သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်။
ဌာနချုပ် – ကလေးဒေသ။
လှုပ်ရှားဒေသ – ဖလမ်းမြို့နယ်၊ ကလေးဒေသ နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – မသိရပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကလေးဒေသအတွင်း သပိတ်ကာလများတွင် ပြန်လည်ခုခံတိုက်ရန် Kalay Civil Army (KCA) ကိုဖွဲ့စည်းခဲ့သည်။ မကြာမီတွင်ပင် KCA က တဆင့် ဖလမ်းအခြေစိုက် CNO/CNDF နှင့် တီးတိန်အခြေစိုက် PDF-Zoland သို့ ဝင်ရောက်သွားသူများ ရှိသကဲ့သို့ CDF – KKG, PDF Kalay ဟူသော အဖွဲ့အသစ်များလည်း ပေါ်ပေါက်လာခဲ့သည်။
ကလေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ အင်အားစုများကို စုစည်းကာ PDF Kalay ကို ၂၀၂၁ခုနှစ် မေလ ၂၄ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အစောပိုင်းတွင် ဒေသတွင်း တပ်ဖွဲ့အဖြစ် NUG-MOD၊ စစ်ဒေသ အမှတ် (၁) ၏ ကွပ်ကဲမှုအောက်တွင် လှုပ်ရှားခဲ့သည်။ ၂၀၂၃ အတွင်းတွင် PDF-Kalay ၏ ဗဟိုကွပ်ကဲမှုအဖွဲ့က ဦးဆောင်သူများ၊ တပ်ရင်း (၁) နှင့် တပ်ရင်း (၇) က ရဲဘော်များသည် ဒေသအခြေပြုတော်လှန်ရေးချဉ်းကပ်မှုကို ပြုလုပ်လိုသည့် ရည်မှန်းချက်ဖြင့် NUG MOD စစ်ဒေသ အမှတ် (၁) ကွပ်ကဲမှုအောက်ကနေ နှုတ်ထွက်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကလေးဒေသတော်လှန်ရေးတပ် (KRF) ကို တည်ထောင်ခဲ့ကြသည်။
ကလေးဒေသတော်လှန်ရေးတပ် (KRF) သည် ကလေးဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်နေသည့်အပြင် ချင်းညီနောင်အဖွဲ့၏ ဖိတ်ခေါ်မှု ဖြင့် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့တွင် စတင်ဆင်နွှဲခဲ့သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲ (Operation CB) တွင် ပါဝင်ခဲ့သည်။ ကလေးဒေသတော်လှန်ရေးတပ် (KRF) သည် မြေပြင်တိုက်ပွဲများတွင် CNA၊ CC၊ CDF-KKG တို့နှင့် ပူးပေါင်းတိုက်ခိုက်လျက်ရှိသကဲ့သို့ NUG-MOD လက်အောက်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ပူးတွဲတိုက်ပွဲဝင်လျက် ရှိသည်။ ထို့အပြင် ဖလမ်း၊ တီးတိန်အခြေစိုက် ချင်းညီနောင်အဖွဲ့များနှင့်လည်း နီးကပ်သည့်ဆက်ဆံရေးရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
စစ်အာဏာရှင်စနစ်အားအပြီးသတ် အမြစ်ဖြတ်ခြေမှုန်းနိုင်ရေး၊ တရားမျှတလွတ်လပ် သောနိုင်ငံတော်သစ်ပေါ်ထွန်းရေးအတွက် ကလေးဒေသအတွင်း၌ သမိုင်းပေးတော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရေးနှင့် စစ်အာဏာရှင်စနစ်လက်အောက်မှ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက် ရေးအတွက် ကလေးဒေသအတွင်းနှင့် နိုင်ငံတဝန်းလုံးရှိတော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီစွာ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်ပြီး လက်နက်ကိုင်တိုင်ပွဲဝင်ရေးတို့ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ကလေးဒေသ တော်လှန်ရေးတပ် (KRF) ၏ ဖွဲ့စည်းပုံတွင် ကွပ်ကဲရေးအဖွဲ့က ဗဟိုဦးဆောင်ကွပ်ကဲအုပ်ချုပ်မှုကို ဆောင်ရွက်ပြီး ကွပ်ကဲရေးအဖွဲ့၏ လက်အောက်တွင် တိုက်ခိုက်ရေးတပ်ရင်းများနှင့် လက်ရုံးဌာနများ ပါဝင်ဖွဲ့စည်းထားသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် သုံးရက်တာ ညီလာခံကျင်းပကာ အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ၏ အဖွဲ့ဝင်ဖြစ်သည်။ ထိုတပ်ပေါင်းစုတွင် ကလေးဒေသတော်လှန်ရေးတပ် (KRF) အပြင် အခြားသော အဖွဲ့များဖြစ်သည့် 96 Soldiers PDF၊ ဗမာ့တပ်တော် (BA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ချင်းညီနောင် (CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ Force for Federal Democracy (FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PNDF-KK)/(PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) တို့ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
ကလေးဒေသတော်လှန်ရေးတပ် (Kalay Revolution Force – KRF) သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသောတပ် ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများအားလုံး အပေါ်တွင် နှစ်ပေါင်းများစွာ ဖိစီးနှိပ်စက်ခဲ့သော အာဏာရှင်စနစ်ကို အဆုံးသတ်စေရေး၊ စစ်အာဏာရှင်နှင့်အတူ လက်နက်အားကိုးဝါဒ၊ လူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒနှင့် အားကြီးသူသာ အစဉ်အမြဲ အနိုင်ရစိုးမိုးသော အခြေအနေတို့ကို အဆုံးသတ်စေ၍ လွတ်လပ်သော၊ တန်းတူညီမျှပြီး တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို ဦးတည်ရေးဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
KRF တွင် တပ်မဟာဟူ၍ သတ်မှတ်ထားခြင်းမရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
https://www.facebook.com/krfkalay
Last Updated on March 11, 2026
