သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်။
ဌာနချုပ် – ကချင်ပြည်နယ် လိုင်ဇာမြို့။
လှုပ်ရှားဒေသ – စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။
ခန့်မှန်းအင်အား – မသိရပါ။
ခေါင်းဆောင် – ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်း (R. S Awng Sai)
အရှေ့နာဂကာကွယ်ရေးတပ်မတော် (ENDA) သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နာဂလူမျိုးအခြေပြုဖွဲ့စည်းသည့် လက်နက်ကိုင်တပ်ဖွဲ့များအနက် တဖွဲ့ဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ တပ်ဖွဲ့သစ် တဖွဲ့ဖြစ်သော်လည်း ဦးဆောင်သူများတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တော်လှန်ရေးလှုပ်ရှားမှု နှစ် ၄၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) ၏ တပ်ဖွဲ့ဝင်များ ပါဝင်သည်။ NSCN-K သည် ၁၉၈၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး ယနေ့ထိ ရပ်တည်လှုပ်ရှားနေဆဲဖြစ်သည်။ ထိုနာဂလက်နက်ကိုင်တော်လှန်ရေးတပ်အရာရှိများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာဂလူမျိုးလွှတ်တော်အမတ်များ ပူးပေါင်းပြီး တပ်ဖွဲ့သစ်ကို ပြန်ထူထောင် ခြင်းဖြစ်သည်။ ENDA ထူထောင်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ပညာနှင့် စစ်ရေးဆိုင်ရာ အထောက်အပံ့များ ပေးခဲ့ပြီး ဌာနချုပ်ရုံးကိုလည်း KIA ၏ ဗဟိုဌာနချုပ်တည်ရာ လိုင်ဇာမြို့တွင်ပင် အခြေစိုက်ထားသည်။
ENDA ကို တည်ထောင်သူတဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းသည် NSCN-K ၏ အဖွဲ့ဝင် ဟောင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် NSCN-K ဥက္ကဋ္ဌ ဦးကပ်ပလန် ကွယ်လွန်ပြီးနောက် ၎င်း၏တူ ဒုတိယဥက္ကဋ္ဌ ဦးခါးငေါ်ကိုညတ်က (Khango Konyak) ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဦးခါးငေါ်ကိုညတ်မှာ အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များ ကျေပွန်မှုစွာ မထမ်းဆောင်နိုင်ခြင်း၊ အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌကို ခန့်ထားခြင်းမရှိခြင်းနှင့် အဖွဲ့ဆုံးဖြတ်ချက်များကို တဦးတည်းကသာ ဆုံးဖြတ်ခြင်းများကြောင့်ဟုဆိုကာ ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ဖြုတ်ချခံခဲ့ရသည်။ ဦးယုံးအောင်က ယာယီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ တနှစ်အကြာ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်မူ တရားဝင်ဥက္ကဋ္ဌအဖြစ်လာခဲ့သည်။ ယင်းနောက် အဖွဲ့အား NSCN-K/YA ဟုခေါ်ဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီး(ဒုတိယဗိုလ်မှူးကြီး)အောင်ဆိုင်းမှာ ဦးယုံးအောင်လက်ထက်တွင် NSCN-K မှ ထုတ်ပယ်ခံခဲ့ ရသူများထဲမှ တဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးအောင်ဆိုင်း၊ နာဂပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်အန်မိုင်း၊ သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာဝန်ကြီး ဦးအန်ကန့်၊ ဦးစောထင်နှင့် တပ်ဖွဲ့ဝင်များကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အစိုးရက ၂၀၁၉ ခုနှစ် မတ် ၉ ရက်တွင် ဖမ်းဆီးပြီး ခန္တီးအကျဥ်းထောင်တွင် အကျဥ်းချခဲ့သည်။ အဓိက တရားစွဲဆိုခံရခြင်းသည် အိန္ဒိယနိုင်ငံအစိုးရကို ပုန်ကန်တိုက်ခိုက်နေသည့် ကသည်းနှင့် အာသံတပ်ဖွဲ့များကို နာဂဒေသတွင်း စစ်သင်တန်းပေးသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖြစ်သည်။ ၎င်းတို့မှာ သမ္မတဦးသိန်းစိန်လက်ထက် အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရာတွင် ပါဝင်ခဲ့ပြီး ဦးအန်ကန့်နှင့် ဦးကျော်ဝမ်းစိန်တို့က NSCN-K ၏ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်များဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် NSCN-K က ငြင်းဆန်ခဲ့သည်။ လက်မှတ်မထိုးလျှင် မတရားအသင်းဖြင့် ဖမ်းဆီးခံရနိုင်သည်ဟု အစိုးရက ဖိအားပေးခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် အဖမ်းခံရခြင်းဖြစ်သည်။ အဖမ်းခံထားရချိန်မှာပင် အဖွဲ့၏ဥက္ကဋ္ဌ ဦးယုံးအောင်က ၎င်းတို့ကို အဖွဲ့မှ ထုတ်ပယ်ခဲ့သည်။ ၎င်းတို့သည် အဖွဲ့အစည်းမူဝါဒကို ကျော်လွန်ပြီး NCA လက်မှတ်ထိုးရန် လှုံ့ဆော်ခဲ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖြစ်သည်။ ၎င်းတို့ကို အစိုးရ ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်တွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။
လက်ရှိတွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်း ပြန်လည်ဖွဲ့စည်းထားသည့် ENDA သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့နယ်တို့တွင် မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများတွင် ပါဝင်လျက်ရှိသည်။
ရည်ရွက်ချက် ရည်မှန်းချက်
၁။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအတွင်း နာဂတောင်တန်း အရှေ့ဘက် (မြန်မာပြည်အတွင်းရှိ) နာဂဒေသများကို စုစည်းကာ အရှေ့နာဂပြည်နယ်ကို တည်ထောင်နိုင်ရန်။
၂။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်၍ အရှေ့နာဂဒေသကို ကာကွယ်အုပ်ချုပ်သွားရန်။
၃။ ဆင်းသက်ပုံနှင့် သမိုင်းတူညီသော ညီအစ်ကိုများနှင့်လက်တွဲပြီး နာဂလူမျိုးနှင့် တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်သွားရန်။
နိုင်ငံရေးရပ်တည်ချက်များ
၁။ ဖက်ဒရယ်ဒီမိုကရေစီမူဝါဒကို လက်ကိုင်ထားမည်။
၂။ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားများဆုံးရှုံးခဲ့ရသော ရပိုင်ခွင့်များကို ပြန်လည်ရယူရန်။
၃။ နာဂပြည်နယ်နှင့် နာဂလူမျိုးများကို ကာကွယ်ရန်။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
စဥ် | အမည် | တာဝန် |
၁ | Eno Jimi Naga | အထွေထွေအတွင်းရေးမှူး (ENNO) |
၂ | ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်း ( R.S Awng Sai) | ENDA |
၃ | ဗိုလ်မှူးကြီး B.Langehing | ENDA |
၄ | ဗိုလ်ကြီးဆန်းဝေါင်းမောရှေ | ပြန်ကြားရေးတာဝန်ခံ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိသေးပါ။
စုဖွဲ့မှု
မရှိသေးပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုအသစ်တခု ထူထောင်ရန် ရည်မှန်းချက်ရှိကြောင်း ကြေညာထားသည့် တပ်ဖွဲ့ဖြစ်သည်။
ဆက်ဆံရေးရုံးများ
မရှိသေးပါ။
တပ်မဟာများ
တပ်မဟာများ ဖွဲ့စည်းထားခြင်း မရှိသေးပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Phone : +8617287322394၊ +8617287331747
Email : [email protected]
Facebook: https://www.facebook.com/p/Mobile-1-ENDA-100091336962848/