သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် စက်တင်ဘာလ။
ဌာနချုပ် – ချင်းပြည်နယ်နှင့် ယောဒေသတို့တွင် ယာယီဌာနချုပ် အခြေစိုက်သည်။
လှုပ်ရှားဒေသ – မကွေးတိုင်း မင်းဘူးခရိုင်နှင့် ဂန့်ဂေါခရိုင်၊ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နှင့် ယင်းမာပင်ခရိုင်။
ခန့်မှန်းအင်အား – ၁,၀၀၀ နှင့် အထက်။
ခေါင်းဆောင် – ကိုအောင်ကျော်မျိုးထက် (ခ) ကိုဇက် (စစ်ဦးစီးချူပ်/ဥက္ကဋ္ဌ)။
ဂျန်ဇီလူငယ်မျိုးဆက်တပ်တော် (GZA) သည် Generation Z လူငယ်များ စုစည်းတည်ထောင် ထားခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် လူငယ်အားလုံးနီးပါးမှာ ၁၉၉၅ ကနေ ၂၀၁၅ ခုနှစ်အတွင်း မွေးဖွားသူများ ဖြစ်သဖြင့် ဂျန်ဇီဟူသည့် အမည်ကို ပေးထားခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစတွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း၌ အခြေစိုက်ဖွဲ့စည်းခဲ့ပြီး အဖွဲ့တည်ထောင်သူ ကိုဇက်သည် စစ်အာဏာသိမ်းမှုဖြစ်စဥ်မတိုင်မီက အဝေးသင် စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတဦးဖြစ်သည်။ ၎င်းသည် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း နိုင်ငံတဝန်း၌ အကြမ်းမဖက် ဆန္ဒပြချိန်တွင်လည်း ပါဝင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်တွင် နေပြည်တော်၌ ဆန္ဒပြလူငယ်တဦးဖြစ်သူ မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ဖြစ်စဥ်သည် ၎င်းကို လက်နက်ကိုင်တော်လှန်ရေးထဲသို့ တွန်းပို့စေခဲ့သည်။ မမြသွဲ့သွဲ့ခိုင်သေဆုံးပြီး သုံးလအကြာတွင် ဝက်လက်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့တခုကို ထူထောင်ရန် ကိုဇက် စတင်လှုပ်ရှားခဲ့သည်။
၎င်းဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ကို ‘ဂျန်ဇီအထူးတပ်ဖွဲ့ (ဝက်လက်) (GZ Special Task Force-Wetlet )’ ဟူသည့် အမည်ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ဂျန်ဇီအထူးတပ်ဖွဲ့ (ဝက်လက်) ကို လူဦးရေ ၅၀ ခန့်ဖြင့် စတင်လှုပ်ရှားခဲ့သည်။ တပ်ဖွဲ့သည် စတင်ဖွဲ့စည်းချိန်တွင် ရန်ပုံငွေရှာဖွေခြင်းနှင့် လက်နက်တပ်ဆင်ခြင်းတို့ကို ၎င်းတို့ဘာသာ လုပ်ဆောင်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်ခဲ့သည်။ ထိုကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတဝန်း၌ မြို့နယ်နှင့် ရပ်ရွာအခြေပြု ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေးတပ်များသည် MOD လက်အောက်သို့ ဝင်ရောက်ကာ ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။ တချို့သည်လည်း မူရင်းဒေသအခြေစိုက် တပ်ဖွဲ့များအဖြစ်သာ သီးခြားရပ်တည်ခဲ့သည်။ ထိုအထဲတွင် ဂျန်ဇီအထူးတပ်ဖွဲ့ (ဝက်လက်) လည်းပါဝင်ပြီး NUG/MOD အောက်ကို ဝင်ရောက်ခဲ့ခြင်း မရှိဘဲ သီးခြားအခြေစိုက် တပ်ဖွဲ့အဖြစ်သာ ဆက်လက်ရပ်တည်ခဲ့သည်။
ယင်းနောက် ဝက်လက်မြို့နယ်အတွင်းက MOD လက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)များနှင့် ၎င်းတို့အဖွဲ့အကြား ၂၀၂၂ ခုနှစ်တွင် ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာပြီး နယ်မြေထိန်းချုပ်နိုင်မှုနှင့် အုပ်ချုပ်ရေးယန္တရားများ တည်ထောင်မှုများ ရှိလာရာ နယ်မြေတူသော်လည်း ဖွဲ့စည်းရပ်တည်မှု မတူသည်ဖြစ်ရာ တပ်ဖွဲ့များအကြား ယင်းပဋိပက္ခများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဝက်လက်ပကဖ တပ်ရင်း-၂ က LPDF ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့ကို ဖမ်းဆီးရာကနေ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရာ ဂျန်ဇီအထူးတပ်ဖွဲ့ အပါအဝင် LPDF များက ရှုတ်ချခဲ့ကြသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဆားတောင်ပကဖ ခေါင်းဆောင်ကို ပစ်ခတ်သည်ဟူသည့် စွပ်စွဲမှုဖြင့် NUG ၏ ပသုံးလုံးအဖွဲ့များကက ဂျန်ဇီအထူးတပ်ဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးပြီး ထိုအထဲမှ နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ တပ်ဖွဲ့ခေါင်းဆောင် ကိုဇက်ကိုလည်း တရားစွဲဆိုခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့သောကြောင့် ဝက်လက်မြို့နယ်အတွင်းတွင် ဂျန်ဇီအထူးတပ်ဖွဲ့ ဆက်လက်ရပ်တည်နိုင်ရန်မှာ ခက်ခဲလာခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်များသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်ခဲ့ရာ အာရက္ခတပ်တော် (AA) နှင့် အဆက်အသွယ် ရခဲ့ပြီး စစ်ပညာကို ပြန်လည်သင်ယူခဲ့သည်။ တပ်ဖွဲ့ဝင် ဦးရေ ၄၀ ခန့်ဖြင့် AA ထံတွင် စစ်သင်တန်းတတ်ရောက်ခဲ့ပြီး တပ်ဖွဲ့ကို ပြန်တိုးချဲ့ ထူထောင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဂျန်ဇီအထူးတပ်ဖွဲ့ (ဝက်လက်)ကို ‘ဂျန်ဇီလူငယ်မျိုးဆက်တပ်တော်’ (Gen Z Army) ဟူ၍ အမည်ပြောင်းလဲခဲ့သည်။
AA ထံကနေ သင်တန်းဆင်းပြီး တပ်ဖွဲ့ကို စစ်ပုံကျကျ ပြန်တည်ဆောက်ပြီးသည့်နောက်တွင် စစ်ရေးအတွေ့အကြုံများ ယူနိုင်ရန် ရခိုင်ပြည်နယ်တွင်း AA ၏ စစ်ဆင်ရေးများ၊ ချင်းပြည်နယ် အတွင်း ချင်းညီနောင် (CB) ၏ စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။၂၀၂၅ ခုနှစ်တွင် GZA တပ်ဖွဲ့ဝင် ဦးရေ ၁,၀၀၀ ကျော်အထိ ရှိလာသည်။ လက်ရှိတွင် GZ Army ၏ တပ်များသည် မကွေးတိုင်းရှိ မင်းဘူးခရိုင်၊ စစ်ကိုင်းတိုင်းရှိ ရွှေဘိုခရိုင်နှင့် ယင်းမာပင်ခရိုင်တို့တွင် အခြေစိုက်ထားပြီး ၎င်း၏ မဟာမိတ်တပ်များနှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည်။ စစ်ကိုင်းအခြေစိုက် ဒေသကာကွယ်ရေးတပ်များထဲတွင် လူသိများသည့် ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)နှင့်လည်း မဟာမိတ်ပြုထားသည်။ GZA သည် ယခင်က NUG/PDF တပ်ဖွဲ့များနှင့် ပဋိပက္ခများ ရှိခဲ့သော်လည်း ယခုအခါ ၎င်းလှုပ်ရှားရာ ဒေသများတွင် NUG/PDF တပ်ဖွဲ့များနှင့် စစ်ရေး၌ ပူးပေါင်း လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
ရည်ရွယ်ချက် ရည်မှန်းချက်
GZA ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်။
၂။ စစ်အာဏာရှင်စနစ် အမြစ်ပျက်သုတ်သင်ရန်နှင့် မြန်မာပြည်သူများ စစ်ကျွန်စနစ်မှ လွတ်မြောက်ရန်။
၃။ လူသားတစ်ဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေး။
၄။ မျှတသော လူမှုစနစ်၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ပြည်သူအားလုံးရရှိရေး။
GZA ၏ ရည်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ပြီး၊ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ယှဉ်တန်းနိုင်သည့် အဆင့်မြင့်၊ ငြိမ်းချမ်းတည်ငြိမ်သော နိုင်ငံတခုအဖြစ် တည်ဆောက်နိုင်ရန် ရေရှည်ရည်မှန်းထားသည်။ စစ်သုံးစစ်တိုက်ဖျက်ရေး၊ တိုင်းနှင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ မွေးရာပါ လူ့အခွင့်အရေးများကို အပြည့်အဝ ရရှိစေရန်နှင့် အဓိကကြိုးပမ်းဆောင်ရွက်မည်ဟု ဆိုသည်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
GZA သည် စစ်ရေးကာလတွင် စစ်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟူသည့် ရပ်တည်ချက်ဖြင့် စစ်ရေးလက်တံကိုသာ ဖွဲ့စည်းထားပြီး နိုင်ငံရေးလက်တံ (ဝါ) ပါတီကို သီးခြားဖွဲ့စည်းထားခြင်း မရှိသေးပေ။ GZA တွင် ဗဟိုစစ်ရုံးချုပ်သည် အာဏာအမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး စစ်ရေးမူဝါဒများကို ချမှတ်သည်။ ၎င်းတို့၏ ဗဟိုစစ်ရုံးချုပ် ခေါင်းဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
| စဥ် | အမည် | ရာထူး/တာဝန် |
| ၁၊ | ကိုအောင်ကျော်မျိုးထက် (ခ) ကိုဇက် | စစ်ဦးစီးချုပ်/ဥက္ကဋ္ဌ |
| ၂။ | အမည်မသိရပါ | ဒုတိယစစ်ဦးစီးချုပ် |
| ၃။ | ကိုထွန်းနန္ဒာဦး (ခ) ကိုဖိုးချော | အထွေထွေအတွင်းရေးမှူး |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
စုဖွဲ့မှု
အညာဒေသမဟာမိတ်ညီနောင် (အညာညီနောင်)၏အဖွဲ့ဝင် ဖြစ်သည်။ အညာညီနောင်ကို GZA နှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တို့အကြား ကာကွယ်ရေး၊ လုံခြုံရေး၊ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ ပူးတွဲစစ်ဆင်ရေးနှင့် ပူးတွဲစစ်ရေးဦးစီးမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ အညာဒေသအတွင်း ဘုံရန်သူကို တိုက်ခိုက်ရာ၌ အင်အားကောင်းသည့် မဟာမိတ်တပ်ပေါင်းစုပေါ်ပေါက်လာရန် ဟူသည့် အချက်များအပေါ် အခြေခံ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
GZA သည် စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်ဖြိုခွင်းလိုသည်ဟူသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသည့် တပ်ဖွဲ့ဖြစ်သဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒမရှိကြောင်း ရပ်တည်ထားသည်။ လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ နိုင်ငံ၏ ဖွဲ့စည်းပုံနှင့် ယန္တရားလည်ပတ်မှု ပြောင်းလဲရေးကို လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပြီး စစ်တပ် အမြစ်မပြတ်မချင်း လက်နက်ချမည် မဟုတ်ဟု ဆုံးဖြတ်ထားသည်။ တော်လှန်ရေးအဆုံးသတ်ချိန်အထိ ‘မည်သည့်တော်လှန်ရေး အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) သို့မဟုတ် အရပ်ဘက် အဖွဲ့အစည်းများနှင့်မဆို ဘုံရန်သူကို ပူးပေါင်းတိုက်ထုတ်မည်’ ဟူသည့် စစ်ရေး ရပ်တည်ချက်ရှိသည်။ နိုင်ငံရေးရပ်တည်ချက်သည် မြန်မာနိုင်ငံရှိ လူမျိုးစုအားလုံး ရသင့်ရထိုက်သည့် မွေးရာပါ အခွင့်အရေးများ ရရှိရေးဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိပါ။ GZA လှုပ်ရှားသည့် ဒေသများကို စစ်ဒေသအဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင် စစ်ဒေသ လေးခု ရှိသည်။ သို့သော် စစ်ဒေသ တခုခြင်းစီ၏ တည်နေရာနှင့် အမည်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
