သမိုင်းအကျဉ်း
တည်ထောင်သည့်ခုနှစ် – ၁၉၅၇ ခုနှစ်၊ မေ ၂ ရက်။
ဌာနချုပ် – ညာမူ၊ ရှားတောမြို့နယ်၊ ကယား(ကရင်နီ)ပြည်နယ်။
လှုပ်ရှားဒေသ – ရှားတော၊ ဖရူဆို၊ ဒီမော့ဆို၊ ဖားဆောင်းနှင့် မော်ချီးမြို့နယ်။
ခန့်မှန်းအင်အား – ၃,၅၀၀ နှင့်အထက်။
ခေါင်းဆောင် – ခူဦးရယ်(ဥက္ကဋ္ဌ၊ အေဘယ်တွိဒ်(ဒုတိယ ဥက္ကဋ္ဌ) ၊ ဗိုလ်ချုပ် ဘီထူ(စစ်ဦးစီးချုပ်)၊ ဗိုလ်ချုပ် အောင်မြတ်(ဒုတိယ စစ်ဦးစီးချုပ်)။
KNPP ၏ ထူးခြားချက်သည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အဖြစ် လှုပ်ရှားလျက်ရှိသလို တဖက်တွင် ကရင်နီပြည်နယ်အစိုးရ တရပ်ကိုလည်း ထူထောင်ခဲ့သည်။
၁၉၈၆ ခုနှစ်၊ ဇွန်လတွင် KNPP ဗဟိုကော်မတီအစည်းအဝေး၌ အမျိုးသားကွန်ဂရက် ကျင်းပရေးကို စတင် ဆွေးနွေးခဲ့ပြီး ကယားပြည်နယ်အတွင်းမှ လူထုကိုယ်စားလှယ်များကို နယ်မြေအလိုက် ဖိတ်ခေါ်ခဲ့သည်။ ယင်းနောက် အမျိုးသားကွန်ဂရက်ကို ကျင်းပခဲ့ပြီး ကရင်နီပြည်ယာယီအစိုးရကို ဖွဲ့စည်းကာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ဥရောပနိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
၁၉၉၂ ခုနှစ်၊ ဇူလိုင်တွင် ယာယီအစိုးရအဖြစ်မှ ကရင်နီပြည်အစိုးရဟူ၍ ပြောင်းလဲဖွဲ့စည်းပြီး ကရင်နီဒေသအား တိုင်းပြည်တခုဖြစ်သည်ဟု သတ်မှတ်ကာ ကရင်နီပြည်သမ္မတနှင့် ဝန်ကြီးချုပ်တို့ကို ခန့်အပ်ခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတအစိုးရ) လက်ထက်တွင် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သည့် အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ကရင်နီပြည်သမ္မတ စောမော်ရယ် ဦးဆောင်သည့် အဖွဲ့နှင့် ဆွေးနွေးခဲ့သည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်ငြိမ်းချမ်းရေး စာချုပ် နှစ်စောင် ချုပ်ဆိုခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရန် ဆက်လက်ဆွေးနွေးခဲ့သည်။
NCA တွင် လက်မှတ်ရေးထိုးရန် ဆွေးနွေးနေချိန် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် KA ၏ တပ်စခန်းတခုကို စစ်တပ်က ဝင်တိုက်ခိုက်သဖြင့် ကရင်နီတပ်ဖွဲ့ဘက်မှ သုံးဦးနှင့် အရပ်သားတဦး သေဆုံးရာ နှစ်ဖက် ဆက်ဆွေးနွေးရန် မပြေလည်တော့ဘဲ ကရင်နီလူထုနှင့် စစ်တပ်ကြားတွင်ပါ မကျေလည်မှု မြင့်တက်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်မှုကို KNPP က လက်မခံကြောင်း ကန့်ကွက်ကာ ဒေသတွင်း အသစ်ပေါ်ထွက်လာသည့် ကရင်နီတော်လှန်ရေးတပ်များကို စစ်သင်တန်းပေးခြင်း၊ ဦးဆောင်မှု ပြုလုပ်ပေးခြင်း နှင့် ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ခြင်းများ လုပ်ဆောင်လျက် ရှိသည်။ စစ်အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တွင် KA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးသည် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
KNPP
(၁) | ခူဦးရယ် | ဥက္ကဋ္ဌ |
(၂) | အေဘယ်တွိဒ် | ဒုတိယဥက္ကဋ္ဌ |
(၃) | ခူပလူးရယ် | အထွေထွေအတွင်းရေးမှူး |
(၄) | ခူဒယ်နီရယ် | အတွင်းရေးမှူး (၁) |
(၅) | အောင်ဆန်းမြင့် | အတွင်းရေးမှူး (၂) |
(၆) | စောခဲလေ | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
(၇) | ခူတော်ရယ်(အက်စ်) | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
(၈) | ခူညေးရယ် | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
(၉) | စောလုသာသန်း | ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် |
KA
(၁) | ဗိုလ်ချုပ် ဘီထူး | စစ်ဦးစီးချုပ် |
(၂) | ဗိုလ်ချုပ် အောင်မြတ် | ဒုတိယစစ်ဦးစီးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ မတ် ၇။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ်၊ ဇွန် ၉။
စုဖွဲ့မှု
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ပေးသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် ဖြစ်သည်။ ထို့အပြင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (Karenni State Consultative Council – KSCC) ၏အဖွဲ့ဝင်လည်းဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် KNPP သည် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ပြီး တဖက်တွင် KA သည် မြို့နယ်အလိုက် ဖွဲ့စည်းမည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော်(KNDF)နှင့် ပြည်သူ့ကာကွယ် ရေးတပ်(PDF) များ တည်ထောင်နိုင်ရန် စစ်သင်တန်းများ ပေးခြင်း၊ လက်နက်ခဲယမ်းအချို့ကို ကူညီပေးခြင်း များ ပြုလုပ်ခဲ့သည်။
KNPP ၏ အမြဲတမ်းကော်မတီဝင် တဦးဖြစ်ပြီး ကရင်နီပြည်အစိုးရ၏ ပြည်ထဲရေးနှင့် အုပ်ချုပ်ရေး ယန္တရားတွင် ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည့် ခူထဲဘူးသည် လက်ရှိတွင် NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတွင် ဒုတိယပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။
KA ထံမှ စစ်သင်တန်းဆင်းကာ ဖွဲ့စည်းလာသည့် KNDF နှင့် PDF များသည်လည်း စစ်ကောင်စီနှင့် ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ယနေ့ထိ တိုက်ခိုက်လျက် ရှိသည်။ ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအနက် အချို့တိုက်ပွဲများတွင် KA မှ တပ်မှူးများက KNDF၊ PDF တပ်များကို ဦးဆောင်ပေးလျက် ရှိသည်။
KNPP ၏ ရှေ့လုပ်ငန်းစဥ်များသည် ကရင်နီပြည်အတွင်း ကရင်နီလူမျိုးများအပေါ် စစ်ကောင်စီ၏ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းမှတ်တမ်းပြုစုပြီး အရေးယူနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေစဉ်ကာလအတွင်း ကရင်နီပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ၊ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရန်တို့ ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ထုတ်ပြန်ကြေညာထားသည်။
KNPP/KA သည် ကယားပြည်နယ်အတွင်း၌လည်း ၂၀၂၀ ခုနှစ် ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ကို ထပ်မံ ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော်အား ဖက်ဒရယ်ပြည်ထောင်စုအဖြစ် မတည်ဆောက်နိုင်သေးမီ ကြားကာလတွင် KSCC သည် ကရင်နီအမျိုးသားများ၏ မူလအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော်နိုင်ရေး ဟူသည့် ရည်ရွယ်ချက်ထားရှိပြီး ကရင်နီပြည်နယ် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း၊ ပြည်နယ်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးများကို အကောင်အထည်ဖော်ခြင်းတို့ကို ထိုကောင်စီက ဆောင်ရွက်မည် ဖြစ်သည်။
KSCC သည် CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင်များ အများစု ပါဝင်ပြီး အင်အား ၂၅၀ ရှိသည့် ကရင်နီပြည် ရဲတပ်ဖွဲ့(KSP) ကို ၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ၎င်း၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်း KSP သည် အကြမ်းဖက်နှိမ်နင်းရေး၊ ရိန်းဂျားကယ်ဆယ်ရေး၊ ထောက်လှမ်းရေး၊ မှုခင်းနှင့် ရုံးပိုင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက် ရှိသည်။
ကရင်နီပြည်နယ်(ကယားပြည်နယ်) အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားကိုလည်း ရပ်တန့်သွားစေရန် ဦးတည်တိုက်ခိုက်လျက်ရှိကာ ပြည်နယ်တခုလုံး၌ ရွာပေါင်း ၇၀၀ ကျော် ရှိသည့်အနက်မှ ၄၀၀ ခန့်ကို ကိုယ်ထူကိုယ်ထ စီမံအုပ်ချုပ်မှုစနစ်ဖြင့် လည်ပတ်နေပြီဟု KSCC က ၂၀၂၂ ခုနှစ်၊ ဖေဖေဝါရီ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ဆက်ဆံရေးရုံးများ
၁။ လွိုင်ကော် (၂၅-၇-၂၀၁၂)။
၂။ ရှားတော (၁-၈-၂၀၁၂)။
၃။ ဖားဆောင်း (၂၇-၇-၂၀၁၂)။
တပ်မဟာများ
KNPP တွင် တပ်မဟာဟူ၍ မထားရှိဘဲ ဗဟိုဦးစီးတပ်ရင်းနှင့် တပ်ရင်း လေးရင်း ဖွဲ့စည်းထားသည်။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/knicinfo/
Email: [email protected]
Website : http://www.knic.info