သမိုင်းအကျဉ်း
တည်ထောင်သည့်ရက်စွဲ – ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်။
ဌာနချုပ် – ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်။
လှုပ်ရှားဒေသ – ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်။
ခန့်မှန်းအင်အား – မသိရသေးပါ။
ခေါင်းဆောင် – ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး/ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် (DSNDF/ DSNDA) သည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LPDF) များကို တစုတစည်းတည်း စုစည်းကာ ဓနုလူမျိုးကို အခြေပြုသည့် တော်လှန်ရေးတပ်ဖွဲ့ အဖြစ် ၂၀၂၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ DSNDA မဖွဲ့စည်းခင် တည်ရှိခဲ့သည့် ရွာငံအခြေစိုက် LPDF များသည် ၂၀၂၁ စစ်အာဏာသိမ်းမှုအလွန်ကာလတွင် ပေါ်ပေါက်လာသည့် တပ်ဖွဲ့ငယ်များ ဖြစ်ပြီး ပြည်တွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံတွင် စစ်ပညာသင်ယူတတ်မြောက်ထားသူ များဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ ထို LPDF တပ်ဖွဲ့များသည် စစ်ကောင်စီကို ရွာငံမြို့နယ်အတွင်း ပြောက်ကျားစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။
အစုအဖွဲ့ငယ်များ တကွဲတပြားဖြင့် တိုက်ခိုက်နေခြင်းထက် ပိုကျစ်လျစ် စနစ်ကျပြီး ဓနုလူမျိုးကို အခြေပြု သည့် တပ်မတော်တရပ်ဖွဲ့စည်းရန် LPDF ထဲက လူငယ်ခေါင်းဆောင် ၃၀ ဦးတို့ စုစည်းခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် DSNDA ကို စတင်ဖွဲ့စည်းခဲ့သည်။ DSNDA သည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံနှင့် ပင်းတယမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားပြီး မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းတွင်လည်း ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓနုလူမျိုးများပျံ့နှံ့နေထိုင်ရာ မြို့နယ်များအားလုံးတွင် စစ်ရေးလှုပ်ရှားနိုင်ရန် ရည်ရွယ်ထားသည်။ ၎င်းတို့တပ်များ လှုပ်ရှားရာဒေသများတွင် ဒေသခံလူထုကို စုစည်းနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများအပြင် လမ်းရှင်းလင်းရေးနှင့် အိမ်ပေါက်စေ့မီးလင်းရေးကဲ့သို့ လူထုဝန်ဆောင်မှုလုပ်ငန်းများကိုလည်း တနိုင်တပိုင် အကောင်အထည်ဖော်လျက်ရှိသည်။ DSNDF/DSNDA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်တွင် ရပ်တည်နေခြင်းမဟုတ်ဘဲ သီးခြားရပ်တည်နေသည့် လူမျိုးအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
ရည်ရွက်ချက် ရည်မှန်းချက်
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော်၏ မူဝါဒများမှာ အောက်ပါတို့ဖြစ်သည်။
၁။ အာဏာရှင်စနစ် လုံးဝဖျက်သိမ်းရေး။
၂။ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေး။
၃။ စစ်မှန်ပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး။
၄။ ဓနုပြည်နယ် ဖော်ဆောင်ရေး။
၅။ ဓနုစာပေ၊ ဓနုဘာသာစကား၊ ဓနုယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရေး/ ဖော်ဆောင်ရေး။
ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော်၏ နိုင်ငံရေးရည်မှန်းချက်များမှာ အောက်ပါ တို့ဖြစ်သည်။
၁။ ဓနုတိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေး။
၂။ ဓနုပြည်နယ်အတွင်းရှိ သယံဇာတများကို ဓနုလူမျိုးများ စီမံခန့်ခွဲခွင့် ရရှိရေး။
၃။ ဓနုပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး။
၄။ ဓနုပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံ လူတန်းစားပေါင်းစုံ တန်းတူအခွင့်အရေး ရရှိရေး။
ခေါင်းဆောင်များ၊ဗဟိုကော်မတီအဖွဲ့ဝင်များ
ဦးဆောင်ကော်မသည် DSNDF/DSNDA ၏ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများကို ဦးစီးဖော်ဆောင်သည်။ ကော်မတီအဖွဲ့ဝင်များကို တပ်ဖွဲ့ဝင်များက ရွေးကောက်တင်မြောက်ကြပြီး ကော်မတီ၏ သက်တမ်းမှာ နှစ်နှစ်ဖြစ်သည်။ ဦးဆောင်ကော်မတီကို အောက်ပါဇယားအတိုင်းဖွဲ့စည်းထားသည်။
စဉ် | အမည် | ရာထူး/တာဝန် |
၁ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | ဥက္ကဋ္ဌ |
၂ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | ဒုတိယဥက္ကဋ္ဌ |
၃ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | အထွေထွေအတွင်းရေးမှူး |
၄ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | ဓနုတိုင်းရင်းသား အကြံပေး |
၅ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။။ | စစ်ရေးတာဝန်ခံ |
၆ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | ဘဏ္ဍာရေးတာဝန်ခံ |
၇ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | ကျန်မာရေးတာဝန်ခံ |
၈ | ထုတ်ဖော်ပြောဆိုခြင်း မရှိ။ | သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ |
အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
မရှိပါ။
အာဏာသိမ်းကာလ နိုင်ငံရေး၊ စစ်ရေးရပ်တည်ချက်
စစ်အာဏာသိမ်းမှုကို ဒေသခံကာကွယ်ရေးများ(LPDF)များအဖြစ် လက်နက်ကိုင်ခုခံခဲ့သော ဓနုလူငယ်များက ပိုမိုကျစ်လျစ်၍ စနစ်ကျသော ဓနုလူမျိုးစုတပ်မတော်တရပ် ဖွဲ့စည်းရန် ရည်ရွယ်ချက်ဖြင့် DSNDF/DSNDA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အခြားသော ဓနုလူမျိုးစုတပ်ဖွဲ့များ၊ ၎င်းတို့ လှုပ်ရှားရာဒေသများရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းစစ်ရေးဖော်ဆောင်၍ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသော ဓနုပြည်နယ် ပေါ်ပေါက်လာရန် ရည်မှန်းထားသည်။
ဆက်ဆံရေးရုံးများ
မရှိပါ။
တပ်မဟာများ
မရှိပါ။
ဆက်သွယ်နိုင်သည့်လိပ်စာ
Facebook : https://www.facebook.com/cndfofficialpage