သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၊ ၁၆ ရက်။
ဌာနချုပ် – မသိရပါ။
လှုပ်ရှားဒေသ – ကော့ကရိတ်၊ ရေး၊ သံဖြူဇရပ်။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – နိုင်ဉာဏ (ဥက္ကဋ္ဌ)။
မွန်ပြည်ကာကွယ်ရေးတပ် (Mon State Defense Force – MSDF) ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee – MSICC) မှ ကော်မတီဝင် ၇ ဦးက ဦးဆောင်ကာ စတင်ဖွဲ့စည်းခဲ့သည်။ သို့သော် MSDF သည် MSICC ၏ တရားဝင်ဖွဲ့စည်းမှုတစ်ရပ်အဖြစ် မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများတွင် စိတ်အားထက်သန်သူများ ပူးပေါင်းဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ MSICC သည် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို ဆန့်ကျင်တိုက်ဖျက်ရန် ရည်ရွယ်ပြီး ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လတွင် MSDF ၏ နိုင်ငံရေးနှင့် စစ်ရေး ဦးစီးကော်မတီအောက်၌ မွန်ပြည်ကာကွယ်ရေးတပ်မြောက်ပိုင်း (MSDF-NRC) နှင့် မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) ဟူ၍ ဒေသအလိုက် တပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည်။ MSDF-NRC သည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေအတွင်း အခြေစိုက်လှုပ်ရှားခဲ့ပြီး MSDF-S သည် မွန်ပြည်နယ် ရေးနှင့် သံဖြူဇရပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားခဲ့သည်။ နောက်ပိုင်းတွင် MSDF-S သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် “မွန်ပြည်တော်လှန်ရေးတပ်” (Mon State Revolutionary Force – MSRF) ဟု အမည်ပြောင်းလဲကာ သီးခြားတပ်ဖွဲ့တစ်ခုအဖြစ် ခွဲထွက်ခဲ့သည်။ MSRF အကြောင်းကို ISP-Peace Desk တွင် လေ့လာနိုင်ပါသည်။
MSDF အနေဖြင့် စစ်သင်တန်းများကို အဓိကအားဖြင့် ကရင်အမျိုးသားအစည်းရုံး (KNU) တပ်မဟာ (၅) မှ ရရှိခဲ့သည်။ ကရင်ပြည်နယ်အတွင်းတွင် နယ်မြေလှည့်လည်လှုပ်ရှားမှုများ အနည်းငယ် ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော၊ ရေး၊ သံဖြူဇရပ် မြို့နယ်များသို့ ပြောင်းရွှေ့လှုပ်ရှားခဲ့သည်။
၂၀၂၄ ခုနှစ်မှစ၍ MSDF ၏ ဥက္ကဌအဖြစ်တာဝန်ယူခဲ့သည့် ဒေါက်တာ သီရိမွန်ချမ်းသည် ကော်မတီ၏ ဆုံးဖြတ်ချက်များကို မလိုက်နာဘဲ ချိုးဖောက်မှုများရှိသည်ဟုဆိုကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် ဥက္ကဌရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဒေါက်တာသီရိမွန်ချမ်းကို ထုတ်ပယ်ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီကို ဥက္ကဋ္ဌ နိုင်ဉာဏက ဦးဆောင်သည်။
ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည့် ဒေါက်တာသီရိမွန်ချမ်းကမူ သူ၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်ကော်မတီ၊ စစ်ဦးစီးအဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်းကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအဖွဲ့အသစ်ကိုမူ Mon State Defense Force – Central (MSDF-Central) ဟူ၍ အမည်ပေးထားသည်။ ဥက္ကဋ္ဌ နိုင်ဉာဏဦးဆောင်သည့် MSDF ကမူ ဒေါက်တာသီရိမွန်ချမ်း ဖွဲ့စည်းလိုက်သည့် MSDF-Central ၏ တရားဝင်မှုကို အသိအမှတ်မပြုဘဲ ကန့်ကွက်ထားသည်။
MSDF သည် ငွေကြေးဆိုင်ရာမူဝါဒအရ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ကောက်ခံခြင်းများ မပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး အဖွဲ့၏ လည်ပတ်မှုများမှာ ပြည်သူများ လှူဒါန်းသည့် အလှူငွေများအပေါ် အဓိက အခြေခံထားသည်။ နိုင်ငံရေးပိုင်းတွင် နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်ကော်မတီက အဓိက ဦးဆောင်ဆောင်ရွက်ပြီး အဖွဲ့အတွင်း တိုက်ခိုက်ရေးနှင့် ထုတ်လုပ်ရေး ကဏ္ဍများလည်း ရှိကြောင်း သိရသည်။ ထို့အပြင် Reapper Galon Column နှင့် ပူးပေါင်းကာ ဒုံးကျည်ထုတ်လုပ်ရေးနှင့် ပစ်ခတ်တိုက်ခိုက်ရေးဆိုင်ရာ နည်းပညာများကိုလည်း သွားရောက်သင်ယူခဲ့သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
(က) အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့တို့က ပြည်သူလူထုအပေါ် မတရား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ညှင်းပန်း နှိပ်စက်ခြင်းတို့ကို ကာကွယ် တားဆီးရန်။
(ခ) ပြည်သူလူထုကို ဒုက္ခပေးနေသည့် စစ်ကောင်စီ၏ စစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်း စစ်ကောင်စီတို့၏ ကာကွယ်ရေး အဆောက်အဦးများ၊ အကြမ်းဖက် စစ်တပ်စခန်းများ၊ ရဲစခန်းများကို ဦးတည် ပစ်မှတ်ထား တိုက်ခိုက်ရန်။
(ဂ) စစ်ကောင်စီ၏ အုပ်ချူပ်ရေး ယန္တရားများ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တိုက်ခိုက် ဖြိုခွင်းသွားရန်။
(ဃ) စစ်ကောင်စီ၏ ထိန်းချုပ်ကန့်သတ်မှု အောက်တွင် တာဝန် ထမ်းဆောင်နေရသော တပ်ဖွဲ့ဝင်များ CDM လှုပ်ရှားမှုတွင် ပိုမိုပါဝင်လာစေရန် စည်းရုံးဆောင်ရွက်ရေးနှင့် အကူအညီပေးရန်။
(င) စစ်အာဏာရှင်စနစ်ကို ချေမှုန်း တိုက်ဖျက်ရေးတွင် ပြည်သူလူထုတရပ်လုံး ပူးပေါင်း ပါဝင်လာစေရေး စည်းရုံးသွားရန်။
MSDF သည် အဓိကအားဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးနှင့် အမျိုးသားလွတ်မြောက်ရေးကို ဦးတည်၍ လှုပ်ရှားနေသည့် အဖွဲ့အစည်း ဖြစ်ပြီး မွန်ဒေသအတွင်း အားကောင်းသည့် တော်လှန်ရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာစေရန်ကိုလည်း ရည်မှန်းထားသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
MSDF အနေဖြင့် တော်လှန်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဦးဆောင်ကော်မတီ၏ သက်တမ်းကို တနှစ်သာ သတ်မှတ်ထားပြီး၊ နှစ်စဉ် ညီလာခံကျင်းပကာ ရွေးကောက်ပွဲများပြုလုပ်၍ တာဝန်ထမ်းဆောင်မည့်သူများကို ရွေးချယ်တင်မြှောက်သည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။
MSDF ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင် ကော်မတီတွင် ဗဟိုကော်မတီဝင် ၉ ဦး၊ အရန်ကော်မတီဝင် ၅ ဦးတို့ ပါဝင်သည်။ ဗဟိုကော်မတီဝင် ၉ ဦးအနက် ၆ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁။ | နိုင်ဉာဏ | ဥက္ကဋ္ဌ |
| ၂။ | နိုင်ကိုသူ | ဒုတိယ ဥက္ကဋ္ဌ (၁) |
| ၃။ | နိုင်ဗညားနိုင် | ဒုတိယ ဥက္ကဋ္ဌ (၂) |
| ၄။ | နိုင်မရဏ | အထွေထွေ အတွင်းရေးမှူး |
| ၅။ | နိုင်ချမ်းလွန် | တွဲဘက် အတွင်းရေးမှူး (၁) |
| ၆။ | နိုင်သုခ | တွဲဘက် အတွင်းရေးမှူး (၂) |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်သစ်ပါတီ (MNLA-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ပါဝင်သော ရာမညပူးတွဲစစ်ကြောင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်တွင် ထူထောင်ခဲ့သည်။ ထိုပူးတွဲစစ်ကြောင်းသည် မွန်လက်နက်ကိုင်အဖွဲ့များကြား မွန်တပ်တော်တခုတည်း ဖြစ်မြောက်ရေး၊ တော်လှန်ရေးအရှိန်အဟုန် ပိုမိုမြင့်စားစေရေးနှင့် မွန်ပြည်နယ်တွင် ဗျူဟာမြောက်စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်ရန်ဟု ရည်မှန်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ချမှတ်ခဲ့သည့် သဘောတူညီချက်ကို အခြေပြုခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ကြောင်းသည် သံဖြူဇရပ်-ရေး ကားလမ်းပိုင်းအပါအဝင် မွန်ဒေသအနှံ့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ စစ်ကြောင်းဖွဲ့စီးပြီး လေးလကျော်အကြာ ၂၀၂၅ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ဆင်ရေးကာလပြည့်ပြီဖြစ်ကြောင်းဆိုကာ ရာမညပူးတွဲစစ်ကြောင်းကို တရားဝင်ရုတ်သိမ်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
- အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင်စနစ်အမျိုးမျိုး ချေမှုန်းတိုက်ဖျက်ရေး။
- ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် ရရှိရေး။
- ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် ဖယ်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
မရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Telegram – @MSDF601
Gmail- [email protected]
