သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်။
ဌာနချုပ် – မိုင်းလားမြို့။
ထိန်းချုပ်ဒေသ – ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသ၊ ဆီလူးဒေသနှင့် နမ့်ပန်းဒေသ။
ခန့်မှန်းအင်အား – ၅၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ဦးထိန်လင်း (ဥက္ကဋ္ဌ) ၊ ဦးစံပေ့(ဒုတိယဥက္ကဋ္ဌ)၊ ဦးဆမ်လူ(ဒုတိယဥက္ကဋ္ဌ)၊ ဦးကြည်မြင့် (အတွင်းရေးမှူး)။
NDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဧပြီ ၁၉ ရက်တွင် ဗကပ၏ ၈၁၅ စစ်ဒေသတပ်မှူး ဦးစိုင်းလင်းက ၎င်းဦးစီးသည့် စစ်ဒေသကို ဗကပထံမှ ခွဲထွက်ကာ NDAA ကို တည်ထောင်ခဲ့သည်။
၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ)နှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး ယခင်က ၈၁၅ စစ်ဒေသဟု ခေါ်ဆိုသည့် နမ့်ပန်းဒေသ၊ ဆီလူးဒေသနှင့် မိုင်းလားဒေသတို့ကို NDAA က ရာနှုန်းပြည့် အုပ်ချုပ်ပိုင်ခွင့် ရရှိခဲ့သည်။ NDAA လက်အောက်ရှိ ယင်းဒေသသုံးခုကို စစ်အစိုးရက ရှမ်းပြည်နယ်အထူးဒေသ-၄ အဖြစ်လည်း သတ်မှတ်ပေးခဲ့သည်။
အထူးဒေသ-၄ သည် မြန်မာ-တရုတ်နယ်စပ်တွင် တည်ရှိကာ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ၊ ကျိုင်းဟုန်မြို့နှင့် ၁၂၀ ဒသမ ၅ ကီလိုမီတာ၊ မိုင်းဟိုင်းခရိုင်နှင့် ၂၈ ကီလိုမီတာ၊ ဖူးအဲ့တိုင်း၊ လျန်ချန်းခရိုင်နှင့် ၅၄ ကီလိုမီတာ နယ်နိမိတ် ထိစပ်နေသည်။ မဲခေါင်မြစ်ကို မျက်နှာမူကာ တည်ရှိနေပြီး ၆၂ မိုင်ခန့် ရှည်လျားသည့် မြစ်ကမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ နမ့်ပန်းဒေသထဲတွင် ဆွတ်လွေဟု အမည်ရှိသည့် ဆိပ်ကမ်းတခုကို တည်ဆောက်ထားပြီး တန် ၅၀၀ အထိ တင်ဆောင်နိုင်သည့် ကုန်သင်္ဘောများ ဆိုက်ကပ်နိုင်သည်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းရှိ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ ဆစ်ဆောင်ပန်းနား ပြည်နယ်အတွင်းရှိ ဆိပ်ကမ်းများသို့ ကုန်သင်္ဘောများ ဖြတ်သန်းရာ တချို့သည် ဆွတ်လွေတွင် တထောက်နားသဖြင့် NDAA က ဖြတ်သန်းသွားလာခွင့်နှင့် ကုန်အတင်အချပြုလုပ်ခြင်းများအတွက် အခွန်ရရှိသည်။ အုပ်ချုပ်သည့် နယ်မြေအတွင်း ရာဘာနှင့် ဓာတ်သတ္တု ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်သည်။
NDAA ၏ နယ်မြေသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အစိတ်အပိုင်းတခုဖြစ်သော တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ ချိတ်ဆက်ရေးအတွက်လည်း အချက်အချာကျသည့် နယ်မြေတခု ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တရားဝင်သဘောတူညီထားသည့် အချက်အလက်များတွင်မူ ယင်းနယ်မြေမှာ စီမံကိန်းတွင် ပါဝင်ခြင်းမရှိပေ။ UWSA ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ ဆက်သွယ်သွားလာရာတွင်လည်း NDAA ၏ နယ်မြေသည် အချက်အခြာကျသည့် ကြားခံ နယ်မြေတခုဖြစ်သည်။ ထို့ပြင် ဦးစိုင်းလင်း၏ ဇနီးသည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ သမီးဖြစ်ရာ MNDAA နှင့် NDAA သည် မဟာမိတ်အပြင် ဆွေမျိုးတော်စပ်မှုအရလည်း စည်းနှောင်မှုအားကောင်းသည့် အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။
NDAA သည် ၎င်းတို့၏ ဒေသကို ကိုယ်ပိုင်အပြည့်အဝထိန်းချုပ်ခွင့် ရထားသော်လည်း ဗဟိုအစိုးရက ၎င်းတို့ကို ဥပဒေအရ တရားဝင်နယ်မြေသတ်မှတ် ပေးထားခြင်း မရှိပေ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စာရင်းတွင် မိုင်းလားဒေသကို ကျိုင်းတုံခရိုင်၊ နမ့်ပန်းဒေသကို မိုင်းယောင်းမြို့နယ်၊ ဆီလူးဒေသကို မိုင်းယန်းမြို့နယ်တို့အတွင်း ထည့်သွင်းသတ်မှတ်ထားသည်။ ထို့ကြောင့် NDAA သည် ၎င်းတို့ကို ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ သို့မဟုတ် တိုင်းအဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲတွင် တရားဝင်သတ်မှတ် ပေးရန် တောင်းဆိုလျက်ရှိသည်။
NDAA သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုလားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့လည်း တဖွဲ့ဖြစ်သည်။ NDAA ကို တည်ထောင်ခဲ့သူ ဦးစိုင်းလင်းသည် ၂၀၂၄ ခုနှစ် သြဂုတ် ၈ ရက်တွင် ကွယ်လွန်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌတဦးလည်းဖြစ်၊ ဦးစိုင်းလင်း၏ သားကြီးလည်းဖြစ်သည့် ဦးထိန်လင်းက ဥက္ကဋ္ဌရာထူးကို ဆက်ခံခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
အချက်အလက်များ မရနိုင်သေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဦးထိန်လင်း | ဥက္ကဌ |
၂ | ဦးစံပေ့ | ဒုတိယဥက္ကဋ္ဌ |
၃) | ဦးဆမ်လူ | ဒုတိယဥက္ကဋ္ဌ |
၄ | ဦးကြည်မြင့် | အတွင်းရေးမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
NDAA သည် နဝတအစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၈၉ ခုနှစ် ဇွန် ၃၀ ရက်တွင် ပထမဆုံး ချုပ်ဆိုခဲ့သည်။ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးစာချုပ်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၇ ရက်နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးစာချုပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တို့တွင် ချုပ်ဆိုခဲ့သည်။
စုဖွဲ့မှု
NDAA သည် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ(Federal Political Negotiation and Consultative Committee – FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
NDAA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းခဲ့သည်။ စစ်အာဏာသိမ်းမှုကို တရားဝင် ပြောဆိုကန့်ကွက်ခြင်း မရှိခဲ့ပေ။ စစ်ကောင်စီအနေနှင့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ကိုယ်စားလှယ်အရာရှိကြီးများကို စေလွှတ်၍ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီက နေပြည်တော်၌ ပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ NDAA က ကိုယ်စားလှယ်စေလွှတ်ခဲ့သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီက ဖိတ်ခေါ်သည့် ဆွေးနွေးပွဲများကို တက်ရောက်ထားပြီး နိုင်ငံရေးဆွေးနွေးမှုများကိုလည်း ဆက်လက်လုပ်ဆောင်လျက် ရှိသည်။
စစ်အာဏာသိမ်းမှုနောက် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ၊ ဒေသခံကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလူမျိုးအခြေပြု တော်လှန်ရေးတပ်များနှင့် တရားဝင် မဟာမိတ်ဖွဲ့ခြင်း မရှိသော်လည်း NDAA သည် ထိုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပိုင်း၌ ဆက်ဆံရေးအသီးသီး တည်ဆောက်ထားသည်။
ဆက်ဆံရေးရုံးများ
ရန်ကုန်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မန္တလေးမြို့တို့တွင် ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ထားသည်။
တပ်မဟာများ
NDAA ၏ လက်အောက်တွင် တပ်မဟာ လေးခုရှိပြီး ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် ဌာနချုပ်တပ်မဟာ၊ မိုင်းလားဒေသတခုလုံးတွင် တပ်မဟာ-၉၈၆၊ ဆီလူးဒေသတခုလုံးတွင် တပ်မဟာ-၃၆၉ နှင့် နမ့်ပန်းဒေသတခုလုံးတွင် တပ်မဟာ-၉၁၁ တို့ ဖြန့်ကြက်လှုပ်ရှားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website : www.4tzx.com
Facebook : https://www.facebook.com/monglanewscna1976