သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၅ ရက်။
ဌာနချုပ် – လိုင်ဇာမြို့၊ ကချင်ပြည်နယ်။
လှုပ်ရှားဒေသ – ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း။
ခန့်မှန်းအင်အား – ၁၂,၀၀၀ မှ ၁၅,၀၀၀ ကြား။
ခေါင်းဆောင် – ဗိုလ်ချုပ်ကြီး အင်ဘန်လ(ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်(ဒုတိယဥက္ကဋ္ဌ – ၁)။
မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများမှတဆင့် ကချင်လူငယ် တက္ကသိုလ်ကျောင်းသား ခုနစ်ဦး ဦးဆောင်သည့် 7 Stars အဖွဲ့က KIO ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ၌ စတင်ဖွဲ့စည်းခဲ့သည်။
KIO ဖွဲ့စည်းပြီး သုံးလအကြာ၊ ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် KIC ကို ထပ်မံဖွဲ့စည်းခဲ့သည်။ စစ်ရေးလက်တံဖြစ်သည့် KIA ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် KIC ၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၌ ဖွဲ့စည်းသည်။
KIA စတင်တည်ထောင်စက လားရှိုးနှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်း လှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် ကချင်ပြည်နယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အခြေစိုက်ခဲ့သည်။
၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ၁၇ နှစ်ကြာ ထိန်းသိမ်းနိုင်ခဲ့သည်။ ယင်းအပစ်ရပ်စဲထားစဥ်ကာလတွင် KIA က အုပ်ချုပ်ရေးယန္တရားများ ထူထောင်ခဲ့ပြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ ခရိုင် လေးခရိုင်ခွဲကာ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သည်။
၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်တွင် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ်စီမံကိန်း၏ လုံခြုံရေးနှင့်ပတ်သက်၍ စစ်တပ်နှင့် KIA တို့အကြား သဘောထားမတိုက်ဆိုင်ဖြစ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထို့နောက် အပစ်အခတ်ရပ်စဲရေးစာချုပ်များ ချုပ်ဆိုနိုင်ရန် KIA နှင့် အစိုးရ၊ စစ်တပ်တို့ကြား ၂၀၁၁ မှ ၂၀၂၀ ပြည့်နှစ်အထိ ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ပေ။
ရည်ရွက်ချက် ရည်မှန်းချက်
KIO/KIA ၏ မူလရည်ရွယ်ချက်သည် သီးခြား လွတ်လပ်သည့် နိုင်ငံတခုထူထောင်ရန် ဖြစ်သည်။ လက်ရှိ KIO/KIA ၏ ရည်ရွယ်ချက်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး တန်းတူညီမျှ ရရှိရေး၊ အာဏာနှင့် သယံဇာတ ခွဲဝေသုံးစွဲပိုင်ခွင့် ရှိရေးတို့ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ကျင့်သုံးသည့် ပြည်ထောင်စုသစ် တည်ဆောက်ရေး ဖြစ်သည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
KIO
(၁) | ဦးလညော်ဇောင်းဟရား | နာယက/ အကြံပေး |
(၂) | ဗိုလ်ချုပ်ကြီး အင်ဘန်လ | ဥက္ကဋ္ဌ |
(၃) | ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင် | ဒုတိယ ဥက္ကဋ္ဌ (၁) |
(၄) | ဦးဆွတ်လွတ်ဂမ် | ဒုတိယ ဥက္ကဋ္ဌ(၂) |
(၅) | ဦးကွန်ထပ်ထိန်နန် (ခ) ဦးလနန် | အတွင်းရေးမှူး |
KIC
(၁) | ဗိုလ်ချုပ်ကြီး အင်ဘန်လ | ဥက္ကဋ္ဌ |
(၂) | ဒုတိယ ဗိုလ်ချုပ်ကြီး ဆွတ်လွတ်ဂွန်မော် | ဒုတိယ ဥက္ကဋ္ဌ (၁) |
(၃) | ဗိုလ်ချုပ် ဇောင်းဘုတ်ထန်း | ဒုတိယ ဥက္ကဋ္ဌ (၂) |
(၄) | ဗိုလ်ချုပ် ဇော်ရော် | အတွင်းရေးမှူး |
KIA
(၁) | ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင် | စစ်ဦးစီးချုပ် |
(၂) | ဗိုလ်ချုပ် ခေါင်လွမ်း | ဒုတိယစစ်ဦးစီးချုပ် |
(၃) | ဗိုလ်ချုပ် မရစ်အောင်ဆိုင်းလာ | ဒုတိယစစ်ဦးစီးချုပ် |
(၄) | ဗိုလ်မှူးချုပ် မရန်ဇော်တောင် | စစ်ဦးစီးဗိုလ်မှူးချုပ် |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
KIA သည် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)တွင် ဦးဆောင်ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ရေးဆွဲရာတွင်လည်း အစမှ အဆုံးထိတိုင် ပါဝင်ခဲ့သည်။
အပစ်ရပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း KIA ၏ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်များအား အစိုးရနှင့် စစ်တပ်တို့က သက်တမ်းနုသော အဖွဲ့သစ်များ၊ အင်အားသေးငယ်သည့် အဖွဲ့များဟုဆိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် ဖယ်ကြဉ်ထားခဲ့ရာ အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားသည့် နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ပြတ်တောက်သည်အထိ မကျေမလည်ဖြစ်ခဲ့သည်။ ထိုအချိန်တွင် KIA ၏ ရှေ့တန်းစစ်မျက်နှာ အများစုသည်လည်း စစ်တပ်နှင့် စစ်ရေးတင်းမာလျက်ရှိသည်။
၂၀၁၆ ခုနှစ်တွင် KIA ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်ပြုလုပ်သည့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်ညီလာခံတွင် ပါဝင်တက် ရောက်ပြီး ဝ အပါအဝင် မြန်မာ-တရုတ် နယ်စပ်တကြောတွင် အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးမဟာမိတ် ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC – Federal Political Negotiation and Consultative Committee) ဖြစ်ပြီး UWSA က ဥက္ကဋ္ဌ၊ KIA က ဥက္ကဋ္ဌ ( ၂ )၊ အခြားတိုင်းရင်းသားတပ်ဖွဲ့များ ဖြစ်သည့် NDAA၊ SSPP/SSA၊ MNDAA၊ TNLA နှင့် AA တို့က အတွင်းရေးမှူးအဖွဲ့ဝင်များ အဖြစ်ပါဝင်သည်။
FPNCC သည် ဖက်ဒရယ်ရပိုင်ခွင့်ထက် ကျော်လွန်သော နိုင်ငံရေးတောင်းဆိုမှုများ ပါဝင်သည့် တောင်းဆိုချက် စာတမ်းတစောင်နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အသစ်တစောင်ကို ဆွေးနွေးပေးရန် တောင်းဆိုထားရာတွင် KIO/KIA ကလည်း ထောက်ခံပါဝင်ခဲ့သည်။
တဖက်တွင် KIA သည် MNDAA၊ TNLA နှင့် AA တို့နှင့် မြောက်ပိုင်းမဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေးမဟာမိတ် ထပ်မံ ဖွဲ့စည်းထားကာ ၎င်းမဟာမိတ် လေးဖွဲ့သည် ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင်ကို တပြိုင်တည်း ရေးထိုးနိုင်ရေးကိုလည်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လအထိ အစိုးရ၊ စစ်တပ် ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်ပြယ်ခဲ့သည်။
စုဖွဲ့မှု
KIO သည် UWSP ဦးဆောင်ပြီး နိုင်ငံရေးရာမဟာမိတ်အဖွဲ့ဖြစ်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ရေးကော်မတီ(FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အတွက် မူဝါဒများနှင့် မဟာဗျူဟာများ ချမှတ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)တွင်လည်း အဖွဲ့ ဝင်အဖြစ်ပါဝင်သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉ မှ ၂၀၂၀ ပြည့်နှစ် အတွင်း စစ်တပ်နှင့် KIA ကြား ပစ်ခတ်တိုက်ခိုက်မှု မဖြစ်စေရန် ညှိနှိုင်းကာ မြေပြင်၌ တည်ငြိမ်မှုရှိစေရန် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် အာဏာ သိမ်းပြီးနောက်တွင် ကချင်ပြည်နယ်တွင်း စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း မလုပ်ရန် KIA က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ် ၉ ရက်တွင် မြစ်ကြီးနားမြို့၌ ဆန္ဒပြလူထုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ နှစ်ဦးသေဆုံးခဲ့သည်။ ထိုဖြစ်ရပ် ဖြစ်ပြီး သုံးရက်အကြာ မတ် ၁၁ ရက်တွင် KIA က ဖားကန့်မြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ထိုးစစ်ဆင်ခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်မဟာ ၄ နှင့် ၆ တို့ကိုလည်း တရုတ်၏ ဓာတ်ငွေ့ပိုက်လိုင်းများကို ရှောင်ရှားပြီး စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်ရန် ဗဟိုက အမိန့်ညွှန်ကြားစာ ပေးပို့ခဲ့သည်။
မတ် ၂၅ ရက်တွင် မြန်မာ-တရုတ်နယ်စပ်အနီးတွင် တည်ရှိပြီး မြစ်ကြီးနား-ဗန်းမော် ကားလမ်းမအား စစ်ရေးအရ လွှမ်းမိုးထားနိုင်သည့် အလော့ဘွမ်တောင်ကုန်းကို KIA က တိုက်ခိုက် သိမ်းယူခဲ့သည်။
KIA သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်လည်း နိုင်ငံရေးဆိုင်ရာကိစ္စရပ်များကို ပူးတွဲဆွေးနွေး သည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များကိုလည်း စစ်သင်တန်းပေးလျက် ရှိသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA သည် စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်-စစ်ကိုင်းနယ်စပ်နှင့် ပူတာအိုမြို့နယ်တို့တွင် KIA မှာ PDF နှင့် ပူးတွဲ၍ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
KIA တွင် တပ်မဟာ ၁၀ ခု ရှိပြီး တပ်မဟာ ၁၊ ၂၊ ၃ ၊ ၅၊ ၇ နှင့် ၈ တို့သည် ကချင်ပြည်နယ်အတွင်း၌ လှုပ်ရှားပြီး တပ်မဟာ ၄၊ ၆ နှင့် ၁၀ တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားသည်။
ထိုတပ်မဟာ ၁၀ ခု၏ အောက်တွင် လှုပ်ရှားတပ်မ နှစ်ခု၊ အထူးတပ်ရင်း သုံးခု၊ သက်ဆိုင်ရာ ဒေသ အခြေစိုက်တပ်ရင်း ၂၄ ခု၊ ဒေသတခုနှင့် တခု လှုပ်ရှားသွားလာသည့် လှုပ်ရှားတပ်ရင်း ၂၇ ခု ရှိသည်။
တပ်မဟာ ၁၀ ခု လှုပ်ရှားရာ နယ်မြေများသည် အောက်ပါအတိုင်း ဖြစ်သည်။
အမှတ်စဥ် | တပ်မဟာများ | လှုပ်ရှားဒေသများ |
(၁) | တပ်မဟာ ၁ | ပူတာအိုခရိုင် |
(၂) | တပ်မဟာ ၂ | တနိုင်းမြို့နယ် |
(၃) | တပ်မဟာ ၃ | ဗန်းမော်ခရိုင် |
(၄) | တပ်မဟာ ၄ | ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ် |
(၅) | တပ်မဟာ ၅ | ဗဟိုဌာနချုပ်နယ်မြေအစိတ်အပိုင်းဖြစ်သည့် လိုင်ဇာ၊ လိုင်စင်ဒေ သ၊ ဝိုင်းမော်မြို့နယ် နှင့် ဆဒုံးမြို့နယ် |
(၆) | တပ်မဟာ ၆ | မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ |
(၇) | တပ်မဟာ ၇ | မြန်မာ-တရုတ်နယ်စပ်၊ ပန်ဝါဒေသ၊ ချီဖွေနှင့် ဖရဲဒေသ |
(၈) | တပ်မဟာ ၈ | မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် ကချင်-စစ်ကိုင်း နယ်စပ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ ကသာမြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် ခန္တီး မြို့နယ် |
(၉) | တပ်မဟာ ၉ | မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် |
(၁၀) | တပ်မဟာ ၁၀ | ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲဒေသ၊ သိန္နီ-ကွမ်းလုံ ကားလမ်းတ လျှောက်၊ ဗန်းမော်ခရိုင်အတွင်းရှိ မန်ဂျယ် (လွယ်ဂျယ်)မြို့နယ်နှင့် လွယ်ဒေါင်ဒေသ |
ဆက်သွယ်နိုင်သည့်လိပ်စာ
Website: http://kachinnet.net/
Email: [email protected]
Phone: ဗိုလ်မှူးကြီး နော်ဘူ – +8615969236886