သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်။
ဌာနချုပ် – မိုးဗြဲဒေသ။
လှုပ်ရှားဒေသ – ဖားဆောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ကရင်ပြည်နယ်သံတောင်မြောက်ပိုင်းနှင့် ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် နေပြည်တော်ကောင်စီ။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – ခွန်းဗဟန်းထန် (ဥက္ကဋ္ဌ)။
KNA သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာခဲ့သော တပ်ဖွဲ့တခုဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် ကယန်းလူမျိုးများသည် ကရင်နီပြည်နယ်အတွင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြသော်လည်း ကယန်းလူမျိုးတမျိုးသားလုံးကို ကိုယ်စားပြုသည့် သီးသန့်လက်နက်ကိုင်အဖွဲ့ဟူ၍ အသစ်ဖွဲ့စည်းခြင်း မရှိခဲ့ပေ။ ထို့နောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ နေပြည်တော်ကောင်စီနှင့် သံတောင်ကြီးမြောက်ပိုင်း စသည့် ဒေသများတလျှောက် ပျံ့နှံ့နေသော ကယန်း PDF တပ်ဖွဲ့များကို ပေါင်းစည်း၍ KNA ကိုတည်ထောင်ခဲ့ခြင်းဖြစ်သည်။ KNA ၏ ဥက္ကဋ္ဌမှာ ကယန်းအမျိုးသားခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအေး၏ သား ခွန်းဗဟန်းထန် ဖြစ်သည်။
KNA ကို တပ်ရင်း ရှစ်ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးဦးဆောင်ကော်မတီက နိုင်ငံရေးအရ ဦးဆောင်သည်။ ဖွဲ့စည်းပြီးနောက် တနှစ်ကျော်အတွင်း တပ်ရင်း ၁၃ ရင်းအထိ တိုးချဲ့နိုင်ခဲ့ကာ အခြားစစ်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်လျက်ရှိသည်။ KNA သည် စစ်သင်တန်းတက်မြောက်ထားပြီးသူများကို စုစည်း၍ တည်ထောင်ထားသည့် တပ်တတပ်ဖြစ်သဖြင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ကြသည့် ပုံစံမျိုးဖြင့် အဖွဲ့အစည်းကို တည်ဆောက်ထားသည်။ အခြေခံစစ်သင်တန်းများကို မပို့ချဘဲ အဆင့်မြင့်သင်တန်းနှင့် မွမ်းမံသင်တန်းများကိုသာ ပေးအပ်သည်။
ရည်ရွယ်ချက် ရည်မှန်းချက်
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖျက်သိမ်းရေး၊ ကယန်းနယ်မြေများကို ပေါင်းစည်းကာ ကယန်းပြည်နယ်တခု တည်ထောင်ရေး၊ လူမျိုးစုံ ချစ်ကြည်ရေးအခြေခံ ကယန်းအမျိုးသားနိုင်ငံရေးလမ်းစဉ်ကို လိုက်နာရေးမှာ KNA ၏ ရည်မှန်းချက်ဖြစ်သည်။
ကယန်းအမျိုးသားတပ်မတော်၏ အခြေခံမူ
၁။ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး
၂။ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ တစုတစည်းတည်းပြန်လည်ပေါင်းစည်းရေး
၃။ ကယန်းပြည်သူအပါအဝင် အဖိနှိပ်ခံ ဘဝတူပြည်သူတရပ်လုံးကို ကာကွယ်ပေးရေး
၄။ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေး
၅။ မဟာမိတ်တည်ဆောက်ရေး
၆။ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး
၇။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒဆန့်ကျင်ရေး
၈။ ဒီမိုကရေစီစနစ် ထွန်းကားရေး
၉။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး
ကယန်းအမျိုးသားတပ်မတော်၏ အမျိုးသားရည်မှန်းချက်
၁။ ကယန်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေး
၂။ အမျိုးသားတန်းတူရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖော်ဆောင်ရေး
၃။ မူယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးတိုက်ဖျက်ရေး
၄။ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး
၅၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
KNA သည် နိုင်ငံရေးဦးဆောင်ကော်မတီ၊ စစ်ရေးဦးဆောင်ကော်မတီနှင့် ဘဏ္ဍာရေးဌာနတို့ကို ဖွဲ့စည်းထားသည်။
နိုင်ငံရေးဦးဆောင်ကော်မတီ
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁ | ခွန်းဗဟန်းထန် | ဥက္ကဋ္ဌ |
| ၂ | ခွန်းသူရကျော် | ဒုတိယဥက္ကဋ္ဌ |
| ၃ | Mu Nihtwan | အတွင်းရေးမှူး |
| ၄ | ခွန်းရဲခေါင် | ကော်မတီအဖွဲ့ဝင် |
| ၅ | ခွန်းငိန်းရွှေနန်း | ကော်မတီအဖွဲ့ဝင် |
| ၆ | ခွန်းသူရကျော်ဇံ | ကော်မတီအဖွဲ့ဝင် |
| ၇ | ခွန်းမောင်ညို | ကော်မတီအဖွဲ့ဝင် |
နိုင်ငံရေးဦးဆောင်ကော်မတီဝင်ပေါင်း ခုနစ်ဦးအနက် လေးဦးကို မျိုးနွယ်စုကော်မတီကနေ ရွေးချယ်စေလွှတ်ခြင်းဖြစ်သည်။ မျိုးနွယ်စုကော်မတီတွင်ပါဝင်သည့် ကယန်းကငန်၊ ကယန်းလဝှီး၊ ကယန်းလထာနှင့် ကယန်းကဲဒေါ့ဟူ၍ မျိုးနွယ်စုလေးခုပါဝင်သည်။ ထို့အပြင် ပြည်သူကရွေးကောက်တင်မြှောက်သောသူများကလည်း နိုင်ငံရေးဦးဆောင်ကော်မတီတွင် ပါဝင်သည်။ နိုင်ငံရေးဦးဆောင်ကော်မတီသည် မူဝါဒနှင့် လမ်းစဉ်များချမှတ်ခြင်း၊ တပ်ဖွဲ့အတွင်း နိုင်ငံရေးပညာပေးခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်သည်။ အမှုအခင်းများကို နိုင်ငံရေးဦးဆောင်ကော်မတီအဖွဲ့က ခုံရုံးဖွဲ့စည်းပြီး စစ်ဆေးစီရင်သည်။
စစ်ရေးဦးဆောင်ကော်မတီ
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁ | ခွန်းဆာမူ | စစ်ဦးစီးမှူး |
| ၂ | ခွန်းဂျိုးဆက် | ဒုတိယစစ်ဦးစီးမှူး |
ဘဏ္ဍာရေးနှင့် ထောက်ပံ့ရေးဌာန
| စဉ် | အမည် | ရာထူး/တာဝန် |
| ၁ | ဆရာပေါ | စစ်ထောက်ချုပ် |
| ၂ | ဆရာကိုတော့ | ဒုတိယစစ်ထောက်ချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းဘဲ ခေတ်အဆက်ဆက် ကယန်းလူမျိုးတို့ မျှော်မှန်းခဲ့ကြသည့် ကယန်းအမျိုးသားတို့၏ ရပိုင်ခွင့်ကို မရနိုင်ဟူ၍ ယုံကြည်သည်။ အစိုးရအဆက်ဆက်တွင် ဒေသလေးခုကွဲနေသော ကယန်းဒေသများ (ရှမ်းပြည်နယ် ဖယ်ခုံနှင့် ပင်လောင်းဒေသ၊ မန္တလေးတိုင်း လယ်ဝေး၊ ရမည်းသင်းနှင့် ပျဉ်းမနားဒေသ၊ ကရင်ပြည်နယ် သံတောင်မြောက်ပိုင်းဒေသနှင့် ကရင်နီပြည်နယ် ဒီးမော့ဆိုဒေသ) ကို ပြန်လည်စုစည်း၍ ကယန်းပြည်နယ် တည်ထောင်လိုသည်။ စစ်ကောင်စီကို ဆန့်ကျင်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့နှင့်မဆို စစ်ရေးအရ လက်တွဲမည်ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
KNA တွင် တပ်မဟာဟူ၍ မရှိပေ။ မိုးဗြဲဗျူဟာ၊ ငွေတောင်ဗျူဟာနှင့် ပေါင်းလောင်းဗျူဟာဟူ၍ ဗျူဟာ သုံးခုဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဗျူဟာများအောက်တွင် တပ်ရင်း ၁၃ ရင်းရှိသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Khun Songdu ( Signal +959427180915)
Khun YaeKhaung ( Signal +959785187783)
