သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၈၉ ခုနှစ် မတ် ၁၁ ရက်။
ဌာနချုပ် – ကုန်းကြမ်းမြို့နယ် ဟုန်အိုင်တောင်ကြောတွင် စစ်ဦးစီးချုပ်ရုံး အခြေစိုက်၍ လောက်ကိုင်မြို့တွင် ကိုးကန့်ဒေသ အုပ်ချုပ်ရေးကော်မတီ ရုံးစိုက်သည်။
လှုပ်ရှားဒေသ – လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်၊ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် မူဆယ်မြို့နယ်။
ခန့်မှန်းအင်အား – ၁၀,၀၀၀ ခန့်။
ခေါင်းဆောင် – ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တာ့ရွင်(ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်)၊ ဗိုလ်ချုပ် ရန်ဝင်ကျုံး (ဒုတိယစစ်ဦးစီးချုပ်)၊ ဗိုလ်ချုပ် ဆုန်ကဲ့ချန် (အထွေထွေအတွင်းရေးမှူး)။
MNTJP/MNDAA သည် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကို ပထမဆုံးပုန်ကုန်၍ ခွဲထွက်ခဲ့သည့် ကိုးကန့်တိုင်းရင်းသားအခြေပြု တပ်ဖွဲ့ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အဖွဲ့အစည်းကို စတင်တည်ထောင် ခဲ့သည်။ MNDAA ကို ဖုန်ညီအကိုနှစ်ဦးဖြစ်သည့် ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဗကပထံမှ ခွဲထွက်ပြီးသည့်နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတအစိုးရ) နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အရ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသဟု ခေါ်ဆိုသည့် ကိုးကန့်ဒေသကို အထူးဒေသ-၁ အဖြစ် နဝတအစိုးရက သတ်မှတ်ပေးပြီး MNDAA ကို အပြည့်အဝ ထိန်းချုပ်ခွင့် ပေးခဲ့သည်။ ဖုန်ကြားရှင်က ကိုးကန့်အထူးဒေသ-၁ ၏ ဥက္ကဋ္ဌ ဖြစ်လာပြီး ဖုန်မိသားစုသည် အာဏာအမြင့်ဆုံးကို ချုပ်ကိုင်ခဲ့သည်။ MNDAA တပ်တွင်းမှ ပယ်ဆောက်ချိန်နှင့် ၎င်းတို့၏ ပယ်မိသားစုက ဒုတိယခေါင်းဆောင်မှု နေရာကို ရခဲ့သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော် အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖအစိုးရ)က ပြဋ္ဌာန်းလိုက်သည့်အခါ ဥပဒေအရ ကိုးကန့်အထူးဒေ-၁ သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်လာပြီး ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းကိုလည်း ဗဟိုအစိုးရလက်အောက်တွင် ထားရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို စစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေးရာ ဖုန်ကြားရှင်က လက်မခံခဲ့ပေ။
စစ်အစိုးရနှင့် ဖုန်ကြားရှင်တို့ကြား တင်းမာမှုများ ရှိလာပြီး မူးယစ်ဆေးဝါးနှင့် လက်နက်စက်ရုံတည်ထောင်ထားသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖုန်ကြားရှင်ကို ဖမ်းဆီးရန် ၂၀၀၉ ခုနှစ် ဇွန်လတွင် နေအိမ်ကို စီးနင်းခဲ့သည်။ ပယ်ဆောက်ချိန်က စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည်။ ဖုန်မိသားစုနှင့် နောက်လိုက်တပ်ဖွဲ့ ဝင်များ ကိုးကန့်ဒေသမှ ထွက်ပြေးခဲ့ရသည်။ ထို့နောက် ပယ်ဆောက်ချိန်က ကိုးကန့်ဒေသ၏ ဥက္ကဋ္ဌအသစ် ဖြစ်လာခဲ့သည်။
ဖုန်ကြားရှင်သည် ၎င်း၏ သမက်တော်စပ်သူ ဦးစိုင်းလင်း၏ မိုင်းလား(NDAA)ဒေသတွင်း ခိုလှုံနေခဲ့ပြီး ကိုးကန့်တပ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ တပ်ပြန်ဖွဲ့စည်းရာတွင် ဖုန်ကြားရှင်နှင့် ၎င်း၏ သားများနှင့် သမက်များက ဦးဆောင်ခဲ့ပြီး KIA အပါအဝင် မဟာမိတ်တပ်များထံမှလည်း အကူအညီများ ရယူခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ဖုန်ကြားရှင်က ကိုးကန့်ဒေသကို ပြန်တိုက်ယူတော့မည်ဟု တရုတ်မီဒီယာတခုဖြစ်သော Global Times သတင်းဌာနနှင့် ရုပ်သံ အမေးအဖြေ ကဏ္ဍတွင် ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်ကာ ကိုးကန့်တောင်ကြောများပေါ်တွင် တဖန်ပြန်ပေါ်လာခဲ့သည်။ ၎င်းတို့၏ စစ်ရေးပစ်မှတ်များသည် စစ်တပ် တပ်စခန်းများအပြင် ၎င်းတို့ကို သစ္စာဖောက်ခဲ့သည်ဟု သတ်မှတ်ထားသည့် ပယ်မိသားစု၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့၏ စီးပွားမိတ်ဖက်များ၏ အဆောက်အအုံများကိုပါ တိုက်ခိုက်ခဲ့သည်။
ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်တို့အထိ မဟာမိတ်တပ်များနှင့်အတူ ပူးတွဲ လှုပ်ရှားခဲ့သည်။ KIA ၏ အကူအညီဖြင့် မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲအတွင်း တပ်ဖြန့်လှုပ်ရှားခဲ့သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ညီနောင်မဟာမိတ်သုံးဖွဲ့က မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ မုံးကိုးမြို့၊ လောက်ကိုင်မြို့၊ ရန်လုံကျိုင်းမြို့များရှိ တပ်မတော်၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်ခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်် ၆ ရက်တွင်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်-မြန်မာနယ်စပ် ရန်လုံကျိုင်းဂိတ်နှင့် လောက်ကိုင်မြို့ရှိ တပ်စခန်းများ၊ ရဲစခန်းများ၊ ဟိုတယ်များကို ဝင်ရောက်စီးနင်းကာ စစ်ဆင်ရေးပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ကြားခံကိုယ်စားလှယ်ဖြင့် MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရ၊ စစ်တပ် တို့အကြား ဆွေးနွေးရန် ညှိနှိုင်းခဲ့ရာ ပြေလည်သဖြင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင်ချုပ်ဆိုရန် ညှိနှိုင်းနိုင်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်တွင် လက်နက်ကိုင်၍ စစ်ကောင်စီကို တော်လှန်လိုသည့် လူငယ်များကို စစ်ပညာသင်ပေးခဲ့ပြီး ထိုသင်တန်းများမှ ရရှိသည့် တပ်ဖွဲ့အင်အားဖြင့် လားရှိုးမြို့နယ် အတွင်း တပ်မဟာ-၆၁၁ ကို ထပ်မံဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ တွင် MNDAA ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က မြို့ပေါင်း ၂၀ ကို တပြိုင်တည်းတိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး စတင်သည့်နေ့တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းမှ ချင်းရွှေဟော်မြို့ကို MNDAA က သိမ်းယူခဲ့သည်။ ထိုစစ်ဆင်ရေးကို ‘၁၀၂၇ စစ်ဆင်ရေး’ဟု အမည်ပေးထားသော်လည်း MNDAA က အိမ်ပြန်သည့်ခရီးအတွက် စစ်ဆင်ရသည့် ‘ဟာရီကိန်းစစ်ဆင်ရေး’ဟုလည်း ခေါ်ဆိုသည်။ ထိုစစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်များသည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်ချေမှုန်းရန်၊ လူထုကို စစ်ကောင်စီ၏ ရန်မှ အကာအကွယ်ပေးရန်၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ဟန့်တားရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ထူထောင်ရန်နှင့် ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းရန်ဟု ကြေညာခဲ့သည်။ တရုတ်အစိုးရဘက်ကလည်း စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသခေါင်းဆောင်များအပါအဝင် ၎င်းတို့’ မိသားစုဝင် ၁၀ ဦးကို ကျားဖြန့်ခေါင်းဆောင်များအဖြစ် ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ခဲ့သည်။
စစ်ဆင်ရေးကာလမှာ သုံးလကျော်ကြာမြင့်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ-လောက်ကိုင်)တခုလုံး လက်နက်ချခဲ့ရာ MNDAA က ကိုးကန့်ဒေသတခုလုံးကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း နေပြည်တော် တွင် ခိုလှုံနေသည့် ပယ်၊ ဝေ၊ မီ၊ လျို မိသားစု လေးစုမှ ၁၀ ဦးကို စစ်ကောင်စီက တရုတ်ရဲတပ်ဖွဲ့လက်သို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် လွှဲပြောင်းခဲ့သည်။ ထိုသို့ဖြင့် ကိုးကန့်ဒေသတွင်း စစ်ကောင်စီတပ်များ၊ ၎င်းတို့နှင့် နှီးနွှယ်ပြီး အုပ်ချုပ်ရေး၊ စီးပွားရေးသြဇာများ တည်ဆောက်ထားသည့် မိသားစု လေးစုမှာ ပျောက်ကွယ်သွားခဲ့သည်။ MNDAA သည် စစ်ဆင်ရေးအတွင်း သိန္နီ၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ် အစိတ်အပိုင်းတချို့ပါ ထိန်းချုပ်နိုင်ခဲ့သည်။ စစ်ဆင်ရေးစတင်သည့်ရက်မှ လောက်ကိုင် ဒကစလက်နက်ချသည့် နေ့အထိ ၇၁ ရက်တာကို ‘ဟာရီကိန်းစစ်ဆင်ရေး’ ကာလဟု MNDAA က သတ်မှတ်ထားသည်။
လက်ရှိတွင် MNDAA ထိန်းချုပ်ထားသည့် ဒေသများသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တရုတ်နိုင်ငံ၏ ရပ်ဝန်းလမ်းကြောင်းစီမံကိန်း အစိတ်အပိုင်းများလည်း ဖြစ်သည်။ MNDAA သည် နယ်မြေထိန်းချုပ်နိုင်မှု ကျယ်ကျယ်ပြန့်ပြန့်ရရှိထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၎င်း၏ မဟာမိတ်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် နယ်မြေအငြင်းပွားမှုများ ရှိနေသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား ပြန်လည် အုပ်ချုပ်ခွင့်ရရှိရေးကို ရည်ရွယ်သည်။
ကိုးကန့်တပ်ဖွဲ့ ပြန်လည်လှုပ်ရှားလာသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်၊ မူဝါဒများနှင့်ပတ်သက်၍ သီးခြားထုတ်ပြန်ခဲ့ခြင်း မရှိသေးပါ။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ဒုတိယဗိုလ်ချုပ်ကြီးဖုန်တာ့ရွင် | ဥက္ကဋ္ဌ(ကိုးကန့် အထူးဒသေ-၁)၊ ဥက္ကဋ္ဌ(MNTJP)၊ စစ်ဦးစီးချုပ်(MNDAA) |
၂ | ဗိုလ်ချုပ်ရန်ဝင်ကျုံး | ဒုတိယစစ်ဦးစီးချုပ်(MNDAA) |
၃ | ဗိုလ်ချုပ်လီလောင်းပေါင် | ဒုတိယဥက္ကဋ္ဌ(ကိုးကန့်အထူးဒေသ-၁) |
၄ | ဗိုလ်ချုပ်ဆုန်ကဲ့ချန် | အထွေထွေအတွင်းရေးမှူး(ကိုးကန့် အထူးဒေသ-၁) |
၅ | ဗိုလ်မှူးချုပ်ဖုန်တာ့လီ | ညွှန်ကြားရေးမှူး(စီမံခန့်ခွဲရေးကော်မတီ) ၊ ကိုးကန့်အထူးဒေသ (၁) |
၆ | ဗိုလ်မှူးချုပ်ကျင်းရှင်း | ညွှန်ကြားရေးမှူး(နိုင်ငံရေးဌာန) |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
MNDAA သည် NCA တွင် လက်မှတ် ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် ပါဝင်ဆွေးနွေးနိုင်ရေးတို့အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNFC) မှ တဆင့် ပါဝင်ရန် ကြိုးစားခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်အလွန် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင်မှ ပေါ်ပေါက်လာသည့် အဖွဲ့ငယ်များစာရင်းတွင် ပါဝင်သဖြင့် လက်နက်ဖြုတ်သိမ်းပေးမှသာ ဆွေးနွေးမည်ဖြစ်ကြောင်း စစ်တပ်နှင့် အစိုးရက ပြောဆိုခဲ့သည်။
ထို့ကြောင့် ဆွေးနွေးမှုရပ်တန့်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်ဖြစ်ပွား ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ ကြားခံကိုယ်စားလှယ်ဖြင့် MNDAA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရ၊ စစ်တပ်တို့အကြား ဆွေးနွေးရန် ညှိနှိုင်းခဲ့ရာ ပြေလည်သဖြင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင်ချုပ်ဆိုရန် ညှိနှိုင်းခဲ့သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပြန့်ပွားနေမှု၊ ထို့နောက် စစ်တပ်က အာဏာသိမ်းလိုက်မှု စသည့်အခြေအနေများကြောင့် ဆက်ဆွေးနွေးနိုင်ခြင်း မရှိတော့ပေ။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပေါင်းပြီး ‘စစ်ဆင်ရေး ၁၀၂၇’ ကို ဆင်နွှဲခဲ့ကြသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ဟိုင်ဂင်သဘောတူညီချက်ရရှိပြီး စစ်ဆင်ရေး ရပ်ဆိုင်းခဲ့သည်။
စုဖွဲ့မှု
MNTJP သည် ‘ဝ’ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ FPNCC (Federal Political Negotiation and Consultative Committee)၏ အဖွဲ့ဝင်ဖြစ်သည်။
စစ်ရေးအရ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့(MNDAA, AA, TNLA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံးဖွဲ့(MNDAA, AA နှင့် TNLA) တို့တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
MNDAA သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ကြီးမားကျယ်ပြန့်လာသည့် အခြေအနေနှင့်ပတ်သက်၍ ၎င်း၏ မဟာမိတ်များနှင့်အတူ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။ စစ်တပ်အနေနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူနေများနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုထားသည်။
MNDAA ပါဝင်သည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှ စ၍ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့်လူထုကို စစ်တပ်အနေနှင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ၂၀၂၁ ခုနှစ် မတ်လမှစ၍ အပစ်အခတ်ရပ်စဲမှုကို ရုပ်သိမ်းခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့သစ်များ ဖွဲ့စည်းလိုသည့် လူငယ်များကို MNDAA အနေနှင့် စစ်ပညာသင်ပေးခြင်းများ ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း၌ တပ်မဟာ-၆၁၁ ကို အသစ်ဖွဲ့စည်းခဲ့ပြီး ထိုတပ်မဟာထဲတွင် PDF တပ်ရင်းများ ပါဝင်သည်။ MNDAA က ၎င်းတို့ကို လက်နက်တပ်ဆင် ပေးထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် AA၊ MNDAA နဲ့ TNLA တို့ ညီနောင်မဟာမိတ်သုံးဖွဲက ‘စစ်ဆင်ရေး ၁၀၂၇’ ပြုလုပ်ခဲ့ပြီး မြို့ပေါင်း ၁၇ မြို့ကို သိမ်းယူခဲ့သည်။ ထိုထဲတွင် MNDAA က ခြောက်မြို့ကို ထိန်းချုပ်ထားသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
တပ်မဟာ-၂၁၁၊ ၃၁၁၊ ၅၁၁ နှင့် ၆၁၁ ဟူ၍ တပ်မဟာ လေးခု ဖွဲ့စည်းထားသည်။
တပ်မဟာ-၂၁၁ သည် ဌာနချုပ်နယ်မြေတွင် အခြေစိုက်လှုပ်ရှားပြီး တပ်မဟာ-၃၁၁ သည် ကွမ်းလုံ၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးဒေသတကြောတွင် မဟာမိတ်တပ်များနှင့် ပူးတွဲ၍ တပ်ဖြန့်လှုပ်ရှားကာ မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲအတွင်း၌ တပ်မဟာ-၅၁၁ က လည်းကောင်း၊ လားရှိုးမြို့နယ်အတွင်းတွင် တပ်မဟာ-၆၁၁ က လည်းကောင်း ဖြန့်ကြက်လှုပ်ရှားသည်။ တပ်မဟာ-၆၁၁ ကို ၂၀၂၂ ခုနှစ်တွင်မှ အသစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: http://www.kokang123.com
Email: [email protected]