သမိုင်းအကျဉ်း
တည်ထောင်သည့် ရက်စွဲ – ၂၀၂၂ ခုနှစ် ဇူလိုင် ၁၇ ရက်။
ဌာနချုပ် – ဥကရစ်ခီးဒေသ၊ မြဝတီမြို့နယ်။
လှုပ်ရှားဒေသ – ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်။
ခန့်မှန်းအင်အား – ၅၀၀ နှင့်အထက်။
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး နယ်ဒါးမြ(စောနယ်ဒါးဘိုမြ)(စစ်ဦးစီးချုပ်)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂေးဖိုး(ဒုတိယ စစ်ဦးစီးချုပ်) ။
ကော်သူးလေတပ်တော် (KTLA) ကို ဗိုလ်ချုပ်ကြီး နယ်ဒါးမြ၏ ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့သည်။ KTLA ထဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ စစ်ရေးလက်တံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)လက်အောက်ခံအဖွဲ့များဖြစ်သည့် ဗိုလ်စလုံး ဦးဆောင်သော အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗိုလ်အယ်စေးဝါး ဦးဆောင်သော ခြင်္သေ့အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗိုလ်စောကော်လားဖိုး ဦးဆောင်သော အထူးတပ်ရင်းတို့က မိခင်တပ်မှ ခွဲထွက်၍ ပါဝင်လာကြသည်။
ထို့ပြင် ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ခွဲထွက်လာသည့် တပ်ဖွဲ့ဝင်များသည်လည်း KTLA တွင် ပါဝင် သည်။
KTLA တွင် ပါဝင်သည့် တပ်မှူးများ၊ တပ်ရင်း၊ တပ်ဖွဲ့များသည်လည်း KNDO မှ ခွဲမထွက်ခင်ကတည်းက ဗိုလ်ချုပ်ကြီး နယ်ဒါးမြ၏ ဦးဆောင်မှုဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တပ်များ ဖြစ်သည်။ ၎င်း၏ ဦးဆောင်မှုအောက်တွင် ပါဝင်သည့် တပ်များသည် ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်က မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မော်ခီး မဆုတ်တမ်း ခံစစ်စခန်းကို သိမ်းပိုက်ရာ၌ ပါဝင်ခဲ့ပြီး ဇွန် ၁၃ ရက်ကလည်း ဝေါလေရဲစခန်းကို တိုက်ခိုက်သိမ်းယူကာ ဖမ်းဆီးခံထားရသည့် PDF ကိုးဦးကို ကယ်ထုတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို သိမ်းနိုင်ရန် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခဲ့ရာတွင်လည်း KNU ၏ စစ်ရေးလက်တံ KNLA နှင့်အတူ ဗိုလ်ချုပ်ကြီး နယ်ဒါးမြ ဦးဆောင်မှုအောက်တွင် ရှိနေသည့် တပ်ဖွဲ့များ ပါဝင်ခဲ့သည်။
KTLA ကို မဖွဲ့စည်းမီက ဗိုလ်ချုပ်ကြီးသည် နယ်ဒါးမြသည် KNDO ၏ စစ်ဦးစီးချုပ် ဖြစ်သည်။ ၎င်းသည် KNU ၏ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သား ဖြစ်သည်။ ဗိုလ်ချုပ်ကြီး နယ်ဒါးမြ သည် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားသည့် တိုက်ပွဲတွင်းမှ ဖမ်းမိသည့် အရပ်သား ၂၅ ဦးကို သတ်သည့် ဖြစ်ရပ်တွင် တာဝန်ရှိခြင်းကြောင့် KNDO မှ တာဝန် ရပ်ဆိုင်း ခံခဲ့ရသူလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် မြဝတီမြို့နယ်၊ အူးဟူချောင်းတံတား တိုက်ပွဲ၌ ဗိုလ်ချုပ်ကြီး နယ်ဒါးမြ ၏ KNDO စစ်ကြောင်းက သုံ့ပန်း ၄၇ ဦးကို ဖမ်းဆီးမိရာ ထိုအထဲမှ ၂၅ ဦးကို စစ်ကောင်စီ၏ ထောက်လှမ်းရေးများဟု စွပ်စွဲ၍ သတ်ပစ်ခဲ့သည်။ ထို ၂၅ ဦး၏ နောက်ကြောင်း ရာဇဝင်များကို ပြန်စိစစ်ရာ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အရပ်သားများ ဖြစ်နေသည်။
KNU ဗဟိုကော်မတီက စစ်ဆေးရေးပြုလုပ်ကာ စစ်သုံ့ပန်းဆိုင်ရာ ကျင့်ဝတ်များကို မလိုက်နာခြင်းဟူသည့် အချက်ဖြင့် ဗိုလ်ချုပ်ကြီး နယ်ဒါးမြကို ၂၀၂၁ ခုနှစ် ဇူလိုင် ၈ ရက်မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ဆုံးဖြတ်ခဲ့သည်။ KNDO စစ်ဦးစီးချုပ်ကိုလည်း ယာယီတာဝန်ဖြင့် အသစ် ခန့်အပ်ခဲ့သည်။ KNU ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီး နယ်ဒါးမြက လက်မခံနိုင်ကြောင်း ၂၀၂၁ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် တုံ့ပြန်ခဲ့ပြီး ၎င်း၏ စစ်ကြောင်းများသည်လည် ၎င်းနောက်တွင်သာ ဆက်လက်လိုက်ပါခဲ့၍ စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်ဖြစ်ပွားခဲ့သည်။
တာဝန်ယာယီရပ်ဆိုင်းခံထားရချိန်၌ တိုက်ခိုက်ခဲ့သည့် ဥကရစ်ထစခန်း တိုက်ပွဲတွင်လည်း ဗိုလ်ချုပ်ကြီး နယ်ဒါးမြ ၏ တပ်များသည် ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့ပြီး ရုပ်သံမှတ်တမ်း များကိုလည်း လူမှုကွန်ရက်ပေါ်တွင် ဖြန်ံ့ဝေခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က စစ်ဘက်ဆိုင်ရာ အသုံးပြုရန်ဟုဆိုကာ ဗိုလ်ချုပ်ကြီး နယ်ဒါးမြကို ထိုင်းဘတ်ငွေ တသန်း(အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်) ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက ပေးအပ်ခဲ့သည်။
ထိုသို့ဖြင့် တိုက်ခိုက်မှု အားကောင်းပြီး ထောက်ခံမှုလည်း ရရှိလာသည့် ဗိုလ်ချုပ်ကြီး နယ်ဒါးမြ သည် ၎င်း၏နောက်လိုက် တပ်မှူးများဖြင့် KTLA ကို ထူထောင်လိုက်ခြင်း ဖြစ်သည်။ KTLA ကို ထူထောင်ပြီးနောက် KNU ဗဟိုသည် ဗိုလ်ချုပ်ကြီး နယ်ဒါးမြ အနေနှင့် အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်စဥ် သုံ့ပန်းများကို သတ်ဖြတ်ခြင်း၊ အဖွဲ့၏ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဥ်များတွင် ပါဝင်ခြင်း မရှိဟုဆိုကာ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်ကြီး နယ်ဒါးမြ ထူထောင်လိုက်သည့် တပ်မတော်သည် ကရင်တော်လှန်ရေးတပ်များအားလုံး စုစည်း၍ ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အမည်ကို ယူထားခြင်းဖြစ်ပြီး ယင်းအား လက်မခံနိုင်ကြောင်း၊ ၎င်းတို့နှင့်လည်း သက်ဆိုင်ခြင်း မရှိကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် KNLA ကလည်း သဘောထားထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ချက်များ ထွက်ရှိခဲ့သော်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်း စစ်ရေးလှုပ်ရှားမှုများ၊ မြို့တွင်း စစ်ဆင် ရေးများတွင် KNU တပ်မဟာ(၆)၏ KNLA တပ်ရင်း(၂၇) သည် KTLA လက်အောက်ရှိ တပ်ရင်းများနှင့် ပူးတွဲ စစ်ရေးဆောင်ရွက်မှုများ ရှိခဲ့သည်။
ကရင်နယ်မြေရှိ ပြည်သူများ၏အကျိုးကို ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကော်သူးလေအစိုးရ (Government of Kawthoolei – GOK) ကို ဖွဲ့စည်းခဲ့သည်။ ထိုအစိုးရအဖွဲ့တွင် ပြည်နယ်ဥသျှောင်သမ္မတအဖြစ် စောနယ်ဒါးမြ၊ ဒုတိယပြည်နယ်ဥသျှောင်အကြီး အကဲများ၊ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့ အပါအဝင် အခြားသော ဝန်ကြီးဌာန ၁၄ ခုတို့ ပါဝင်သည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်မူ ဒုတိယစစ်ဦးစီးချုပ် စောဘဝါး ကွယ်လွန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် KTLA ဆင်ဖြူစစ်ကြောင်း၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်စလုံးသည် ကျန်သော တပ်ဖွဲ့ဝင် သုံးဦးဖြစ်သည့် နော်အေးနိုင်ဖော၊ စောဆဲအယ်နှင့် စောမုကပေါ်တို့နှင့်အတူ DKBA ထံသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ဆင်ဖြူစစ်ကြောင်းကိုမူ KTLA အထူးကွန်မန်ဒိုတပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင်လည်း KTLA မှ တပ်ဖွဲ့ဝင် ၁၃ ဦးက KNU တပ်မဟာ ၆ ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၈) ထံ ပူးပေါင်းခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်အယ်ဆေးဝါးအဖွဲ့တို့ကလည်း KNU/KNLA ထံသို့ ပြန်လည် ပူးပေါင်းခဲ့သည်။
ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော် ကုန်သွယ်ရေးလုပ်ငန်း – PTTEP ကုမ္ပဏီက လုပ်ကိုင်နေသည့် မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ၄၀ ကီလိုမီတာကို KTLA က ထိန်းချုပ်ထားကြောင်း ၂၀၂၅ ခုနှစ် ဩဂုတ် ၉ရက်တွင် KTLA ဦးဆောင်သူ စောနယ်ဒါးမြက ဘန်ကောက်ပို့စ်သတင်းစာကို ပြောကြားခဲ့သည်။ အမှန်စင်စစ်တွင်မူ ထိုပိုက်လိုင်းပေါ်တွင် တပ်ထိုင်လှုပ်ရှားနေသည်မှာ KNLA တပ်များဖြစ်သည်။
၂၀၂၆ ခုနှစ်တွင်မူ တပ်မဟာ (၄)၊ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်တွင် ဗိုလ်အယ်ခွီး (ခ) ဗိုလ်စောကော်လားဖိုး ဦးဆောင်သည့် KTLA တပ်ဖွဲ့များက KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်လျက်ရှိသည်။ ထို့အပြင် KNLA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် KNLA ၏ လုံခြုံရေးဂိတ်ကို ပစ်ခတ်မီးရှို့ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ် ၁၄ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ဗထူးတပ်မှ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ဗထူးတပ်ဖွဲ့မှ ရဲဘော် ၄ဦးကျဆုံး၊ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက် ၁၂ လက် ဆုံးရှုံးခဲ့ရသည်။ ထိုတိုက်ခိုက်မှုအပြီး မတ် ၁၅ရက်နေ့တွင် ဗိုလ်အယ်ခွီးနှင့် အဖွဲ့ကို ကို စစ်ကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNLA တပ်မဟာ (၄) က ထုတ်ပြန်ခဲ့သည်။ KTLA တပ်မဟာ (၄)၊ ဆာကဆော စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်အယ်ခွီးသည် နအဖလက်ထက်တွင် စစ်ကောင်စီထံ အလင်းဝင်ခဲ့ဖူးသူတစ်ဦးဖြစ်သည်။
KTLA အနေဖြင့်မူ တပ်မဟာ (၄) အတွင်း ဖြစ်ပေါ်နေသည့် ဗိုလ်အယ်ခွီး၏ လုပ်ရပ်များနှင့် ပတ်သက်၍ ထုတ်ပြန်ဖြေရှင်းချက် တစုံတရာ မပြုလုပ်သေးပါ။ KTLAသည် တပ်ဖွဲ့အတွင်းတွင် အခြေခံစစ်သင်တန်းများ၊ ဝေဟင်ပစ်ကူသင်တန်း၊ ဆေးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် ပါရာမော်တာစီးနင်းတိုက်ခိုက်ရေးသင်တန်းများကို ပို့ချသင်ကြားလျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
စစ်ရေးရည်ရွယ်ချက်
(၁) လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး။
(၂) မတရားအာဏာသိမ်းထားသော အကြမ်းဖက် စစ်အာဏာရှင်တစုအား အမြစ်ပြတ်သည်အထိ ဖြိုခွင်းဖျက်ဆီးရေး။
နိုင်ငံရေးမူဝါဒ ကြေညာစာတမ်း
(၁) ရန်သူကို ချေမှုန်းပစ်ရန်။
(၂) ကော်သူးလေ(ကရင်ပြည်) နှင့် နိုင်ငံတဝန်းလုံးတွင် တည်ငြိမ်သော နိုင်ငံရေးစနစ်ကို တည်ဆောက်သွားရန်။
(၃) အခြေအနေများ ပြန်လည်တည်ငြိမ်၍ လုံခြုံမှုကို အာမခံတည်ဆောက်နိုင်သောအချိန်တွင် ပြည်တွင်းရှိ ကရင်ပြည်သူများ၊ ထိုင်းမြန်မာနယ်စပ်နှင့် ပြည်ပရောက် ကရင့်ဒုက္ခသည် ပြည်သူများ၏ သဘောဆန္ဒထောက်ခံ မှုဖြင့် ကော်သူးလေ/ ကရင်ပြည်ကို တည်ထောင်သွားရန်။
(၄) နိုင်ငံရေးသတိရှိပြီး နိုင်ငံတကာဆက်ဆံရေးတွင် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်းနှင့် လက်တွဲဆောင်ရွက်သွားရန် တပ်မတော် ကျင့်ထုံးဥပဒေသများကို ချမှတ်လိုက်နာခြင်း၊ စစ်ဘက် အရပ်ဘက် လူ့အခွင့်အရေးဆိုင်ရာ အချက်များ အားလုံးကို လေးစားလိုက်နာခြင်း။
(၅) စစ်တပ်ပိုင်းဆိုင်ရာ နည်းစနစ်နှင့်နည်းပညာ တိုးတက်မှုနှင့် ထိရောက်မှု ရှိစေရန် အစဥ်တစိုက် လုပ်ဆောင်ခြင်း၊ မတူညီသော လူမှုအဖွဲ့အစည်း ယဥ်ကျေးမှု အသိုင်းအဝိုင်းနှင့် ပေါင်းကူးဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရန် တပ်တွင်း အဆင့်အလိုက် (ရာထူးအလိုက်) ကျင့်ဆောင်ရမည့် စည်းကမ်း ဥပဒေများကို ချမှတ်လုပ်ဆောင်ခြင်း။
(၆) အတွေ့အကြုံရှိနှင့်ပြီးသူများ၊ ကရင့်လူ့အဖွဲ့အစည်းမှ လေးစားရပါသော ခေါင်းဆောင်ကြီးများနှင့် အငြိမ်းစား လူကြီးမိဘများ၏ အကြံဥာဏ်ပေးခြင်းများကို လက်ခံဆောင်ရွက်ခြင်း၊ ၎င်းတို့၏ အကြံပြုချက်များဖြင့် ပြင်ပအကြံပေးဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းထူထောင်ခြင်း။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
တပ်မှူးများ အမည်နှင့် တာဝန်
| စဉ် | အမည် | တာဝန် |
| (၁) | ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြ | စစ်ဦးစီးချုပ် |
| (၂) | ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂေးဖိုး | ဒုတိယ စစ်ဦးစီးချုပ် |
| (၃) | ဗိုလ်အယ်ခွီး (ခ) ဗိုလ်စောကော်လားဖိုး | တပ်မဟာ (၄) စောကဆောစစ်ကြောင်း |
အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနများ
| စဉ် | အမည် | တာဝန် |
| (၁) | ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြ | ပြည်နယ်ဥသျှောင်သမ္မတ |
| (၂) | ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂေးဖိုး | ဒုတိယပြည်နယ်ဥသျှောင်အကြီးအကဲ |
| (၃) | စောဖိုးသူးလေ | ဝန်ကြီးချုပ် |
| (၅) | စောဒေးဗစ်လောဒူး | ဒုတိယဝန်ကြီးချုပ် |
| စဉ် | ဝန်ကြီးဌာန | ဝန်ကြီးအမည် |
| (၁) | ပြည်ထဲရေးဝန်ကြီးဌာန | စောနေတောအောင်လှ |
| (၂) | နိုင်ငံခြားရေးဝန်ကြီးဌာန | စောဆာဂေးဖိုး
စောဒေးဗစ်သာကဘော (ဒု) |
| (၃) | ကာကွယ်ရေးဝန်ကြီးဌာန | စောဒေးဗစ်လောဒူး
စောဆာဂေးဖိုး |
| (၄) | သစ်တောနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန | နော်ဗေးဗျို |
| (၅) | လယ်ယာနှင့် ရေလုပ်ငန်းဝန်ကြီးဌာန | စောလားဘွေ |
| (၆) | ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | စောကျော်ဘရောင်း
စောလစ်ဗင်းစတုန်း (ဒု) |
| (၇) | တရားရေးဝန်ကြီးဌာန | စောသက်နိုင်လေး
စောတိမုတလဘ (ဒု) |
| (၈) | ဘဏ္ဍာရေးဝန်ကြီးဌာန | နော်အဲလစ်မြ |
| (၉) | သတ္တုတွင်းဝန်ကြီးဌာန | စောမူးရေဆေး |
| (၁၀) | လမ်းပန်းဆက်သွယ်ရေးနှင့် နယ်ခြားရေးရာဝန်ကြီးဌာန | စောဆာလော်ဆော
စောပေါလှ (ဒု) |
| (၁၁) | ကျန်းမာရေးဝန်ကြီးဌာန | စောအောင်မြ
စောသော်နေထူး (ဒု) |
| (၁၂) | သာသနာရေးဝန်ကြီးဌာန | စောဖိုးသူးလေး
စောလကူမူး (ဒု) |
| (၁၃) | အဖွဲ့အစည်းရေးရာဝန်ကြီးဌာန | စောထီးဒို့
စောနေမူးတော (ဒု) |
| (၁၄) | မဟာမိတ်ရေးရာဝန်ကြီးဌာန | စောဒေးဗစ်သာကဘော |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းပြီးနောက်မှ ဖွဲ့စည်းလာသည့် တပ်ဖွဲ့ ဖြစ်ပြီး စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးမည် မဟုတ်ဘဲ စစ်ရေးအရ တိုက်ခိုက်၍ စစ်အာဏာရှင်စနစ်ကို ဖျက်ဆီးရန် စစ်ရေးရည်မှန်းချက် ထားရှိသည့် အဖွဲ့ ဖြစ်သည်။
KTLA ၏ ခေါင်းဆောင်နှင့် တပ်မှူးများသည် စစ်တပ်က အာဏာသိမ်းပြီးသည့် နောက်တွင် စစ်ကောင်စီ၏ တပ်စခန်းများ၊ ရဲစခန်းများနှင့် စစ်ကြောင်းများကို တိုက်ခိုက်လျက် ရှိသည်။ တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ရှိ KTLA တပ်ဖွဲ့ဝင်များကမူ KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခြင်းများရှိသည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/KawThooLeiArmy1949
Last updated on May 4, 2026.
