သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်။
ဌာနချုပ် – မွန်ပြည်နယ်။
လှုပ်ရှားဒေသ – မွန်ပြည်နယ် မုဒုံ ၊ ကျိုက်မရော ၊ ရေး၊ သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်။
ခန့်မှန်းအင်အား – ၃၀၀ ခန့်။
ခေါင်းဆောင် – နိုင်ဇေယျ (အဖွဲ့ ခေါင်းဆောင်)၊ နိုင်ဗညားလယ် ( ဒုတိယ အဖွဲ့ခေါင်းဆောင်- ၁ )၊ ဗိုလ်ချုပ် လယိဂကောင်း (ဒုတိယအဖွဲ့ခေါင်းဆောင်-၂) ။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)သည် မွန်လက်နက်ကိုင် တော်လှန်ရေးတွင် ၆၆ နှစ်ကျော်ကြာ သက်တမ်းရှိသည့် မိခင်တပ်ရင်း မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်လာသည့် တပ်ဖွဲ့သစ်ဖြစ်သည်။ NMSP-AD ကို ဦးဆောင်သူများသည် မိခင်တပ်ရင်း NMSP တွင် အထွေထွေအတွင်းရေးမှူးနှင့် ဒုတိယစစ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် နိုင်ဇေယျနှင့် ဗိုလ်မှူးချုပ် စလွန်းထောတို့ဖြစ်သည်။ NMSP-AD အဓိက ခွဲထွက်ရသည့် အကြောင်းရင်းသည် မိခင်တပ်ရင်း NMSP တွင် စစ်ကောင်စီနှင့် ခွဲရေးတွဲရေးအပေါ် သဘောထားကွဲလွဲခဲ့ခြင်းကြောင့် ဖြစ်သည်။ NMSP သည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် ပဏာမအပစ်ရပ်စာချုပ်၊ ၂၀၁၈ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့ကို ရေးထိုးထားရာ စစ်အာဏာသိမ်း ကာလတွင် အပစ်ရပ်စာချုပ်အတိုင်း ဆက်လက်ရပ်တည်ခဲ့သည်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုအတွက် ဆွေးနွေးမည်ဟူ၍ ဖိတ်ခေါ်ရာတွင်လည်း NMSP က ဆွေးနွေးခဲ့သည်။ အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်နှင့် နယ်မြေထိစပ်ပြီး လှုပ်ရှား-စိုးမိုးနယ်မြေများ ရောယှက်နေသည့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) နှင့် KNLA ၏ မဟာမိတ် တပ်ဖွဲ့သစ်များက မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း စစ်ကောင်စီကို တိုက်ခိုက်ရာတွင်လည်း NMSP က တစုံတရာပါဝင်လှုပ်ရှားခဲ့ ခြင်း မရှိပေ။
၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီနှင့် နိုင်ငံရေးဆက်ဆွေးနွေးရန် အဆင်မပြေတော့ကြောင်း NMSP ဗဟိုကော်မတီတွင်း ဆုံးဖြတ်ပြီး NCA အရ ဆွေးနွေးခြင်းကို ဆိုင်းငံ့ကာ ၂၀၁၂ ခုနှစ်တွင် ရေးထိုးထားသည့် အပစ်ရပ်စာချုပ်အတိုင်း နှစ်ဖက်အပစ်ရပ်မှုကို ဆက်ထိန်းသိမ်းမည်ဟု ဆုံးဖြတ်ခဲ့သည်။ NMSP ဗဟိုကော်မတီတွင်း အပစ်ရပ်ခြင်းကို ဆက်ထိန်းထားလိုသည့် အဖွဲ့နှင့် စစ်ကောင်စီကို ပြန်တိုက်ခိုက်လိုသည့် အဖွဲ့ဟူ၍ သဘောထားကွဲလွဲခဲ့သည်။ ထို့နောက် မွန်ပြည်နယ်တွင်း စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးတပ်များကြား တိုက်ခိုက်မှုများ ပိုပြင်းထန်လာရာ စစ်ကောင်စီသည် မွန်လူထုကို ကာကွယ်ရန် NMSP ကို ပြောဆိုခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်ဒုတိယပတ်မှ စ၍ NMSP ၏ စစ်ရေးလက်တံ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) က စစ်ကြောင်းများထွက်၍ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် လှုပ်ရှားခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် NMSP ၏ ၁၁ ကြိမ်မြောက်ပါတီညီလာခံကို ကျင်းပရာ ညီလာခံဆုံးဖြတ်ချက်အနေဖြင့်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုရပ်ပြီး အပစ်ရပ်ဆက်ထိန်းသိမ်းခြင်းကို သဘောတူခဲ့ကြသည်။ စစ်ကောင်စီကို ပြန်တိုက်ခိုက်လိုသည့် တပ်ဖွဲ့သည် အစည်းအဝေး ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့ပေ။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ဗဟိုညီလာခံ တကြိမ်ထပ်မံ ကျင်းပရာ စစ်ကောင်စီကို ပြန်တိုက်ခိုက်လိုသည့် ဗဟိုကော်မတီဝင်များက အစည်းအဝေး လာတတ်ခြင်းမရှိတော့ဘဲ အဖွဲ့သစ်ထူထောင်တော့မည် ဟု စာပို့ခဲ့သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် NMSP-AD ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့သည် နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ကောင်စီကို တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ တပ်ဖွဲ့သစ်တွင် NMSP မှ ဗဟိုအလုပ်အမှုဆောင် သုံးဦး၊ ဗဟိုကော်မတီဝင် ခြောက်ဦးတို့အပါအဝင် တပ်သားအင်အား ၂၀၀ နှင့်အထက် ပါဝင်ခဲ့သည်။ တပ်ဖွဲ့သစ်ဟု ဆိုသော်လည်း မူရင်းမိခင်တပ်ရင်း၏ အမှတ်တံဆိပ်၊ အလံကိုသာ ဆက်လက်အသုံးပြုလျက်ရှိသည်။ မိခင်တပ်ရင်း NMSP သည် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းပြီး ခွဲထွက်သွားသူများကို ပြန်လည်စည်းရုံးလျက်ရှိိသည်။ မိခင်တပ်ရင်းသို့ ပြန်လာပါက မူလတာဝန်များ ဆက်ပေးပါမည်ဟုလည်း ဆိုထားသည်။ ပြန်ပေါင်းစည်းရန် NMSP-AD က လက်မခံဘဲ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ NMSP-AD တွင် နိုင်ငံရေး စစ်ရေးဦးဆောင်အဖွဲ့က အာဏာအမြင့်ဆုံးဖြစ်ပြီး အဖွဲ့၏ မူဝါဒများနှင့် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆုံးဖြတ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
NMSP-AD ၏ နိုင်ငံရေးပန်းတိုင်သည် တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အပြည့်အဝအာမခံသောပြည်နယ်များ (ဖက်ဒရယ်ယူနစ်များ)ဖြင့် စုဖွဲ့ သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်း မွန်ပြည်ကို တည်ဆောက်ရန်ဖြစ်သည်။ NMSP-AD ၏ အနာဂတ်ပြည်ထောင်စု အခြေခံတန်ဖိုးများသည် အောက်ပါအတိုင်း ဖြစ်သည်။
(က) တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း။
(ခ) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ရှိခြင်း။
(ဂ) လူနည်းစုအခွင့်အရေးကို အပြည့်အဝ အာမခံပေးခြင်း။
(ဃ) စုံလင်ကွဲပြားမှုကို အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း။
(င) ဂျန်ဒါတန်းတူမှုရှိခြင်း။
(စ) လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကျား/မ၊ မသန်စွမ်းမှု၊ လိင် စိတ်ခံယူမှုတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်း။
(ဆ) စုပေါင်းခေါင်းဆောင်မှု ရှိခြင်း။
NMSP-AD ၏ နိုင်ငံရေးဦးတည်ချက်နှင့် နိုင်ငံရေးရပ်တည်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
နိုင်ငံရေး ဦးတည်ချက်များ
(က) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ တိုက်ဖျက်ရန်။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရန်။
(ဂ) ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကို အခြေခံပြီး တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင် ခွင့် အခွင့်အရေးအပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သွားရန်။
(ဃ) မွန်လူမျိုးများအကြား စည်းလုံးညီညွတ်ရေးနှင့် လူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်သွားရန်။
(င) မွန်လူမျိုးအပါအဝင် အခြားလူမျိုးများ၏တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့် အရေးအပြည့်အဝရှိသော မွန်ပြည်ကို တည်ဆောက်သွားရန်။
နိုင်ငံရေးရပ်တည်ချက်များ
(က) NCA စာချုပ်အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှကို လက်မခံပါ။
(ခ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပြန်သွင်းရန် ကြိုးပမ်းမှုမှန်သမျှအား ဆန့်ကျင်သွားမည်။
(ဂ) အနာဂတ်နိုင်ငံရေးတွင် စစ်တပ်ပါဝင်ခွင့် မရှိစေရ။
(ဃ) နိုင်ငံရေးအခွင့်ထူးခံများ အချင်းချင်းအကြား ပြုလုပ်သည့် မည်သည့်နိုင်ငံရေး အာဏာခွဲဝေမှုကိုမျှ လက်မခံပါ။
(င) တော်လှန်ရေးကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် ဒေသ၏ လိုအပ်ချက်များအရ ဖက်ဒရယ်အခြေခံစံနှုန်းများနှင့်အညီ လုပ်ဆောင်သွားမည်။
(စ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံ ဖြင့် ခုခံတော်လှန်နေကြသည့်အစုအဖွဲ့များအားလုံး လက်ခံပါဝင်နိုင်မည့် နိုင်ငံရေးဆွေးနွေး အဖြေရှာမှုများတွင် ပူးပေါင်းပါဝင်မည်။
(ဆ) မြန်မာနိုင်ငံပြဿနာအဖြေရှာရေး ကမ္ဘာ့ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လုပ်ငန်းစဉ်များတွင် ညှိနှိုင်းပူးပေါင်းပါဝင်သွားမည်။
(ဇ) အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားမည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
NMSP-AD ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
စဥ် | အမည် | တာဝန် |
၁။ | နိုင်ဇေယျ | အဖွဲ့ခေါင်းဆောင် |
၂။ | နိုင်ဗညားလယ် | ဒုတိယ အဖွဲ့ခေါင်းဆောင်-၁ |
၃။ | နိုင်လယီဂကောင်း | ဒုတိယ အဖွဲ့ခေါင်းဆောင်-၂ |
၄။ | ဗိုလ်မှူးချုပ် စလွန်းထော | အဖွဲ့ဝင် |
၅။ | နိုင်ကြည်စန်း | အဖွဲ့ဝင် |
၆။ | နိုင်ဗညားမွန် | အဖွဲ့ဝင် |
၇။ | နိုင်ဗညားမဲ့စန်း | အဖွဲ့ဝင် |
၈။ | နိုင်သူရဌေး | အဖွဲ့ဝင် |
၉။ | နိုင်ကောင်းစကား | အဖွဲ့ဝင် |
၁၀။ | ဒုတိယဗိုလ်မှူးကြီး တဦး | အဖွဲ့ဝင် |
၁၁။ | ဒုတိယဗိုလ်မှူးကြီး စိန်းစာနွန် | အဖွဲ့ဝင် |
၁၂။ | ဒုတိယဗိုလ်မှူးကြီး ဗညားမွန် | အဖွဲ့ဝင် |
၁၃။ | မိရော့ချမ်း | အဖွဲ့ဝင် |
၁၄။ | နိုင်ကျွန်းတမ | အဖွဲ့ဝင် |
၁၅။ | နိုင်ကျိကျွန်း | အဖွဲ့ဝင် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုသစ်တခု ထူထောင်ရန် ရည်မှန်းချက်ရှိကြောင်း ကြေညာထားသည့် တပ်ဖွဲ့ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။
မိခင်တပ်ရင်း NMSP အောက်တွင် ရပ်တည်စဥ် မော်လမြိုင်ခရိုင် စစ်ဌာနချုပ် လက်အောက်ရှိ တောင်ပေါက်စစ်ရေးခွင်အောက်မှ တပ်ရင်းများ ခွဲထွက်လာခြင်းဖြစ်ပြီး NMSP-AD အနေဖြင့် အမှတ်-၁ တပ်ရင်း ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Phone : နိုင်ဗညားလယ် (ဒုတိယ အဖွဲ့ခေါင်းဆောင် -၁) – 09754575368
နိုင်ဗညားမွန် – +66843945434 (Signal)
နိုင်ကောင်းစကား – @Naigongskar (Telegram)
Facebook: https://www.facebook.com/NMSPADINFO