သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၂ ခုနှစ် သြဂုတ် ၈ ရက်။
ဌာနချုပ် – မရှိသေးပါ။
ထိန်းချုပ်ဒေသ – မရှိသေးပါ။
ခန့်မှန်းအင်အား – ၁၀၀ နှင့်အထက် ။
ခေါင်းဆောင် – မင်းသွေးသစ် (စစ်ရေးကော်မရှင်၏ နိုင်ငံရေးမှူး)။
ဒေါင်းမင်းစစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ-၆ ဒူးပလာယာခရိုင် ပျားအုံစခန်းတွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။ တပ်ဖွဲ့ကို တည်ထောင်သူ ကိုမင်းသွေးသစ်သည် ဗကသများအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ စစ်အာဏာမသိမ်းခင်ကာလအထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ပညာရေးလုပ်ဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် စစ်အာဏာသိမ်းသည့်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် တနှစ်နှင့် တလ ချမှတ်ခံခဲ့ရသည်။
ကိုမင်းသွေးသစ်သည် ထောင်မှ ပြန်လွတ်လာသည့်နောက်တွင် စစ်ကောင်စီ၏ စောင့်ကြည့်မှုကြောင့် ရန်ကုန်မြို့၌ ဆက်လက်နေထိုင်ရန် ခက်ခဲလာခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့သည်။ ထို့နောက် ထိုင်း-မြန်မာနယ်စပ်တွင် ဒေါင်းမင်းစစ်ကြောင်းကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ တပ်ဖွဲ့ကို ‘စစ်ကြောင်း’ဟု ခေါ်တွင်နေသော်လည်း အဖွဲ့အစည်းတခုအဖြစ် သီးခြားရပ်တည်နေသည့် တပ်ဖွဲ့ဖြစ်သည်။
ဒေါင်းမင်းစစ်ကြောင်းတွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်း လှုပ်ရှားနေသည့် မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့ ငါးဖွဲ့ ပူးပေါင်းပါဝင်သည်။ ထိုငါးဖွဲ့သည် အာဏာသိမ်းစကာလ၌ အကြမ်းမဖက် ဆန္ဒပြခြင်းမှတဆင့် မြို့ပြပြောက်ကျားတော်လှန်ရေး လုပ်ကိုင်ခြင်းများ လုပ်ဆောင်ခဲ့သည့် အဖွဲ့များ ဖြစ်သည်။ ၎င်းတို့အနေနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့များမှတဆင့် ဒေါင်းမင်းစစ်ကြောင်းအဖြစ် စုဖွဲ့ရခြင်းမှာ ရဲဘော် အင်အားများပြားလာခြင်း၊ တော်လှန်ရေးအတွက် လိုအပ်ချက်ရှိခြင်းနှင့် အခြားတိုင်းရင်းသား ညီနောင်များနှင့်အတူ တော်လှန်တိုက်ခိုက်ရန် ဖြစ်သည်။
၎င်းတို့၏ လက်နက်ကိုင်တော်လှန်ရေးနယ်မြေသည် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်အတွင်း၌ ဖြစ်သည်။ ဒေါင်းမင်းစစ်ကြောင်းသည် ကရင်ပြည်နယ်တွင်း ၎င်းတို့စတင်လှုပ်ရှားရာ နယ်မြေကို တောင်ပိုင်းတိုင်းစစ်ဒေသ-၁ ဟု ခေါ်ဆိုသည်။ ၎င်းတို့၏ မူလရည်မှန်းချက်သည် ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားရန် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် မတ် ၈ ရက်တွင် ရန်ကုန်စစ်ကြောင်း-၅၁၀၁ အောက်သို့ တပ်ခွဲတခုအနေဖြင့်ဝင်ရောက်ပြီး KNU တပ်မဟာ-၃ နယ်မြေတွင် စစ်ရေး ပူးပေါင်းလှုပ်ရှားခဲ့သည်။
၂၀၂၃ ခုနှစ် မတ် ၁၈ ရက်တွင် Monywa People’s Liberation Force – ဒေါင်းမင်းစစ်ကြောင်း (အညာတပ်ခွဲ)ကို ဖွဲ့စည်းကာ စစ်ကိုင်းတိုင်း မုံရွာ၊ ကနီမြို့နယ်နှင့် ချင်းတွင်းမြစ်ကြောင်းတလျှောက် တွင်လည်း လှုပ်ရှားလျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ် မေ ၁၂ ရက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် မဟာမိတ်ဖွဲ့ပြီး ဒေါင်းမင်းစစ်ကြောင်း၏ တပ်ဖွဲ့ဝင်များသည် KNDF တပ်ရင်း ၂၇ ၏ တပ်ခွဲ-၂ အဖြစ် ပါဝင်ကာ စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ဒေါင်းမင်းစစ်ကြောင်း၏ ရည်မှန်းချက်မှာ အနာဂတ်နိုင်ငံတော်တွင် ပြည်သူတိုင်း လူပီပီသသနေထိုင်ခွင့်ရပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်သည်။
အဖွဲ့အစည်း၏ မူဝါဒရပ်တည်ချက် သုံးခုမှာ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှရေး (Freedom,Peace and Equality) တို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဒေါင်းမင်းစစ်ကြောင်းတွင် အဖွဲ့အစည်း၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ မူဝါဒများကို ချမှတ်ရန် နိုင်ငံရေးဦးဆောင်ကော်မတီ(စစ်ရေးကော်မရှ)င်တရပ် ဖွဲ့စည်းထားသည်။ ထိုကော်မရှင်သည် အဖွဲ့အစည်းတွင် အာဏာအမြင့်ဆုံးဖြစ်ပြီး အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှု၊ စစ်ရေးဦးဆောင်မှု၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် မဟာမိတ်ဆက်ံရေးကိစ္စရပ်များကို ဆုံးဖြတ်ဆောင်ရွက်သည်။
စဥ် | အမည် | ရာထူး/တာဝန် |
၁ | ရဲဘော်မင်းသွေးသစ် | စစ်ရေးကော်မရှင်၏နိုင်ငံရေးမှူး |
၂ | ရဲဘော်စိုးကြီး | စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး |
၃ | ရဲဘော်ဒေါ်လာ | တပ်ရေးတာဝန်ခံ |
၄ | ရဲဘော်အေမီ | ဘဏ္ဍာရေးနှင့် ရုံးလုပ်ငန်းတာဝန်ခံ |
၄ | ရဲဘော်ပြည့်ကြီး | ဒရုန်းတပ်ဖွဲ့မှူး |
၅ | ရဲဘော်ချိုကစ် | တိုက်ခိုက်ရေးတပ်ဖွဲ့မှူး |
ဒေါင်းမင်းစစ်ကြောင်းသည် ၎င်း၏ တပ်ခွဲတိုင်းတွင် သက်ဆိုင်ရာတပ်ခွဲ၏ တပ်မှူးများနှင့်အတူ နိုင်ငံရေးမှူးတဦးစီကိုပါ ပူးတွဲတာဝန်ပေးအပ်ထားသည်။ တပ်ဖွဲ့၏ရေးရာကိစ္စများကို ထိုနိုင်ငံရေးမှူးနှင့်တပ်မှူးများက ပူးတွဲ အုပ်ချုပ်ခြင်း၊ ဆုံးဖြတ်ခြင်း ပြုလုပ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းပြီး တနှစ်ကျော်တွင် ပေါ်ပေါက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည်ဟူ၍ ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့ ဖြစ်သည်။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်းမရှိပါ။
ဒေါင်းမင်းစစ်ကြောင်းသည် အညာဒေသတွင် တပ်ခွဲတခု၊ တောင်ပိုင်းတိုင်းစစ်ဒေသတွင် တပ်ခွဲတခုနှင့် ဒရုန်းတပ်ဖွဲ့ဟူ၍ နှစ်နေရာခွဲပြီး ဖြန့်ကြက်လှုပ်ရှားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/KingPeacockColumn