သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။
ဌာနချုပ် – မြောင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ချောင်ဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်။
ခန့်မှန်းအင်အား – ၅၀၀ ကျော်။
ခေါင်းဆောင် – ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါ။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြောင်မြို့နယ်အတွင်း လက်နက်ကိုင်၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက် တော်လှန်လိုသည့် လူငယ်များထဲတွင် အမျိုးသမီးများ ပါဝင်မှုသည်လည်း အားကောင်းခဲ့သည်။ အထူးသဖြင့် မြို့နယ်တွင်း ပေါ်ပေါက်လာသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)ထံသို့ ဝင်ရောက်ရန် စာရင်းပေးသည့် အမျိုးသမီးသင်တန်းသားဦးရေ များပြားခဲ့သည်။ CDSOM ထဲသို့ ဝင်ရောက်သည့် အမျိုးသမီးဦးရေ များပြားမှုအပေါ်အခြေပြုကာ အမျိုးသမီးသီးသန့်တပ်ဖွဲ့ ဖွဲ့ရန် ဆုံးဖြတ်ရာမှတဆင့် အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့(မြောင်) ပေါ်ပေါက်လာခဲ့သည်။
အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ (မြောင်)သည် အဖွဲ့စဖွဲ့စည်းချိန်တွင် လက်လုပ်မိုင်းများ ထုတ်လုပ်ခြင်း၊ ရပ်ရွာများအတွင်း စစ်ကောင်စီကို သတင်းပေးနေသည်ဟူသည့် သူများကို ‘သတင်းပေး-သူလျို’အဖြစ် သတ်မှတ်၍ ရှင်းလင်းခြင်းများအပြင် ဒေသတွင်းတိုက်ပွဲများတွင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရှေ့တန်းစစ်ဆင်ရေးများ၌ ပါဝင်ခြင်းများအထိ လုပ်ဆောင်ခဲ့သည်။ သို့သော် အမျိုးသမီးများအနေနှင့် ရှေ့တန်းစစ်ဆင်ရေးနှင့် စစ်မြေပြင်တွင် အမြဲတစေလိုက်ပါရန် အခက်အခဲများရှိသဖြင့် တပ်ရင်းတပ်ဖွဲ့များ၏ နောက်တန်းစစ်ဌာန လုပ်ငန်းများ၊ ထောက်ပို့လုပ်ငန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ အုပ်ချုပ်ရေးယန္တရားအောက်တွင် လည်ပတ်နေသည့် ဌာနများ၌ ပါဝင်လုပ်ကိုင်လျက်ရှိသည်။ ၎င်းတို့ လုပ်ဆောင်သည့်ထဲတွင် ကြားကာလလူထုအခြေပြု ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပညာရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ကုသမှုများ၊ သဘာဝဘေးနှင့် မီးဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ခြင်းများလည်း ပါဝင်သည်။
မြောင်မြို့နယ်တွင်း စစ်ရေးနှင့် ကြားကာလအုပ်ချုပ်ရေးယန္တရားများတွင်ပါ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သော်လည်း အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ (မြောင်)သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)/ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က တရားဝင် အသိမှတ်ပြု တပ်ရင်းနံပါတ် ထုတ်ပေးထားခြင်း မရှိသေးပါ။ ၎င်းတို့အဖွဲ့က တပ်ရင်းတခုအဖြစ် အသိအမှတ်ပြုပေးရန် ‘အမျိုးသမီးစစ်သည်တော်တပ်ရင်း’ဟူသည့် အမည်ဖြင့် စာရင်းတင်ခဲ့သော်လည်း NUG/MOD က တပ်ရင်းအမှတ် ပြန်ချပေးခြင်း မရှိခဲ့ပါ။ တပ်ရင်းအမှတ်ကျမလာသဖြင့် ဒေသခံကာကွယ်ရေးတပ်တခုအဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် မူရင်းအမည်ဖြစ်သည့် ‘အမျိုးသမီးပြောက်ကျား စစ်သည်တော်အဖွဲ့ (မြောင်)’အမည်နာမကိုသာ ပြန်သုံးစွဲခဲ့သည်။
ရည်ရွက်ချက် ရည်မှန်းချက်
အမျိုးသမီးစစ်သည်တော်အဖွဲ့(မြောင်) တွင် ရည်ရွယ်ချက် လေးချက် ချမှတ်ထားသည်။
(၁) အာဏာသိမ်းခြင်းကိုလက်မခံ။
(၂) အာဏာသိမ်းမှုအား ဆန့်ကျင်ရာတွင် အမျိုးသားများ နည်းတူ တန်းတူအင််အားအပြည့်ဖြင့် ပါဝင်ရန်။
(၃) စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် စွမ်းစွမ်းတမံ ပါဝင်ရန်။
(၄) အနာဂတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
အမျိုးသမီးပြောက်ကျားစစ်သည်တော်အဖွဲ့ (မြောင်)တွင် တပ်ဖွဲ့မှူး/ ပြန်ကြားရေးတာဝန်ခံ အမရာမှလွဲ၍ ကျန်ခေါင်းဆောင်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်သည့် နည်းဖြင့် ဖြုတ်ချရန် တပ်ဖွဲ့ထူထောင်သည့် အဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စစ်အာဏာသိမ်းမှုအပေါ် ရပ်တည်ချက်သည် စစ်ကောင်စီ၏ လူသားမဆန်သည့် လုပ်ရပ်များကို ကာကွယ်ရန်နှင့် တော်လှန်ရန်ဟူ၍ ဖြစ်သည်။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Email : [email protected]
Facebook: https://www.facebook.com/m2wmyaung