သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် မေ ၃၁ ရက်။
ဌာနချုပ် – မသိရပါ။
လှုပ်ရှားရာဒေသ – လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ဘော်လခဲ၊ မယ်စဲ့၊ ရှားတော၊ ဖယ်ခုံ နှင့် ပင်လောင်း မြို့နယ်များ။
ခန့်မှန်းအင်အား – ၇၀၀၀ နှင့်အထက်။
ခေါင်းဆောင် – ခွန်ဘီထူး(ဥက္ကဋ္ဌ)။
KNDF သည် ကရင်နီပြည်နယ်အတွင်း ပြန့်ကျဲစွာ လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို စုဖွဲ့၍ ၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် တည်ထောင်လိုက်သည့် တပ်ဖွဲ့ ဖြစ်သည်။ PDF များ စုဖွဲ့ ထားသည်ဟုဆိုသော်လည်း KNDF တွင် မပူးပေါင်းဘဲ မဟာမိတ်အဖြစ်သာ ရပ်တည်ပြီး မြို့နယ်အလိုက် လှုပ်ရှားနေသည့် PDF တပ်ဖွဲ့များလည်း ကယားပြည်နယ်တွင်း ရှိသေးသည်။
KNDF ၏ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ မူဝါဒကို ၂၀၂၁ ခုနှစ် ဇွန် ၇ ရက်တွင် ရေးဆွဲခဲ့ကြပြီး အဖွဲ့အစည်း၏ မူဝါဒများကို ချမှတ်ရန် ဦးဆောင်ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းထားသည်။
KNDF ၏ တပ်ဖွဲ့ဝင်များသည် ယခင်က နိုင်ငံရေးသမားများ၊ ကရင်နီအမျိုးသားရေး တတ်ကြွလှုပ်ရှားသည့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊ ကဏ္ဍအသီးသီးတွင် အလုပ်လုပ်ကိုင်နေသည့် လူလတ်ပိုင်းများ ပါဝင်သည်။
၎င်းတို့သည် စစ်တပ်က အာဏာသိမ်းချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီက အရပ်သားများကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လက်နက်ကိုင် တော်လှန်ရေးဖြင့် စစ်ကောင်စီကို ဖြုတ်ချရန် ဆုံးဖြတ်ပြီး လက်နက်ကိုင်တပ်တခုကို ထူထောင်ရန် ပြင်ဆင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် မတ်တွင် ကရင်နီလူငယ်များသည် ကရင်နီတပ်မတော် (KA)ထံတွင် စစ်ပညာသင်ယူပြီး မေလတွင် Karenni State Army (KSA) ကို တပ်ရင်း လေးရင်းဖြင့် ဖွဲ့စည်းခဲ့သည်။ ထို့နောက် မေ ၂၀ ရက်တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင်း ပစ်ခတ်မှုဖြစ်ရာမှစတင်၍ တိုက်ပွဲများ ဖြစ်လာရာ စစ်ရေးအရ အမိန့်ပေး ကွပ်ကဲမှုစနစ်တခု ရှိရန် လိုအပ်လာရာ KSA နှင့် PDF များ စုပေါင်း၍ KNDF ကို ဖွဲ့စည်းထူထောင် ခဲ့ကြသည်။
KNDF စတင်ရာတွင် ဒေသသုံး လက်လုပ်သေနတ်များ၊ တူမီးများဖြင့် တော်လှန်ရေးကို စတင်ခဲ့ကြခြင်း ဖြစ်သည်။
စစ်ကောင်စီသည် KNDF နှင့် PDF တပ်ဖွဲ့များကို တိုက်ခိုက်ရန် ကယားပြည်နယ်အတွင်းသို့ ၂၀၂၁ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လတို့တွင် အင်အား ၁၅၀၀၊ စက်တင်ဘာလတွင် အင်အား ၃၀၀ ကျော်ကို ထပ်တိုးပို့ဆောင်ခဲ့သည်။ ထို့ပြင် လေကြာင်းကို အသုံးပြု၍လည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
KNDF သည် စစ်ရေးလှုပ်ရှားမှုများ၊ စစ်ဆင်ရေးများပြုလုပ်ရာတွင် KA ၏ ဦးစီးမှုအောက်မှတဆင့် လှုပ်ရှား နေသည့် တပ်ဖွဲ့ဖြစ်သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့် ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယ ပြည်ထောင်စုဝန်ကြီး ခွန်းဘီထူးသည် KNDF ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ကရင်နီတပ်မတော် (KA) ၏ စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ဘီထူးသည် KNDF၏ စစ်ဦးချုပ် ဖြစ်သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ အဖွဲ့ဝင် ဖြစ်သည်။
KSCC သည် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် ကြားကာလတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ကောင်စီဖြစ်သည်။
KSCC သည် ကြားကာလ ကရင်နီပြည်နယ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်းနှင့် ပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက် ရှိသည်။
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အဖွဲ့ဝင်ဖြစ်သည်။
IEC သည် တော်လှန်ရေးကာလ၊ ကြားကာလတွင် ယိုယွင်းပျက်စီးနေသော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သည်။ IEC သည် ကရင်နီပြည်နယ် ကြားကာလအစီအမံ (Interim Arrangement) ၏ မူဝါဒနှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုတို့ဖြင့် တရားဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် သုံးရက်တာ ညီလာခံကျင်းပကာ အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုတပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပြင် အခြားသောအဖွဲ့များဖြစ်သည့် 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ Force for Federal Democracy (FFD)၊ ကလေးဒေသတော်လှန်ရေးတပ် (KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
KNDF သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်၏ အာဏာသိမ်းမှုကြောင့် အသစ်ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ နှစ်နှစ်တာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲအကြိမ်ရေ ၁၁၀ မက ဖြစ်ပွားထားသည်။ ယနေ့အထိလည်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။
KNDF သည် စစ်ကောင်စီနှင့် စစ်အာဏာရှင်စနစ်ကို ပြုတ်ကျနိုင်သည်အထိ တိုက်ခိုက်ရန်၊ အာဏာရှင်စနစ် ပြုတ်ကျပြီးပါက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်ရေး ဆက်ဆွေးနွေးရန် စသည့် ရည်မှန်းချက်များ ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
KNDF ၏ လက်အောက်တွင် တပ်ရင်း ၂၇ ရင်းနှင့် ဗျူဟာ ရှစ်ခု ဖွဲ့စည်းထားသည်။ တပ်မဟာများ စုဖွဲ့ထားခြင်း မရှိသေးပေ။
| စဥ် | ဗျူဟာများ | တပ်ရင်းများ | အခြေချလှုပ်ရှားဒေသ |
| ၁ | KNDF BO-1 | ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း။ | |
| ၂ | KNDF BO-2 | လွိုင်ကော်မြို့နယ်။ | |
| ၃ | KNDF BO-3 | မိုးဗြဲ၊ ဖယ်ခုံမြို့နယ်။ | |
| ၄ | KNDF BO-4 | ဖရူဆိုမြို့နယ်။ | |
| ၅ | စစ်ဗျူဟာအမှတ်-၅ | KNDF BO-5 | ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း။ |
| ၆ | KNDF BO-6 | ဒီးမော့ဆိုမြို့နယ်။ | |
| ၇ | KNDF BO-7 | ဒီးမော့ဆိုမြို့နယ်။ | |
| ၈ | KNDF BO-8 | ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း။ | |
| ၉ | KNDF BO-9 | ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်း။ | |
| ၁၀ | KNDF BO-10 | လွိုင်ကော်မြို့နယ်။ | |
| ၁၁ | စစ်ဗျူဟာအမှတ်-၁ | KNDF BO-11 | ဖယ်ခုံမြို့နယ်။ |
| ၁၂ | KNDF BO-12 | လွိုင်ကော်မြို့နယ်။ | |
| ၁၃ | KNDF BO-14 | (လွိုင်ကော်) – ရှားတောမြို့နယ်။ | |
| ၁၄ | KNDF BO-15 | ဖရူဆိုမြို့နယ်။ | |
| ၁၅ | KNDF BO-16 | ဖရူဆို – ဘော်လခဲမြို့နယ်။ | |
| ၁၆ | KNDF BO-17 | ရှားတောမြို့နယ်။ | |
| ၁၇ | KNDF BO-18 | ||
| ၁၈ | KNDF BO-19 | ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း။ | |
| ၁၉ | KNDF BO-20 | ဖရူဆိုမြို့နယ်။ | |
| ၂၀ | KNDF BO-21 | ဘော်လခဲမြို့နယ် – ရွာသစ်မြို့။ | |
| ၂၁ | KNDF BO-22 | ဖယ်ခုံ – ပင်လောင်းမြို့နယ်။ | |
| ၂၂ | KNDF BO-23 | ||
| ၂၃ | KNDF BO-24 | နေပြည်တော်၊ ပေါင်းလောင်းဒေသ။ | |
| ၂၄ | KNDF BO-25 | ||
| ၂၅ | KNDF BO-26 | ||
| ၂၆ | KNDF BO-27 | ||
| ၂၇ | KNDF BO-28 |
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/Karenni-Nationalities-Defense-Force-KNDF-100670325574225/
Phone : 09 49572931 , 09 425517594
Last Updated in December, 2025.
