သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်။
ဌာနချုပ် – ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်ဒေသ။
လှုပ်ရှားဒေသ – မန္တလေးတိုင်းအတွင်းရှိ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ နောင်ချိုမြို့နယ်၊ လားရှိုးမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် TNLA လှုပ်ရှားရာဒေသများ။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ကိုမုန်တိုင်း (စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ)
စစ်အာဏာသိမ်းချိန်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော မန္တလေးမြို့တွင်း အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် သပိတ်အင်အားစုများထဲတွင် MDY-PDF ဖြစ်လာမည့် လူပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့က သပိတ်အင်အားစုများကို ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ထိုအင်အားစုများသည် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့သည်။ တဖက်တွင်လည်း စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ ဆန္ဒပြပွဲများကို ဦးဆောင်သူများကို မန္တလေးမြို့တွင်း လိုက်လံဖမ်းဆီးရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တတ်ကြွလှုပ်ရှားသူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ နယ်မြေများသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထိုရွေးကောက်ခံကိုယ်စားလှယ်တချို့သည် မန္တလေးမြို့ကိုယ်စားပြု ဖွဲ့စည်းမည့် တပ်ဖွဲ့ပေါ်ပေါက်ရေး ဦးဆောင်သူများထဲတွင် ပါဝင်လာခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လဆန်းတွင် သပိတ်အင်အားစုများ၊ CDM ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ စုစည်းပြီး Mandalay Special Task Force (MSTF) ကို ထူထောင်ကာ မြို့ပြပျောက်ကျားလှုပ်ရှားမှု စတင်ခဲ့သည်။ MSTF သည် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင်း ပေါ်ပေါက်လာသည့် မြို့ပြပျောက်ကျားတပ်ဖွဲ့များအနက်မှ တဖွဲ့ဖြစ်သည်။ MSTF တပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ စစ်ပညာနှင့် လက်နက်ခဲယမ်း အထောက်အပံ့များ ရယူခဲ့ကာ မန္တလေးမြို့ပေါ်တွင် လေးလခန့် လှုပ်ရှားခဲ့သည်။
၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တရားဝင် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ TNLA ထံတွင် စစ်ပညာသင်ယူနေစဥ်ကာလ ၂၀၂၁ ခုနှစ် ဇွန်လတွင် မြို့ပြပျောက်ကျားတပ်မှ တော်လှန်ရေးတပ်တခုအဖြစ် စုဖွဲ့မှုပြောင်းရန်ဆုံးဖြတ်ခဲ့ပြီး MSTF ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)/ MDY-PDF အဖြစ် ပြောင်းလဲခဲ့သည်။ မန္တလေးတိုင်းနှင့် TNLA လှုပ်ရှားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များသည် ပထဝီမြေမျက်နှာသွင်ပြင်အရ ဗျူဟာမြောက်သဖြင့် MDY-PDF သည် စစ်ပညာကိုသင်ယူရင်း TNLA လှုပ်ရှား-စိုးမိုး-ထိန်းချုပ်သည့် နယ်မြေတွင် အခြေစိုက်ကာ ပူးတွဲလှုပ်ရှားခဲ့သည်။ TNLA နယ်မြေတွင် အခြေစိုက်ရခြင်းသည် မန္တလေးမြို့သည် မြို့ပြဖြစ်သည့်အပြင် စစ်ကောင်စီအားကောင်းပြီး ခုခံတော်လှန်ရေးတပ်များ အခြေစိုက်ရန် ခက်ခဲလွန်းခြင်းကြောင့်လည်း ဖြစ်သည်။ ထို့နောက် အမြဲတမ်းတပ်ဖွဲ့ တခုဖွဲ့စည်းရန်အတွက် TNLA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF)အမည်ဖြင့် တပ်တည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုသို့ဖြင့် TNLA သည် MDY-PDF ကို ကျောထောက်နောက်ခံပြုပေးထားသည့် အကြီးဆုံးမဟာမိတ်တပ်ဖွဲ့ တဖွဲ့ဖြစ်လာသည်။
စစ်ကောင်စီကို MDY-PDF ၏ အစောဆုံး တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် မန္တလေး-မိုးကုတ်ကားလမ်းရှိ ဂွေးပင်ရွာအနီးက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ‘Operation ဝါဆို’၊ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်နေ့တွင် မန္တလေးမြို့တွင်း၌ တိုင်းဝန်ကြီးချုပ်၏ ယာဉ်တန်းကို ပစ်မှတ်ထားတိုက်ခိုက်သည့် ‘ရာဇနိုင်စစ်ဆင်ရေး’၊ ဧပြီလတွင် ‘သပြေညိုစစ်ဆင်ရေး’၊ ဇူလိုင်လတွင် TNLA နှင့် ပူးပေါင်းပြုလုပ်သည့် ‘ကနောင်စစ်ဆင်ရေး’၊ အောက်တိုဘာလတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ‘စစ်ဆင်ရေး ၁၀၂၇’တွင် ပါဝင်ခြင်းနှင့် ထိုစစ်ဆင်ရေးကို အထောက်အပံ့ဖြစ်ရန် ‘တောင်သမန်စစ်ဆင်ရေး’တို့ကို ဖော်ဆောင်လျက်ရှိသည်။ တောင်သမန် စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ပြင်ဦးလွင်မြို့အနီး၊ နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီစခန်းကို TNLA နှင့်အတူပူးပေါင်း၍ သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့် ၂၀၂၄ ခုနှစ် ဧပြီ ၁၅ ရက်တွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းတို့က ထင်ရှားသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဧပြီ ၁၄ ရက်တွင် စစ်ကောင်စီဥက္ကဌ ပြင်ဦးလွင်ကို ရောက်နေသဖြင့် စစ်တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ်နဲ့ စစ်ကောင်စီရုံးတို့ကို MDY-PDF က ပစ်မှတ်ထား၍ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ လက်နက်ကြီးကျည်အချို့ လူနေရပ်ကွက်နဲ့ အရိုးဆေးရုံအတွင်း ကျပေါက်ကွဲပြီး သံဃာတော်နှစ်ပါး နှင့် အရပ်သား နှစ်ဦး သေဆုံးကာ ကလေးငယ်များအပါအဝင် ၁၄ ဦး ဒဏ်ရာရခဲ့သည်။ ထိုထိခိုက်မှုကို အပြန်အလှန်လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်ရသည်ဟု နှစ်ဖက်တပ်များအကြား အပြန်အလှန်စွပ်စွဲမှုများ ရှိခဲ့သည်။
MDY-PDF သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးညွှန်ကြားမှု (Chain of Command) အောက်တွင် ရှိသည်။ သို့သော် NUG က ဖွဲ့စည်းထားသည့် စစ်ဒေသများ၏ ကွပ်ကဲမှုနယ်မြေများနှင့် ကွာဝေးသဖြင့် အစိတ်အပိုင်းတချို့နှင့် လုပ်ဆောင်ချက်များတွင် သီးခြားလွတ်လပ်မှုရှိသော ဦးဆောင်မှုပုံစံဖြင့် ရပ်တည်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
MDY- PDF ၏ နိုင်ငံရေး ခံယူချက်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
နိုင်ငံရေးခံယူချက်
- စစ်အာဏာရှင်စနစ် ပျက်သုဥ်းရေးကို ဘုံရည်မှန်းချက်တူသည့် နိုင်ငံရေး၊ စစ်ရေးမဟာမိတ်များနှင့် လက်တွဲဆောင်ရွက်သွားမည်။
- ပြည်သူကို ကာကွယ်စောင့်ရှောက်၊ ပြည်သူ့ဘဝ သာယာဝပြောရေးကို ဦးထိပ်ထားသည့် ပြည်သူ့ တပ်မတော်တရပ်တည်ဆောက်ရေးကို ဦးတည်မည်။
- လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ ပြည့်ဝထုံမွမ်းသော ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးကို အစဥ်ရှေးရှုမည်။
နိုင်ငံရေးမျှော်မှန်းချက်
- ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတာ် သစ်တည်ဆောင်ရေး
စစ်ရေးရည်မှန်းချက်
- စစ်အာဏာရှင်စနစ် အဆုံးတိုင် ချုပ်ငြိမ်းရေး။
- အာဏာသိမ်းစစ်တပ်က မတရားပြုကျင့်ကာ စိုးမိုးအုပ်ချုပ်ထားသော နယ်မြေများအား ပြန်လည်သိမ်းပိုက်ရယူနိုင်ရေး။
- စစ်ရေး၊ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးစွမ်းရည်များကို အခြေခံကာ ပြည်သူ့ကိုယ်ပိုင်နယ်မြေများ အခိုင်အမာတည်ဆောက်ရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
MDY-PDF ၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ဦးစီးအဖွဲ့မှ တိုက်ရိုက်ကွပ်ကဲပြီး ထိုအဖွဲ့သည် အဖွဲ့အစည်းတခုလုံးတွင် အမြင့်ဆုံးအခွင့်အာဏာရှိသည်။ စစ်ဦးစီးအဖွဲ့က ချမှတ်သည့် မူဝါဒများ အကောင်အထည်ဖော်မှုများအား ကြပ်မတ်ရန်၊ CoC နှစ်ရပ် အသက်ဝင်အားကောင်းရေးနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ရန် ဗဟိုလုပ်ငန်းကော်မတီ (Central Working Committee(CWC) က တာဝန်ယူသည်။ ဗဟိုလုပ်ငန်းကော်မတီ၏အောက်တွင် တပ်ရင်းတပ်ဖွဲ့ အသီးသီးနှင့် စစ်ရေးဌာနအသီးသီးက ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားသည်။ လုပ်ငန်းကော်မတီများက ဗဟိုလုပ်ငန်းကော်မတီကိုလည်းကောင်း၊ ဗဟိုလုပ်ငန်းကော်မတီက စစ်ဦးစီးအဖွဲ့ကိုလည်းကောင်း၊ စစ်ဦးစီးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) ကိုလည်းကောင်း တာဝန်ခံရသည်။
လက်ရှိတွင် စစ်ဆင်ရေးနှင့် စုဖွဲ့မှုတာဝန်ခံ ကိုမုန်တိုင်း၊ စစ်ဦးစီးအဖွဲ့ဝင်များဖြစ်သော မောင်ဖြိုးဝေနှင့် ဒေါက်တာ စိုးသူရဇော်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကို Osmond မှလွဲ၍ အခြားခေါင်းဆောင်များကို ထုတ်ဖော်ခြင်း မရှိပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းမှုအလွန် ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီးနောက် တလအတွင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်ရန် ဆုံးဖြတ်ခဲ့ကြသော အဖွဲ့ဖြစ်သည်။ ထို့နောက် သပိတ်ကော်မတီများ၊ CDM ဝန်ထမ်းများနှင့် ကျောင်းသားများ ဦးဆောင်ကာ တိုက်ခိုက်ရေးတပ်ကို မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်များ၏ အကူအညီဖြင့် ထူထောင်ခဲ့ကြသည်။ နိုင်ငံရေး အန္တိမရည်မှန်းချက်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးကို မျှော်မှန်းထားရှိသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန(MOD)၏ ကွပ်ကဲမှုအောက်တွင် ရပ်တည်ပြီး တပ်ရင်းအမှတ် -၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅၊ ၁၂၀၆နှင့် ၁၂၀၇ ဟူ၍ တပ်ရင်း ခုနှစ်ရင်းဖြင့် စုဖွဲ့ထားရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/p/Voice-of-Mandalay-PDF-100084602090156/?locale=cs_CZ