သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၄၇ ဖေဖော်ဝါရီ ၅ ရက်
ဌာနချုပ်- ကော်သူလေး
ထိန်းချုပ်ဒေသ – ဘားအံ၊ ဖာပွန်၊ ကော့ကရိတ် ၊ကြာအင်းဆိပ်ကြီး ၊ကျိုက်ဒုံ၊ သံတောင် ၊ညောင်လေးပင် ၊ တောင်ငူ၊ လှိုင်းဘွဲ့
ခန့်မှန်းအင်အား- ၅၀၀၀ အထက်
ခေါင်းဆောင်- ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး(ဥက္ကဋ္ဌ)၊ ပဒိုစောကွယ်ထူးဝင်း(ဒုတိယဥက္ကဋ္ဌ) ကရင်အမျိုးသားအစည်းအရုံးKaren National Union (KNU)ကို ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ကို ဆင်နွဲသည့်အဖွဲ့အဖြစ် လူသိများပြီး လွတ်လပ်ရေးရပြီးကာစမှ စတင်တိုက်ပွဲဝင်ခဲ့သောအဖွဲ့လည်း ဖြစ်သည်။ KNU ၏ နှစ်ပေါင်း ၇၀ကျော်ကြာ ဖြတ်သန်းမှုအတွင်း အဖွဲ့စည်းအသီးသီးနှင့် ပုဂ္ဂိုလ်များစွာ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါခဲ့သည်။ ယခင်က အစည်းအရုံး၏ လက်နက်ကိုင်တပ်မှာ ကေအင်ဒီအို Karen National Defense Organization (KNDO) ဖြစ်ပြီး ယခု ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ဖြစ်သည်။
Democratic Karen Buddhist Army (DKBA) မှာ KNU မှ ခွဲထွက်သွားသော လက်နက်ကိုင် အဖွဲ့ အစည်းဖြစ်သည်။
KNU မှ နောက်ဆုံးခွဲထွက်သွားသော လက်နက်ကိုင် အဖွဲအစည်းမှာ KNU/KNLA(PC) ဖြစ်သည်။၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် KNU အား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။
NCA လက်မှတ်ရေးထိုးထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးအခန်းကဏ္ဍမှ ဦးဆောင်ပါဝင်လျှက်ရှိသည့် KNU အနေဖြင့် ၂၀၁၈ နှစ်ကုန်ခါနီးမှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့သည်။
ထို့ပြင် KNU သည် ၂၀၁၉ ခုနှစ် မေလအတွင်းက ငါးရက်ကြာ ပြုလုပ်သည့် NCA-S-EAOs ထိပ်သီးအစည်း အဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ နုတ်ထွက်ကြောင်း တင်ပြခဲ့သည့်အပြင် NCA လက်မှတ်ထိုးအဖွဲ့များသာမက မထိုးရသေးသည့်အဖွဲ့များ၊ အခြားနိုင်ငံရေးဆိုင်ရာအဖွဲ့များပါဝင်သော ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အတိုင်ပင်ခံအစည်းအဝေး(PPCM)ကို ဖွဲ့စည်းလိုကြောင်း အဆိုပြုထားသည်။
ရည်ရွက်ချက် ရည်မှန်းချက်
ရည်မှန်းချက်
ကရင်အမျိုးသားသည် လူမျိုးတမျိုး၏ လက္ခဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝသော အေးချမ်းသာယာပြီး လွတ်လပ်သော အခွင့်အရေး အပြည့်အဝ ရှိခြင်း၊ ခေတ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတတ်စေခြင်းကို ရယူစေလိုသည်။
ရည်ရွယ်ချက်များ
(၁) ကရင်အမျိုးသားများ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော အခွင့်အရေးများကို ရရှိခံစားနိုင်ရန်။
(၂) တရားမျှတသော အကျယ်အဝန်းရှိ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် ကော်သူးလေ (ခ) ကရင်ပြည် သို့မဟုတ် ကရင်ပြည်နယ်ကို ဖွဲ့စည်းတည်ထောင်ရန်။
(၃) ဒီမိုကရေစီနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်။
(၄) ကရင်ပြည်နယ်နှင့် ပြည်ထောင်စုအတွင်းရှိ ကရင်လူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံး ဒီမိုကရေစီ အခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်ရန်တို့ ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
KNU တွင် ဗဟိုအမြဲတမ်းကော်မတီဝင် ၅၅ ဦးရှိပြီး ထိုထဲမှ ဥက္ကဋ္ဌ၊ ဒုတိဥယက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)နှင့် (၂) နှင့် ဗဟိုကော်မတီဝင်များကို ကွန်ဂရက်အစည်းအဝေးများ ကျင်းပကာ လျှို့ဝှက်မဲဖြင့် ရွေးချယ်သည့် စနစ်ကျင့်သုံးသည်။
KNU
(၁) | ပဒိုစောကွယ်ထူးဝင်း | ဥက္ကဋ္ဌ |
(၂) | ပဒိုစောဆဲဂေ | ဒုတိယဥက္ကဋ္ဌ |
(၃) | ပဒိုစောတာဒိုမူး | အထွေထွေအတွင်းရေးမှူး |
(၄) | ပဒိုစောသောသီဘွဲ | တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) |
(၅) | ပဒိုစောလှထွန်း | တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) |
(၆) | ပဒိုစောအယ်ကလူစေး | ဗဟိုကော်မတီဝင် |
(၇) | ပဒိုစောတောနီး | ဗဟိုကော်မတီဝင် |
(၈) | ပဒိုမူနော်ဒါးဒါး | ဗဟိုကော်မတီဝင် |
(၉) | ပဒိုစောလာအယ်မူး | ဗဟိုကော်မတီဝင် |
(၁၀) | ဗိုလ်ချုပ်ကြီး စောဂျော်နီ | ဗဟိုကော်မတီဝင် |
(၁၁) | ဗိုလ်မှူးချုပ် စောတာမလာသော | ဗဟိုကော်မတီဝင် |
KNLA
(၁) | ဗိုလ်ချုပ်ကြီး စောဂျော်နီ | စစ်ဦးစီးချုပ် |
(၂) | ဗိုလ်ချုပ် ဘော်ကျော်ဟဲ | ဒုတိယစစ်ဦးစီးချုပ် |
KNDO
(၁) | ဒုဗိုလ်မှူးကြီး စောရှီးလေ | စစ်ဦးစီးချုပ် |
၁၇ ကြိမ်မြောက် KNU ဗဟိုကွန်ကရက်အစည်းအဝေးကို ဧပြီ ၄ ရက် မှ ၅ ရက် ၂၀၂၃ ခုနှစ် အထိ နယ်စပ်ဒေသရှိ လွတ်မြောက်နယ်မြေဖြစ်သော ဘားအံခရိုင် တပ်မဟာ(၇) လေးဝါးတပ်စခန်းတွင် ပြုလုပ်ခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ် – ၂၀၁၂ ခုနှစ် ဧပြီ ၇ ရက်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) – ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်။
စုဖွဲ့မှု
KNU သည် NCA တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST(Peace Process Steering Team)တွင် ပါဝင်သည်။ NUG အတွက် မူဝါဒများနှင့် မဟာဗျူဟာများ ချမှတ်ပေးရသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တွင်လည်း အဖွဲ့ ဝင်ဖြစ်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်ကအာဏာသိမ်းပြီး နောက်တရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်တွင် KNU သည် စစ်တပ်က ဖမ်းဆီးခံထားရသူများကို ခြွင်းချက်မရှိ လွှတ်ပေးကာ နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊ KNU အနေနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသားပြည်သူလူထုတရပ်လုံးနှင့် အတူရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များက NCA အရ ဆွေးနွေးမှုများကို ဆက်လုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဆက်လက်ဆွေးနွေးခြင်း မရှိပါ။
KNLA ၏ တပ်မဟာ (၁)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့သည်လည်း စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၅) သည် စစ်ကောင်စီ၏ ရှေ့တန်းအခြေစိုက် တပ်စခန်းများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တပ်စခန်းတချို့ ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ သိမ်းယူခြင်းများ ပြုလုပ်ခဲ့သည်။ မူတြော်ခရိုင်(ဖာပွန်ခရိုင်) နှင့် လေးကေ့ကော်မြို့တို့တွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ တိုက်ပွဲများကြောင့် ကရင်လူထု ၂၅၀,၀၀၀ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။
KNU/KNLA သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်လည်း နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှုများ ရှိသည်။
KNLA တပ်မဟာ (၅)၏ ထိပ်သီးအရာရှိတဦးဖြစ်သည့် ပဒိုမန်းမန်းသည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ(EHOs) ပူးတွဲဖွဲ့စည်းထားသည့် အမျိုးသားကျန်းမာရေးကော်မတီ (NHC) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (CTF) တွင်လည်း တာဝန်ခံ တဦးဖြစ်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်၌ စစ်ကောင်စီ ကျင်းပပြုလုပ်သည့် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ KNU ၏ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်း တတ်ရောက်ခဲ့သည်။ မတ်လမှစ၍ စစ်ကောင်စီသည် KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်းသို့ ထိုးစစ်ဆင်လာရာ စစ်ရေးတင်းမာမှုများ ခဲ့သည်။
ဆက်ဆံရေးရုံးများ
(၁) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး ။
(၂) ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး ။
(၃) ဘားအံမြို့၊ ကရင်ပြည်နယ် ။
(၄) ဘုရားသုံးဆူမြို့၊ ကရင်ပြည်နယ် ။
(၅) မြဝတီမြို့၊ ကရင်ပြည်နယ် ။
(၆) သထုံမြို့၊ မွန်ပြည်နယ် ။
စီးပွားရေးရုံးများ
(၁) မော်လမြိုင်မြို့(နိုဝင်ဘာ ၂၂၊ ၂၀၁၃)။
(၂) ဘားအံမြို့။
(၃) ရန်ကုန်မြို့။
တပ်မဟာများ
တပ်မဟာ ခုနစ်ခုရှိပြီး အောက်ပါအတိုင်းဖြစ်သည်။
(၁) တပ်မဟာ(၁) – သထုံခရိုင်။
(၂) တပ်မဟာ (၂) – တောင်ငူခရိုင်။
(၃) တပ်မဟာ (၃) – ညောင်လေးပင်ခရိုင်။
(၄) တပ်မဟာ (၄) – ထားဝယ်ခရိုင်။
(၅) တပ်မဟာ (၅) – မူတြော်(ဖာပွန်)ခရိုင်။
(၆) တပ်မဟာ (၆) – ဒူးပလာယာခရိုင်
(၇) တပ်မဟာ (၇) – ဘားအံခရိုင်။
ယင်းတို့အောက်တွင် တပ်ရင်း (၁၆) ခုနှင့် အထူးတပ်ရင်းများဖြစ်သည့် (၁) ဗဟိုအထူးတပ်ရင်း ၂ဝ၁ နှင့် (၂) ဗဟိုအထူးတပ်ရင်း ၂ဝ၂ တို့လည်း ပါဝင်သည်။
(မှတ်ချက်။ ။ KNU/KNLA ၏ တပ်မဟာများ အခြေစိုက်လှုပ်ရှားရာ ခရိုင်များသည် KNU/KNLA ၏ ဖွဲ့စည်းပုံအရ သတ်မှတ် ထားသည့် ခရိုင်ဖြစ်ပြီး အစိုးရ၏ သတ်မှတ်ချက်နှင့် မတူပါ။)
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: http://www.knuhq.org
Facebook: https://www.facebook.com/knuheadquartersofficial/
Email: [email protected]
Phone : ပဒိုစောကွယ်ထူးဝင်း – 09422191941 , +66818076279
ပဒိုစောတာဒိုမှူး – 09795887085 , +66646459113