သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၆၄ ခုနှစ် ဩဂုတ် ၈ ရက်။
ဌာနချုပ် – ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးရွာ။
လှုပ်ရှားဒေသ – ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်။ ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်။
ခန့်မှန်းအင်အား – ၁,၀၀၀ ခန့်။
ခေါင်းဆောင် – ဦးသန်းစိုးနိုင် (ဥက္ကဋ္ဌ) ၊ ဦးအိုင်ဖရင်း (အတွင်းရေးမှူးချုပ်)။
ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်အစိုးရက ၁၉၆၄ ခုနှစ်တွင် ငွေကြးခဝါချကြောင်း အက်ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် ကယား(ကရင်နီ)-ရှမ်းပြည်နယ် နယ်စပ်တွင်နေထိုင်သော ကယန်းလူမျိုးစုများက ဖယ်ခုံမြို့ရှိ ပီကင်းကျေးရွာ ရဲစခန်းကို ဇွန် ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ငွေကြေးခဝါချမှုကြောင့် စုဆောင်းထားသော ငွေကြေးများ တန်ဖိုးမဲ့ခဲ့ရခြင်းအပြင် ဗြိတိသျှခေတ်နှင့် ဂျပန်ခေတ်အတွင်း ရရှိထားခဲ့သောလက်နက်များ၊ ရိုးရာအမဲလိုက်ခြင်းလုပ်ငန်းအရ ရှိနေသော လက်နက်များက လက်နက်ကိုင်တော်လှန်ရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။ သုံးလအကြာ ဩဂုတ် ၈ ရက်တွင် ကယန်းပြည်သစ်ပါတီကို တည်ထောင်ခဲ့သည်။ တိုက်ခိုက်မှုစတင်ခဲ့သည့် ဇွန် ၄ ရက်ကို ကယန်းလက်နက်ကိုင်တော်လှန်ရေးနေ့ အဖြစ်လည်းသတ်မှတ်ခဲ့သည်။ KNLP ၏ စစ်ရေးလက်တံသည် ကယန်းပြည်သစ်တပ်မတော် (KNLA) ဖြစ်သည်။ စတင်တည်ထောင်စဉ်တွင် ဥက္ကဋ္ဌမှာ ဗိုလ်ပျံဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးရွှေအေး (ခေါ်) ငိန်းကယန်းထန်ဖြစ်သည်။ တပ်ဖွဲ့ ဖွဲ့စည်းပြီးလပိုင်းအကြာတွင် ဗိုလ်ပျံက ဦးနေဝင်းအစိုးရထံ အလင်းဝင်လက်နက်ချခဲ့ရာ ဦးရွှေအေးက ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၁၉၇၆ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)ထဲတွင် မဟာမိတ်တပ်ဖွဲ့အနေဖြင့် KNLP ပါဝင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် NDF မှ ပြန်ထွက်ခဲ့သည်။ ထို့နောက် ကယားနှင့် ရှမ်းပြည်နယ်တွင် အဓိကလှုပ်ရှားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (SNPLO)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (KNPLF) တို့နှင့် ပူးပေါင်း၍ ၁၉၈၉ ခုနှစ်တွင် သုံးဖွဲ့ပေါင်းကာ လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ဦး (လ.ပ.ဒ.တ) ဟူသည့် မဟာမိတ်တပ်ဖွဲ့ကို ဖွဲ့ခဲ့သည်။ လ.ပ.ဒ.တ သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ထံမှ ခဲယမ်း မီးကျောက်အကူအညီများဖြင့် အင်အားတည်ဆောက်နိုင်ခဲ့ပြီး ဗကပ ပြိုကွဲချိန်တွင် အထောက်အပံ့ရရှိမှု ပြတ်တောက်ခဲ့သည်။ ထို့ပြင် စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးကိုလည်း ရင်ဆိုင်ခဲ့ရသည်။
၁၉၉၂ ခုနှစ်တွင် ဖယ်ခုံမြို့နယ် ဝါရီဆူးဖလိုင်ရွာရှိ တပ်ဖွဲ့ဝင် ၅၀ ခန့်က မိခင် KNLP သည် ကွန်မြူနစ်ဝါဒကို ကိုင်စွဲသည်ဟူသော အကြောင်းပြချက်ဖြင့် ခွဲထွက်ပြီး ကယန်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNG)ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ခွဲထွက်အဖွဲ့ KNG က နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။ နှစ်နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် KNLP ကလည်း နဝတအစိုးရနှင့် အပစ်ရပ်စဲခဲ့ပြီး ဖယ်ခုံမြို့နယ် မိုးဗြဲနှင့် ပြင်ဆောင်ကျေးရွာအုပ်စုကို အထူးဒေသ-၃ အဖြစ် နဝတက သတ်မှတ်ပေးခဲ့ပြီး စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးခဲ့သည်။ အပစ်ရပ်လိုက်သည့် KNLP သည် စစ်အစိုးရက ကျင်းပခဲ့သည့် အမျိုးသားညီလာခံသို့လည်း တတ်ခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) များ ချုပ်ဆို ရာတွင် KNLP ပါဝင်ခွင့်မရခဲ့ပေ။ သို့သော် NCA အရ ကျင်းပသည့် ပြည်ထောင်စုအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် တတ်ရောက်ခွင့်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း ကျန်းမာရေး၊ ကယန်း-ကရင်နီမျိုးနွယ်များအရေးကိုသာ လုပ်ဆောင်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် ပြည်သူနှင့်တသားတည်းရပ်တည်မည်ဟု ကြေညာခဲ့ပြီး စစ်တပ်အနေနှင့် ရွေးကောက်ခံအစိုးရထံ အာဏာပြန်အပ်ရန်ဟူ၍လည်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။ စစ်အာဏာသိမ်း သုံးနှစ်တာအတွင်း KNLP အခြေစိုက်ရာ ဖယ်ခုံမြို့နယ်တွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့အသစ်များပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေသော်လည်း KNLP ကမူ မည်သည့်ဘက်မှ တရားဝင် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးပါ။
ရည်ရွက်ချက် ရည်မှန်းချက်
ကယန်းပြည်သစ်ပါတီ၏ ရည်ရွယ်ချက်သည် အောက်ပါအတိုင်းဖြစ်သည်။
၁။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ကယန်းဒေသ ပေါ်ထွန်းရေး
၂။ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး
၃။ ပြည်ထောင်စုစစ်စစ် ခေတ်မီနိုင်ငံတော်သစ်တည်ဆောက်ရေး
၄။ မူးယစ်ဆေးဝါးအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေး
ကယန်းပြည်သစ်ပါတီ၏ မူ ၁၂ ချက် သည် အောက်ပါအတိုင်းဖြစ်သည်။
၁။ ကယန်းပြည်သစ်ထူထောင်ရေး (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကယန်းဒေသပေါ်ထွန်းရေး)
၂။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ပြည်နယ်များ ဖေါ်ထုတ်ရေး
၃။ တန်းတူညီမျှရေး
၄။ တရာမျှတရေး
၅။ ဒီမိုကရေစီထွန်ကားရေး
၆။ လွတ်လပ်ရေးထိန်းသိမ်းရေး
၇။ ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး
၈။ နယ်ချဲ့ဆန့်ကျင်ရေး
၉။ ဖက်ဆစ်ဆန့်ကျင်ရေး
၁၀။ ပဒေသရာဇ်ဆန့်ကျင်ရေး
၁၁။ ဗျူရိုကရက်အရင်းရှင်စနစ်ဆန့်ကျင်ရေး
၁၂။ မဟာလူမျိုးကြီးဝါဒဆန့်ကျင်ရေးနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒဆန့်ကျင်ရေး
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ကယန်းပြည်သစ်ပါတီ၏ ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အမည် | တာဝန် | |
၁ | ဦးသန်းစိုးနိုင် | ဥက္ကဋ္ဌ |
၂ | ဦးအိုင်ဖရင်း | အတွင်းရေးမှူးချုပ် |
၃ | ဦးစိုးနိုင် | ပြင်ပဆက်ဆံရေးတာဝန်ခံ |
၄ | ဗိုလ်မှူးချုပ်မြားနို | စစ်ဦးစီးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရ ကျင်းပသည့် အမျိုးသားညီလာခံသို့လည်း တက်ရောက်ခဲ့သည်။
စုဖွဲ့မှု
မသိရသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော လူထုလူတန်းစားတို့၏ စစ်ဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးတိုက်ပွဲတွင် ပြည်သူလူထုနဲ့တသားတည်ရပ်တည်ကြောင်း၊ တပ်မတော်အနေနှင့် စစ်ဏာသိမ်းခြင်းကိုစွန့်လွှတ်ပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော တရားဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံ အာဏာလွှဲပြောင်းရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် မေလမှစ၍ ကယား(ကရင်နီ)-ရှမ်းပြည်နယ် နယ်စပ်များတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကယန်းပြည်သစ်ပါတီက မည်သည့်ဘက်မှ ဝင်ရောက်တိုက်ခိုက် နေခြင်းမရှိပါ။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
မသိရသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook: https://www.facebook.com/profile.php?id=100075730164732