
၉ | တားနောရိန်း | ဗိုလ်မှူးချုပ် | စစ်ဦးစီးဌာန၊ ဗဟိုကော်မတီဝင် |
၁၀ | တားလုမ်ကျော်မြ | ဗိုလ်မှူးချုပ် | အကောက်ခွန်ဌာန၊ ဗဟိုကော်မတီဝင် |
၁၁ | တားကုင်ခြီရ် | ဗိုလ်မှူးကြီး | ရဲချုပ်၊ ဗဟိုကော်မတီဝင် |
PSLF/TNLA အောက်တွင် စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားတို့လည်ပတ်ရန် ကာကွယ်ရေး၊ အထွေထွေ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ အခွန်၊ မဟာမိတ်နှင့် နိုင်ငံခြားရေးရာ၊ သတင်းနှင့်ပြန်ကြားရေး၊ ပညာရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးရာ၊ စားနပ်ရိက္ခာစီမံထောက်ပံ့ရေး၊ စိုက်ပျိုးမွေးမြူရေး၊ မြေယာနှင့် သစ်တောကာကွယ်ရေး ဟူသည့် ဌာန ၁၄ ခု ဖွဲ့စည်းထားသည်။ ထို့ပြင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းကော်မတီ၊ ဗဟိုစီးပွားရေးကော်မတီနှင့် စစ်ဘေးရှောင်ရေးရာ စီမံကော်မတီဟူ၍လည်း လုပ်ငန်းကော်မတီ သုံးခုရှိသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်များချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးကြရန် ဖိတ်ခေါ်ရာ TNLA ပါဝင်ခဲ့ပြီး NCA ဆွေးနွေးပွဲများသို့ ကိုယ်စားလှယ် စေလွှတ်ခဲ့သည်။ သို့သော် ဒီမိုကရေစီအစိုးရလက်ထက်တွင် ပေါ်ပေါက်လာပြီး တိုက်ခိုက်နေသည့် တပ်ဖွဲ့အသစ်ဖြစ်၍ လက်နက်စွန့်မှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု အစိုးရနှင့် စစ်တပ်က ပြောဆိုခဲ့သဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစ၍ ဆွေးနွေးမှုများကို ရပ်တန့်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA နှင့် စစ်တပ်သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ TNLA မှာ အင်အားကြီးမားလာကာ မြို့ပေါ် ရှိ တပ်မတော်၏ တပ်စခန်းများကိုပါ တိုက်ခိုက်ခဲ့သည်။ စစ်တပ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် TNLA, KIA, MNDAA နှင့် AA တို့ကို အပစ်ရပ်ဆွေးနွေးရန် ပြန်လည် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ် လေးဖွဲ့၏ ကိုယ်စားလှယ်များနှင့် အစိုးရ၊ တပ်မတော်တို့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် အနည်းဆုံး ငါးကြိမ်ခန့် တွေ့ဆုံကာ ပဏာမအပစ်ရပ်စာချုပ်များ ရေးထိုးနိုင်ရန် ညှိနှိုင်းခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် တွေ့ဆုံမှုများ ရပ်တန့်သွားခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ဆက်လက်ဆွေးနွေးခြင်း မရှိတော့ပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဟိုင်ဂင်သဘောတူညီချက်ရရှိပြီး စစ်ဆင်ရေး ရပ်ဆိုင်းခဲ့သည်။
စုဖွဲ့မှု
PSLF သည် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ (TNLA, AA, MNDAA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံးဖွဲ့ (TNLA, AA နှင့် MNDAA) တို့၏ မဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
TNLA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့် လာသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ မဟာမိတ်များနှင့် အတူ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်တွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အနေနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူနေများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။
TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှ စတင်ကာ စစ်တပ်နှင့် တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာမှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ သို့သော် အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လူထုကို တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်လာမှု ကြောင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်းများကို ရပ်ဆိုင်းခဲ့သည်။
အာဏာသိမ်းစ ကနဦးကာလတွင် စစ်ကောင်စီအပေါ် ထင်ရှားသည့် သဘောထား တစုံတရာထုတ်မပြော ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့အသစ်များ ဖွဲ့စည်းလိုသည့် လူငယ်များကို စစ်ပညာနှင့် လက်နက်ခဲယမ်း အကူအညီများ ပေးခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင်း အခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့သစ်များကို အကူအညီပေးလျက် ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
TNLA ၏ လက်အောက်တွင် တပ်မဟာ-၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ နှင့် ၇ ဟူ၍ တပ်မဟာ ခုနစ်ခုရှိပြီး ထိုတပ်မဟာများ အောက်တွင် တပ်ရင်း ၃၅ ရင်း ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: http://www.pslftnla.org/